၂၂ ဩဂုတ် ၂၀၂၃
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်ရှိ ဒွန်မောင်းလေဆိပ်သို့ အင်္ဂါနေ့ (ယနေ့ ဩဂုတ် ၂၂ ရက်နေ့) မနက်မှာပြန်လည်ရောက်ရှိလာပါတယ်။
သက်ဆင်ဟာ သူ့သမီး ပေထုန်တန်ရှင်နာဝပ်လိုက်ပါလျက် ကိုယ်ပိုင်ဂျက်လေဆိပ်ခန်းမမှာရှိတဲ့ ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားတို့ရဲ့ ပုံကြီးရှေ့မှာ အရိုအသေပြုကန်တော့ပါတယ်။
သူ့ကို ထိုင်းနိုင်ငံရဲ့ တရားရုံးချုပ် ရာဇဝတ်မှုခင်းဌာနသို့ ခေါ်ဆောင်မသွားခင် ဆွေမျိုးတွေ မီဒီယာတွေနှင့် ၁၀ မိနစ်တွေ့ဆုံခွင့်ပေးခဲ့ပါတယ်။ အဲဒီတရားရုံးမှာ သူ့အပေါ်စွဲဆိုထားတဲ့ပြစ်မှုတွေကို ကြားနာမှာဖြစ်ပါတယ်။
သက်ဆင်ကို အဲဒီကနေ ဘန်ကောက်မြို့ ချက်တူချက်ခရိုင်က ရမန်အကျဉ်းထောင်ကို ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။
ယခုအသက် ၇၄နှစ်ရှိပြီဖြစ်တဲ့သက်ဆင်ဟာ သူ့ကိုစွဲဆိုထားတဲ့ အဂတိအမှုလေးမှုနှင့် ထောင်ဒဏ်၁၀နှစ်အထိကျခံရမှာကို ရှောင်တိမ်းတဲ့အနေနှင့် ၂၀၀၈ခုနှစ်မှာ ထိုင်းနိုင်ငံက ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။
Source: Nation
လာမယ့် ဩဂုတ် ၂၂ ရက် အင်္ဂါနေ့မှာ အနောက်အုပ်စုကစောင့်ကြည့်နေတဲ့ BRICS ထိပ်သီးအစည်းအဝေးကို တောင်အာဖရိကနိုင်ငံမှာ ကျင်းပတော့မှာဖြစ်ပါတယ်။
BRICS အစည်းအဝေးက ဘာတွေထူးထူးခြားခြားဖြစ်လာမလဲ။
ဒေါ်လာကြီးစိုးမင်းမူမှုလျှော့ချရေးနှင့် BRICS ငွေကြေးက ဘယ်လောက်အထိ တိုးတက်လာမလဲ။
BRICS အင်အား ဘယ်လောက်ကြီးထွားလာမလဲ။
မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ MISIS ရဲ့တွဲဖက်အတွင်းရေးမှူး နိုင်ငံရေးလေ့လာသူ ဦးခင်မောင်ဇော်က သူ့အမြင်ကိုပြောပြထားပါတယ်။
၁၉ ဩဂုုတ် ၂၀၂၃
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို ဖူးမြော်ကြည်ညိုကြမည့် ရဟန်းသံဃာများ၊သီလရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများ ကို အခမဲ့ဖူးမြော်ခွင့်ပေးသွားမည်ဖြစ်ပြီး ဝန်ထမ်းများကိုလည်း ၅၀ ရာခိုင်နှုန်း လျှော့ချ ကောက်ခံပေးသွားမည်ဖြစ်တယ်လို့ သိရပါတယ်။
ယနေဩဂုတ် ၁၉ ရက်နေ့က မာရဝိဇယဗုဒ္ဓဥယျာဉ်တော် အတွင်းရှိ မာရဝိဇယဂေါပကအဖွဲ့ရုံး၌ ကျင်းပပြုလုပ်တဲ့ မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်က အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြား ခဲ့တာဖြစ်ပါတယ်။
