၂ စက်တင်ဘာ ၂၀၂၄

(သတင်းနှင့်အမြင် ကဏ္ဍကို ကမ္ဘာ့သတင်း မြန်မာ့သတင်းများနှင့် ယင်းတို့အပေါ် အမြင်များကို ပေါင်းစပ်သည့်ပုံစံဖြင့် အခါအားလျော်စွာ ဖော်ပြပေးပါမည်။ အယ်ဒီတာ)

ပစိဖိတ်ကျွန်းခေါင်းဆောင်တွေဟာ ရဲလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်ကြီးတစ်ခုကို‌ သောကြာနေ့က ကျင်းပတဲ့ သူတို့ရဲ့ဖိုရမ်မှာ ထောက်ခံလိုက်ကြပေမယ့် ထိုင်ဝမ်ကို ဘေးထုတ်ဖို့ တရုတ်မဟာမိတ်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတွေကိုတော့ ငြင်းဆန်လိုက်ကြပါတယ်လို့‌ အေအက်ဖ်ပီသတင်းမှာဖော်ပြထားပါတယ်။

ယခုနှစ် ပစိဖိတ်ကျွန်းနိုင်ငံများဖိုရမ်မှာ လုံခြုံရေးဟာ အဓိက ဆွေးနွေးကြတဲ့ကိစ္စဖြစ်ပါတယ်။ အဲဒီဖိုရမ်မှာ အမေရိကန်ရဲ့ မိတ်ဖက်နိုင်ငံတွေ၊ တရုတ်ရဲ့မိတ်ဆွေနိုင်ငံတွေနှင့် ထိုင်ဝမ်နှင့် ယခုထက်တိုင် ဆက်ဆံရေးရှိနေဆဲနိုင်ငံတွေ ပါဝင်ကြတာဖြစ် ပါတယ်။

အမေရိကန်ရဲ့ မဟာမိတ် ဩစတြေးလျနိုင်ငံက အဲဒီဒေသက နိုင်ငံက ရဲတပ်ဖွဲ့တွေကို သင်တန်းပေးမယ့် အထင်ကရ အစီအစဉ်ကြီးတစ်ခုကို ထောက်ခံပေးဖို့ ပစိဖိတ်အိမ်နီးချင်းနိုင်ငံတွေကို ကြိုးပမ်းခဲ့ပါတယ်။

အဲဒီအစီအစဉ်အရ ပစိဖိတ်ကျွန်းများဒေသမှာ ဒေသဆိုင်ရာရဲသင်တန်းကျောင်းတွေ လေးခုအထိနှင့် နိုင်ငံစုံ အကျပ်အတည်း တုန့်ပြန်ရေးတပ်ဖွဲ့တစ်ခု ဖန်တီးဖို့ဖြစ်ပါတယ်။ အစီအစဉ်ကြီးတစ်ခုကို ဩစတြေးလျက ကနဦးရန်ပုံငွေ ဒေါ်လာ ၂၇၁ သန်း မတည်ပေးမယ်လို့ဆိုပါတယ်။

လက်ရှိပိုနေမြဲ ကျားနေမြဲအစီအစဉ်ကို ပြောင်းလဲပစ်မယ့် အဆိုပါအစီအစဉ်ကိုတော့ ဂျပန်ကပြင်းထန်စွာကန့်ကွက်ခဲ့ပါတယ်။  ဖီဂျီလိုနိုင်ငံအချို့က ကြိုဆိုလိုက်ပေမယ့် ဘေဂျင်းနှင့်နီးနီးကပ်ကပ်ဆက်ဆံနေတဲ့ နိုင်ငံတွေကတော့ အဲဒီစိတ်ကူးကို တုံဏှိဘာဝေ ဆိတ်ဆိတ်ပဲနေခဲ့ကြပါတယ်။

“ ကျွန်တော်တို့ရဲ့ ပြည်တွင်းလုံခြုံရေးအပေါ် စည်းကမ်းသတ်မှတ်ထျက်တွေထားတာတစ်ခုကိုတော့ ကျွန်တော်တို့ သဘောမတူဘူး” လို့ ဆော်လမွန်ကျွန်းနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ပီတာ အက်ဂိုဗာကာက ပြောခဲ့ပါတယ်။

