#World_News
Published 20 November 2026

■ အာကာသထဲမှာ နျူကလီးယားဗုံးတစ်လုံး ပေါက်ကွဲရုံနဲ့ ကမ္ဘာပေါ်က လူတွေကို တိုက်ရိုက်ထိခိုက်စရာ မရှိနိုင်ပေမဲ့ ကမ္ဘာပတ်လမ်းကြောင်းပေါ်မှာရှိတဲ့ ဂြိုဟ်တုအားလုံးနီးပါး ပျက်စီးသွားနိုင်တယ်လို့ သုတေသနအသစ်တစ်ခုက သတိပေးထားပါတယ်။

■ အာကာသထဲမှာ နျူကလီးယားလက်နက်တစ်ခု ပေါက်ကွဲခဲ့မယ်ဆိုရင် ကမ္ဘာကြီးအတွက် ဘယ်လောက်အထိ အန္တရာယ်ကြီးမားနိုင်မလဲ။

■ သုတေသနအသစ်တစ်ခုအရ အင်အားသိပ်မပြင်းထန်တဲ့ နျူကလီးယားပေါက်ကွဲမှုတစ်ခုတောင် ကမ္ဘာပတ်လမ်းကြောင်းအနိမ့်ပိုင်း (Low Earth Orbit - LEO) မှာရှိတဲ့ ဂြိုဟ်တုအများစုကို ပျက်စီးစေနိုင်တယ်လို့ သိရပါတယ်။

■ ဒီအကြောင်းကို အမေရိကန်နိုင်ငံ University of Wisconsin–Madison နဲ့ Princeton University တို့က သုတေသီတွေ ပူးပေါင်းလေ့လာခဲ့ကြတာဖြစ်ပြီး သုတေသနစာတမ်းကိုလည်း arXiv မှာ ကြိုတင်ထုတ်ဝေထားပါတယ်။

■ အာကာသထဲမှာ နျူကလီးယားဗုံးပေါက်ကွဲရင် ဘာတွေဖြစ်လာမလဲ။

■ သုတေသီတွေဟာ နျူကလီးယားပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာနိုင်မလဲဆိုတာကို ကွန်ပျူတာ Simulation နဲ့ လေ့လာခဲ့ကြပါတယ်။

■ လေ့လာမှုမှာ နျူကလီးယားဗုံး အင်အား 1 Megaton ရှိတဲ့ ဗုံးတစ်လုံးကို ကမ္ဘာ့မျက်နှာပြင်အထက် ကီလိုမီတာ ၅၀၀ အကွာ၊ တောင်အတ္တလန္တိတ်သမုဒ္ဒရာအပေါ်ဘက် အာကာသထဲမှာ ပေါက်ကွဲခဲ့တယ်လို့ သတ်မှတ်ပြီးတွက်ချက်ခဲ့တာပါ။

■ အဲဒီနေရာဟာ ကမ္ဘာ့သံလိုက်စက်ကွင်း အားနည်းတဲ့ ဒေသဖြစ်ပြီး South Atlantic Anomaly (SAA) လို့ ခေါ်ပါတယ်။

■ ဒီဒေသမှာ နျူကလီးယားပေါက်ကွဲမှုကြောင့် ထွက်လာတဲ့ ရေဒီယိုသတ္တိကြွ အမှုန်အမွှားတွေဟာ ကမ္ဘာ့သံလိုက်စက်ကွင်းအတွင်း ပိတ်မိနေပြီး အာကာသထဲမှာ ရောင်ခြည်သင့်မှု အလွန်များတဲ့ နေရာတစ်ခု ဖြစ်ပေါ်လာနိုင်ပါတယ်။

■ အဲဒီနေရာကို ဂြိုဟ်တုတွေ ဖြတ်သန်းသွားလာတဲ့အခါ ရောင်ခြည်ဒဏ်ကို ထပ်ခါတလဲလဲ ခံစားရမှာဖြစ်ပါတယ်။

