#Local_News
Published_23 November 2022
ခရီးသွားရာသီကာလတွင် အာဆီယံနိုင်ငံများမှ ခရီးသည်များမြန်မာနိုင်ငံသို အများဆုံး လာရောက်လည်ပတ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ သိရသည်။
၂၀၂၂ ခုနှစ် မေလကနေစတင်ပြီး Tourist Visa နှင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်တွေကို ခွင့်ပြုပေးပြီးနောက်ပိုင်း ပြည်ပခရီးသွားဧည့်သည်များသည် စတင်ဝင်ရောက်မှုများရှိခဲ့ကြောင်း၊ ယင်းအပြင် ခရီးသွားရာသီအစဖြစ်သည့် အောက်တိုဘာလတွင် ပြည်ပခရီးသွား ဝင်ရောက်မှုနည်းပါးခဲ့သော်လည်း နိုဝင်ဘာလတွင် ပြည်ပခရီးသွားဧည့်သည်များ ဝင်ရောက်မှုရှိကြောင်း သိရသည်။
“ နိုဝင်ဘာလထဲမှာတော့ ပြည်ပခရီးသွားတွေက ပက်ကေ့နဲ့ဝင်ရောက်လာတာများပါတယ်။ လတ်တလောမှာတော့ အာဆီယံနိုင်ငံထဲကပဲအများဆုံးလာပါတယ်။ ရုရှားကလည်း လာတာနည်းပါတယ်။ အဓိက ထိုင်းနိုင်ငံက ပိုများတယ်။ ဒီနှစ်ထဲမှာတော့ ခရီးသွားဧည့်သည်တွေက နည်းအုံးမယ်။ ၂၀၂၃ မှာတော့ မျှော်မှန်းထားတယ်။ ဘာလိုဆို အဲဒီနှစ်မှာပဲ ခရီးသွားပြပွဲတွေလုပ်ဖို့ရှိပါတယ်”ဟု မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
မြန်မာနိုင်ငံကို အာရှနိုင်ငံနှင့် အရှေ့တောင်အာရှနိုင်ငံတွေက အများဆုံးလာရောက်ခြင်းဖြစ်သည့်အတွက် နစက နိုင်ငံခြားရေးဝန်ကြီးဌာနမှ အာဆီယံနိုင်ငံ ၈ နိုင်ငံကို ဗီဇာကင်းလွတ်ခွင့်ပြုခဲ့ကြောင်း၊ ယင်းအပြင် ဒေသတွင်းငြိမ်းချမ်းမှုမရှိခြင်းကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ဒေသတို့ကို ပြည်ပခရီးသည်ဝင်ရောက်ခွင့်ပိတ်ထားတဲ့အပြင် ပြည်တွင်းကို လာရောက်လည်ပတ်မည့် နိုင်ငံခြားခရီးသွားဧည့်သည်တွေ၏ ခရီးစဉ်နှင့်ပတ်သက်ပြီး ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကို ၁၀ ရက် ကြိုစာတင်ရမည်ဖြစ်ကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published_23 November 2022
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းမကြီး၊ ၁၇ မိုင် ၅ ဖာလုံ အနီးတွင် ယာဉ် (၁)စီး အရှိန်လွန်တိမ်းမှောက်မှုဖြစ်ပွားခဲ့သောကြောင့် ၃ ဦး သေဆုံးကာ နှစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာလ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သောကြောင့် ညောင်ဦးမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကြရကြောင်း သိရသည်။
ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ အမျိုးသားတစ်ဦး၊ အမျိုးသမီး ၄ ဦး အနက် အမျိုးသမီး ၃ ဦး သေဆုံးကာ ကျန်အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သောကြောင့် တောင်ဇင်းမေတ္တာရှင် လူမှုကူညီရေးအသင်း၊ Bagan Rescue အသင်းနှင့် အမှတ်(၅)အရန်မီးသတ်တို့မှ သူနာတင်ယာဉ်များဖြင့် ညောင်ဦးမြို့နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

#ymg/mt
#Yangon_Media_Group
#Local_News
Published _23 november 2022