ဘုရားကြီး တည်တံ့ခိုင်မြဲရေးနှင့်သန့်ရှင်းသာယာလှပရေးအတွက် လိုအပ်သည့်လုပ်ငန်းများဆောင်ရွက် နိုင်ရန် လိုအပ်သည့်ငွေကြေးများရရှိရေးအတွင် စက်တင်ဘာ ၃ ရက်နောက်ပိုင်းတွင် ဝင်ကြေးငွေ ကောက်ခံသွားမည်ဖြစ်ကြောင်းနှင့်ရရှိသည့် အခြေအနေအပေါ်မူတည်ပြီး သုံးသပ်ဆောင်ရွက်သွားကြဖို့ ဗိုလ်ချူပ်မှူးကြီးက တာဝန်ရှိသူတွေကို ဆွေးနွေးမှာကြားခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
အချို့ နိုင်ငံများရှိဘုရားများ၌လည်း ဝင်ကြေးများပေးဆောင်၍ ဝင်ကြရခြင်းဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သာမန်ပြည်သူများဖူးမြော်နိုင်သည့် သတ်မှတ်နှုန်းထားများကိုသာ သတ်မှတ်ပေးထားခြင်းဖြစ်ကြောင်း၊ ဘုရား
ထိန်းသိမ်းရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် ဂေါပကအဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ် ဆောင်ရွက်ရန်လိုကြောင်းလည်း နစကဥက္ကဋ္ဌက ပြောကြားခဲ့ပါတယ်။
အစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၏ အကြံပေးပုဂ္ဂိုလ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း၊ ဆောက်လုပ်ရေးဝန်ကြီး ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းတို့က သက်ဆိုင်ရာ ကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်အစီအစဉ်တွေကို တင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးက မာရဝိဇယ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်ရှိ ထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်ပြီး ဆင်းတုတော်ကြီး ကြည်ညိုသပ္ပါယ်ဖွယ် ဖြစ်စေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများကိုဆောင်ရွက်ရာတွင် အနုပညာလက်ရာများကိုလည်း အမြင့်ဆုံး၊
အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ခဲ့တဲ့အတွက် ပျက်ဆီးမှုများ မရှိစေရေးစနစ်တကျဖြင့် အသေးအဖွဲ့မှအစ အလေးထားထိန်းသိမ်း ဆောင်ရွက်သွားကြဖို့ အသေးစိတ်မှာကြားခဲ့ပါတယ်။
ဘုရားဖူးလာပြည်သူများအတွက် E-Ticketဝင်ခွင့် လက်မှတ်ဖြင့် ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်လျက်ရှိတယ်လို့ လည်း ဆွေးနွေးချက်များအရသိရပါတယ်။
အစည်းအဝေးအပြီးတွင် ဗိုလ်ချုပ်မှူးကြီးနှင့်အဖွဲ့သည် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးရင်ပြင်တော်ကြီးတွင် လည်းကောင်း၊ ဂန္ဓာကုဋိတိုက်များတွင်လည်းကောင်း၊ရေပန်းရင်ပြင်တွင်လည်းကောင်း၊ အဂ္ဂါဓိပတိ သာသနာ့ ဗိမာန်တော်ကြီးအတွင်း လည်းကောင်းလှည့်လည်ဖူးမြော်ကြည်ညိုကြပြီး နစက ဥက္ကဋ္ဌသည် ဘုရားဖူးလာပြည်သူများကို ခင်မင်ရင်းနှီးစွာဖြင့် နှုတ်ဆက်ခဲ့ကြောင်းသတင်းရရှိပါတယ်။
