-မင်းထက်သာ
နိုင်ငံတကာ ဘဏ္ဍာရေးစနစ်သည် အခြေခံကျကျ ပြန်လည်ဖွဲ့စည်းနေသည့် ကာလတစ်ခုကို ဖြတ်သန်းနေသည်။ ဆယ်စုနှစ်များစွာတိုင် ကမ္ဘာ့စီးပွားရေးသည် အမေရိကန်ဒေါ်လာကို ဗဟိုပြုပြီး အမေရိကန်၏ စည်းမျဉ်းများ ကျယ်ပြန့်စွာ သက်ရောက်နေသည့် ငွေကြေးစနစ်အပေါ် အခြေခံခဲ့သည်။ ယနေ့ ကမ္ဘာ့ဘဏ္ဍာရေး အခြေခံစနစ်များနှင့် ရှုပ်ထွေးသည့် ပထဝီနိုင်ငံရေး အခြေအနေများ ပိုမိုချိတ်ဆက်လာသည်နှင့်အမျှ ငွေကြေးတစ်မျိုးတည်းကို အလွန်အကျွံ အားထားသည့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ အားနည်းချက်များ ပေါ်လွင်လာသည်။ အချို့နိုင်ငံများသည် အနှောင့်အယှက်များ၏ သက်ရောက်မှုကို လျှော့ချရန် အရန်ပိုင်ဆိုင်မှု အမျိုးအစားများ တိုးချဲ့ခြင်း သို့မဟုတ် ကုန်သွယ်ငွေပေးချေရှင်းလင်းရေး လမ်းကြောင်းသစ်များ ရှာဖွေခြင်းတို့ကို ဆောင်ရွက်နေကြသည်။
ပြောင်းလဲနေသည့် ဤအခြေအနေတွင် BRICS သည် ငွေကြေးထောက်ပံ့မှုနှင့် ငွေပေးချေမှုအတွက် အခြားနည်းလမ်းများ ဖော်ဆောင်နေသည့် အဖွဲ့များထဲတွင် ပါဝင်သည်။ ဖွံ့ဖြိုးရေးဘဏ်သစ် (NDB) တည်ထောင်ခြင်းနှင့် နှစ်နိုင်ငံကြား ငွေကြေးလဲလှယ်ရေး သဘောတူညီချက်များ တိုးချဲ့ခြင်းတို့ဖြင့် BRICS အဖွဲ့ဝင်များသည် ငွေကြေးထောက်ပံ့မှု ရယူနိုင်မည့် လမ်းကြောင်းများ တိုးချဲ့နေသလို သက်ဆိုင်ရာ နိုင်ငံသုံးငွေကြေးများ ပိုမိုအသုံးပြုလာစေရန်လည်း ပံ့ပိုးနေကြသည်။ ဤကြိုးပမ်းမှုများကြောင့် ကုန်သွယ်ရေးကန့်သတ်ချက်များနှင့် ရင်ဆိုင်နေရသော အခြားဖွံ့ဖြိုးဆဲနိုင်ငံများလည်း နောင်တွင် ငွေပေးချေရှင်းလင်းရေး လမ်းကြောင်းများ ပိုမိုရရှိလာနိုင်သည်။ လက်တွေ့တွင် မည်မျှအသုံးချနိုင်မည်ဆိုသည်မှာ ဘဏ်များ၏ ပါဝင်မှု၊ သက်ဆိုင်ရာငွေကြေးများ ရရှိနိုင်မှုနှင့် ငွေပေးချေစနစ်များကို နယ်စပ်ဖြတ်ကျော် ချိတ်ဆက်အသုံးပြုနိုင်မှုတို့အပေါ် မူတည်မည်ဖြစ်သည်။