ပြည်တွင်း၌ စိုက်ပျိုးထုတ်လုပ်သည့် ဂျုံများသည် လက်ရှိတွင် ဈေးကွက်အနေအထားအရ အနည်းငယ်ကျဆင်းနေလျှက်ရှိကြောင်း အရောင်းအဝယ်ပြုလုပ်နေသည့် ကုန်စည်ဒိုင်များထံမှသိရသည်။
မန္တလေးကုန်စည်ဒိုင်၏ ယနေ့အဖွင့်ဈေးအရ ဂျုံ ၆၀ ပိသာပါသည့် တစ်အိတ်လျှင် ၁၇၀၀၀၀မှ ၁၈၀၀၀၀ပေါက်ဈေးရှိနေကြောင်း သိရသည်။
"ဒီနေ့ဈေးက ဂျုံ၆၀ပိသာပါတဲ့ တစ်အိတ်ကို ၁၇၀၀၀၀ ကနေ ၁၈၀၀၀၀အထိ ပေါက်ပါတယ်။ နောက်တစ်ခုက ရှမ်းဂျုံရှိပါသေးတယ်၊ အဲ့ဂျုံကတော့ ၁၆၀၀၀၀ကနေစရှိပါတယ်" ဟု မန္တလေးကုန်စည်ဒိုင်၏ တာဝန်ရှိသူက ပြောသည်။
ထိုဈေးသည် ယခင်လများနှင့်နှိုင်းယှဉ်ပါက ၃သောင်းလောက် ကွာဟနေပြီး ပြီးခဲ့သည့် အောက်တိုဘာလ လဆန်းပိုင်းတွင် အဆိုပါဂျုံ တစ်အိတ်လျှင် ၁၈၅၀၀၀ မှ ၁၉၀၀၀၀ အထိ ပေါက်ဈေးရှိခဲ့ကာ စက်တင်ဘာလတွင်မူ ကျပ် ၂၀၀၀၀၀ အထိ ပေါက်ဈေးရှိခဲ့ကြောင်း သိရသည်။
မုံရွာ၊ ဘုတလင်၊ စစ်ကိုင်း၊ ကလေး၊ ပန်ဆိုင်း(ကြူကုတ်)နှင့် ရှမ်းပြည်နယ်များ၌ ဂျုံကို အဓိကထားစိုက်ပျိုးကြပြီး ထွက်ရှိလာသောဂျုံကြမ်းများကို မန္တလေးကုန်စည်ဒိုင်မှတဆင့် တနိုင်ငံလုံးသို့ ဖြန့်ချီပေးနေလျှက်ရှိကြောင်း သိရသည်။
#ymg/NN
#Yangon_Media_group
#Local_News
Published_23 November 2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်တွင် ဥယျာဉ်တော်ကျေးရွာအုပ်စု၊အမှတ်(၇) ရပ်ကွက်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်တစ်ဦး သေနတ်ဖြင့် အပစ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
နိုဝင်ဘာလ ၂၂ ရက် ညနေ ၄ နာရီကျော်ခန့်အချိန်က အသက် ၅၀ ဝန်းကျင်ခန့်ရှိ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးသိန်းမင်းထွန်းက ဘေးတွဲဆိုင်ကယ်ဖြင့် တောင်မှမြောက်သို့ မောင်းနှင်လာစဉ် အမည်မသိအမျိုးသား ၂ ဦး က 125 CZI အမျိုးအစားဆိုင်ကယ်တစ်စီးဖြင့် အနောက်မှလိုက်ပါလာကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း ဒေသခံ သတင်းရင်းမြစ်များက ပြောသည်။
ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ဦးသိန်းမင်းထွန်း၏ ညာဘက်လက်မောင်းဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်ချက် ဘေးဖောက်ဝင်ဒဏ်ရာ (၁) ချက်၊ ဘယ်ဘက်နံဘေးဖောက်ဝင်ဒဏ် ရာ (၁) ချက်၊ ဘယ်ဘက်နိုအုံ အောက်ဖောက်ဝင်ဒဏ်ရာ(၁) ချက်၊ ဘယ်ဘက်ပေါင်ဖောက်ဝင်ဒဏ်ရာ(၁)ချက် အသီးသီးရရှိခဲ့ကာ နေရာတွင်သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
ယင်းကြောင့် ဦးသိန်းမင်းထွန်း၏ အလောင်းကို လောကပါလ လူမှုကူညီရေးအသင်းက အသင်းပိုင်ကားဖြင့် မန္တလေးဆေးရုံကြီးသို့ ပိုဆောင်ပေးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ တတိယပတ်ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေးဦးမြို့နယ်တွင် မီးသတ်ဝန်ထမ်း (၂)ဦးအား လက်နက်ကိုင်ားသည့် အဖွဲ့တစ်ဖွဲ့က ညှင်းပန်းနှိပ်စက်၍ ခန္ဓာကိုယ်ခြေလက်များကို ဖြတ်တောက် သတ်ဖြတ်သည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးသည်။