■ သုတေသနရဲ့ ပထမဦးဆုံးရေးသားသူ Zach Petersen ကလည်း အရင်က ဖြစ်ပွားခဲ့တဲ့ အလားတူဖြစ်ရပ်တစ်ခုကို ဥပမာပေးပြီး ရှင်းပြထားပါတယ်။

■ သူက "နျူကလီးယားပေါက်ကွဲမှုကြောင့် ထွက်လာတဲ့ ရေဒီယိုသတ္တိကြွ အမှုန်အမွှားတွေရဲ့ ပျက်စီးယိုယွင်းမှုကနေ အီလက်ထရွန်တွေ ထွက်လာပြီး ကမ္ဘာ့သံလိုက်စက်ကွင်းထဲမှာ ပိတ်မိနေခဲ့ပါတယ်။ အဲဒီကနေ ဂြိုဟ်တုတွေကို ပျက်စီးစေတဲ့ လူလုပ် ရောင်ခြည်ခါးပတ်တစ်ခု ဖြစ်ပေါ်လာခဲ့တာပါ။

■ ပေါက်ကွဲမှုဖြစ်တဲ့အချိန်မှာ ချက်ချင်းထွက်လာတဲ့ ရောင်ခြည်နဲ့ မတူတာက ဒီလိုပိတ်မိနေတဲ့ ရောင်ခြည်တွေဟာ ဂြိုဟ်တုတွေ အဲဒီဒေသကို ဖြတ်သန်းသွားတိုင်း ထပ်ခါတလဲလဲ ထိခိုက်စေနိုင်ပါတယ်။

■ အခုခေတ်မှာ အလားတူဖြစ်ရပ်တစ်ခု ဖြစ်ခဲ့မယ်ဆိုရင် အရင်ကထက် ဂြိုဟ်တုပိုမိုများပြားတဲ့ အာကာသပတ်ဝန်းကျင်ကို ထိခိုက်စေမှာပါ" လို့ ပြောကြားထားပါတယ်။

■ ကမ္ဘာပေါ်က လူသားတွေအတွက် ဘာကြောင့် အန္တရာယ်ရှိတာလဲ။
အာကာသထဲက ဂြိုဟ်တုတွေ ပျက်စီးသွားတာဟာ အာကာသလုပ်ငန်းနယ်ပယ်တစ်ခုတည်းကိုပဲ ထိခိုက်စေတာ မဟုတ်ပါဘူး။

■ ယနေ့ခေတ်မှာ လူသားတွေရဲ့ နေ့စဉ်ဘဝဟာ ဂြိုဟ်တုနည်းပညာတွေအပေါ် အများကြီး မှီခိုနေရပါတယ်။

■ GPS နဲ့ လမ်းကြောင်းပြစနစ်တွေ ထိခိုက်လာနိုင်ပါတယ်။

■ ဆက်သွယ်ရေးနဲ့ ဂြိုဟ်တုအင်တာနက် ဝန်ဆောင်မှုတွေ ပြတ်တောက်နိုင်ပါတယ်။

■ မိုးလေဝသခန့်မှန်းမှုနဲ့ သဘာဝဘေးအန္တရာယ် စောင့်ကြည့်ရေးတွေထိခိုက်နိုင်ပါတယ်။

■ ကမ္ဘာတစ်ဝန်း လေကြောင်း၊ ရေကြောင်းနဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အခက်အခဲတွေ ဖြစ်လာနိုင်ပါတယ်။

■ ဒါကြောင့် အာကာသထဲမှာ နျူကလီးယားပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရင် ကမ္ဘာမြေကို တိုက်ရိုက်ထိမှန်တာမျိုး မဟုတ်ပေမဲ့ လူသားတွေရဲ့ နည်းပညာအခြေခံ အဆောက်အအုံတွေကို ကြီးမားစွာ ထိခိုက်စေနိုင်ပါတယ်။

Source-Wion