24 August 2023
အမေရိကန်ပြည်ထောင်စုက မြန်မာနိုင်ငံသားလုပ်ငန်းရှင် (၂)ဦးနှင့် သူတို့ရဲ့ ကုမ္ပဏီ(၃)ခုကို စီးပွားရေးအရေးယူ ကန့်သတ် ပိတ်ဆို့မှုအသစ်တွေထပ်မံပြုလုပ်လိုက်တယ်လို့ အမေရိကန်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ဩဂုတ် ၂၃ ရက်က သတင်းထုတ်ပြန်လိုက်ပါတယ်။
ဂျက်လေယာဉ်ဆီတွေတင်သွင်းမှုတွေပြုလုပ်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နှင့် အမေရိကန်အစိုးရရဲ့ စီးပွားရေးကန့်သတ် အရေးယူမှုခံရတဲ့ မြန်မာလုပ်ငန်းရှင်နှစ်ဦးက ဒေါ်ခင်ဖြူဝင်းနှင့် ဦးဇော်မင်းထွန်းတို့ဖြစ်ကြပါတယ်။ အဲဒီအပြင် သူတို့ ထိန်းချုပ်ထားတယ်လို့ဆိုတဲ့ Shoon Energy PTE. LTD၊ PEIA PTE. LTD.နှင့် P.E.I Energy PTE. LTD တို့ကိုလည်း ပိတ်ဆို့ ကန့်သတ်မှုစာရင်းထဲထည့်သွင်းလိုက်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဲဒီကုမ္ပဏီတွေ အားလုံးဟာ စင်္ကာပူအခြေစိုက်ကုမ္ပဏီတွေဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။
ဒီနေ့စီးပွားရေးပိတ်ဆို့ကန့်သတ်မှုပြုလုပ်ခံရတဲ့လူပုဂ္ဂိုလ်တွေနှင့် ကုမ္ပဏီတွေဟာ မြန်မာတပ်မတော်ကို ဂျက်လေယာဉ် လောင်စာဆီတင်သွင်းရောင်းချဖြန့်ဖြူးရာမှာပါဝင်ပတ်သက်တယ်လို့ အမေရိကန်အစိုးရကစွပ်စွဲခဲ့တာဖြစ်ပါတယ်။
၂၄ ဩဂုတ် ၂၀၂၃
ရုရှား ကြေးစားစစ်တပ် ဝက်ဂ်နာ အုပ်စုခေါင်းဆောင် ယက်ဂျင်နီ ပရီဂိုဇင်ဟာ ဩဂုတ် ၂၃ ရက်ဗုဒ္ဓဟူးနေ့က စင်းလုံးငှား ပုဂ္ဂလိကဂျက်လေယာဉ်တစ်စီးပျက်ကျရာမှာ သေဆုံးသွားတယ်လို့ ရုရှားမီဒီယာတွေရဲ့ ကနဦး သတင်းတွေအရ သိရပါတယ်။
ယက်ဂျင်နီပရီဂိုဇင်စီးနင်းလိုက်ပါလာတဲ့ အဆိုပါ Embraer အမျိုးအစား စင်းလုံးငှားလေယာဉ်ဟာ မော်စကိုမြို့တော်ကနေ စိန့်ပီတာစပတ်ကို ပျံသန်းနေစဉ် ပျက်ကျခဲ့တာဖြစ်ပြီး လေယာဉ်ပေါ်မှာ သူအပါအဝင်ခရီးသည် (၇)ဦးနှင့် လေယာဉ်အမှုထမ်း(၃)ဦး လိုက်ပါသွားတာဖြစ်ပါတယ်။
အာဏာပိုင်တွေကတော့ ပျက်ကျသွားတဲ့ လေယာဉ်ခရီးသည် စာရင်းထဲမှာ သူ့အမည်ပါပြီး အဲဒါဟာ ဝက်ဂ်နာအုပ်စု ခေါင်းဆောင်ဟုတ်မဟုတ် အတည်ပြုနေဆဲလို့ဆိုပါတယ်။
ရုရှားအရေးပေါ်ဝန်ကြီးဌာနက လိုက်ပါသွားသူ (၁၀)ဦးစလုံး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိမှာ ကြေးစားအုပ်စုခေါင်းဆောင် ပရီဂိုဇင်ဟာ လေယာဉ်ပေါ်ပါသလားမသိသေးပေမယ့် အဲဒီနာမည်နှင့် လူကိုတော့ ခရီးသည်တွေစာရင်းမှာတွေ့ရတယ်လို့ ရုရှားအရာရှိတွေကပြောပါတယ်။
လေယာဉ်ဟာ မော်စကို မြောက်ပိုင်း တီဗာဒေသ၊ ကူဇင်ကီနိုကျေးရွာအနီးမှာ ပျက်ကျခဲ့တာဖြစ်ပြီး ဆိုရှယ်မီဒီယာတွေမှာတော့ လေယာဉ်ပျက်ကျလာတာကိုရိုက်ကူးထားတဲ့ဗွီဒီယိုတွေပျံ့နှံ့နေပါတယ်။ဒါပေမယ့် အဲဒီဗွီဒီယိုနှင့်ပတ်သက်လို့လည်း အတည်မပြုနိုင်သေးပါဘူး။
