၁၆ ဖေဖော်ဝါရီ ၂၀၂၅
ထိုင်းအစိုးရက မြန်မာနိုင်ငံဘက်သို့ လျှပ်စစ်၊အင်တာနက်နှင့် လောင်စာဆီများ ဖြတ်တောက်ထားခြင်း အပေါ် ထိုင်းပြည်သူအများစုက ထောက်ခံကြတယ်လို့ ဘန်ကောက်ပို့စ်က သတင်းရေးသားပါတယ်။
မကြာသေးခင်ကပြုလုပ်ခဲ့တဲ့ နီဒါလို့ခေါ်တဲ့ အမျိုးသား အုပ်ချုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအင်စတီကျုရဲ့ စစ်တမ်းတစ်ခုအရသိရတာဖြစ်ပြီး ထိုင်းအများစုက အဲဒီ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းတွေမှာ ထိုင်း အရာရှိတွေပါဝင်ပတ်သက်မှုရှိနေကြတယ်လို့လည်း ယုံကြည်နေကြတယ်လို့ ဆိုပါတယ်။
အစိုးရရဲ့ လူလိမ်ဂိုဏ်းအပေါ် စစ်ဆင်မှုတွေနှင့်ပတ်သက်လို့ အများပြည်သူထင်မြင်ချက် စစ်တမ်း ကောက်ယူခဲ့တာဖြစ်ပြီး စစ်တမ်းမှာပါဝင်ခဲ့သူတွေရဲ့ ၇၀.၅၄ ရာခိုင်နှုန်းက သူတို့ဟာ ထိုင်းဘက်က လျှပ်စစ်၊အင်တာနက်နှင့် လောင်စာဆီတွေ အဲဒီနေရာတွေကိုဖြတ်တောက်ပစ်တဲ့အပေါ် သဘောတူ ကြတယ်လို့သိရပါတယ်။ ၂၁.၇ ရာခိုင်နှုန်းက နည်းနည်းပဲသဘောတူကြပြီး ၅.၄၃က အနည်းငယ် သဘောမတူကြဘူးလို့ဆိုပါတယ်။ ၃.၀၅ ရာခိုင်နှုန်းကသာ လုံးဝသဘောမတူခဲ့ကြတာပါ။
အွန်လိုင်းလိမ်လည်ဂိုဏ်းတွေရဲ့ပြဿနာတွေကို ဘယ်လောက်အတိုင်းအတာအထိဖြေရှင်းသင့်သလဲ ဆိုတဲ့ စစ်တမ်းမေးခွန်းအပေါ်မှာတော့ ၆၀.၉၂ ရာခိုင်နှုန်းက အသေအချာဖြေရှင်းသင့်တယ်လို့ သဘောထားပေးကြပြီး ၁၇.၁၇ ရာခိုင်နှုန်းက ခပ်များများဖြေရှင်းရမယ်လို့တုန့်ပြန်ပါတယ်။ ၁၅.၅၉ ရာခိုင်နှုန်းက နည်းနည်းပါးပါးအရေးယူသင့်တယ်လို့ဆိုပြီး ၅,၄၂ ရာခိုင်နှုန်းက ဘာမှမလုပ်သင့်ဘူးလို့ သဘောထားပေးကြပါတယ်။
မြန်မာနိုင်ငံဘက်က အွန်လိုင်းလိမ်လည်မှုတွေမှာ ထိုင်းအရာရှိတွေပတ်သက်ကူညီမှုတွေရှိတယ်ထင်လား ဆိုတဲ့မေးခွန်းအပေါ်မှာ ၆၉.၈၅ ရာခိုင်နှုန်းက အသေအချာပေါ့ လို့ဖြေကြပြီး ၂၆.၈၇ ကတော့ သိပ်မသေချာဘူးလို့တုန့်ပြန်ကြပါတယ်။ ၃.၂၈ ရာခိုင်နှုန်းက ပါဝင်ပတ်သက်မှုမရှိတာသေချာတယ်လို့ သဘောထားပေးကြပါတယ်။
ထိုင်းကနေအဲဒီနေရာတွေမှာ သွားရောက်အလုပ်လုပ်နေကြသူတွေထဲမှာ တစ်အုပ်စုက သူတို့ အလိမ်ခံရပြီးရောက်သွားတဲ့အုပ်စုနှင့် နောက်တစ်အုပ်စုက သူတို့ကိုယ်တိုင်ဆန္ဒရှိလို့ သွားအလုပ်လုပ်နေကြတာဖြစ်ပြီး ဘယ်အုပ်စုက ပိုများမယ်ထင်သလဲဆိုတဲ့မေးခွန်းကိုလည်း စစ်တမ်းက မေးခဲ့ပါတယ်။ အဲဒီအခါ ၄၉.၇၇ ရာခိုင်နှုန်းက နှစ်အုပ်စုလုံး အရေအတွက်အတူတူလောက်ရှိကြမယ် ထင်တယ်လို့ ဖြေကြပါတယ်။ ၂၅.၈ ရာခိုင်နှုန်းက သူတို့လုပ်ချင်လို့ကို ဆန္ဒအလျောက် သွားလုပ်ကြတာလို့ တုန့်ပြန်ကြပြီး ၂၀.၃၈ ရာခိုင်နှုန်းကတော့ အလိမ်ခံရတာလို့ ဖြေကြပါတယ်။ ၄.၀၅ ရာခိုင်နှုန်းက မသိဘူးလို့ဖြေကြပါတယ်။
ယခုစစ်တမ်းကို ထိုင်းနိုင်ငံအနှံ့က ဖေဖော်ဝါရီ ၁၀ရက်မှ ၁၁ရက်အထိ အသက် ၁၈နှစ်နှင့်အထက် ပညာရေးနှင့် အလုပ်အကိုင်နယ်ပယ်စုံမှ လူ၁၃၁၀ ဦးကိုမေးမြန်းကောက်ယူထားတာဖြစ်ပါတယ်လို့ သတင်းမှာရေးသားထားပါတယ်။
#knl/ymg