“အဓိကအကြောင်းရင်းကတော့ တီမောအနေနှင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ပေါ်ပေါ်ထင်ထင်ဝင်ရောက် နှောက်ယှက်တယ်။ အချုပ်အခြာအာဏာကိုထိပါးစော်ကားတဲ့ပုံစံမျိုးရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမယ့် ကိစ္စတွေကို အမြဲတမ်းအားပေးဆောင်ရွက်တာတွေကြောင့်ဖြစ်ပါတယ်။”
၂၇ ဩဂုတ် ၂၀၂၃
မြန်မာနိုင်ငံ ရန်ကုန်မြို့အခြေစိုက် တီမောလက်စ်တေနိုင်ငံသံရုံးတာဝန်ခံနှင့်အဖွဲ့ဝင်တွေအားလုံးကို မြန်မာနိုင်ငံမှ စက်တင်ဘာ (၁)ရက်နေ့ နောက်ဆုံးထား အပြီးထွက်ခွာပေးရန် မြန်မာနစကအစိုးရက အကြောင်းကြားလိုက် ကြောင်းသိရပါတယ်။
“ တီမောလက်စ်တေနိုင်ငံသံရုံးတာဝန်ခံနှင့် အဖွဲ့တွေကို မြန်မာနိုင်ငံမှ စက်တင်ဘာ(၁)ရက်နေ့နောက်ဆုံးထားပြီး မြန်မာနိုင်ငံကနေ အပြီးထွက်ခွာဖို့ အကြောင်းကြားပါမယ်။အဲဒီအကြောင်းကြားစာလည်း မကြာခင်ထွက်ပါမယ်” ဟု နစက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက Yangon Times ကိုပြောကြားပါတယ်။
“အဓိကအကြောင်းရင်းကတော့ တီမောအနေနှင့် မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ပေါ်ပေါ်ထင်ထင်ဝင်ရောက် နှောက်ယှက်တယ်။ အချုပ်အခြာအာဏာကိုထိပါးစော်ကားတဲ့ပုံစံမျိုးရှိတယ်။ ပြီးတော့ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေမယ့် ကိစ္စတွေကို အမြဲတမ်းအားပေးဆောင်ရွက်တာတွေကြောင့်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ တီမောက အမြဲတမ်းပြောတယ်။ မြန်မာနိုင်ငံရေးကို အာဆီယံက မဖြေရှင်းနိုင်ရင် အာဆီယံထဲဝင်ဖို့စဉ်းစားမယ်လို့ပြောတယ်။ ဒီပြောကြားချက်က ပြောင်းပြန်ပြောကြားချက်ပဲ။ အာဆီယံထဲသူဝင်ဖို့ဆိုတာ အာဆီယံ (၁၀)နိုင်ငံလုံး အာဆီယံရဲ့ ပဋိဉာဉ်တစ်ခုလုံးက စုံညီသဘောတူမှုရှိရမယ်။ (၁၀)နိုင်ငံလုံးသဘောတူမှရတာဖြစ်တယ်။ မြန်မာနိုင်ငံကိုယ်စားပြု မပါဝင်တဲ့ အာဆီယံအစည်းအဝေးက သူ့ကိုအဖွဲ့ဝင်နိုင်ငံအဖြစ် အသိအမှတ်ပြုလို့ကိုမရဘူး။ဒါကိုအကြောင်းရှာပြီး လုပ် ခြင်းဖြစ်ပါတယ်” လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပါတယ်။
၂၆ ဩဂုတ် ၂၀၂၃
သမ္မတဂျိုးဘိုင်ဒင်က ဒေါ်နယ်ထရမ့်ရဲ့ တရားခံမှတ်တမ်းကိုယ်တစ်ပိုင်း ဓာတ်ပုံကိုတွေ့ရပြီး သူဟာ လူချောပဲ လို့ ပြောလိုက် ကြောင်း သတင်းဌာနတွေက သတင်းရေးသားကြပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလာဒ်ကို ပြန်ပြောင်းဖို့ကြိုးစားမှုနှင့် တရားစွဲခံရတဲ့ သမ္မတဟောင်းဒေါ်နယ်ထရမ့် ဖမ်းဆီးခံပြီး ရဲက ရိုက်ထားတဲ့ တရားခံမှတ်တမ်းကိုယ်တစ်ပိုင်းပုံကို သူတွေ့လိုက်ရတယ်လို့ သမ္မတ ဂျိုးဘိုင်ဒင်က သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။