ထိုင်းနိုင်ငံ ဝန်ကြီးချုပ်အသစ် ဆရက်သာ သာဗီဆင်က ထိုင်းဘုရင့်နိုင်ငံတော်ပြည်သူတွေအတွက် မမောမပမ်းအလုပ်လုပ်ပါမယ်လို့ ကတိပေးလိုက်ပါတယ်။ သူ့ကို ထိုင်းဝန်ကြီးချုပ်အသစ်အဖြစ် ပါလီမန်က အတည်ပြုပြီး သိပ်မကြာခင် သတင်းထောက်တွေကို သူကပြောခဲ့တာဖြစ်ပါတယ်။
ထိုင်းပြည်သူတွေရဲ့ ဘဝအရည်အသွေးတွေတိုးတက်မှုရရှိစေဖို့ ကျွန်တော့်အနေနှင့် အကောင်းဆုံး မမောမပမ်း အလုပ်လုပ်ပါမယ်လို့ သူက ထိုင်းနိုင်ငံ အာဏာရပါတီ ဖွေထိုင်း ဌာနချုပ်မှာ သတင်းထောက်တွေနှင့် တွေ့ဆုံပြောကြားခဲ့တာ ဖြစ်ပါတယ်။
Source AFP
၂၂ ဩဂုတ် ၂၀၂၃
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ဒွန်မောင်းလေဆိပ်သို့ အင်္ဂါနေ့ (ယနေ့ ဩဂုတ် ၂၂ ရက်နေ့) မနက်မှာပြန်လည်ရောက်ရှိလာပါတယ်။
သက်ဆင်ဟာ သူ့သမီး ပေထုန်တန်ရှင်နာဝပ်လိုက်ပါလျက် ကိုယ်ပိုင်ဂျက်လေဆိပ်ခန်းမမှာရှိတဲ့ ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားတို့ရဲ့ ပုံကြီးရှေ့မှာ အရိုအသေပြုကန်တော့ပါတယ်။
သူ့ကို ထိုင်းနိုင်ငံရဲ့ တရားရုံးချုပ် ရာဇဝတ်မှုခင်းဌာနသို့ ခေါ်ဆောင်မသွားခင် ဆွေမျိုးတွေ မီဒီယာတွေနှင့် ၁၀ မိနစ်တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။ အဲဒီတရားရုံးမှာ သူ့အပေါ်စွဲဆိုထားတဲ့ပြစ်မှုတွေကို ကြားနာမှာဖြစ်ပါတယ်။
သက်ဆင်ကို အဲဒီကနေ ဘန်ကောက်မြို့ ချက်တူချက်ခရိုင်က ရမန်အကျဉ်းထောင်ကို ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။
ယခုအသက် ၇၄နှစ်ရှိပြီဖြစ်တဲ့သက်ဆင်ဟာ သူ့ကိုစွဲဆိုထားတဲ့ အဂတိအမှုလေးမှုနှင့် ထောင်ဒဏ်၁၀နှစ်အထိကျခံရမှာကို ရှောင်တိမ်းတဲ့အနေနှင့် ၂၀၀၈ခုနှစ်မှာ ထိုင်းနိုင်ငံက ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။
Source: Nation
လာမယ့် ဩဂုတ် ၂၂ ရက် အင်္ဂါနေ့မှာ အနောက်အုပ်စုကစောင့်ကြည့်နေတဲ့ BRICS ထိပ်သီးအစည်းအဝေးကို တောင်အာဖရိကနိုင်ငံမှာ ကျင်းပတော့မှာဖြစ်ပါတယ်။
BRICS အစည်းအဝေးက ဘာတွေထူးထူးခြားခြားဖြစ်လာမလဲ။
ဒေါ်လာကြီးစိုးမင်းမူမှုလျှော့ချရေးနှင့် BRICS ငွေကြေးက ဘယ်လောက်အထိ တိုးတက်လာမလဲ။
BRICS အင်အား ဘယ်လောက်ကြီးထွားလာမလဲ။
မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ MISIS ရဲ့တွဲဖက်အတွင်းရေးမှူး နိုင်ငံရေးလေ့လာသူ ဦးခင်မောင်ဇော်က သူ့အမြင်ကိုပြောပြထားပါတယ်။
၁၉ ဩဂုုတ် ၂၀၂၃
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုကြမည့် ရဟန်းသံဃာများ၊သီလရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ ကို အခမဲ့ဖူးမြော်ခွင့်ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းများကိုလည်း ၅၀ ရာခိုင်နှုန်း လျှော့ချ ကောက်ခံပေးသွားမည်ဖြစ်တယ်လို့ သိရပါတယ်။
