#Local_News
Published_23 August 2022
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသည့် ဦးမောင်ဝိတ်နှင့်ဆက်စပ်အမှုနှစ်ခုအတွက် လိုပြသက်သေမလာသောကြောင့် ယနေ့ သြဂုတ်လ ၂၃ ရက်တွင်လည်း မစစ်ဆေးခဲ့ရကြောင်း တရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
အဆိုပါအမှု နှစ်ခုကို ရှေ့နေအဖွဲ့က တရားလွှတ်တော်ချုပ်၌ ပြီးခဲ့သည့် ဇူလိုင်လ ၁၃ရက်က ချေဖျက်ခွင့်တင်ခဲ့သော်လည်း ယခု(သြဂုတ်)လ ၁၇ ရက်တွင် ပယ်ချခဲ့ခြင်းလည်း ဖြစ်သည်။
"ရုံးချိန်းနှစ်ခုရှိပြီ၊ လိုပြသက်သေမလာတာ။ မလာဘူးဆိုရင် တရားလိုဖက်က ပယ်တာတွေ ဘာတွေလုပ်ရတာ ဖြစ်ပါတယ်။ တရားလိုက အဂတိတိုက်ဖျက်ရေးကော်မရှင် ဖြစ်တဲ့အတွက် သူတို့ဘက်ကပယ်ရမှာ။ ဒီနေ့ နှစ်ယောက် စစ်ရမယ်၊ အဲဒီနှစ်ယောက်ထဲမှာ ဦးသန့်သော်ကောင်းလည်းပါတယ်။ ဒါပေမဲ့ မလာကြဘူး။ ခြေဖျက်ဖို့တင်ထားတာတွေလည်း လက်မခံဘူး။ဒ ါကြောင့် အမှုကို နောက်တစ်ပတ် အင်္ဂါနေ့မှာ ရုံးချိန်းပြန်ချိန်းတယ်"ဟု အဆိုပါ နီးစပ်သူတစ်ဦးကပြောသည်။
ယနေ့ရုံးချိန်းတွင် ရဟတ်ယာဉ်ဝယ်ယူမှုနှင့် ပတ်သက်သော အမှုနံပတ် ၄၉ အတွက်လည်း လူကယ်ပြန်ဒုဝန်ကြီးဟောင်း ဦးစိုးအောင်အား တရားလိုပြသက်သေအဖြစ် နေပြည်တော်အချုပ်ထောင်တွင်းတရားရုံး၌ ဆက်လက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၁ နှစ် ချမှတ်ထားသည့်အပြင် ပြီးခဲ့သည့် သြဂုတ်လ ၁၅ ရက်က ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့်ပတ်သက်သည့် အဂတိအမှု ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ် ထပ်မံ ချမှတ်ခဲ့သေးကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published _ 23 August 2022
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် ထာ့ဆောင်ယန်းမြို့နယ်ထဲတွင် မြန်မာဘက်ခြမ်းသို့ တရားမဝင် တင်သွင်းမည့်ကားနှစ်စီးနှင့် ဆိုင်ကယ် ၁၃ စီးကို ဩဂုတ်လ ၂၂ ရက်တွင် သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းစစ်ဘက်က ထုတ်ပြန်ထားသည်။
အမှတ်(၃၅၀၈) ရိန်းဂျားတပ်ခွဲမှ တပ်ဖွဲ့ဝင်များသည် ထာ့ဆောင်ယန်းမြိုနယ် ဘန့်မိုင်ထိုင်းလုမ့်ယင် ကျေးရွာအုပ်စု သောင်ရင်းမြစ်ကမ်းတစ်လျှောက် လုံခြုံရေးယူနေစဉ် နံနက်ပိုင်းက တောထဲ၌ လမ်းလျှောက်လာသည့် လူခုနစ်ဦးအား စစ်ဆေးရန် ရပ်ခိုင်းရာ တောထဲသို့ ထွက်ပြေးသွားခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယင်းနောက် အနီးအနားတစ်ဝိုက် လိုက်လံရှာဖွေစစ်ဆေးရာ နံပါတ်ပြားမပါရှိသည့် မီးခိုးရောင်တိုယိုတာဟိုင်းလပ်ကားတစ်စီး၊ တံခါးလေးဘက်ပါအဖြူရောင် အီစူဇူးကားတစ်စီးနှင့်အတူ မသင်္ကာသူတစ်ဦးအား တွေ့ရှိဖမ်းဆီးခဲ့ကြောင်းသိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သောင်ရင်းမြစ်ကမ်းနားတောထဲ၌ဝှက်ထားသည့် မော်တော် ဆိုင်ကယ် ၁၃ စီးကိုထပ်မံတွေ့ရှိခဲ့ကြောင်း၊ ဖမ်းဆီးရမိသူကို ဆက်လက်အရေးယူရန် မဲ့မွေးနယ်မြေရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published_23 August 2022
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်ကွက်၊ လမ်း ၃၀ နှင့် ၅၇ လမ်းဒေါင့်တွင် ယနေ့ သြဂုတ်လ၂၃ ရက် နံနက် ၈ နာရီခွဲခန့်အချိန်က မိနစ်ခန့်က ဇနီးမောင်နှံ နှစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။
အဆိုပါ ဇနီးမောင်နှံတွင် အမျိုးသားမှာ မြနန်းရုံဟိုတယ်၏ မန်နေဂျာတစ်ဦးဖြစ်ကြောင်း၊ လမ်း ၃၀ပေါ်တွင် အမည်မသိအမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးမြို့ခံတစ်ဦးကပြောသည်။
အဆိုပါ ဇနီးမောင်နှံနှစ်ဦးက ဆိုင်ကယ်ဖြင့် လမ်း ၃၀ အတိုင်း အရှေ့မှအနောက်သို့ စီးနင်းလာရာ Unity ကိုယ်ပိုင်အထက်တန်းကျောင်းရှေ့အရောက်တွင် အမည်မသိ အမျိုးသားနှစ်ဦးက ဆိုင်ကယ်ဖြင့် လားရာတူ မောင်းနှင်၍ ပစ္စတိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းနောက်လမ်း ၃၀ လမ်းအတိုင်း အနောက်မှ အရှေ့သို့ ပြန်လှည့်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
သေနတ်ဖြင့် ပစ်ခံရသည့်ဟိုတယ်မန်နေဂျာ ဦးစည်သူကိုကိုနှင့် ဇနီးဒေါ်နှင်းဝေဝေလှိုင်တို့ သေနတ်ဒဏ်ရာများဖြင့် နေရာ၌ပင် သေဆုံးသွားကြကြောင်း၊ အခင်းဖြစ်နေရာဝန်းကျင်တွင် S &B 20 9x19 စာတန်းပါ ကျည်ခွံ ၆ ခွံ၊ Unity ကျောင်းရှေ့လမ်း ၃၀ လမ်းပေါ်တွင် အလားတူကျည်ခွံ ၁ ခွံ ပေါင်း ၇ ခွံကို တွေ့ရှိခဲ့ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 23 Aug 2022
တောင်ကိုရီးယားနိုင်ငံသို့ တရားဝင် မြန်မာလုပ်သားသစ် ၁၄၉ ဦး ဒီကနေ့ သြဂုတ် ၂၃ ရက်တွင် ထပ်မံရောက်ရှိလာကြောင်း ဆိုးလ်မြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန် ထားပါတယ်။
အဆိုပါ လုပ်သားများအနက် လုပ်သားသစ် ၁၀ ဦးမှာ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်သားအဖြစ်အသစ်ဝင်ရောက် လုပ်ကိုင်ကြမည်ဖြစ်ပြီး လုပ်သားသစ် ၁၃၉ ဦးမှာ ကုန်ထုတ်လုပ်သားအဖြစ် အသစ်ဝင်ရောက် လုပ်ကိုင်ကြမည်ဖြစ်တယ်လို့ ဆိုပါတယ်။