-ymg/knl
၁၉ ဩဂုတ် ၂၀၂၃
မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို လန်ဒန်ရှိ သံတမန်အိမ်ယာတစ်ခုကို ကျူးကျော်နေ ထိုင်မှုအတွက် ဗြိတိန်ရဲတွေက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ သူ့ရှေ့နေက ရိုက်တာကိုပြောတယ်လို့ ရိုက်တာ သတင်းကရေးသားပါတယ်။
၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှာ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးကတည်းက သူဟာ သံရုံးထဲမှာ ပိတ်မိနေပြီး နောက်ပိုင်းမှာ သူ့နေရာကို အခြားသံတမန်တစ်ဦးနှင့်အစားထိုးခန့်အပ်ခဲ့ပါတယ်။
သူဟာ အဲဒီကတည်းက လန်ဒန်မြို့ အနောက်မြောက်ဘက်ရှိ သံအမတ်ကြီးနေအိမ်မှာ ဆက်လက်နေထိုင်ပြီး အိမ်ကို လည်း သံဆူးကြိုးတွေကာခဲ့ပါတယ်။ စီစီတီဗွီကင်မရာတွေတပ်ဆင်ထားခဲ့ပါတယ်။ သူဟာ သံရုံးကိုပြန်အပ်ဖို့လည်း ငြင်းဆန်ခဲ့တာဖြစ်ပါတယ်။
မြန်မာစစ်အစိုးရရဲ့ ဖိအားကြောင့် ဗြိတိန်အစိုးရက ဦးကျော်စွာမင်းကို သံအမတ်ကြီးအိမ်ကနေ ထွက်ခွာပေးဖို့ တောင်းဆိုခဲ့တယ်လို့လည်း ရိုက်တာက သတင်းဖော်ပြပါတယ်။
ဒီတစ်ပတ်စောစောပိုင်းမှာတော့ ဦးကျော်စွာမင်းကို သံတမန်ဥပစာအတွင်း ပိုင်နက်ကျူးကျော်မှုအတွက် ဗြိတိန်ရဲတွေက စုံစမ်းမေးမြန်းမှုတွေလုပ်ခဲ့ပါတယ်လို့ လန်ဒန်အခြေစိုက် ပီတာနှင့်ပီတာများ အဖွဲ့မှ ရှေ့နေ နီးလ်ဆွစ်က ရိုက်တာကို ပြောပါတယ်။ ဒီအမှုဟာ ထောင်ဒဏ်(၆)လ ဒါမှမဟုတ် ဒဏ်ငွေ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံး အပြစ်ပေးခံရနိုင်ပါတယ်။
“ သံအမတ်ကြီးအိမ်ဟာ ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရရဲ့ ပိုင်ဆိုင်မှုအဖြစ်ဆက်ရှိနေတုန်းပါ။ ကျွန်တော့်ရဲ့အမှုသည်က ဒီမိုကရေစီနည်းလမ်းအရ ရွေးချယ်တဲ့ အစိုးရရဲ့ ကိုယ်စားလှယ်ကို သော့ပြန်အပ်ပေးမယ်လို့ အမြဲပြောခဲ့ပါတယ်” လို့ ရှေ့နေနီးလ်က ဆက်ပြောပါတယ်။
လန်ဒန်မှာရှိတဲ့မြန်မာသံရုံးနှင့် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ လန်ဒန်မြို့ပြရဲတပ်ဖွဲ့တို့ကတော့ ဒီသတင်းအပေါ် ဘာမှမှတ်ချက်မပေးကြဘူးလို့လည်း ရိုက်တာကရေးသားပါတယ်။
ဦးကျော်စွာမင်းကို ဩဂုတ် (၁၅)ရက်က ရဲတွေက မေးမြန်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တရားတော့မစွဲရသေးပါဘူး။
၂၀၂၁ဇူလိုင်လမှာ သူ့နေရာကိုအစားထိုးမယ့် ယာယီတာဝန်ခံတစ်ဦးကို မြန်မာစစ်အစိုးရကခန့်အပ်ခဲ့ပါတယ်။ ဗီယင်နာ ကွန်ဗင်းရှင်းအရ အဲသလိုခန့်အပ်မှုဟာ ဗြိတိန်အစိုးရဲ့ သဘောတူညီမှုမလိုအပ်ဘူးလို့ ရိုက်တာက သတင်းရေးသားဖော်ပြထားပါတယ်။