ယနေဩဂုတ် ၁၉ ရက်နေ့က မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ မာရဝိဇယဂေါပကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်တဲ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြား ခဲ့တာဖြစ်ပါတယ်။
ဘုရားကြီး တည်တံ့ခိုင်မြဲရေးနှင့်သန့်ရှင်းသာယာလှပရေးအတွက် လိုအပ်သည့်လုပ်ငန်းများဆောင်ရွက် နိုင်ရန် လိုအပ်သည့်ငွေကြေးများရရှိရေးအတွင် စက်တင်ဘာ ၃ ရက်နောက်ပိုင်းတွင် ဝင်ကြေးငွေ ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့်ရရှိသည့် အခြေအနေအပေါ်မူတည်ပြီး သုံးသပ်ဆောင်ရွက်သွားကြဖို့ ဗိုလ်ချူပ်မှူးကြီးက တာဝန်ရှိသူတွေကို ဆွေးနွေးမှာကြားခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အချို့ နိုင်ငံများရှိဘုရားများ၌လည်း ဝင်ကြေးများပေးဆောင်၍ ဝင်ကြရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သာမန်ပြည်သူများဖူးမြော်နိုင်သည့် သတ်မှတ်နှုန်းထားများကိုသာ သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း၊ ဘုရား
ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဂေါပကအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ် ဆောင်ရွက်ရန်လိုကြောင်းလည်း နစကဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။
အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်တွေကို တင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးက မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး ဆင်းတုတော်ကြီး ကြည်ညိုသပ္ပါယ်ဖွယ် ဖြစ်စေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် အနုပညာလက်ရာများကိုလည်း အမြင့်ဆုံး၊
အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့တဲ့အတွက် ပျက်ဆီးမှုများ မရှိစေရေးစနစ်တကျဖြင့် အသေးအဖွဲ့မှအစ အလေးထားထိန်းသိမ်း ဆောင်ရွက်သွားကြဖို့ အသေးစိတ်မှာကြားခဲ့ပါတယ်။
ဘုရားဖူးလာပြည်သူများအတွက် E-Ticketဝင်ခွင့် လက်မှတ်ဖြင့် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိတယ်လို့ လည်း ဆွေးနွေးချက်များအရသိရပါတယ်။
အစည်းအဝေးအပြီးတွင် ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်ကြီးတွင် လည်းကောင်း၊ ဂန္ဓာကုဋိတိုက်များတွင်လည်းကောင်း၊ရေပန်းရင်ပြင်တွင်လည်းကောင်း၊ အဂ္ဂါဓိပတိ သာသနာ့ ဗိမာန်တော်ကြီးအတွင်း လည်းကောင်းလှည့်လည်ဖူးမြော်ကြည်ညိုကြပြီး နစက ဥက္ကဋ္ဌသည် ဘုရားဖူးလာပြည်သူများကို ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိပါတယ်။