နေပြည်တော်က BRICS မိတ်ဖက်နိုင်ငံဖြစ်လာရန် ရည်ရွယ်ထားသည့်အတွက် မြန်မာနိုင်ငံသည် ဤအစီအစဉ်များမှ ရရှိထားသည့် အတွေ့အကြုံများကို ပိုမိုနီးကပ်စွာ လေ့လာနိုင်သည်။ ပြင်ပကန့်သတ်ချက်များကို ရင်ဆိုင်နိုင်ရန်နှင့် ပြည်တွင်းတည်ငြိမ်မှုကို အထောက်အကူပြုရန် မြန်မာနိုင်ငံသည် ဘဏ္ဍာရေးဆိုင်ရာ အချုပ်အခြာအာဏာ ခိုင်မာရေးကို ဘက်စုံဖော်ဆောင်နိုင်သည်။ ငွေကြေးတစ်မျိုး သို့မဟုတ် ငွေပေးချေလမ်းကြောင်းတစ်ခု၌ အနှောင့်အယှက်ဖြစ်လာပါက သက်ရောက်မှု လျော့နည်းစေရန် ဆောင်ရွက်ခြင်းသည် ယင်း၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်သည်။
လက်ဝယ်ပိုင်ဆိုင်မှုဖြင့် ဘဏ္ဍာရေးလုံခြုံမှု တည်ဆောက်ခြင်း — နိုင်ငံတော်အရန်ပိုင်ဆိုင်မှုများကို ပြန်လည်သုံးသပ်ခြင်း
နိုင်ငံတော်အရန်ပိုင်ဆိုင်မှုများကို ပြန်လည်သုံးသပ်ခြင်းသည် ဘဏ္ဍာရေးဆိုင်ရာ အချုပ်အခြာအာဏာ ခိုင်မာစေရေးအတွက် အရေးပါသည်။ နိုင်ငံတော်ပိုင် ပိုင်ဆိုင်မှုများကို ပြည်ပ၌ ထိန်းချုပ်ပိတ်ထားခဲ့ခြင်းက ပြည်ပတွင် ထားရှိသည့် အရန်ပိုင်ဆိုင်မှုအချို့ကို အသုံးပြုခွင့်သည် ယင်းတို့ကို ထားရှိရာ နိုင်ငံများ၏ စည်းမျဉ်းနှင့် မူဝါဒများအပေါ် မူတည်နိုင်ကြောင်း ပြသခဲ့သည်။ မြန်မာနိုင်ငံအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံများသည် အနောက်နိုင်ငံများ၏ ဘဏ်များနှင့် အနောက်နိုင်ငံသုံး ငွေကြေးဖြင့် တန်ဖိုးသတ်မှတ်ထားသော ပိုင်ဆိုင်မှုများအပေါ် မည်မျှမှီခိုနေရသည်ကို ပြန်လည်သုံးသပ်ပြီး အရန်ပိုင်ဆိုင်မှုများတွင် လက်ဝယ်ထားရှိသည့် ရွှေအချိုးကို တိုးမြှင့်ရန် စဉ်းစားနိုင်သည်။ သင့်လျော်သည့် အရန်ပိုင်ဆိုင်မှု အချိုးအစားကို သတ်မှတ်ရာတွင် သွင်းကုန်အတွက် ငွေပေးချေရန်နှင့် ပြည်ပငွေပေးချေမှု တာဝန်များကို ဖြည့်ဆည်းရန် အသင့်သုံးနိုင်သော နိုင်ငံခြားငွေ မည်မျှလိုအပ်သည်ကို ထည့်တွက်သင့်သည်။
ပြည်တွင်း၌ လက်ဝယ်ထားရှိသော ရွှေသည် ပြည်ပထိန်းသိမ်းသူများအပေါ် မှီခိုရမှုနှင့် ငွေချေးစာချုပ်ကဲ့သို့သော ပိုင်ဆိုင်မှုကို ထုတ်ဝေသူက မိမိ၏ ပေးချေမှုတာဝန်ကို ဖြည့်ဆည်းနိုင်စွမ်းအပေါ် မှီခိုရမှုတို့ကို လျှော့ချနိုင်သည်။ ၂၀၂၆ ခုနှစ် မေလတွင် Kitco က ထုတ်ဝေသည့် သုံးသပ်ချက်တစ်ရပ်၌ Sprott က ၂၀၂၅ ခုနှစ် မတ်လကုန်အထိ စုစည်းထားသည့် Bloomberg အချက်အလက်များကို ကိုးကားဖော်ပြခဲ့သည်။ ယင်းနှိုင်းယှဉ်ချက်တွင် တန်ဖိုးပြောင်းလဲမှု၏ သက်ရောက်ချက်များကို ချိန်ညှိတွက်ချက်ပြီးနောက် ကမ္ဘာ့ဗဟိုဘဏ်များ၏ ရွှေပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာဖြင့် တန်ဖိုးသတ်မှတ်ထားသော အရန်ပိုင်ဆိုင်မှုများထက် ပိုများကြောင်း ဖော်ပြထားသည်။ ရွှေကို လက်ဝယ်ပိုမိုထားရှိပြီး ပြည်ပရောက် အရန်ပိုင်ဆိုင်မှုအချို့ကို ပြည်တွင်းသို့ ပြန်လည်ယူဆောင်ခြင်းဖြင့် အန္တရာယ်ကို ခွဲဝေနိုင်သည်။ ထိုအကျိုးကျေးဇူးကို ရွှေဈေးအတက်အကျ၊ သိုလှောင်ထိန်းသိမ်းရေးနှင့် လုံခြုံရေးစရိတ်၊ လိုအပ်ချိန်တွင် ရွှေကို နိုင်ငံခြားငွေအဖြစ် ပြောင်းလဲရာ၌ ကြာမြင့်မည့်အချိန်နှင့် ကုန်ကျစရိတ်တို့နှင့် ချိန်ဆသင့်သည်။ [၄]
မဟာဗျူဟာအရ ပြန်လည်ချိန်ညှိခြင်း — ဘဏ္ဍာရေးကန့်သတ်ချက်များကြားက ကုန်သွယ်ရေးမိတ်ဖက်များ
မြန်မာနိုင်ငံနှင့် အဓိကဒေသတွင်း မိတ်ဖက်များကြား ဆက်ဆံရေး တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာသည့် အရိပ်အယောင်များ ရှိနေသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံတကာ စီးပွားရေးဆက်ဆံမှုများသည် ကာလတိုအတွင်း အကန့်အသတ် ရှိနေနိုင်သေးသည်။ ဥရောပသမဂ္ဂသည် သတ်မှတ်စာရင်းဝင် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများ၏ ပိုင်ဆိုင်မှုများကို ထိန်းချုပ်ပိတ်ထားခြင်း အပါအဝင် အရေးယူဆောင်ရွက်ချက်များကို သက်တမ်းတိုးထားသည်။ ဤအခြေအနေတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်၊ ရုရှား၊ ထိုင်းနှင့် အိန္ဒိယတို့အပါအဝင် အဓိကမိတ်ဖက်များနှင့် ကုန်သွယ်ရေးနှင့် စီးပွားရေးဆက်ဆံမှုများကို ဆက်လက် တိုးချဲ့ရန် အကြောင်းရှိသည်။
မြန်မာနိုင်ငံအနေဖြင့် ဤနိုင်ငံများနှင့် ကုန်သွယ်ရေး ပိုမိုခိုင်မာလာစေရန် စိတ်ချရသည့် ငွေပေးချေ လမ်းကြောင်းများ လိုအပ်သည်။ ယင်းရည်ရွယ်ချက်အတွက် နေပြည်တော်သည် ရုရှားနှင့် အခြားဒေသတွင်း မိတ်ဖက်များနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံရေး ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေသည့် တစ်ချိန်တည်းမှာပင် ငွေပေးချေရာ၌ ကြုံတွေ့ရသည့် အတားအဆီးများ လျော့နည်းလာစေရန် ဆောင်ရွက်နိုင်သည်။
နိုင်ငံသုံးငွေကြေးဖြင့် ငွေပေးချေမှု မူဘောင်များ အကောင်အထည်ဖော်ခြင်း