“ လူချောပဲ။ အံ့အားသင့်စရာလူပဲ” လို့ တာဟိုးရေကန်မှာ လေ့ကျင့်ခန်းလုပ်ပြီး အိမ်ဖြူတော်အရာရှိတွေနှင့်အတူ ထွက်လာတဲ့ ဘိုင်ဒင်က သတင်းထောက် တွေကို ဟာသလုပ်ခဲ့တာလို့ သတင်းတွေမှာဖော်ပြထားပါတယ်။
ဘိုင်ဒင်ဟာ ထရမ့်ရဲ့အမှုတွေနှင့်ပတ်သက်လို့ မှတ်ချက်ပေးဖို့ အလွန်ရှောင်ရှားခဲ့သူဖြစ်ပါတယ်။ သူတို့အနေနှင့် တရားရုံးနှင့် တရားစီရင်မှုရဲ့ လွတ်လပ်မှုကို ထိန်းသိမ်းပေးချင်လို့ဖြစ်တယ်လို့ အိမ်ဖြူတော်အရာရှိတွေက ပြောခဲ့ကြဖူးပါတယ်။
ထရမ့်ဟာ ကြာသပတေးနေ့ညက ဖူလ်တန်ခရိုင်အကျဉ်းထောင်မှာ အဖမ်းခံဖို့ ကြိုတင်စာရင်းပေးခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ အဲဒီညမှာ ဘိုင်ဒင်က ပြန်လည်ရွေးကောက်ပွဲဝင်ဖို့ စည်းရုံးလှုပ်ရှားမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။ သူက အဲဒီနေ့မှာ “ ဘာကိုမှမရည်ရွယ်ပါဘူး။ ဒီနေ့ဟာ ကျွန်တော့်ရဲ့ မဲဆွယ်စည်းရုံးပွဲအတွက် ကြီးကျယ်တဲ့နေ့တစ်နေ့ပဲ လို့ထင်ပါတယ်” လို့ တွစ်တာ (အိတ်စ်)မှာ ပို့စ်ရေးတင်ခဲ့ပါတယ်။
Source NDTV
၂၅ ဩဂုတ် ၂၀၂၃
ကုန်ဈေးနှုန်းများမြင့်တက်စေရန်အတွက် အချို့ ဝိသမလောဘသမားများ၏ဈေးကစားနေမှုများရှိတဲ့အတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်အတွက် တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ရွက်ပေးကြဖို့ နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားပါတယ်။
ဩဂုတ် ၂၅ ရက် မနက်က နစက ဥက္ကဋ္ဌရုံး၌ကျင်းပတဲ့ နိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေးတွင် စီးပွားရေးရာကော်မတီ ဥက္ကဋ္ဌ နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားရာတွင် ယခုလို ထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဲဒီအပြင် ဗိုလ်ချုပ်မှူးကြီးက ငွေကြေးဈေးကွက်ကို ပြည်တွင်းကျပ်ငွေ၊နိုင်ငံခြားငွေနှင့် ရွှေကိုင်ထားကြသူများက အဓိကဈေးကစားနေကြတယ်လို့ ပြောဆိုခဲ့ပါတယ်။
နိုင်ငံခြားငွေကိုင် ထားသူများက၎င်းတို့ နိုင်ငံခြားငွေတန်ဖိုးတက်စေရန်၊ မြန်မာကျပ်ငွေကိုင်ထားသူ များကရွှေဝယ်၍ ရွှေဈေးတက်အောင်ဆောင်ရွက်နေကြသည်ကိုတွေ့ရတယ်လို့လည်း နစက ဥက္ကဋ္ဌက ဖြည့်စွက်ပြောကြားပါတယ်။
