နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထားသည့် ကာလအား၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ နောက်ထပ် (၆) လ သက်တမ်း တိုးမြှင့်လိုက်ကြောင်း အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ယနေ့ ဇူလိုင်(၃၁)ရက်နေ့တွင် ကြေညာလိုက်ပါတယ်။
ယာယီသမ္မတ ဦးမြင့်ဆွေ လက်မှတ်ရေးထိုးထုတ်ပြန်တဲ့ အဆိုပါ ကာ/လုံ ကြေညာချက်အမှတ် ၂/၂၀၂၃ မှာ “တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုပ်ငန်းတာဝန်များပြီးမြောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၅ အရလည်းကောင်း၊ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့တွင်ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၏ သဘောထားထုတ်ပြန်ချက်အရ လည်းကောင်း နိုင်ငံတစ်ဝန်းလုံး အရေးပေါ်အခြေအနေကြေညာထား သည့်ကာလအား၂၀၂၃ ခုနှစ် ဩဂုတ်လ ၁ ရက်နေ့မှစ၍ နောက်ထပ် (၆) လ သက်တမ်း တိုးမြှင့်လိုက်သည်”လို့ဖော်ပြပါရှိပါတယ်။
ယာယီသမ္မတအပါအဝင်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအဖွဲ့ဝင်အားလုံး ကနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး အဖက်ဖက်ကဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးလျက်ရှိသော်လည်း နိုင်ငံတော်အား အလုံးစုံပျက်သုဉ်းစေလိုသည့် CRPH ၊ NUG နှင့် ၎င်းတို့၏လက်ဝေခံ PDF တို့က အပြစ်မဲ့ ပြည်သူများကိုသတ်ဖြတ်ခြင်း၊ အများပြည်သူဆိုင်ရာနေရာများကိုအကြမ်းဖက် ဗုံးခွဲတိုက်ခိုက်ခြင်း၊ နိုင်ငံ၏ ပညာရေးနိမ့်ပါးကျဆင်းစေရန် ဘက်ပေါင်းစုံမှလုပ်ဆောင်ခြင်း၊အများပြည်သူ သွားလာအသုံးပြုလျက်ရှိသည့် လမ်း၊ တံတား၊ မီးရထားလမ်းများကို ဖောက်ခွဲဖျက်ဆီးတိုက်ခိုက်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း ဇူလိုင်၃၁ရက်က ကျင်းပတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး (၂/၂၀၂၃)ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အစည်းအဝေးသို့ ယာယီသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ အထူးဖိတ်ကြားထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ တက်ရောက်ခဲ့ကြကြောင်းလည်းသိရှိရပါတယ်။
အဆိုပါအစည်းအဝေးမှာ အကြမ်းဖက်အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးတို့ကို ပျက်ပြားစေရုံ သာမကဘဲ ပြည်သူလူထုကို အကြောက်တရားဖြင့်လွှမ်းမိုးကာ နိုင်ငံတော်၏အာဏာကို အကြမ်းဖက်မှုနည်းလမ်းများဖြင့်ရယူရန် ကြိုးပမ်းလုပ်ဆောင်လျက်ရှိသည့် အခြေအနေရှိနေဆဲ
ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။
ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ၏ ပြင်ဆင်ချိန်၊ စည်းရုံးချိန်များတွင် လုံခြုံရေးအရ ခြိမ်းခြောက်မှုများ တွေ့ကြုံနေရခြင်း၊မဲစာရင်းများမှန်ကန်တိကျမှုရှိစေရေးအတွက် သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ခြင်း၊ ရွေးကောက်ပွဲကျင်းပပြုလုပ်ရာတွင် လွတ်လပ်၍တရားမျှတပြီး အကြောက်တရား ကင်းစွာဖြင့်မဲပေးနိုင်ရေးအတွက်လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရန် လိုအပ်ဆဲဖြစ်ခြင်းတို့ကြောင့် အရေးပေါ်ကာလကို သက်တမ်းတိုးမြှင့်ပေးရန်လိုအပ်မည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့သိရှိရပါတယ်။
အဆိုပါအစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံသက်တမ်းတိုးထားသည့် ၆ လ တာကာလအတွင်း နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်နိုင်ရန်၊ နိုင်ငံရေးလုပ်ငန်းစဉ် (၂) ရပ်နှင့် အမျိုးသားရေးလုပ်ငန်းစဉ် (၂) ရပ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုလျင်မြန်စွာဆောင်ရွက်နိုင်ရန် ၂၀၂၃ ခုနှစ်၊ဖေဖော်ဝါရီလ ၄ ရက်တွင် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၁၂)ရပ်ကို ပြင်ဆင်ခြင်း၊ ထပ်မံဖြည့်စွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ ရှေ့လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များကို အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက် နိုင်ခဲ့မှုကြောင့် နိုင်ငံရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့၌ တိုးတက်မှုများရရှိခဲ့သည့်အခြေအနေများ၊ အကြမ်းဖက် အဖွဲ့များဖြစ်သည့် NUG၊ CRPH၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်တိုက်ခိုက်မှုများ၊ ပညာရေးကဏ္ဍ မြင့်မားတိုးတက်စေရေး ကြိုးပမ်းအကောင် အထည်ဖော်လျက်ရှိမှုနှင့် အကြမ်းဖက်သမားများ၏ ပညာရေးကဏ္ဍနိမ့်ကျစေရေး အကြမ်းဖက်မှုများကို လုပ်ဆောင်လျက်ရှိသည့် အခြေအနေများ၊ ပြည်သူလူထု၏ပူးပေါင်းပါဝင်သတင်းပို့မှုများကြောင့် ဖမ်းဆီးရရှိမှုအခြေအနေများ၊ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် MSME လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ဘဏ္ဍာရေးနှစ်အလိုက် GDP တိုးတက်လာမှုနှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် GDP ဆက်လက်တိုးတက်စေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများကိုတင်ပြခဲ့ကြောင်းသိရပါတယ်။