နိုင်ငံသုံးငွေကြေးများကို ပိုမိုအသုံးပြုခြင်းဖြင့် မြန်မာနိုင်ငံသည် အစဉ်အလာ ငွေပေးချေမှုနှင့် ငွေစာရင်းရှင်းလင်းမှု လမ်းကြောင်းများတွင် ကြုံတွေ့ရသည့် အခက်အခဲအချို့ကို ဖြေရှင်းနိုင်သည်။ ၂၀၂၆ ခုနှစ် စက်တင်ဘာ ၂၉ ရက်ထုတ် Myanmar Digital News ၏ ဖော်ပြချက်အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်နှင့် အိန္ဒိယဗဟိုဘဏ် (Reserve Bank of India) တို့သည် နှစ်နိုင်ငံ ကုန်သွယ်ရေးအတွက် ငွေကြေးလဲလှယ်ရေး အစီအစဉ် (Currency Swap Arrangement) မူကြမ်းကို ပြင်ဆင်နေခဲ့သည်။ အဆိုပါသတင်းတွင် ဆက်သွယ်ဘဏ်စာရင်း ဖွင့်လှစ်ရေး ဆောင်ရွက်ချက်များကို သီးခြားဖော်ပြထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က Punjab National Bank တွင် ရူပီးငွေ Nostro စာရင်း ဖွင့်လှစ်နေပြီး ထိုဘဏ်ကလည်း မြန်မာနိုင်ငံရှိ ဘဏ်များတွင် ကျပ်ငွေစာရင်းများ ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်နေခဲ့သည်။ ထိုသို့သော Vostro နှင့် Nostro ဘဏ်စာရင်းများက နှစ်နိုင်ငံကြား သက်ဆိုင်ရာ နိုင်ငံသုံးငွေကြေးများဖြင့် တိုက်ရိုက် ငွေပေးချေရှင်းလင်းနိုင်ရန် အထောက်အကူပြုနိုင်သည်။
အဆိုပါသတင်းအရ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ရူပီး၊ ကျပ်နှင့် ရူဘယ်ငွေတို့ အသုံးပြုနိုင်ရေးအတွက် ရုရှားဘဏ် Sberbank ၏ အိန္ဒိယဘဏ်ခွဲနှင့်လည်း ပူးပေါင်းဆောင်ရွက်နေခဲ့သည်။ ဤပူးပေါင်းမှုက ငွေကြေး သုံးမျိုးဖြင့် ငွေပေးချေရှင်းလင်းနိုင်မည့် ပိုမိုကျယ်ပြန့်သော အစီအစဉ်တစ်ရပ်အတွက် အခြေခံဖြစ်လာနိုင် သည်။ ထိုအစီအစဉ်များကို စိတ်ချစွာ အသုံးပြုနိုင်ပြီး လိုအပ်ချိန်တွင် သက်ဆိုင်ရာငွေကြေးများကို ရရှိနိုင်ပါက တတိယနိုင်ငံသုံး ငွေကြေးအပေါ် မှီခိုရမှုကို လျှော့ချနိုင်မည်ဖြစ်သည်။ ထို့ပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံ ရေးကို ပံ့ပိုးပြီး အရေးပါသည့်ကဏ္ဍများ၏ ကုန်စည်ထောက်ပံ့မှုကွင်းဆက်များ ဆက်လက် လည်ပတ်နိုင်ရေးကိုလည်း အထောက်အကူပြုနိုင်မည်ဖြစ်သည်။
ဒေသတွင်း ဘဏ္ဍာရေးခံနိုင်ရည် မြှင့်တင်ခြင်း — အာရှငွေကြေးရန်ပုံငွေအဖွဲ့
