၁၂ ဒီဇင်ဘာ ၂၀၂၄

ရွေးကောက်ခံအမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတင်းတင်ဆက်သူဟောင်းနှင့် သဘောထား  တင်းမာတဲ့ ရီပတ်ဗလီကန်အမျိုးသမီး ကာရီလိတ်ကို အမေရိကန်အစိုးရရန်ပုံငွေနှင့်လည်ပတ်နေတဲ့ ဗွီအိုအေ  (အမေရိကန်အသံ) ရဲ့ ညွှန်ကြားရေးမှူးအဖြစ် ရွေးချယ်လိုက်ပါတယ်။ သူမဟာ ပြီးခဲ့တဲ့လက ဆီးနိတ်    အမတ်ရွေးကောက်ပွဲမှာ အရီဇိုနားကနေ ဝင်ရွေးပေမယ့် ရှုံးနိမ့်ခဲ့သူဖြစ်ပါတယ်။

“လိတ်ဟာ အမေရိကန်ရဲ့ လွတ်လပ်မှုတန်ဖိုးတွေကို မျှတမှန်ကန်စွာနှင့် သတင်းတုမီဒီယာတွေဖြန့်တဲ့  အလိမ်အညာသတင်းတွေနှင့်မတူစေဘဲ ကမ္ဘာကြီးကို အသေအချာ လွှင့်ထုတ်ပါလိမ့်မယ်” လို့ ထရမ့်က သူ့ရဲ့ Truth ဆိုရှယ်ဆိုက်ကနေ သတင်းပါးထားပါတယ်။

လိတ်ဟာ ထရမ့်ကို အခိုင်အမာထောက်ခံသူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ မသမာမှုတွေလုပ်တယ်လို့ ထရမ့်ပြောခဲ့စဉ်ကလည်း ထရမ့်အတိုင်းသံယောင်လိုက်ခဲ့သူဖြစ်ပါတယ်။ သူမဟာ ဖီးနစ်အခြေစိုက် Fox 10 ရုပ်သံဌာနမှာ သတင်းတင်ဆက်သူလုပ်ခဲ့ဖူးပါတယ်။

VOA ဟာ ဘာသာစကားပေါင်း ၄၀ကျော်နှင့်အွန်လိုင်း၊ ရေဒီယိုနှင့်ရုပ်သံတို့ကို ထုတ်လွှင့်နေပါတယ်။

ထရမ့်ရဲ့ ပထမသက်တမ်းမှာ သူဟာ VOA နှင့် ပြဿနာဖြစ်ခဲ့ဖူးပါတယ်။ VOA ကို တရုတ်ရဲ့ ဝါဒဖြန့်ချိ ရေးလုပ်နေတာလို့ ထရမ့်ကစွပ်စွဲခဲ့ပါတယ်။

Source Reuters