#Local_News
Published_10 August 2022
ဝန်ကြီးချုပ်ဟောင်း ဦးနု၏သမီးဒေါ်သန်းသန်းနုအား ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဌအဖြစ် တာဝန်ပေးကြောင်း အဆိုပါ ပါတီက သိရသည်။
ပြီးခဲ့သည့် မေလ ၁၈ ရက် ည ၇ နာရီခန့်က ဥက္ကဌ ဦးသုဝေ ကွယ်လွန်သွားပြီးနောက် ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ လစ်လပ်နေသော ဥက္ကဌ တာဝန်ကို ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ယူထားသူ ဒေါ်သန်းသန်းနုအား လွှဲပြောင်းပေးခဲ့ကြခြင်းလည်း ဖြစ်သည်။
"တည်ထောင်သူဥက္ကဌကြီး (ဟောင်း) ဦးသုဝေ ကွယ်လွန်ပြီးတဲ့နောက် အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်ခဲ့သူ ဒေါ်သန်းသန်းနုကို ဒီမိုကရက်တစ်ပါတီ (မြန်မာ)ရဲ့ ဥက္ကဌကြီးအဖြစ် ပါတီဝင်များအားလုံးက တစ်ညီတစ်ညွတ်တည်း ရွေးချယ်တင်မြှောက်ခဲ့ပြီးဖြစ်ပါတယ်။ ပါတီအရေး၊ နိုင်ငံ့အရေး၊ ဒီမိုကရေစီအရေးကိစ္စတွေကို ဆက်လက်ဆောင်ရွက်သွားတော့မှာပါ"ဟု အဆိုပါ ပါတီ တာဝန်ရှိသူက ပြောသည်။
ဒီမိုကရက်တစ်ပါတီ (Democratic Party (Myanmar) ကို ဦးသုဝေ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူပြီး ယခင် ဝန်ကြီးချုပ်ဟောင်းများ၏ သမီးများ ဖြစ်ကြသော ဒေါ်သန်းသန်းနု (ဦးနု၏သမီး)၊ ဒေါ်ချိုချိုကျော်ငြိမ်း (ဦးကျော်ငြိမ်း၏သမီး)၊ ဒေါ်နေရီဗဆွေ(ဦးဗဆွေ၏သမီး) တို့အပါအဝင် စုစုပေါင်း (၂၁) ဦးဖြင့် ၂၀၁၀ ပြည့်နှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
ယခုအခါ မြန်မာနိုင်ငံ ဝန်ကြီးချုပ်ဟောင်း ဦးနု၏ သမီးဖြစ်သူ ဒေါ်သန်းသန်းနု အနေဖြင့် ဦးနုဒေါ်မြရီ ဖောင်ဒေးရှင်းကိုတည်ထောင်ထားပြီး ကျန်းမာရေးနှင့် ပညာရေး ကဏ္ဍများအတွက် ထောက်ပံ့မှုများ ပြုလုပ်လျက်ရှိရာ ခြေလက်မသန်စွမ်းသူများအတွက် ခြေတု လက်တု အစားထိုးပေးခြင်း၊ ကျန်းမာရေးအတွက် အရေးပေါ် လိုအပ်သော ဆေးဝါးများ ပေးလှူခြင်း၊ ပညာရေးအတွက် စာအုပ်စာတမ်းများ၊ ကျောင်းသုံးပစ္စည်းများ ပေးလှူခြင်း၊ ပညာရေး ရန်ပုံငွေ အဆောက်အဦး ရန်ပုံငွေများ ပေးလှူခြင်း၊ အရေးပေါ် လိုအပ်သော စားသောက်ဖွယ်ရာ၊ အသုံးအဆောင် အဝတ်အထည်များ ပေးလှူခြင်း စသည်တို့ကို ကူညီဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_group
#Local_News
Published -10 August 2022
ယခုနှစ်နွေစပါးစိုက်ပျိုးမှုနှင့် ပဲတီစိမ်းစိုက်ပျိုးမှုအတွက် နိုင်ငံတော်က ငွေကြေးစိုက်ထုတ်မှုတွေ လုပ်ပေးရန်အတွက် သီးသန့်ရန်ပုံငွေ ကျပ် ၄၀၀ ဘီလီယံ ထူထောင်ပေးသွားမည်ဖြစ်ကြောင်းနစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကနေ ငွေကျပ် ၄၀၀ ဘီလီယံကို သီးသန့်ရန်ပုံငွေထူထောင်ပြီး စိုက်ပျိုးရေးလုပ်ငန်းတွေကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ရန်ပုံငွေကနေ ပထမဦးစားပေးအနေဖြင့် ယခုနှစ် နွေစပါးစိုက်ပျိုးမှုနှင့် ပဲတီစိမ်းစိုက်ပျိုးမှုအတွက် ငွေကြေးစိုက်ထုတ်ပေးပြီး တောင်သူတွေကို စိုက်ပျိုးရေးအတွက်လိုအပ်သည့် မြေဩဇာမျိုးတွေနှင့် စက်မောင်းဆီတွေ ရရှိရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
အဆိုပါ စိုက်ပျိုးဧကတွေကနေ ထွက်ရှိလာမည့် စပါးနှင့် ပဲတီစိမ်းများကို ပြည်ပသို့ တင်ပို့သွားမည်ဖြစ်ကြောင်း ယင်းကပြောကြားခဲ့သည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 10 August 2022