အသတ်ခံထားရသော မီးသတ်ဝန်ထမ်းများဖြစ်သည့် တပ်ကြပ်ကြီး မြင့်ငွေ(၅၂ နှစ်)နှင့် မီးသတ်တပ်ကြပ် ကောင်းမြတ်ကျော်(၂၄ နှစ်)တို့၏ အလောင်းကို ရေဦးမြို့နယ်၊ မုန်တိုင်ပင်ကျေးရွာ အနောက်ဘက် မူးဘောင်ပေါ်တွင် စွန့်ပစ်ထားခဲ့သည်ကို ရေဦးမြို့ပရဟိတ လူမှုကူညီရေးအသင်းက တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_23 November 2022
ထိုင်းနိုင်ငံ တာခ့်ခရိုင် မဲဆောက်ဒေသအတွင်း နေထိုင်သော အသက် ၁၄နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား အဓမ္မပြုကျင့်ရန် ကြိုးပမ်းသည်ဟူသည့် စွပ်စွဲချက်ဖြင့် မြန်မာအလုပ်သမားတစ်ဦး အဖမ်းခံရကြောင်း ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအရေးဆောင်ရွက်နေသူများက ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၂၁ ရက်တွင် အသက် ၂၃ နှစ်အရွယ် မောင်ထူးလေးဆိုသူကို မဲဆောက်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း ထိုင်းနိုင်ငံဒသတွင်း သတင်းများတွင်လည်း ဖော်ပြကြသည်။
မဲဆောက်ဒေသ မယ်ပကရမ်းရွာတွင် မိဘအုပ်ထိန်းသူများ အလုပ်သွားနေချိန် နေအိမ်၌ မိန်းကလေးတစ်ဦးတည်းကျန်ခဲ့ချိန် နေအိမ်တံခါးကို လာခေါက်သဖြင့် သူမ၏ မောင်ဖြစ်သူဟု ထင်မှတ်၍ နေအိမ်တံခါးကို ဖွင့်ပေးလိုက်ရာ မောင်ဖြစ်သူမဟုတ်ဘဲ အဆိုပါ မြန်မာအလုပ်သမားက နေအိမ်အတွင်းသို့ ဝင်လာကာ မိန်းကလေးငယ်အား ချုပ်ကိုင်ပြီးအခန်းထဲခေါ်ဆောင်အဓမ္မပြုကျင့်ရန်ကြိုးပမ်းခဲ့ကြောင်း သိရသည်။
ယင်းမိန်းကလေးငယ်က အမျိုးမျိုးပြောပြ ရုန်းကန်ကာ နေအိမ်အပြင်သို့ထွက်ပြေး အကူညီတောင်းခံခဲ့ကြောင်း၊ အဓမ္မကျူးလွန်ရန် ကြံစည်သည့် မြန်မာအလုပ်သမားလည်း ထွက်ပြေးခဲ့ပြီး ကြံစိုက်ခင်းအတွင်း ဝင်ပုန်းအောင်းနေခဲ့စဉ် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယခုအခါ အဆိုပါ လူငယ်ကို ကနဦး အနေဖြင့် မဲဆောက်ရဲစခန်း၌ စစ်ဆေးနေပြီး ခြိမ်းခြောက်အဓမ္မပြုကျင့်ရန် ကြိုးပမ်းမှုဖြင့် အမှုဖွင့် တရားစွဲဆိုထားသိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_23 November 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၏ ခုနှစ်လကျော်ကာလအတွင်း ပြည်ပသို့ ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ရရှိထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ပြည်ပသို့ ပို့ကုန်တင်ပို့မှုတွင် လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၁ ဘီလီယံ ၊ တိရစ္ဆာန်ထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၇ ဒသမ ၇၉ သန်း၊ ရေထွက်ပစ္စည်းတင်ပို့မှုတွင် အမေရိကန်ဒေါ်လာ ၄၃၉ ဒသမ ၉၄ သန်းရရှိထားပြီး သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၉၇ ဒသမ ၃၅ သန်း၊ သစ်တောထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၈၉ ဒသမ ၇၂ သန်း၊ စက်မှုကုန်ချောတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်နှင့် အခြားကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၁၀ ဒသမ ၈၁ သန်းရရှိထားကြောင်း စာရင်းများအရ သိရသည်။