အဲဒီအပြင် ဗိုလ်ချူပ်မှူးကြီးက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေကို ပြဌာန်းဆောင်ရွက်ခဲ့မှုနှင့် လုံခြုံရေးအရဆက်လက်ဆောင်ရွက်ပေးရန် လိုအပ်မည့်အခြေအနေများ၊ တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရေးအတွက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊NCAလက်မှတ်ရေးထိုးထားခြင်းမရှိသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းများနှင့် တွေ့ဆုံ ဆွေးနွေးမှုများကို ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ ငြိမ်းချမ်းရေးဆွေးနွေးမှုများကို ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင် မဲမသမာမှုဖြစ်စဉ်များပေါ်ပေါက်ခဲ့သည့် အခြေအနေများ၊ မဲစာရင်းမှန်ကန်တိကျမှုရှိစေရေးအတွက် အဓိကကျသည့်သန်းခေါင်စာရင်း ကောက်ယူရေးဆောင်ရွက်လျက် ရှိသည့်အခြေအနေများနှင့် အကြမ်းဖက်သမားများ၏ နှောင့်ယှက်တိုက်ခိုက်မှုကြောင့် နှောင့်နှေးမှုများ ဖြစ်ပေါ်နေရသည့် အခြေအနေများ၊ မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခြင်းမပြုမီတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ခဲ့မှု၊ မုန်တိုင်းတိုက်ခတ် ပြီးချိန်တွင် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့သည့်အခြေအနေများ၊ ရွေးကောက်ပွဲဆိုင်ရာ အခင်းအကျင်းများ၊ ရွေးကောက်ပွဲကျင်းပရေးနှင့်ပတ်သက်၍ ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည့်လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆက်လက် တင်ပြခဲ့တာဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
-ymg/knl
အမေရိကန် ရုပ်ရှင်ဒါရိုက်တာ အိုလီဗာစတုန်းက သူ့အနေနှင့် သမ္မတဂျိုးဘိုင်ဒင်ကို မဲပေးမိလို့ နောင်တရမိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘိုင်ဒင်ဟာ အမေရိကန်ကို တတိယကမ္ဘာစစ်ထဲ ဆွဲသွင်းကောင်းဆွဲသွင်းလိမ့်မယ်လို့ လည်း သူက ဝေဖန်လိုက်ပါတယ်။
မကြာသေးမီက ထုတ်လွှင့်ခဲ့တဲ့ ရပ်ဆဲလ်ဘရန်းရဲ့ ရုပ်သံဆွေးနွေးခန်း"Stay Free" မှာ သူက ပြောကြားလိုက်တာပါ။ စတုန်းဟာ "Ukraine on Fire."ဆိုတဲ့ သတင်းမှတ်တမ်းရုပ်ရှင်အပါအဝင် သူ့ရဲ့ မှတ်တမ်းရုပ်ရှင်ကားတွေနှင့် နိုင်ငံတကာ ဆုတွေရရှိခဲ့သူဖြစ်ပါတယ်။