မြန်မာနိုင်ငံ လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် သင်တန်းကာလသုံးလကြာမြင့်မည့် အသက်မွေးဝမ်းကျောင်းပညာများကို မသန်စွမ်းသူများအတွက် နေစားစရိတ်ငြိမ်း အခမဲ့စနစ် ဖြင့် ရန်ကုန်မြို့ရှိ မသန်စွမ်းသက်ကြီး သင်တန်းကျောင်းတွင် သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းအစီအစဉ်ကို လာမည့် စက်တင်ဘာ ၁၂ ရက်တွင် စတင်မည်ဖြစ်ပြီး၊ သင်တန်း သား ၁၀၀ ဦးအထိ လက်ခံသင်ကြားပေးမည်ဖြစ်ကာ စက်ချုပ်သင်တန်း၊ တံဆိပ်ရိုက်သင်တန်း၊ ဓာတ်ပုံသင်တန်း၊ ဆံသသင်တန်း၊ ကွန်ပျူတာသင်တန်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သင်တန်းတက်ရောက်ခွင့်ရသူ တစ်ဦးချင်းကို သင်ထောက်ကူပစ္စည်းများ ထောက်ပံ့မည်ဖြစ်ပြီး နယ်ကလာရောက်သူများကို အသွားအပြန် ခရီးစရိတ်ထောက်ပံ့မည်ဖြစ်သည်။
အသေးစိတ်အချက်အလက်များကို ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ကျိုက်ဝိုင်းဘုရားလမ်း၊ အမှတ် ၆၅ လူမှုဝန်ထမ်း အတတ်သင် သိပ္ပံကျောင်းဝင်း အတွင်းရှိ မသန်စွမ်းသက်ကြီး သင်တန်းကျောင်း ဖုန်း ၀၁-၉၆၆၁၇၁၂၊ ၀၉-၂၅၀၄၀၂၃၉၂၊ ၀၉-၄၂၁၀၀၃၅၆၀ သို ရုံးချိန် အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published _ 10 August 2022
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ပြီးခဲ့သည့် ဇူလိုင်အတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည်ဦးရေ ၁၈၀ဝ ကျော် လာရောက် ဖူးမြော်ကြည်ညိုခဲ့ကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့ထံက သိရသည်။
နိုင်ငံခြားခရီးသွားဧည့်သည် အမျိုးသား ၁၁၂၁ ဦးနှင့် အမျိုးသမီး ၇၅၀ ဦး၊ စုစုပေါင်း ၁၈၇၁ ဦး လာရောက်ဖူးမြော်ခဲ့ ခြင်းဖြစ်ပြီး အများစုမှာ အာဆီယံဒေသ တွင်းနိုင်ငံများနှင့် အာရှနိုင်ငံများမှဖြစ်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်နှင့် ဘုရားပရိဝုဏ်အတွင်းရှိ ဘုရားစေတီပုထိုးများနှင့် ဗုဒ္ဓသာသနိက အဆောက်အအုံများကို စိတ်ဝင်တစား လေ့လာခဲ့ကြသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ ပြီးခဲ့သည့် ဇူလိုင်လအတွင်း ပြည်တွင်းဘုရားဖူးများ ဝင်ရောက်မှုအနေဖြင့် သံဃာတော် ၁၀၈၃၄ ပါး၊ သာသနာ့နွယ်ဝင် သီလရှင် ၇၃၄၀ ပါး၊ လူပုဂ္ဂိုလ် အမျိုးသား ၅၀၄၄၁၄ ဦးနှင့် အမျိုးသမီး ၅၉၁၅၈၇ ဦးတို့ လာရောက်ဖူးမြော်ကြည်ညိုခဲ့ကြပြီး အများ ပြည်သူရုံးပိတ်ရက်များဖြစ်သည့် စနေ၊ တနင်္ဂနွေနေ့များနှင့် အခါကြီးရက်ကြီးများတွင် ပိုမိုလာရောက်ကြကြောင်းလည်း သိရသည်။
ရွှေတိဂုံစေတီတော်မြတ်ကြီးကို ကိုဗစ်-၁၉ ရောဂါကူးစက်မှုကာလအတွင်း ယာယီပိတ်ထားခဲ့ပြီးနောက် ပြည်တွင်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ လျော့ကျလာသောအခါ ရဟန်းရှင်လူ ပြည်သူများလာရောက်ဖူးမြော်နိုင်စေရန် ၂၀၂၁ ခုနှစ်၊ ဧပြီ ၁၇ ရက်မှစတင်ကာ နံနက် ၆ နာရီမှ ညနေ ၆ နာရီအထိ ပြန်လည်ဖွင့်လှစ်ပေးထားသည်။
ယခုအခါ ရပ်ဝေးရပ်နီးက လာရောက် ဖူးမြော်ကြသည့် ဘုရားဖူးပြည်သူများ အားလုံးအတွက် ပိုမိုအဆင်ပြေစေရန် ၂၀၂၂ ခုနှစ်၊ မတ် ၂၆ ရက်မှစ၍ နံနက် ၅ နာရီမှ ည ၈ နာရီအထိ အချိန်တိုးမြှင့် သတ်မှတ်ကာ ဖွင့်လှစ်ပေးထားကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published -10 August 2022