Source Reuters
၁၉ ဩဂုတ် ၂၀၂၃
ပြည်ပမှာကာလရှည်တိမ်းရှောင်နေခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာဟာ လာမယ့် အင်္ဂါနေ့မှာ ထိုင်းနိုင်ငံကိုပြန်လာတော့မယ်လို့ သမီးဖြစ်သူက ယနေ့ ဩဂုတ် ၁၉ရက်နေ့မှာ ပြောကြားတယ်လို့ ရိုက်တာသတင်း ကရေးသားပါတယ်။ ထိုင်းနိုင်ငံမှာ မေလ ရွေးကောက်ပွဲကျင်းပပြီးနောက် နိုင်ငံရေးမသေမချာမရေရာမှုတွေ ရှည်ကြာ နေတဲ့အချိန်မှာ သက်ဆင်ပြန်ရောက်လာမှာဖြစ်ပါတယ်။
“ အင်္ဂါနေ့ ဩဂုတ် ၂၂ရက်နေ့ မနက် ၉နာရီကျရင် ဒွန်မောင်းလေဆိပ်မှာ ဖေဖေသက်ဆင်ကို ကျွန်မတွေ့ပါမယ်” လို့ သမီး ဖဲထောင်းထန်း ရှင်နာဝါထရာက ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ရေးသားခဲ့ပါတယ်။
သက်ဆင်ဟာ ဩဂုတ်လ (၁၀)ရက်နေ့မှာ ထိုင်းကိုပြန်လာဖို့ရှိခဲ့ပေမယ့် ဆေးစစ်စရာရှိတယ်လို့ အကြောင်းပြပြီး အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပါတယ်။
သက်ဆင်ဟာ ယခင်က ဆက်သွယ်ရေးလုပ်ငန်းကုမ္ပဏီသူဋ္ဌေးကြီးဖြစ်ပြီး ၂၀၀၁ခုနှစ်ကနေ အာဏာသိမ်းပြီးဖြုတ်ချခံရတဲ့ ၂၀၀၆ခုနှစ်အထိ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်လုပ်ခဲ့ပါတယ်။ ၂၀၀၈ခုနှစ်မှာ အကျင့်ပျက်ခြစားမှုနှင့် ထောင်ချခံရမှာစိုးတဲ့ အတွက် နိုင်ငံခြားမှာ ရှောင်တိမ်းနေထိုင်ခဲ့ပါတယ်။ သူပြန်လာတာနှင့် ထောင်ထဲသွားနေရဖို့ရှိနေပါတယ်။
သူရောက်လာမယ့် အင်္ဂါနေ့မှာ ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ် မဲပေးရွေးချယ်ပွဲကလည်းရှိနေပါတယ်။ အဲဒီမဲပေးရွေးချယ်ပွဲမှာ သက်ဆင်ကျောထောက်နောက်ခံပြုထားတဲ့ ဖွေထိုင်းပါတီက ဝန်ကြီးချုပ်လောင်းကိုတင်သွင်းရမှာဖြစ်ပါတယ်။
ရွေးကောက်ပွဲ အမတ်နေရာအများဆုံးရတဲ့ ရှေ့သို့ပါတီဟာ ဝန်ကြီးချုပ်လောင်းတင်သွင်းမှု မအောင်မြင်ပြီးတဲ့နောက် ဒုတိယအမတ်အများဆုံးရထားတဲ့ ဖွေထိုင်းပါတီက အစိုးရဖွဲ့ဖို့ ကြိုးစားနေပါတယ်။ ဖွေထိုင်းက အိမ်ခြံမြေသူဋ္ဌေးကြီး သာရက်တာသာဗီဆင်ကို ဝန်ကြီးချုပ်လောင်းအဆိုပြုတင်သွင်းမှာဖြစ်ပြီး အမတ်စုစုပေါင်းရဲ့ ထက်ဝက်ကျော် ထောက်ခံမှုလိုအပ်နေပါတယ်။ အဲဒီအထဲမှာ တိုက်ရိုက်ခန့်ထားတဲ့ အထက်လွှတ်တော်အမတ်တွေလည်းပါဝင်နေပါတယ်။
Source : Bangkok Post
၁၆ ဩဂုတ် ၂၀၂၃