“ ဒီစစ်ပွဲ(ယူကရိန်းစစ်ပွဲ) ရဲ့ အကြောင်းပြချက်တွေကိုကြည့်လိုက်ပါ။ အမေရိကန်က ဒါဟာ ရုရှားက ယူကရိန်းကို ကျူးကျော်တာလို့ လွယ်လွယ်ပြောလိမ့်မယ်။ ဒီစစ်ပွဲရဲ့ ဇာစ်မြစ်က အမေရိကန်က ကမကထပြုထောက်ခံပေးတဲ့ ၂၀၁၄ အာဏာသိမ်းမှုပဲဖြစ်တယ်။ ဒါဟာ ရုရှားဖက်ဒရေးရှင်းကို ထိုးဖောက်ဖို့ လေးနက်တဲ့အစီအစဉ်တစ်ခုဖြစ်တယ်” လို့ စတုန်း က ရုပ်သံအစီအစဉ်မှာပြောပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ယင်းရဲ့ ကိုယ့်သေတွင်းကိုယ်တူးမယ့် လမ်းကြောင်းကို မရှောင်ကွင်းနိုင်ဘူးဆိုရင် တတိယကမ္ဘာစစ်နှင့် ရင်ဆိုင်ရနိုင်တယ်။ ပြီးတော့ ဘိုင်ဒင်ဦးဆောင်မှုလည်း ပျက်သုဉ်းလိမ့်မယ်” လို့ သူကပြောပါတယ်။
“ ဘိုင်ဒင်လုပ်နေတာတွေမရပ်တန့်ဘူးဆိုရင်.. သူ့ကိုကျွန်တော်မဲပေးခဲ့တာ ကျွန်တော်မှားခဲ့တာ.. သူဟာ အဘိုးကြီးမို့လို့ စိတ်တည်တည်ငြိမ်ငြိမ်ရှိမယ် ပိုနူးညံ့မယ်လို့ ကျွန်တော်ကထင်ခဲ့တာ ယခုသူမှာ အဲဒါတွေတစ်ခုမှမမြင်ရဘူး”လို့ စတုန်းက ဆက်ပြောပါတယ်။
Source : foxnews.com
မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား ဥပဒေရေးရာကဏ္ဍနှင့် တရားစီရင်ရေး ဆိုင်ရာကဏ္ဍများတွင် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်ဆောင်ရွက်သွားမယ်လို့သိရှိရပါတယ်။
နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ယနေ့ ဇူလိုင် ၂၅ရက်က ရုရှားဖက်ဒေရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်၊ တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံစဉ် နှစ်ဘက်ဆွေးနွေးခဲ့ကြတာ ဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အဲဒီအပြင် မြန်မာနိုင်ငံနှင့်ရုရှားနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးဆိုင်ရာ တိုးတက်ကောင်းမွန်မှုအခြေအနေများ၊ ဥပဒေရေးရာကိစ္စရပ်များနှင့်တရား စီရင်ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ မြန်မာနိုင်ငံမှ ဥပဒေပညာရှင်များရုရှားနိုင်ငံတွင် ဥပဒေပညာရပ်များ လေ့လာနိုင်မည့် အခြေအနေများ၊နှင့် နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါ တွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဒေါ်သီတာဦး တို့တက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တရားရုံးချုပ်၊ တရားသူကြီးချုပ် H.E. Mr. Vyacheslav Lebedev နှင့်အတူ ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက် ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း လည်းသိရှိရပါတယ်။