တကယ်တမ်းတော့ ရဲဆိုတာ အကြောင်းပြချက်သက်သက်ဖြစ်ပြီး သူတို့က ပစိဖိတ်ကျွန်းနိုင်ငံတွေအနေနှင့် တရုတ်ကို အရေးမပါတဲ့နေရာမှာ ထားရှိပေးစေလိုတာဖြစ်တယ်လို့ သုံးသပ်‌ဝေဖန်သူတွေကပြောကြပါတယ်။

အဲဒီစိတ်ပူပန်မှုတွေဟာ ဩစတြေလျားဝန်ကြီးချုပ် အန်တိုနီအယ်ဘန်နီးစ်နှင့် အမေရိကန်ထိပ်တန်းသံတမန်တစ်ဦးတို့က  ကုန်ကျစရိတ်တစ်ယောက်တစ်ဝက်လေလို့ နောက်ပြောင်ပြောဆိုခဲ့ကြတာကြောင့် ပိုပြီးကြီးထွားလာပါတယ်။

အဲဒါကြောင့် နောက်ဆုံးမှာ  ရဲအစီအစဉ်ကို‌ ထောက်ခံကြတယ်လို့သာ ကြေညာချက်ထုတ်ပြန်နိုင်ခဲ့ပါတယ်။အချို့သော နိုင်ငံတွေက သူတို့အနေနှင့် ဒီကိစ္စအပေါ် ပြည်တွင်းမှာ သုံးသပ်ဆွေးနွေးဖို့လိုဦးမယ်လို့ ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ ရင်းနှီးမှုအရှိဆုံးမိတ်ဆွေ ဆော်လမွန်ကျွန်းများနိုင်ငံက သူတို့ဖိုရမ်ရဲ့ ဖွံ့ဖြိုးရေးမိတ်ဖက်အဖြစ်ကနေ ထိုင်ဝမ်ကိုထုတ်ပယ်ပစ်ဖို့ ကြိုးစားခဲ့ပါတယ်။

ဆော်လမွန်နိုင်ငံခြားရေးဝန်ကြီး အက်ဂိုဗာကာက ဖိုရမ်ဟာ အချုပ်အခြာအာဏာပိုင်နိုင်ငံတွေအတွက်ဖြစ်ပြီး အခြားသော စီရင်ပိုင်ခွင့်အာဏာပိုင်တွေကနေ အုပ်ချုပ်နေတဲ့ နိုင်ငံတွေအတွက်မဟုတ်ဘူး လို့ခပ်ပြတ်ပြတ်ပြောခဲ့ပါတယ်။

အဲဒါကြောင့် နောက်ဆုံးကြေညာချက်ထဲမှာ အဆိုပါ ရဲစိတ်ကူးကို မထည့်သွင်းခဲ့ပါဘူး။ ဒါပေမယ့် ထိုင်ဝမ်ပါဝင်ဖို့ လမ်းဖွင့်ပေးတဲ့ ၁၉၉၂ သဘောတူညီချက်ကိုတော့ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။

ပစိတ်ဖိတ်ကျွန်းနိုင်ငံများဖိုရမ်အစည်းအဝေးရဲ့ ထုတ်ပြန်ကြေညာချက်ကို တရုတ်အထူးသံတမန်က ယုံကြည်မှုကင်းမဲ့စွာတုန့်ပြန်ခဲ့ပါတယ်။ နောက်ဆုံး ဖိုရမ်သဘောထားကြေညာချက်ထဲမှာ ထိုင်ဝမ်သို့ရည်ညွှန်းမှုတွေကို ဖယ်ထုတ်ပေးခဲ့ရပါတယ်။

“ ဒါတစ်ခုခုမှားနေတာပဲ။မှားနေတာပဲ။ အများသဘောတူထားတဲ့အထဲ မပါဝင်ခဲ့တာ အသေအချာပဲ” လို့ သူက ထိပ်သီးအစည်းအဝေးမှာရှိနေတဲ့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ ဒါဟာ နောက်ဆုံးကြေညာချက်မဖြစ်သင့်ဘူး။ အမှားပြင်ဆင်ချက်လုပ်ရမယ်” လို့ သူကပြောပါတယ်။

တောင်ပစိဖိတ်နိုင်ငံတွေဟာ ထိုင်ဝမ်ကိုထောက်ခံတဲ့ ခံတပ်တစ်ခုလို အရင်ကရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်းမှာ ဆော်လမွန်ကျွန်းများနိုင်ငံ၊ ကီရီဘာတီနှင့် အာအူရူးတို့ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပြောင်းလဲပြီး အသိအမှတ်ပြု လာခဲ့ကြပါတယ်။