နှစ်နိုင်ငံကြား အစီအစဉ်များက ငွေပေးချေရေး အခက်အခဲအချို့ကို သက်သာစေနိုင်သော်လည်း အဖွဲ့အစည်း အဆင့် ဘဏ္ဍာရေး အကာအကွယ်များ ထူထောင်ရန် ဒေသတွင်း ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်သည်။ အရှေ့တောင်အာရှရှိ ဖွံ့ဖြိုးဆဲ စီးပွားရေးနိုင်ငံများသည် ပြင်ပစီးပွားရေးနှင့် ပွင့်လင်းစွာ ဆက်သွယ်နေပြီး ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးကွင်းဆက်များတွင် နက်နက်ရှိုင်းရှိုင်း ပါဝင်နေကြသည်။ ထို့ကြောင့် အရင်းအနှီးများ လျင်မြန်စွာ ပြည်ပသို့ စီးထွက်သွားခြင်းနှင့် ပြင်ပမှ ရုတ်တရက် ရိုက်ခတ်မှုများကို ခံရလွယ်ကြောင်း ၁၉၉၇ ခုနှစ် အာရှဘဏ္ဍာရေးအကျပ်အတည်းက ပြသခဲ့သည်။ သို့ဖြစ်၍ နေပြည်တော်သည် နိုင်ငံအချင်းချင်း ငွေပေးချေရှင်းလင်းရာတွင် သက်ဆိုင်ရာ နိုင်ငံသုံးငွေကြေးများ အသုံးပြုရေးအတွက် အာဆီယံမိတ်ဖက်များနှင့် ပိုမိုပူးပေါင်းဆောင်ရွက်သင့်ပြီး အာရှငွေကြေးရန်ပုံငွေအဖွဲ့ (AMF) ထူထောင်ရေး အဆိုပြုချက်ကို ဆက်လက်ဖော်ဆောင်ရန် ကြိုးပမ်းမှုများကိုလည်း ထောက်ခံသင့်သည်။
အဆိုပြုထားသည့် အာရှငွေကြေးရန်ပုံငွေအဖွဲ့သည် အရေးပေါ်ချေးငွေ ထုတ်ပေးခြင်း၊ ငွေကြေးလဲလှယ်ရေး အစီအစဉ်များ လွယ်ကူချောမွေ့စေခြင်းနှင့် နိုင်ငံတကာ ငွေပေးငွေယူလက်ကျန်ဆိုင်ရာ အကျပ် အတည်း များကို ဖြေရှင်းရန် ဒေသတွင်း ဘဏ္ဍာငွေရင်းမြစ်များ စုပေါင်းထားရှိခြင်းတို့ဖြင့် ဒေသ၏ ဘဏ္ဍာရေး တည်ငြိမ်မှုကို ပံ့ပိုးပေးနိုင်သည်။ ဒေသ၏ လိုအပ်ချက်များနှင့် ပိုကိုက်ညီသည့် ချေးငွေစည်းကမ်းချက်များ ကိုလည်း ချမှတ်နိုင်ဖွယ်ရှိသည်။ အဖွဲ့၏ ထိရောက်မှုမှာ ပါဝင်သည့်နိုင်ငံများက ရန်ပုံငွေကို မည်သို့ ထည့်ဝင်မည်ဟု သဘောတူကြသလဲ၊ အရေးပေါ်ငွေကြေး ရယူခွင့်နှင့် ပြန်လည်ပေးဆပ်မှုအတွက် မည်သည့် စည်းမျဉ်းများ ချမှတ်ကြသလဲဆိုသည့် အချက်များအပေါ် မူတည်မည်ဖြစ်သည်။ မြန်မာနိုင်ငံနှင့် အခြား အာဆီယံနိုင်ငံများသည် ဤဆွေးနွေးမှုများတွင် ပါဝင်ပြီး အဆိုပြုချက်ကို ထောက်ခံခြင်းဖြင့် ဒေသတွင်း ဘဏ္ဍာရေး အကာအကွယ်များ ခိုင်မာလာစေရန် ပါဝင်ဆောင်ရွက်နိုင်သည်။
နိဂုံး