-ymg/knl
#MyanmarRussia
သတ္တဌာန ၇ နေရာ၏ အောင်မြေများနှင့် နိုင်ငံတော်တစ်ဝန်းလုံးရှိ အောင်မြေဌာနပေါင်း ၃၅ဌာနတို့မှ အောင်မြေများကိုစုစည်း ၍ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး မျက်နှာတော်မူရာ တူရှေ့အရပ်တွင်ဝိဇယဘူမိနိမ္မာန အောင်မြေတည်ထားခဲ့ကြောင်း သိရပါတယ်။
အဆိုပါ အောင်မြေတည်ထားခြင်း နှင့် သဒ္ဒါဓိပတိခေါင်းလောင်းတော်ကြီးဖွင့်လှစ်ခြင်း မင်္ဂလာအခမ်းအနားကို ဇူလိုင် ၂၃ ရက်က ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဒက္ခိဏသီရိ မြို့နယ်ရှိ မာရဝိဇယ ဗုဒ္ဓဥယျာဉ်တွင်ကျင်းပခဲ့ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချူပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ တပ်မတော်အဆင့်မြင့် အရာရှိကြီးများနှင့် ဖိတ်ကြားထားသူတွေတက်ရောက်ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
နစက ဥက္ကဋ္ဌက အောင်မြေနေရာတွင် ကျောက်မျက်ရတနာများ ခင်းကျင်းကျဲဖြန့်ပူဇော်၍ အခမ်းအနားမှူးက ပထဝီဇယ မန္တန်ဂါထာနှင့် မင်္ဂလာအခါတော်စာတမ်း ကိုဖတ်ကြားပြီး မင်္ဂလာအချိန်တွင် မဇ္ဈိမဒေသ ဗုဒ္ဓဂယာ သတ္တဌာန၇ နေရာမှ အောင်မြေများနှင့် နိုင်ငံတော်တစ်ဝန်းလုံးရှိ တန်ခိုးကြီးမားစေတီ ဘုရားများရှိ အောင်မြေဌာန ၃၅ ဌာနတို့၏ အောင်မြေများ ကို ဗိုလ်ချူပ်မှူးကြီးက ဝိဇယဘူမိနိမ္မာန အောင်မြေထည့်သွင်းတည်ထားခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မိသားစုမှလှူဒါန်းသည့်သဒ္ဒါဓိပတိ ခေါင်းလောင်းတော်ကြီး ဖွင့်လှစ်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပခဲ့တယ်လို့လည်းးသိရှိရပါတယ်၊
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ထားကိုးကွယ်မှုအခြေအနေများနှင့် ပတ်သက်၍ကြည်ညိုသဒ္ဓါပွားများ နိုင်ရေးအတွက် သာသနာနုဂ္ဂဟဘွဲ့ရပုဂ္ဂိုလ် အလှူရှင်များ၊မိတ်ဖက်ကုမ္ပဏီများမှအလှူရှင်များနှင့် အခြားဖိတ်ကြာထားသူများ ကို ဗိုလ်ချုပ်မှူးကြီးက ဆက်လက်၍ ရှင်းလင်းပြသခဲ့ကြောင်းလည်း သတင်းထုတ်ပြန်ချက်တစ်ရပ်မှာ ဖော်ပြထားပါတယ်။
မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသည် ကမ္ဘာပေါ်ရှိထိုင်တော်မှုကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက်ဉာဏ်တော် အမြင့်ဆုံးဖြစ်လာမှာဖြစ်ပါတယ်။
-ymg/knl
၂၃ ဇူလိုင်၊၂၀၂၃
