#World_Health
Published 20 November 2026

■ တစ်နေ့ကို ကြက်ဥအကာ ၆ လုံး စားသုံးပြီး နှစ်လအတွင်း ကိုယ်အလေးချိန် ၆ ကီလို လျှော့ချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

■ ပရိုတင်းဓာတ်က ဗိုက်ပြည့်လွယ်စေပြီး အချိန်ကြာကြာ ဗိုက်မဆာအောင် ကူညီပေးပါတယ်။ ဒါကြောင့် အစားအစာတွေ အလွန်အကျွံစားမိတာနဲ့ ကြားထဲမှာ မကြာခဏ သရေစာစားချင်စိတ်ကိုလည်း လျှော့ချပေးနိုင်ပါတယ်။

■ ဝိတ်ချဖို့ဆိုတာ လူတိုင်းအတွက် နည်းလမ်းမတူကြပါဘူး။ တချို့က Gym မှာ လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် လုပ်ကြသလို တချို့ကတော့ အစားအသောက်ကို ထိန်းပြီး လေ့ကျင့်ခန်းကို ပုံမှန်လုပ်တဲ့နည်းလမ်းကို ရွေးချယ်ကြပါတယ်။

■ တကယ်တော့ ဝိတ်ကျဖို့ အဓိကအချက်က ကိုယ်ခန္ဓာက တစ်နေ့တာမှာ အသုံးပြုတဲ့ ကယ်လိုရီပမာဏထက် စားသုံးတဲ့ ကယ်လိုရီပမာဏကို လျှော့ချထားနိုင်ဖို့ပါပဲ။

■ အခုတစ်ခါမှာတော့ Rashmi Yadav ဆိုတဲ့ အမျိုးသမီးတစ်ဦးက သူမရဲ့ Instagram မှာ နှစ်လအတွင်း ကိုယ်အလေးချိန် ၆ ကီလို လျှော့ချနိုင်ခဲ့တဲ့ နည်းလမ်းလေးမျိုးကို မျှဝေထားပါတယ်။

■ သူမက Quinoa တို့၊ Salad တို့လို ဈေးကြီးတဲ့ Diet အစားအစာတွေကို မလိုအပ်ဘဲ အထူးတလည် လိုက်စားနေစရာမလိုဘူးလို့ ပြောထားပါတယ်။

■ နှစ်လအတွင်း ဝိတ် ၆ ကီလိုကျစေခဲ့တဲ့ နည်းလမ်း ၄ ချက်

■ ၁။ ပရိုတင်းဓာတ် ပိုမိုစားသုံးပါ
Rashmi က အရင်တုန်းက အိမ်မှာရှိတာကိုပဲ အဆင်ပြေသလို စားခဲ့ပေမဲ့ ဝိတ်ချဖို့ စတင်တဲ့အချိန်မှာတော့ ပရိုတင်းဓာတ်ပါဝင်တဲ့ အစားအစာတွေကို ပိုမိုစားသုံးလာတယ်လို့ ဆိုပါတယ်။

■ သူမရဲ့ နေ့စဉ်စားသောက်မှုပုံစံကတော့ မနက်စာမှာ ကြက်ဥအကာ ၃ လုံးစားပြီး ညစာမှာလည်း ကြက်ဥအကာ ၃ လုံး ထပ်စားပါတယ်။ အင်္ဂါနေ့နဲ့ ကြာသပတေးနေ့တွေမှာတော့ ကြက်ဥအစား Paneer (အိန္ဒိယချိစ်) ကို စားသုံးတယ်လို့ ဆိုပါတယ်။

■ တစ်နေ့ကို ကြက်ဥအကာ ၆ လုံး စားသုံးတဲ့သဘောပါ။

■ ပရိုတင်းဓာတ်က ဗိုက်ပြည့်စေတဲ့အတွက် အစားစားချင်စိတ်ကို ထိန်းပေးနိုင်ပါတယ်။ ဒါ့အပြင် ကြွက်သားတွေ မဆုံးရှုံးအောင် ကူညီပေးပြီး ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကိုလည်း အထောက်အကူပြုပါတယ်။

■ ၂။ ကယ်လိုရီစားသုံးမှုပမာဏကို လျှော့ချပါ

■ ဒုတိယအချက်ကတော့ Calorie Deficit ဖြစ်ပါတယ်။
Rashmi ကတော့ အရင်က ထမင်းစားတဲ့အခါ ရိုတီ ၃ ချပ်စားတယ်ဆိုရင် ၂ ချပ်ပဲ စားကြည့်ပါ။ ဘာစားစား အရင်ထက် ပမာဏနည်းနည်းလျှော့စားဖို့ လိုပါတယ်လို့ အကြံပြုထားပါတယ်။