နိုင်ငံအချို့သည်ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲပြီးဖြစ်လာသော ဒေါ်လာငွေကြေးကို လက်နက်သဖွယ် အသုံးချလျက် ရှိနေကြတယ်လို့ နစက ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားနိုင်ငံ မော်စကိုမြို့၌ ကျင်းပတဲ့ (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS - 2023)တွင် ပြောကြားပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဆိုပါ နိုင်ငံတကာလုံခြုံရေးညီလာခံသို့ ဗွီဒီယိုဖြင့် မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့သို့ထည့်သွင်းပြောကြားခဲ့တာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းကျော် နေထိုင်လျက်ရှိသော အာရှ-ပစိဖိတ်ဒေသအတွက် စားနပ်ရိက္ခာလုံခြုံမှုရှိရေးသည် အခြေခံအကျဆုံးနှင့် အဓိကအကျဆုံး လိုအပ်ချက်တစ်ခု ဖြစ်လာတဲ့အတွက် စားနပ်ရိက္ခာလုံခြုံမှုရှိရေးတွင် အဓိကကျသော စိုက်ပျိုးရေးအတွက် လိုအပ်သည့် လောင်စာဆီ၊ ဓာတ်မြေဩဇာများ
အပါအဝင် အထောက်အကူပြုပစ္စည်းများ ရောင်းဝယ်ရာတွင် အချို့နိုင်ငံများသည်ဘဏ္ဍာရေးလုံခြုံမှုနှင့် ယှဉ်တွဲပြီးဖြစ်လာသော ဒေါ်လာငွေကြေးကို လက်နက်သဖွယ်အသုံးချလျက်ရှိတယ်လို့ ဗိုလ်ချုပ်မှူးကြီးက ပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
“အာရှ-ပစိဖိတ်ဒေသသည် လူဦးရေများပြားခြင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးတွင်အချက်အချာကျနေခြင်းတို့အပြင် လုံခြုံရေးအပါအဝင် ကဏ္ဍမျိုးစုံ၌ အရေးပါသည့်ဒေသဖြစ်လာသည့်အတွက် အမေရိကန်နိုင်ငံအပါအဝင် ဥရောပသမဂ္ဂနှင့် NATOအဖွဲ့ဝင်နိုင်ငံများကလည်း ၎င်းတို့၏ အကျိုးစီးပွားအတွက် အာရှ-ပစိဖိတ်ဒေသအပေါ်စိတ်ဝင်စားမှု မြင့်တက်လာတယ်” လို့လည်း နစက ဥက္ကဋ္ဌက ဆက်လက်ပြောကြားပါတယ်။
အဲဒါကြောင့် သူတို့ဟာ ဒေသတွင်းနိုင်ငံများနှင့် တိုက်ရိုက်သော်လည်းကောင်း၊သွယ်ဝိုက်သော်လည်းကောင်း ထိတွေ့ ဆက်ဆံမှုများ တိုးမြှင့်ဆောင်ရွက်လာသည်ကိုတွေ့ရှိရတယ်” လို့ ဗိုလ်ချုပ်မှူးကြီးက သုံးသပ်ပြောဆိုပါတယ်။
လုံခြုံရေးကဏ္ဍတွင်လည်း အပြိုင်အဆိုင် လွှမ်းမိုးနိုင်ရန် အပြင်းအထန် အားထုတ်မှုများနှင့်အတူ ကြီးမားသည့် အင်အားချိန်ခွင်လျှာ အပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိပြီး ထိုကဲ့သို့ တည်ငြိမ်လုံခြုံမှုပိုမိုလျော့နည်းလာသည့် ကမ္ဘာ့အနေအထားသည် အာရှ-ပစိဖိတ်ဒေသကြီး၏ လုံခြုံရေးနှင့် စီးပွားရေးကဏ္ဍများ၌ သိသာထင်ရှား
သည့် သက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ထောက်ပြပြောဆိုပါတယ်။