အမေရိကန်ရဲ့ အချုပ်အခြာနယ်မြေထဲပါဝင်တဲ့ ဂူအမ်နှင့် အမေရိကန်ဆာမိုအာတို့ဟာ ဖိုရမ်ရဲ့ တွဲဖက်အဖွဲ့ဝင်တွေ အဖြစ် ရရှိခဲ့ကြပါတယ်။ သူတို့က ဆော်လမွန်ရဲ့ ဆန္ဒတွေကို ကန့်ကွက်ဆန့်ကျင်နေခဲ့ကြပါတယ်။

PIF  လို့သိကြတဲ့ ပစိဖိတ်ကျွန်းများဖိုရမ်ဟာ ဒေသဆိုင်ရာအဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပစိတ်ဖိတ်ကျွန်းနိုင်ငံများနှင့် နယ်မြေများ အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ဆိုပြီး ၁၉၇၁ခုနှစ်ကတည်းကတည်ထောင်ခဲ့တာဖြစ်ပါတယ်။ အဲဒီဖိုရမ်မှာ ဩစတြေလျ၊နယူးဇီလန်နှင့် ပစိတ်ဖိတ်ကျွန်းနိုင်ငံတော်တော်များများပါဝင်ပြီးလက်ရှိမှာ အဖွဲ့ဝင် နိုင်ငံ ၁၈ နိုင်ငံ   ပါဝင်နေပါတယ်။

မကြာသေးခင်က ပြီးစီးသွားတဲ့ အဆိုပါဖိုရမ်ထိပ်သီးအစည်းအဝေးကိုကြည့်ရင် တရုတ်နှင့် အမေရိကန်  ပြည်ထောင်စု   အကြားက ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုကြီးထွားလာနေတာကို မြင်နိုင်ပါတယ်။

ကမ္ဘာ့ထိပ်သီးနိုင်ငံကြီးနှစ်နိုင်ငံဟာ ပစိဖိတ်ကျွန်းနိုင်ငံတွေဒေသမှာ ဩဇာလွှမ်းမိုးဖို့ အပြိုင်အဆိုင်ကြိုးစားလာနေကြပါတယ်။  အဲဒီဒေသတည်နေရာဟာ မဟာဗျူဟာမြောက်အရေးကြီးသလို သဘာဝအရင်းအမြစ်တွေနှင့် တိုးလက်လာနေတဲ့ စီးပွားရေး တွေကြောင့် ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ အဆင့်မြင့်အရာရှိကြီးတွေရဲ့ သွားရောက်လည်ပတ်မှုတွေနှင့် ပစိဖိတ်ကျွန်းများဒေသမှာ သံခင်းတမန်ခင်း ဖြန့်ကျက်နေပါတယ်။ အဲဒီအပြင်  BRI  အစီအစဉ်ကြီးအောက်ကနေ တရုတ်နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ   တည်ဆောက်ရေးနှင့် ငွေကြေးဘဏ္ဍာကူညီထောက်ပံ့မှုတွေကို လည်း အလေးပေးဆောင်ရွက်နေတာတွေ့ရပါတယ်။ တရုတ်နိုင်ငံဟာ ဆိပ်ကမ်းတွေ၊လမ်းမကြီးတွေနှင့် ဆက်သွယ်ရေးကဏ္ဍတွေမှာ အကြီးအကျယ်ရင်းနှီးမြှပ်နှံနေပါတယ်။ စီးပွားရေးအရှိန်အဝါကနေတစ်ဆင့် မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးတွေအထိ နိုင်ငံရေးဩဇာကြီးမားလာနေပါတယ်။

အဲဒီအပေါ် အမေရိကန်က စိုးရိမ်မှုတွေရှိလာခဲ့ပုံရပါတယ်။ ဘိုင်ဒင်အစိုးရဟာ ပစိဖိတ်ကျွန်းနိုင်ငံငယ်ကလေးတွေကို ပြန်ပြီး မျက်စေ့ကျလာပါတယ်။ပစိတ်ဖိတ်ကျွန်းများကို အမေရိကန်က ယင်းရဲ့ မဟာဗျူဟာအကျိုးစီးပွားအတွက် အလွန်အရေးကြီး တယ်လို့ ရှုမြင်လာနေပါတယ်။ အထူးသဖြင့် သူတို့က ဒေသတွင်းမှာ တရုတ်ရဲ့ ဩဇာအရှိန်အဝါကို ပြန်ကန်ဖို့ က အမေရိကန် အတွက် အဓိက ဖြစ်ပုံရပါတယ်။အဲဒါကြောင့်လည်း အမေရိကန် စစ်တပ်တွေထားရှိဖို့နှင့် ကာကွယ်ရေးအရ မိတ်ဖက်တွေ လုပ်ဖို့ သူ့ဩဇာညောင်းတဲ့ ဩစတြေလျလိုနိုင်ငံမျိုးကို အသုံးချစေခိုင်းလာတဲ့သဘောရှိပါတယ်။