အလားတူ မော်တော်ယာဉ်များ၏ ဈေးနှုန်းမှာလည်း ထိုက်သင့်သည့်ဈေးထက်များပြားနေသည်ကိုတွေ့ရကြောင်း၊ ငွေကိုင်ထားသူများအနေဖြင့် တိုင်းပြည်နှင့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးရှိမည့်စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများအပေါ် ရင်းနှီးမြှုပ်နှံခြင်းထက် ငွေရလွယ်ပြီးအမြတ်များများရနိုင်မည့်လုပ်ငန်းများကိုသာ လုပ်ကိုင်လိုခြင်းကိုလည်း နည်းမှန်လမ်းမှန်ဖြစ်အောင် ပြုပြင်ဆောင်ရွက်ရမယ်လို့လည်း ဗိုလ်ချုပ်မှူုးကြီးက ပြောပါတယ်။
အဲဒါကြောင့် နိုင်ငံခြားငွေများနှင့် ရွှေဈေးနှုန်းများတည်ငြိမ်မှုရှိစေရေးအတွက် မိမိတို့ကော်မတီအနေဖြင့် စနစ်တကျသုံးသပ် ကိုင်တွယ်ဆောင်ရွက်ရန်လိုအပ်တယ်လို့လည်း ကော်မတီဝင်တွေကို ဥက္ကဋ္ဌက မှာကြားတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တရားမဝင်ငွေလွှဲလုပ်ငန်း(ဟွန်ဒီ)များဖြင့် ကုန်သွယ်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နေမှုများကို အိမ်နီးချင်းနိုင်ငံအချို့၌ စုံစမ်းဖော်ထုတ်အရေးယူလျက်ရှိနေပြီး ယင်းလုပ်ငန်းသည့်နိုင်ငံ့စီးပွားရေးကို ထိခိုက်စေလျက်ရှိသဖြင့် မြန်မာနိုင်ငံမှာလည်း ဖော်ထုတ်အရေးယူဆောင်ရွက်ရန်လိုမယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်စပ်ပြောဆိုပါတယ်။
နစကတာဝန်ယူချိန်တွင် စီးပွားရေးအရစတင်တိုက်ခိုက်ရာ၌ ဘဏ်များကိုအဓိကထားတိုက်ခိုက်ခဲ့လို့ ဘဏ်အချို့အခြေအနေဆိုးရွားခဲ့ရာမှာဘဏ်များပြိုလဲမှုမရှိစေရေး နိုင်ငံတော်မှထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ပေးခဲ့ရတယ်လို့ နစက ဥက္ကဋ္ဌက ပြန်ပြောင်းပြောဆိုပါတယ်။
ဒါပေမယ့် နိုင်ငံတော်က ထိုသို့ဆောင်ရွက်ပေးခဲ့သော်လည်း ဘဏ်အချို့၏ ဆောင်ရွက်မှုမှာ ၎င်းကာလကတည်းက သံသယ ရှိဖွယ်များ တွေ့ရှိရပြီး ယခုအချိန်အထိလည်း အချို့ သော ဘဏ်များအနေဖြင့် ရိုးဖြောင့်စွ လုပ်ကိုင်ဆောင် ရွက်မှုမရှိသည်ကို တွေ့နေရလို့ ဘဏ်များ၏ လုပ်ဆောင်ချက်များကိုစနစ်တကျစောင့်ကြည့် သုံးသပ်၍လုပ်ဆောင်ကြရမယ်လို့လည်း ဘဏ်များနှင့်ပတ်သက်၍ သတိပေးပြောကြားခဲ့ပါတယ်။
အစည်းအဝေးတွင် သက်ဆိုင်ရာ ဝန်ကြီးများက စီးပွာရေးရာများနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်ကိစ္စတွေကို တင်ပြခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အစည်းအဝေးသို့ ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယ၏ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။