အဆိုပါ တင်ပို့မှုတွင် နိုင်ငံပိုင်ကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၅ ဘီလီယံရရှိပြီး ပုဂ္ဂလိကကဏ္ဍတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇ ဒသမ ၇၁ ဘီလီယံရရှိထားကြောင်း သိရသည်။
၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း စက်သုံးဆီ နှင့် စားသုံးဆီ၊ သံမဏိပစ္စည်း၊ ဓာတ်မြေဩဇာ၊ နို့ထွက်ပစ္စည်းများနှင့် အခြားကုန်ပစ္စည်းများ တင်သွင်းခဲ့ရကြောင်း သိရသည်။ ယင်းအပြင် ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၇ ဘီလီယံ ပိုမိုရရှိထားကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 23 November 2022
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေသည် ကမ္ဘောဒီးယားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့ဥက္ကဋ္ဌ၊ Senior Minister ၊ H.E. Kittinitikosalbindit Om Yentieng နှင့်တွေ့ဆုံ၍ နှစ်နိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များဆွေးနွေးပြီး နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု နားလည်မှုစာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
အဆိုပါ နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံအကြား အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် စပ်လျဉ်း၍ သတင်းအချက်အလက်များဖလှယ်ရန်၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး လုပ်ငန်းစဉ်များဖြစ်သည့် စစ်တမ်းကောက်ယူခြင်း၊ အဂတိလိုက်စားနိုင်ခြေ အန္တရာယ်ရှိမှုဆန်းစစ်ခြင်း၊ ဖြောင့်မတ်တည်ကြည်မှုမြှင့်တင်ခြင်းနှင့် နည်းပညာ အထောက်အကူပြု ကျွမ်းကျင်သင်တန်းများ ဖွင့်လှစ်နိုင်ရေးတို့ ပူးပေါင်းဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း သိရပါတယ်။
ထို့ပြင် အာဆီယံအဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့၏ (၁၈)ကြိမ်မြောက် အကြီးအမှူးများအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက်တွင် ကမ္ဘောဒီးယားနိုင်ငံ ဖနောင်ပင်မြို့၌ကျင်းပရာ မြန်မာနိုင်ငံအဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေ ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ပါပြီး အာဆီယံအဖွဲဝင်နိုင်ငံ များနှင့်အတူ ASEAN-PAC နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ တက်ရောက်၍ ပါဝင်လက်မှတ်ရေးထိုးခဲ့ပါတယ်။
အဆိုပါအစည်းအဝေးသို့ ASEAN-PAC အဖွဲ့ဝင်နိုင်ငံများရှိ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီများမှ အကြီးအကဲများအပါအဝင် ကိုယ်စားလှယ် စုစုပေါင်း (၅၉) ဦး ပါဝင်တက်ရောက်ကြကြောင်း သတင်းရရှိပါတယ်။
#ygm_mnn
#Yangon_Media_Group
Page 1586 of 2193