-ymg/knl
၁၉ ဩဂုတ် ၂၀၂၃
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို လန်ဒန်ရှိ သံတမန်အိမ်ယာတစ်ခုကို ကျူးကျော်နေ ထိုင်မှုအတွက် ဗြိတိန်ရဲတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သူ့ရှေ့နေက ရိုက်တာကိုပြောတယ်လို့ ရိုက်တာ သတင်းကရေးသားပါတယ်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးကတည်းက သူဟာ သံရုံးထဲမှာ ပိတ်မိနေပြီး နောက်ပိုင်းမှာ သူ့နေရာကို အခြားသံတမန်တစ်ဦးနှင့်အစားထိုးခန့်အပ်ခဲ့ပါတယ်။
သူဟာ အဲဒီကတည်းက လန်ဒန်မြို့ အနောက်မြောက်ဘက်ရှိ သံအမတ်ကြီးနေအိမ်မှာ ဆက်လက်နေထိုင်ပြီး အိမ်ကို လည်း သံဆူးကြိုးတွေကာခဲ့ပါတယ်။ စီစီတီဗွီကင်မရာတွေတပ်ဆင်ထားခဲ့ပါတယ်။ သူဟာ သံရုံးကိုပြန်အပ်ဖို့လည်း ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်အစိုးရရဲ့ ဖိအားကြောင့် ဗြိတိန်အစိုးရက ဦးကျော်စွာမင်းကို သံအမတ်ကြီးအိမ်ကနေ ထွက်ခွာပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း ရိုက်တာက သတင်းဖော်ပြပါတယ်။
ဒီတစ်ပတ်စောစောပိုင်းမှာတော့ ဦးကျော်စွာမင်းကို သံတမန်ဥပစာအတွင်း ပိုင်နက်ကျူးကျော်မှုအတွက် ဗြိတိန်ရဲတွေက စုံစမ်းမေးမြန်းမှုတွေလုပ်ခဲ့ပါတယ်လို့ လန်ဒန်အခြေစိုက် ပီတာနှင့်ပီတာများ အဖွဲ့မှ ရှေ့နေ နီးလ်ဆွစ်က ရိုက်တာကို ပြောပါတယ်။ ဒီအမှုဟာ ထောင်ဒဏ်(၆)လ ဒါမှမဟုတ် ဒဏ်ငွေ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး အပြစ်ပေးခံရနိုင်ပါတယ်။
“ သံအမတ်ကြီးအိမ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရရဲ့ ပိုင်ဆိုင်မှုအဖြစ်ဆက်ရှိနေတုန်းပါ။ ကျွန်တော့်ရဲ့အမှုသည်က ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်တဲ့ အစိုးရရဲ့ ကိုယ်စားလှယ်ကို သော့ပြန်အပ်ပေးမယ်လို့ အမြဲပြောခဲ့ပါတယ်” လို့ ရှေ့နေနီးလ်က ဆက်ပြောပါတယ်။
လန်ဒန်မှာရှိတဲ့မြန်မာသံရုံးနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လန်ဒန်မြို့ပြရဲတပ်ဖွဲ့တို့ကတော့ ဒီသတင်းအပေါ် ဘာမှမှတ်ချက်မပေးကြဘူးလို့လည်း ရိုက်တာကရေးသားပါတယ်။
ဦးကျော်စွာမင်းကို ဩဂုတ် (၁၅)ရက်က ရဲတွေက မေးမြန်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တရားတော့မစွဲရသေးပါဘူး။
၂၀၂၁ဇူလိုင်လမှာ သူ့နေရာကိုအစားထိုးမယ့် ယာယီတာဝန်ခံတစ်ဦးကို မြန်မာစစ်အစိုးရကခန့်အပ်ခဲ့ပါတယ်။ ဗီယင်နာ ကွန်ဗင်းရှင်းအရ အဲသလိုခန့်အပ်မှုဟာ ဗြိတိန်အစိုးရဲ့ သဘောတူညီမှုမလိုအပ်ဘူးလို့ ရိုက်တာက သတင်းရေးသားဖော်ပြထားပါတယ်။
Source Reuters
Page 94 of 221