■ ဒါပေမဲ့ တစ်ခါတည်း အများကြီးလျှော့စားဖို့ မလိုပါဘူး။ ဖြည်းဖြည်းချင်း အလေ့အကျင့်လုပ်သွားဖို့ အရေးကြီးပါတယ်။

■ Calorie Deficit ဆိုတာ ကိုယ်ခန္ဓာက တစ်နေ့တာအတွက် လိုအပ်တဲ့ ကယ်လိုရီပမာဏထက် ကိုယ်စားသုံးတဲ့ ကယ်လိုရီပမာဏကို နည်းအောင် ထိန်းထားခြင်းဖြစ်ပါတယ်။

■ ဒီလိုလုပ်တဲ့အခါ ခန္ဓာကိုယ်က သိုလှောင်ထားတဲ့ အဆီတွေကို စွမ်းအင်အဖြစ် အသုံးပြုလာတာကြောင့် အချိန်ကြာလာတာနဲ့အမျှ ကိုယ်အလေးချိန် လျော့ကျလာနိုင်ပါတယ်။

■ အရေးကြီးတာက အစာငတ်ခံပြီး အလွန်အကျွံလျှော့စားတာမျိုး မလုပ်ဖို့ပါပဲ။

■ ၃။ Incline Walking လုပ်ပါ
တတိယအချက်ကတော့ Incline Walking ဖြစ်ပါတယ်။

■ ပုံမှန်မြေပြန့်လမ်းလျှောက်တာထက် စောင်းနေတဲ့လမ်းပေါ်မှာ လမ်းလျှောက်တာက ခန္ဓာကိုယ်ကို ပိုပြီးအားစိုက်ရစေပါတယ်။

■ ဒါကြောင့် ကယ်လိုရီလောင်ကျွမ်းမှု ပိုများလာနိုင်သလို တင်ပါးကြွက်သား၊ ပေါင်နောက်ကြွက်သားနဲ့ ခြေသလုံးကြွက်သားတွေကိုလည်း ပိုမိုအလုပ်လုပ်စေပါတယ်။

■ Gym က Treadmill ပေါ်မှာပဲဖြစ်ဖြစ်၊ Walking Pad မှာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ကိုယ်ခံအားနဲ့ ကိုက်ညီတဲ့ အမြန်နှုန်း၊ အတက်အဆင်းအနေအထားကို ချိန်ညှိပြီး လေ့ကျင့်နိုင်ပါတယ်။

■ အစပိုင်းမှာတော့ ကိုယ့်ခန္ဓာကိုယ် ခံနိုင်ရည်ရှိသလောက်ကနေ စတင်တာ ပိုကောင်းပါတယ်။

■ ၄။ Strength Training လေ့ကျင့်ခန်းလုပ်ပါ
နောက်ဆုံးအချက်ကတော့ ကြွက်သားတည်ဆောက်ပေးတဲ့ Strength Training လေ့ကျင့်ခန်းတွေ လုပ်ဖို့ပါပဲ။

■ Rashmi က အိမ်မှာ Dumbbell တွေနဲ့ပဲ Strength Training လုပ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ဝိတ်ချတဲ့အချိန်မှာ အသားအရေတွဲကျတာကိုလည်း လျှော့ချချင်တာကြောင့် ကြွက်သားလေ့ကျင့်ခန်းတွေ လုပ်ဖြစ်တယ်လို့ ပြောထားပါတယ်။

■ တကယ်တော့ ဝိတ်ချနေချိန်မှာ Strength Training လုပ်ပေးခြင်းက အဆီကျရုံသာမက ကြွက်သားတွေ မဆုံးရှုံးအောင်လည်း ကူညီပေးပါတယ်။

■ Cardio လေ့ကျင့်ခန်းတွေက ကယ်လိုရီလောင်ကျွမ်းစေသလို Strength Training ကတော့ ကြွက်သားထုကို ထိန်းသိမ်းပေးပြီး ခန္ဓာကိုယ်အချိုးအစား ပိုမိုကျစ်လျစ်လာစေဖို့ အထောက်အကူပြုပါတယ်။

■ ဝိတ်ချဖို့ဆိုတာ အစားအသောက်တွေကို အကုန်ဖြတ်ပစ်တာ၊ အစာငတ်ခံတာမျိုး မဟုတ်ပါဘူး။

■ ပရိုတင်းဓာတ် လုံလောက်အောင်စားမယ်၊ ကိုယ်စားသုံးတဲ့ ကယ်လိုရီကို ထိန်းမယ်၊ လမ်းလျှောက်မယ်၊ ကြွက်သားလေ့ကျင့်ခန်းလုပ်မယ်ဆိုတဲ့ အလေ့အကျင့်လေးတွေကို ပုံမှန်လုပ်ဆောင်သွားဖို့က ပိုအရေးကြီးပါတယ်။ 

Source-NDTV