အာဆီယံအဖွဲ့သည် စစ်ရေးမဟာမိတ်အုပ်စု မဟုတ်သော်လည်း အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးပေါင်းစည်းအင်အားမှာ ကြီးမားလှပါကြောင်း၊ စစ်ရေးအတွေ့အကြုံရှိသည့် ဗီယက်နမ်၊ မြန်မာနှင့် စွမ်းပကားထက်မြက်သော လက်နက်များ
ပိုင်ဆိုင်ထားသည့် အာဆီယံနိုင်ငံများ၏ ပေါင်းစည်းအင်အားသည် ကမ္ဘာကြီးအတွက်အသင့်အတင့်အားထားနိုင်သော အခြေအနေတွင်ရှိကြောင်းလည်း နစကဥက္ကဋ္ဌက ဗွီဒီယိုမိန့်ခွန်းမှာထည့်သွင်းပြောဆိုခဲ့ပါတယ်။
သို့သော်လည်း အာဆီယံအဖွဲ့ကြီးအနေဖြင့် အဖွဲ့ဝင်နိုင်ငံများအကြား စည်းလုံးညီညွတ်မှုကို အားကြိုးမာန်တက် ဖော်ဆောင်လျက်ရှိချိန်တွင်တစ်ဖက်တွင်လည်း အဆိုပါစည်းလုံးညီညွတ်မှုကို စိန်ခေါ်နေသော ခြိမ်းခြောက်မှုများလည်းရှိနေတယ်လို့ အာဆီယံ၏လက်ရှိအခြေအနေအပေါ် ဗိုလ်ချုပ်မှူးကြီးက သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။
မြန်မာနိုင်ငံနှင့်ပတ်သက်၍လည်း “ လက်ရှိကာလတွင် မြန်မာနိုင်ငံ၏အချို့ဒေသများမှအပ နေရာဒေသအများစုတွင် နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေးအရ တည်ငြိမ်မှုရှိအောင် ဆောင်ရွက်ထားနိုင်ပြီဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်၍ တရားမျှတသောပါတီစုံ ဒီမိုကရေစီရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပပြီး အနိုင်ရရှိသော
နိုင်ငံရေး ပါတီအား ဒီမိုကရေစီစံနှုန်းနှင့်အညီ နိုင်ငံတော်အာဏာကို ပြန်လည်အပ်နှင်းနိုင်ရေးအတွက် နိုင်ငံတစ်ဝန်း လုံခြုံမှုရှိစေရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကြိုးပမ်းအားထုတ် ဆောင်ရွက်လျက်ရှိကြောင်း” နိုင်ငံတကာအသိုက်အဝန်းသို့ ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ယခုကျင်းပခဲ့တဲ့ (၁၁)ကြိမ်မြောက် နိုင်ငံတကာလုံခြုံရေးညီလာခံ (MCIS - 2023)သို့ နစက ဥက္ကဋ္ဌ၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် နိုင်ငံ ၅ နိုင်ငံမှ အကြီးအကဲများက Video မှတ်တမ်းပေးပို့၍ ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း အပါအဝင် နိုင်ငံပေါင်း ၂၀ မှ ကာကွယ်ရေးဝန်ကြီးအဆင့်ပုဂ္ဂိုလ် ၂၀ဦး၊ နိုင်ငံ ၁၆ နိုင်ငံမှ ဒုတိယ ကာကွယ်ရေးဝန်ကြီးအဆင့် ပုဂ္ဂိုလ် ၁၆ ဦး၊ နိုင်ငံ ၁၂နိုင်ငံမှ ညွှန်ကြားရေးမှူးအဆင့် ပုဂ္ဂိုလ် ၁၂ ဦး အပါအဝင်စုစုပေါင်း ၈၀၀ ကျော်ပါဝင်တက် ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
16 August 2023