-knl/ymg
၂၅ ဩဂုတ် ၂၀၂၃
အင်ဒိုနီးရှားနိုင်ငံ လာဘွန်ဘာဂျိုးမြို့တွင် ကျင်းပခဲ့တဲ့ (၁၇)ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ (17th ASEAN Ministerial Meeting on Transnational Crime and its Related Meetings – 17th AMMTC) အတွင်း ဂျပန်နိုင်ငံ AMMTIC ခေါင်းဆောင်က မြန်မာ နိုင်ငံအပေါ် ဝေဖန်ပြောဆိုခဲ့တာတွေကို အစည်းအဝေးသို့တက်ရောက်ခဲ့တဲ့ မြန်မာ နစက အစိုးရ ပြည်ထဲရေးဝန်ကြီးက ချက်ခြင်းပြန်လည်တုန့်ပြန်ခဲ့တယ်လို့ နစကသတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဩဂုတ် ၂၂ ရက်ကကျင်းပတဲ့ (၈)ကြိမ်မြောက် AMMTC +ဂျပန် ပူးပေါင်းအစည်းအဝေးတွင် ဂျပန်နိုင်ငံ ကိုယ်စားလှယ်ခေါင်းဆောင်က ခေါင်းဆောင်က မြန်မာနိုင်ငံပြည်တွင်းရေးနှင့် ပတ်သက်သည့် အခြေအနေများကို ဝေဖန်ပြောဆိုခဲ့မှုအပေါ် နစက ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြန်လည် တုံပြန်ပြောကြားရာတွင် အာဆီယံအဖွဲဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားနိုင်ငံတစ်ခုက ဝင်ရောက်စွက်ဖက် ခြင်းမရှိဘဲ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းအားဖြင့် ဒေသတွင်းအကျိုးစီးပွားကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်လို့ တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က “ယနေ့အစည်းအဝေးသည် အာဆီယံဒေသတွင်း နိုင်ငံဖြတ်ကျော်မှုခင်းတိုက်ဖျက်ရေး နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ်သည့် ဆွေးနွေးမှုနှင့်ဆွေးနွေးဖက်နိုင်ငံများ၏ ပူးပေါင်းဆောင်ရွက်မှုကိုသာ ဆွေးနွေးရန် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများသည် ပြည်တွင်းရေးမျှသာဖြစ်ပြီး ဒေသတွင်းအရေးကိစ္စ မဟုတ်ပါ ကြောင်း ဆက်လက်တုန့်ပြန်ပြောဆိုခဲ့ပြီး ယခုလိုဒေသတွင်းအစည်းအဝေးများတွင် အဆိုပါကိစ္စ ဆွေးနွေးမည် မဟုတ်ကြောင်းကိုလည်း အတိအလင်းပြောဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
မြန်မာ့နိုင်ငံရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည်များရှိပါက နှစ်နိုင်ငံတွေ့ဆုံပြီး သီးခြားဆွေးနွေးနိုင်ပါကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြန်လည်ပြောကြားခဲ့သော်လည်း သီးခြားဆွေးနွေးခဲ့ခြင်း ရှိမရှိကိုတော့ သတင်းထုတ်ပြန် ချက်မှာဖော်ပြမထားပါဘူး။