ထိုင်းရဲတပ်ဖွဲ့ဟာ ဇူလိုင်(၁)ရက်ကစတင်ခဲ့တဲ့ နိုင်ငံအနှံ့ တရားမဝင်လက်နက်ခဲယမ်းမီးကျောက်တွေ နှိမ်နှင်းမှုစစ်ဆင်ရေးတွေအတွင်း သံသယရှိဖွယ်လူပေါင်း ၉၆၆ ဦးကို ဖမ်းဆီးခဲ့ပြီး များပြားလှတဲ့ တရားမဝင်လက်နက်တွေနှင့် ခဲယမ်းမီးကျောက်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး တောဆက် ဆူဝီမိုလ်က ပြောပါတယ်။
ဇူလိုင် ၂၁ ရက်အထိ ထိုင်းရဲတွေဟာ ထိုင်းတစ်နိုင်ငံလုံးက ပစ်မှတ်နေရာပေါင်း ၁၆၅၈ နေရာကိုရှာဖွေတဲ့အခါ သံသယ တရားခံ၉၆၆ ဦးကိုဖမ်းဆီးခဲ့ပြီး တရားမဝင်လက်နက် ၉၁၁ လက်နှင့် ခဲယမ်းမီးကျောက်မျိုးစုံ ၄၄,၅၄၀ ခုကို သိမ်းဆည်းမိခဲ့ပါတယ်။ အဲဒီအပြင် ပေါက်ကွဲပစ္စည်း နှစ်ခုနှင့်စိတ်ကြွဆေးပြား ၆၂၃၉ ကိုလည်း သိမ်းဆည်းခဲ့တယ်လို့ ဒုရဲချုပ်ကပြောပါတယ်။
အဲဒီစီးနင်းမှုတွေထဲမှာ ကရာဘီပြည်နယ် ကောင်းဖနွမ်ခရိုင်၊ နာကောင်းမြို့က အိမ်တစ်အိမ်မှာ မူးယစ်နှင့်လူသတ်မှု သုံးမှုနှင့် ဝရမ်းထုတ်ထားတဲ့ အသက် ၂၈နှစ်အရွယ်တရားခံ ဘွမ်ကို အသေဖမ်းမိရခဲ့တယ်လို့ သိရပါတယ်။
အိမ်ကိုစီးနင်းစဉ် ဘွမ်ဟာ အိမ်နောက်ဖေးကနေ ဆိုင်ကယ်နှင့်ထွက်ပြေးလို့ ရဲက ပစ်ခတ်ဖမ်းဆီးရင်း အပြန်အလှန်ပစ်ခတ်မှုအတွင်း သူသေသွားရတာဖြစ်တယ်လို့ရဲကပြောပါတယ်။
သူနှင့်အတူ ၉ မမ Mauser ပစ္စတို၊ M67 လက်ပစ်ဗုံးတစ်လုံးနှင့် မီးခိုးဗုံးနှစ်လုံးကိုပါတွေ့ရပါတယ်။
ယခုစစ်ဆင်ရေးဟာ တရားမဝင်လက်နက်တွေနှင့် အငှားသေနတ်သမားတွေ၊ တရားမဝင်လက်နက် ရောင်းဝယ်ရေးတွေကို ပစ်မှတ်ထားခဲ့တာဖြစ်ပြီး ဇူလိုင်၁ရက်မှ ၃၀ရက်အထိ လက်ထောက်ရဲမှူး ရဲဒုဗိုလ်ချုပ်ကြီး ဆာမရန် နူယယ်မာက အနီးကပ်ကြီးကြပ်နေပါတယ်။ သတင်းအချက်အလက်တွေကို မြို့ပြရဲတပ်ဖွဲ့၊ပြည်နယ်ရဲတပ်ဖွဲ့၁မှ ၉၊ ဗဟိုထောက်လှမ်းရေးဌာန၊မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဗျူရို၊ ကမ္ဘာလှည့်ခရီးသွားရဲဗျူရို၊ လူဝင်မှုကြီးကြပ်ရေးရဲ ဗျူရို၊ ဆိုက်ဘာမှုခင်းထောက်လှမ်းရေးဗျူရိုနှင့် နယ်စပ်ကင်းလှည့်ရဲတို့ဆီက ရရှိခဲ့တာဖြစ်တယ်လို့ ဘန်ကောက်ပို့စ်သတင်းစာမှာသတင်းဖော်ပြရေးသားထားပါတယ်။
Source: Bangkok Post
#Thailand_crackdown_illegal_guns_trade
၂၂ ဇူလိုင် ၂၀၂၃
ဖွေထိုင်းပါတီဦးဆောင်မည့် ညွန့်ပေါင်းအဖွဲ့တွင် ရှေ့သို့ပါတီ MFP ဆက်လက်ပါဝင်နေသမျှ အဆိုပါညွန့်ပေါင်းနှင့် ပူးပေါင်း လိမ့်မည်မဟုတ်ကြောင်း နိုင်ငံရေးပါတီ(၄)ခုက ကြေညာလိုက်ပါတယ်။