ထိုင်းပါလီမန်အမတ်များက လာမည့်အပတ်တွင် ဝန်ကြီးချုပ်အသစ်ကိုရွေးချယ်ကြတော့မှာဖြစ်ပါတယ်။ ရွေးကောက်ပွဲ အမတ်အများဆုံးရထားတဲ့ ရှေ့သို့ပါတီ Move Forward- MFP က သူတို့ရဲ့ ဝန်ကြီးချုပ်လောင်းကို ပါလီမန်မှာ ပိတ်ပင်လိုက်တဲ့ အပေါ်စိန်ခေါ်ပြီး ဖွဲ့စည်းပုံအခြေခံခုံရုံးကို ကန့်ကွက်ခဲ့တာနှင့်ပတ်သက်ပြီး ခုံရုံးက ပယ်ချလိုက်ပြီးနောက် အောက်လွှတ်တော်ဥက္ကဋ္ဌက ဝန်ကြီးချုပ်ရွေးချယ်ပွဲပြန်လည်ပြုလုပ်မှာကို ကြေညာခဲ့တာပါ။
ထိုင်းနိုင်ငံဟာ မတ်လကတည်းက အိမ်စောင့်အစိုးရက အုပ်ချုပ်နေခဲ့တာဖြစ်ပြီး အစိုးရအသစ်ဖွဲ့စည်းဖို့ကိစ္စ ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေနှင့် ကြုံတွေ့နေခဲ့ရတာဖြစ်ပါတယ်။ ရှေ့သို့ပါတီဟာ ပါလီမန်မှာ ရှေးရိုးစွဲ အမတ်တွေနှင့် စစ်တပ်ကိုသစ္စာရှိတဲ့ မဟာမိတ်တွေရဲ့ တင်းမာတဲ့ ဆန့်ကျင်မှုတွေနှင့် ရင်ဆိုင်ခဲ့ရပါတယ်။
ရှေ့သိုပါတီ MFPဟာ ပြီးခဲ့တဲ့မေလရွေးကောက်ပွဲမှာ ထင်မထားဘဲ အမတ်နေရာအများဆုံးရရှိခဲ့ပါတယ်။ ပါတီကို မြို့ပြ နှင့် လူငယ်အမြောက်အများက လစ်ဘရယ်မူဝါဒပလက်ဖောင်းအတွက် ထောက်ခံခဲ့ကြတာဖြစ်ပါတယ်။
တရားရုံးက ပယ်ချလိုက်တာဟာ ရှေ့သို့ပါတီအတွက် နောက်ဆုံးအတိုက်အခိုက်ခံရမှဒတစ်ခုဖြစ်ပေမယ့် ပါတီဟာ အစိုးရဖြစ်ဖို့အတွက် အရှုံးပေးမှာမဟုတ်ဘူးလို့ ပါတီခေါင်းဆောင် ပီတ, ကပြောပါတယ်။
“ပြဿနာကပါလီမန်ပဲဖြစ်တယ်။ အဲဒါကြောင့် ကျွန်တော်တို့ပါလီမန်ကို ပြုပြင်မယ်” လို့ သူကပြောပါတယ်။
ပီတကို ထပ်မံအဆိုပြုတာ ပယ်ချလိုက်ပြီးနောက် ရွေးကောက်ပွဲဒုတိယနေရာအနိုင်ရထားတဲ့ ဖွေထိုင်းပါတီဟာ ရှေ့သို့ MFP ပါတီကို ထောက်ခံခြင်းကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။
ဖွေထိုင်းပါတီဟာ သူ့ရဲ့ ဝန်ကြီးချုပ်လောင်း အိမ်ခြံမြေသူဋ္ဌေးကြီး သာရက်တာ သာဗစ်ဆင်ကို ထောက်ခံပေးဖို့အတွက် ကွန်ဆာဗေးတစ်တွေနှင့် တပ်ကျောထောက်နောက်ခံရှိထားတဲ့ အမတ်တွေကို စည်းရုံးနေပါတယ်။ ဒါပေမယ့် အတွေ့အကြုံနည်းတဲ့ သာရက်တာကို ထောက်ခံမှုတွေလုံလုံလောက်လောက်ရဖို့ သိပ်မသေမချာဖြစ်နေပါတယ်။
“ တစ်ရက်တည်း အပြတ် ဝန်ကြီးချုပ်ရွေးနိုင်မလားဆိုတာကတော့ အစည်အဝေးပေါ်မှာပဲမူတည်ပါလိမ့်မယ်” လို့ အောက်လွှတ်တော်ဥက္ကဋ္ဌ ဝန်မိုဟာမက် နို မာသာက သတင်းထောက်တွေကိုပြောပါတယ်။ လာမယ့် ဩဂုတ် ၂၂ ရက်မှာ ပါလီမန်အစည်းအဝေးပြန်လည်ကျင်းပပြီး ဝန်ကြီးချုပ်လောင်းအတွက်မဲပေးကြမှာဖြစ်ပါတယ်။
ဖွေထိုင်းပါတီရဲ့ အကြီးတန်းအရာရှိတွေကတော့ ရှေ့သို့ပါတီ MFP ရဲ့ထောက်ခံမှုမပါဘဲနှင့် သာရက်တာကို ဝန်ကြီးချုပ် အဖြစ်ရွေးချယ်နိုင်မယ်လို့ ယုံကြည်ထားကြကြောင်းပြောပါတယ်။
Source Reuters
Page 75 of 202