ပစိဖိတ်ကျွန်းများဒေသနိုင်ငံလေးတွေဟာ အဲဒီနှစ်ဖက်ယှဉ်ပြိုင်မှုကနေ သူတို့နိုင်ငံတွေအတွက် ဘယ်လိုအမြတ်ထုတ်မလဲ   ဆိုတာ ကိုလည်း စဉ်းစားလာနေကြပါတယ်။ အဲဒါကြောင့်လည်း အဲဒီနိုင်ငံငယ်လေးတွေဟာ သူတို့ရဲ့ သံတမန်မဟာမိတ် တွေကို ဘက်ပြောင်းလာကြတာအချို့တွေ့ရပါတယ်။ အဲဒီအပြောင်းအလဲတွေဟာ စိတ်ဝင်စားစရာကောင်းပြီး ဒေသဆိုင်ရာ ဒိုင်းနမစ်တွေကို အပြောင်းအလဲဖြစ်လာဖို့ ဦးတည်လာနေပါတယ်။ အဲဒီအပြင် ပစိဖိတ်ကျွန်းများဖိုရမ်အဖွဲ့ကြီးအတွင်း ဩဇာသက်ရောက်မှုပုံစံတွေလည်း ပြောင်းလဲလာနေတာကို စိတ်လှုပ်ရှားစရာတွေ့ ရှိရပါတယ်။

အမေရိကန်ဦးဆောင်တဲ့ ကမ္ဘာ့အစီအစဉ်ဖြစ်တဲ့ ဝင်ရိုးတစ်ခု ကမ္ဘာ့အစီအစဉ် Uni-polar-World Order ကနေ တရုတ်၊ရုရှား၊ အိန္ဒိယနှင့် အခြားသော အနောက် အုပ်စုမဟုတ်တဲ့ ထွန်းသစ်စနိုင်ငံတွေ ဦးဆောင်တဲ့ ဝင်ရိုးစုံကမ္ဘာ့အစီအစဉ် Multi-polar-World Order သို့ ရွေ့လျားနေတဲ့ မျက်မှောက်အခြေအနေကို အစိုးရိမ်ဆုံးဖြစ်နေသူတွေဟာ အမေရိကန်နှင့် ယင်းရဲ့မဟာမိတ် ဥရောပနိုင်ငံအချို့ပဲဖြစ်ကြပါတယ်။ အဲဒါကြောင့်လည်း အမေရိကန်ဟာ ပထဝီနိုင်ငံရေး ယှဉ်ပြိုင်မှုတွေကို ပေါ်ပေါ်တင်တင်နှင့် ခပ်ကြမ်းကြမ်းလုပ်လာနေတာမြင်ကြရပါတယ်။ ပစိဖိတ်ကျွန်းနိုင်ငံများဖိုရမ်မှာ လက်တွေအမြင်ပဲဖြစ်ပါတယ်။

အဲဒါကြောင့် ကမ္ဘာကြီးမှာ အင်အားကြီး   နိုင်ငံတွေအကြား ပွတ်တိုက်မှုတွေကြီးထွားလာနေကာ ယင်းမှတစ်ဆင့်  ဒေသတွင်းစစ်ပွဲတွေကနေ နိုင်ငံစုံစစ်ပွဲကြီးတွေ အထိ ဖြစ်လာမှာကိုလည်း ဖွံ့ဖြိုးဆဲ ရုန်းကန်ဆဲ နိုင်ငံတွေက စိုးရိမ်လာကြရပါတယ်။

ပထဝီနိုင်ငံရေးလှိုင်းတံပိုးတွေအကြားက ပစိတ်ဖိတ်ကျွန်းနိုင်ငံများဒေသရဲ့ အနာဂတ်နှင့် ဦးတည်ရာကိုတော့ ရင်မသည်းဖို စောင့်ကြည့်ကြရဦးမှာဖြစ်ပါကြောင်း။

-ကောင်းမြတ်ကျော်

@ymg/knl