ယနေ့ နံနက်ပိုင်းတွင် လှိုင်သာယာ စက်မှုဇုန် ၂ ၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး Level 2 အဆင့် ငြိမ်းသတ်ခဲ့ရကြောင်း မီးသတ်တပ်ဖွဲက ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ နံနက် ၆ နာရီခွဲအချိန်ခန့် ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၂)၊ ဆိပ်ကမ်းသာလမ်းတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးကုန်တွဲရုံ ၃ ရုံနှင့် နံဘေးရှိ ကျောပိုးအိတ်စက်ရုံပါ မီးကူး၍ တစ်ခြမ်းပါသွားကြောင်း သိရသည်။
ယင်းမီးလောင်မှုဖြစ်စဉ်ကို level 2ယာဉ်အုပ်စုများ ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး ၈ နာရီခန့်တွင် မီးငြိမ်းသွားသော်လည်း မီးလောင်မှုဖြစ်စဉ်နှင့် ပျက်ဆီးဆုံးရှုံးမှုတန်ဖိုးကို မသိရသေးကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published -9 August 2022
ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်အသစ် လျှောက်ထားလိုသူများအနေဖြင့် သတ်မှတ်ချက်တွေနှင့်အညီ လျှောက်ထားနိုင်ကြောင်း အလုပ်သမားညွန် ကြားရေးဦးစီးဌာနမှ ထုတ်ပြန်ကြေညာထားသည်။
အဆိုပါ ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်လျှောက်မည်ဆိုပါက ကုမ္ပဏီမန်နေဂျာ ကိုယ်တိုင်လက်မှတ်ရေးထိုး၍ လျှောက်ထားစာ တင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
ယင်းအပြင်ရင်းနှီးမြုပ်နှံမှုနှင့်နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာနမှ ထုတ်ပေးထားသည့် ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ မှတ်ပုံတင်ထားစဉ်က တင်ပြအတည်ပြုထားသည့် ကုမ္ပဏီ Profile၊ ကုမ္ပဏီဒါရိုက်တာအဖွဲ့ဝင်များ၏ အစည်းအဝေးမှတ်တမ်းတို့ကို တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီမန် နေဂျင်းဒါရိုက်တာတစ်ဦးတည်းနာမည်ဖြင့် ကျပ်သိန်းတစ် ထောင်တန်ဖိုးရှိသည့်မရွှေ့ပြောင်းနိုင်သော ပစ္စည်းပိုင်ဆိုင်မှုစာရင်း၊ အထောက်အထားတင်ပြရမည်ဟု ဖော်ပြထားသည်။
မန်နေဂျင်းဒါရိုက်တာတစ်ဦးတည်းအမည်ဖြင့် အနည်းဆုံး ကျပ်သိန်း ၁,၀၀၀ ကို ထည့်သွင်းစုဆောင်းစေပြီး ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရပြီးနောက် ယင်းငွေထည့်သွင်းထားကြောင်းအထောက်အထားကို ဌာနသို့ ခြောက်လကြာ လစဉ်တင်ပြရမည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ခြောက်လပြည့်ပြီးပါက ကျပ်သိန်း ၁,၀၀၀ ကို ကြားကာလသုံးစွဲခွင့်ရှိပြီးနောက် မှတ်ပုံတင်သက်တမ်းတိုးပါက အဆိုပါငွေပမာဏကို ဘဏ်ထဲပြန်ထည့်ရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။
လက်ရှိတွင် ပြည်ပအလုပ်အကိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီ ၃၀၀ ကျော်ရှိပြီး အလုပ်သမားစေလွှတ်ခြင်းကို ၂၀၂၂ ခုနှစ် နှစ်ဆန်းကစပြီး ပြန်လည် လုပ်ဆောင်နေကြကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 9 August 2022
၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်၊ ဧပြီလ ၁ ရက်နေ့ကနေ ဇူလိုင်လကုန်အထိ မြန်မာနိုင်ငံမှ ပြည်ပနိုင်ငံတွေဆီ ပျားရည် မက်ထရစ်တန်ချိန်ပေါင်း ၇၀၀ခန့် တင်ပိုထားပြီးဖြစ်တယ်လို့ သိရပါတယ်။
#Yangon_Media_Group
Page 1588 of 1971