ဝင်ရိုးစုံ ငွေကြေးဖွဲ့စည်းပုံဆီသို့ ကူးပြောင်းမှုက ထွန်းသစ်စ စီးပွားရေးနိုင်ငံများအတွက် ဘဏ္ဍာရေးဆက်ဆံမှု လမ်းကြောင်းများ ချဲ့ထွင်နိုင်မည့် အခွင့်အလမ်းကို ပေးသည်။ မြန်မာနိုင်ငံအတွက် ဦးစားပေးရမည့် အချက်များမှာ မဟာဗျူဟာအရ ကိုယ်ပိုင်ဆုံးဖြတ်နိုင်စွမ်း ရှိရန်နှင့် ဘဏ္ဍာရေးလမ်းကြောင်းများ ချဲ့ထွင်ရန် တို့ဖြစ်သည်။ သင့်လျော်သည့်အတိုင်း အရန်ပိုင်ဆိုင်မှုများတွင် လက်ဝယ်ထားရှိသော ရွှေအချိုးအစားကို တိုးမြှင့်ခြင်း၊ ဒေသတွင်းမိတ်ဖက်များနှင့် ကုန်သွယ်ရေးဆက်ဆံမှုများ တည်ဆောက်ခြင်း၊ နိုင်ငံသုံး ငွေကြေးဖြင့် ငွေပေးချေရှင်းလင်းရေး လမ်းကြောင်းများ ဖော်ဆောင်ခြင်းနှင့် အာရှငွေကြေးရန်ပုံငွေအဖွဲ့ ထူထောင်ရေး အဆိုပြုချက်ကို ထောက်ခံခြင်းတို့က မြန်မာနိုင်ငံ၏ စီးပွားရေးခံနိုင်ရည်ကို မြှင့်တင်ပေးနိုင်သည်။ ဖွံ့ဖြိုးဆဲနိုင်ငံများက ဘဏ္ဍာရေးဆိုင်ရာ အချုပ်အခြာအာဏာ ပိုမိုရရှိရန် ကြိုးပမ်းလာသည်နှင့်အမျှ ဤအစီအစဉ်များသည် ပိုမိုမျှတ၍ အားလုံးပါဝင်နိုင်ပြီး တည်ငြိမ်မှု ပိုရှိသော ကမ္ဘာ့စီးပွားရေး အစီအစဉ်တစ်ရပ် ပေါ်ပေါက်လာရေးကို အထောက်အကူပြုနိုင်မည်ဖြစ်သည်။
ကိုးကားချက်များ
[၁] Tan, Dongan. “The Decoupling Dilemma: How US Sanctions Erode Global Economic Governance.” International Organization 79, no. S1 (2025).
[၂] Tu, Chang. “It’s time to revive plans for an Asian Monetary Fund.” Asia Times, January 2026.
[၃] “Trade, Investment Ties Key to Bilateral Friendship, Economic Growth, Says President.” Global New Light of Myanmar.
[၄] Sprott. “Gold overtakes dollar reserves as global trust shifts.” Kitco Commentary, 11 May 2026.
[၅] Arnold, Theryn D. “De-dollarization and global sovereignty: BRICS’ quest for a new financial paradigm.” Human Geography 18, no. 1 (2025), 78–83.
[၆] “EU extends sanctions against Myanmar by a year.” Reuters, 27 April 2026.
[၇] Tzouvala, Ntina, and Jessica Whyte. “From Dollar Hegemony to Dollar Dominance.” Law and Critique (2026).
[၈] “Myanmar, India Weigh Currency Swap to Boost Trade.” Myanmar Digital News, 29 September 2026.