မြန်မာပြည်ထဲရေးဝန်ကြီးဟာ အစည်းအဝေးတွင် မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့အကြမ်းဖက်မှုအခြေအနေတွေ၊ အကြမ်းဖက်မှုကြောင့် ထိခိုက်သေကြ ပျက်စီးဆုံးရှုံးမှုတွေနှင့် ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေးဆောင်ရွက်နေတာတွေကို အသေးစိတ်ရှင်းလင်းတင်ပြခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အဆိုပါအစည်းအဝေးများသို့ အာဆီယံ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံ၏ဖိတ်ကြားချက်အရ မြန်မာနိုင်ငံအစိုးရ နစကအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဦးဆောင်တဲ့ အဖွဲ့သွားရောက်တက်ခဲ့တာဖြစ်ပါတယ်။
-ymg/knl
၂၄ ဩဂုတ် ၂၀၂၃
အသစ်ခန့်အပ်ခံရတဲ့ ထိုင်းဝန်ကြီးချုပ် ဆရက်သာ သာဗီဆင်းဟာ အကြံဉာဏ်များရယူဖို့ သူ့အလျင်ဝန်ကြီးချုပ်ဖြစ်သည့် ဗိုလ်ချုပ်ကြီး ပရာရွတ် ချန်အိုချာကို အစိုးရရုံးတွင် ကြာသပတေးနေ့က သွားရောက်တွေ့ဆုံခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းအရသိရပါတယ်။
ဖွေထိုင်းပါတီမှ မစ္စတာ ဆရက်သာဟာ ကြာသပတေးနေ့ ဩဂုတ် ၂၄ ရက် မနက်၁၁နာရီ ၅မိနစ်မှာ ဗိုလ်ချုပ်ကြီး ပရာရွတ်နှင့် တွေ့ဆုံဖို့ တိုရိုတာ အယ်လ်ဖတ်ကားအနက်ရောင်ကြီးနဲ့ ရောက်ရှိလာကြောင်းသတင်းကရေးသားပါတယ်။ အိမ်ခြံမြေသူဋ္ဌေးဟောင်းကြီးဖြစ်တဲ့ ဆရက်သာဟာ ထိုင်းဘုရင်မင်းမြတ်ထံမှ ထိုင်းနိုင်ငံရဲ့ ၃၀ဦးမြောက်ဝန်ကြီးချုပ်အဖြစ် ထောက်ခံမှုရရှိပြီးနောက်တွင် ဗိုလ်ချုပ်ကြီးပရာရွတ်နှင့်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
ဝန်ကြီးချုပ်အသစ်ကို ယခင် ဝန်ကြီးချုပ်ဟောင်းယင်လတ်ရှင်နာဝတ်ထရာရဲ့ ရဲသက်တော်စောင့်လုပ်ခဲ့ဖူးတဲ့ ရဲမှူးကြီး ဝါသန်ယု ဝက်ချရာပါလော့ထိုင်း စောင့်ကြပ်လိုက်ပါခဲ့တာဖြစ်ပါတယ်။
တွေ့ဆုံရာမှာ ဝန်ကြီးချုပ်တာဝန်ပြီးဆုံးတော့မည့် ဗိုလ်ချုပ်ကြီးပရာရွတ်ရဲ့ ယူနိုက်တက်ထိုင်းနေရှင်း (ယူတီအင်န်)ပါတီရဲ့ ခေါင်းဆောင်နှင့် အထွေထွေအတွင်းရေးမှူး ပီရာပန်ဆာလီရာသာဗီဘာဂါလည်း တက်ရောက်ပါတယ်။
တွေ့ဆုံမှုဟာ မိနစ် ၄၀မှ ၄၅ မိနစ်အထိကြာမြင့်ခဲ့ပါတယ်။
မစ္စတာဆရက်သာဟာ နိုင်ငံရေးအတွေ့အကြုံ နည်းပါးပေမယ့် သူဟာ ဝန်ကြီးချုပ်ဟောင်းတွေဖြစ်တဲ့ သက်ဆက်နှင့် နှမဖြစ်သူ ယင်လတ်တို့ရဲ့ လူယုံတစ်ဦးအဖြစ်နှစ်ရှည်လများရပ်တည်ခဲ့သူဖြစ်ပါတယ်။
Source: Bangkok Post
Page 93 of 221