အဆိုပါနိုင်ငံရေးပါတီ(၄)ခုမှာ Bhumjaithai ၊ United Thai Nation ၊ the Palang Pracharath Party (PPRP) နှင့် Chartthaipattana တို့ဖြစ်ကပြီး ဖွေထိုင်းဦးဆောင်မည့် ညွန့်ပေါင်းအဖွဲ့နှင့်ပတ်သက်လို့ သူတို့ရပ်တည်ချက်ကို ရှင်းရှင်း လင်းလင်းကြေညာခဲ့ကြတာဖြစ်ပါတယ်။
ဘမ်ဂျိုင်ထိုင်း Bhumjaithai ပါတီခေါင်းဆောင် အန်နုတင်ချန်ပီယာကူလ်က သူ့ပါတီဟာ the lese majeste law ပါ ပုဒ်မ၁၁၂ ကိုပြင်ဆင်မယ့်ကိစ္စ ခိုင်မာစွာကန့်ကွက်ပြီး အဲဒါကိုပြင်ဖို့ စည်းရုံးတဲ့ နိုင်ငံရေးပါတီတစ်ခုနှင့် တွဲအလုပ်မလုပ်နိုင် ဘူးလို့ ပြောလိုက်ပါတယ်။
အဲဒီပါတီကို ညွန့်ပေါင်းထဲပါဖို့ ဖွေထိုင်းက လောလောဆယ်အထိချဉ်းကပ်တာမရှိသေးလို့ ဖွေထိုင်းရဲ့ အစီအစဉ်ကို မသိရ သေးပါဘူး။ ဒါပေမယ့် အဲဒီမဟာမိတ်ထဲ MFP ရှေ့သို့ပါတီပါနေသမျှ သူတို့ တကယ့်ကို ဝင်ပါမှာမဟုတ်ဘူးလို့ သူက ဖြည့်စွက်ပြောလိုက်ပါသေးတယ်။
“ MFP ဟာ ဥပဒေကို ပြင်ဖို့ကြိုးစားနေတဲ့ တစ်ခုတည်းသောပါတီဖြစ်ပြီး နောက်ဆုတ်မယ့်ပုံလည်းမပေါ်ဘူး။ ပါတီရဲ့ အင်အား၊ တိုးတက်သောလှုပ်ရှးမှုနှင့် သူတို့ကိုထောက်ခံသူတွေဟာ ကန့်ကွက်နေတဲ့ကြားထဲက တစ်ပြားသာမှ လျှော့ကြ မှာမဟုတ်ဘူး” လို့သူကပြောပါတယ်။
ယူနိုက်တက်ထိုင်နေးရှင်း UTN ပါတီခေါင်းဆောင် ပီရာပန် သာလီရာသာဗီဘဂါကလည်း ညွန့်ပေါင်းမှာ ရှေ့သို့ပါတီရှိနေ တုန်းပိုဲရင် သူတို့အနေနှင့် ညွန့်ပေါင်းထဲ ဝင်မှာမဟုတ်သလို ဝန်ကြီးချုပ်လောင်းကို ထောက်ခံမယ်ပေးမှာမဟုတ်ဘူးလို့ သူ့ရဲ့ဖေ့စ်ဘုတ်ခ်ကနေ ရေးသားလိုက်ပါတယ်။
သူတို့ပါတီအနေနှင့် နိုင်ငံမှာ အစိုးရတစ်ရပ်ရှိဖို့လိုတာ သိထားပေမယ့် နိုင်ငံရဲ့ မဏ္ဍိုင်သုံးခုအအပေါ် အလေးထားတယ်။ ပါတီအနေနှင့် ရှေ့သို့ပါတီခေါင်းဆောင်ပီတကို မထောက်ခံရတာဟာ အဲဒီပါတီအနေနှင့် သူတို့နှင့် တူညီတဲ့ သဘောထား ရပ်တည်ချက်မရှိလို့ဖြစ်တယ်လို့ ဖြည့်စွက်ပြောကြားပါတယ်။
“ နောက်တစ်ကြိမ်ဝန်ကြီးချုပ်ရွေးတဲ့အခါ ရှေ့သို့ပါတီက ညွန့်ပေါင်းထဲဆက်ရှိနေဦးမယ်ဆိုရင် ပါတီအနေနှင့် အဲဒီ ဝန်ကြီးချုပ်လောင်းကိုမဲပေးမှာမဟုတ်ဘူး။ ရှေ့သို့ပါတီရဲ့ နိုင်ငံရေးလှုပ်ရှားမှဒတွေအခြေခံပြီးပြောရရင် သူတို့ဟာ သူတို့ရဲ့ နိုင်ငံရေးလမ်းကြောင်းနှင့် အတွေးအခေါ်ပြောင်းနိုင်မယ်လို့ မယုံကြည်ဘူး” လို့ သူကရေးသားထားပါတယ်။
ပီပီအာပီ PPRP ပါတီရဲ့ကိုယ်စားအဖြစ် ယင်းရဲ့ လွှတ်တော်ကိုယ်စားလှယ် ကမ်ဖန်ဖက်ဖိုင်းလစ်က သူတို့ဟာ lese majeste law ပြင်ဆင်ဖို့ကြိုးစားတာမှန်သမျှကိုဆန့်ကျင်ကြောင်းနှင့် ရှေ့သို့ပါတီဆက်ရှိနေမယ့် ညွန့်ပေါင်း မှာပါဝင်လိမ့်မယ်မဟုတ်ဘူးလို့ ပြောကြားပါတယ်။
ချတ်ထိုင်းပါတာနာChartthaipattana ပါတီ ခေါင်းဆောင် ဗာရာဝတ်သီပါအာချာကလည်း ဖွေထိုင်းဟာ lese majeste law ဥပဒေကို ထောက်ခံတဲ့ ပါတီနှင့် တွဲအလုပ်မလုပ်ဘူးဆိုရင်တော့ ဖွေထိုင်းကတင်မယ့် ဝန်ကြီးချုပ်လောင်းကို မဲပေး ဖို့ ဆန္ဒရှိပါတယ်လို့ ပြောကြားခဲ့ပါတယ်။
Source Bangkok Post
#ThailandPolitics
#MFP
၁၉ ဇူလိုင်၊၂၀၂၃
ဗုဒ္ဓဟူးနေ့မှာ ကျင်းပတဲ့ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်ပူးတွဲအစည်းအဝေးက ရှေ့သို့ပါတီ Move Forward Party ခေါင်းဆောင် ပီတာလင်းဂျာရွန်ရတ်ကို ဝန်ကြီးချုပ်လောင်းအဖြစ် ထပ်မံအဆိုပြခြင်းကို ပယ်ချလိုက်ပါတယ်။ ပါလီမန်ရဲ့ လုပ်ထုံးလုပ်န်းတွေကြောင့် ယခုလိုပိတ်ပင်လိုက်တာဖြစ်တယ်လို့ ပါလီမန်ဥက္ကဋ္ဌ ဝန်မူဟာမက် နို မာသာက ပြောပါတယ်။
ယနေ့ ဇူလိုင်၁၉ရက် ဒေသစံတော်ချိန်ညနေ ၅နာရီ၁၀မိနစ်မှာ ပါလီမန်အမတ် ၇၁၅ ဦးက မဲပေးပြီးတဲ့နောက် မစ္စတာဝန်က ယခုလိုကြေညာခဲ့ခြင်းဖြစ်ပါတယ်။ ပါလီမန်အစည်းအဝေးကို မနက်၉နာရီခွဲစတင်ကတည်းက ရှည်လျားလှ သော အချေအတင်ဆွေးနွေးမှုတွေပြုလုပ်ပြီးနောက်မဲခွဲခဲ့ကြတာဖြစ်ပါတယ်။
ပူးတွဲအစည်းအဝေးမှာ မစ္စတာပီတာ ထပ်မံအဆိုပြုခြင်းကို ကန့်ကွက်သူပေါင်း ၃၉၅ ဦးရှိပါတယ်။ အများစုဟာ ရွေးကောက်ခံမဟုတ်တဲ့ဆီးနိတ်အမတ်များဖြစ်ကြပါတယ်။ ၃၁၂ဦးကထောက်ခံခဲ့ပြီး (၈)ဦးက ကြားနေခဲ့ကာ တစ်ဦးက မဲပေးခွင့်ကိုမရယူခဲ့ပါဘူး။
ကန့်ကွက်ပယ်ချသူတွေဟာ သတ်မှတ်ထားတဲ့ အမတ်ဦးရေတစ်ဝက်ဖြစ်တဲ့ ၃၇၄မဲထက်ကျော်လွန်တဲ့အတွက် ဒါဟာ အများစုဖြစ်တယ်လို့ မစ္စတာဝန်ကပြောပါတယ်။ မဲပေးပြီးနောက် အစည်းအဝေးကို ရပ်နားလိုက်ပါတယ်။ သူတို့ဟာ လာမယ့် ကြာသပတေးနေ့မှာထပ်ဆုံကြဦးမှာဖြစ်ပြီး ဒီတစ်ခါတော့ ဖွေထိုင်းပါတီဟာ ဝန်ကြီးချုပ်လောင်းအသစ် အဆိုတင်သွင်းလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။ အဆိုပြုခံရဖို့ ဖြစ်နိုင်သူကတော့ စီးပွားရေးလုပ်ငန်းရှင် သရက်သာ သာဗစ်ဆင်ပဲ ဖြစ်ပါတယ်။ အကယ်၍ ဖွေထိုင်းပါတီဟာ တစ်ကြိမ်တည်းနှင့် ဝန်ကြီးချုပ်မတင်မြှောက်နိုင်ရင် အဲဒီ အဆိုပြုခံရသူအဖို့ နောက်တစ်ကြိမ်ပြန်ပြီး အဆိုပြုခံရတော့မှာမဟုတ်ပါဘူး။
ဖွေထိုင်းပါတီဟာ အောက်လွှတ်တော် နေရာ ၁၄၁နေရာအနိုင်ရရှိထားတဲ့ ဒုတိယမြောက်အကြီးဆုံးအနိုင်ရ ပါတီဖြစ်ပါတယ်။
Source-Bangkok Post
#ThailandPolitics
#PitaLimjaroenrat
Page 79 of 202