မြန်မာလုပ်သားများကို တောင်ကိုရီးယားအစိုးရက တရားဝင်ပြန်လည် ခေါ်ယူလျှက်ရှိရာ ပြီးခဲ့သည့် ဩဂုတ် ၁၈ ရက်ကလည်း မြန်မာလုပ်သား ၁၆၈ ဦး စေလွှတ်ခဲ့ ရပြီး ဩဂုတ်လအတွင်း မြန်မာလုပ်သား ၉၀၀ ကျော် စေလွှတ်ခဲ့ပြီး ဖြစ်ပါတယ်။
ygm_mnn
#Yangon_Media_Group
#Local_News
Published-23 August 2022
ပြည်တွင်းစက်သုံးဆီဈေးနှုန်း ၉၂ ၊ ၉၅ နှင့် ၉၇ ဈေးနှုန်းများယခင်နေ့ထက်ကျဆင်းလာပြီး ကျန်စက်သုံးဆီဈေးနှုန်းများမှာ မြင့်တက်နေကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
သြဂုတ် ၂၂ ရက်နေ့တွင် 92 တစ်လီတာလျှင် ၂၄၀၀ ကျပ် ရှိခဲ့ပြီး ယနေ့တွင် ၂၃၉၀ ကျပ်၊ ၉၅ တစ်လီတာဈေး ၂၄၉၀ ကျပ်ရှိခဲ့ရာမှ ယနေ့တွင် ၂၄၈၀ ကျပ်၊ ၉၇ တစ်လီတာဈေးမှာ ၂၃၃၅ ကျပ်ရှိကြောင်း သိရသည်။
ယင်းအပြင် သြဂုတ် ၂၂ ရက်နေ့တွင် ဒီဇယ်တစ်လီတာလျှင် ၂၈၂၀ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၈၉၅ ကျပ်ရှိခဲ့ရာမှ ယနေ့တွင်(သြဂုတ်လ ၂၃ ရက်) ဒီဇယ်တစ်လီတာလျှင် ၂၈၆၅ ကျပ်၊ ပရီမီယံဒီဇယ်တစ်လီတာလျှင် ၂၉၄၀ ကျပ်အထိ မြင့်တက်လာကြောင်း သိရသည်။
ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် နေပြည်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းများဖြင့်လည်း ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
Ymg/STH
#Yangon_Media_Group
#Local_News
Published - 23 August 2022
ပြီးခဲ့သည့် ဇူလိုင်လတစ်လအတွင်း ငါးတန်ချိန်ပေါင်း ၂၄၀၀၀ ကျော် ပြည်ပသို့တင်ပို့ခဲ့ပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈ သန်းကျော် ရရှိခဲ့ကြောင်း စီးပွာရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။
ဇူလိုင်လအတွင်း တင်ပို့ခဲ့သည့် အဓိကပို့ကုန် ၁၀ မျိုးတွင် ငါးတင်ပို့မှုသည် တတိယနေရာမှာရှိခဲ့ပြီး အထည်ချုပ်ပြီးတင်ပို့မှုမှာ ပထမနေရာနှင့် သဘာဝဓာတ်ငွေ့တင်ပို့မှုသည် ဒုတိယနေရာတွင်ရှိခဲ့ကြောင်း သိရသည်။
ယင်းအပြင် လျှပ်စစ်မီးအခက်အခဲ၊ ဒီဇယ်ဆီဈေးနှုန်း ကြီးမြင့်မှု၊ ကုန်သွယ်ရေးနှင့်ငွေကြေးမူဝါဒ အပြောင်းအလဲ၊ ငါးကုန်ကြမ်းရရှိမှု အခက်အခဲများကြောင့် ငါးအပါအဝင် ရေထွက်ကုန်တင်ပို့မှု ဆက်တိုက်လျော့ကျခဲ့သော်လည်း ဇွန်နှင့်ဇူလိုင်လတွင်တင်ပို့မှု ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။
ဇွန်လအတွင်း တင်ပို့ခဲ့သည့် ငါးပမာဏသည် တန်ချိန်ပေါင်း ၁၇၀၀၀ ကျော်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၁ သန်းနီးပါးသာရှိခဲ့သည့်အတွက် ဇူလိုင်လ တင်ပို့မှုပမာဏသည် ဇွန်လထက် အမေရိကန်ဒေါ်လာ ၇ သန်းနီးပါး ပို့ခဲ့ကြောင်း သိရသည်။
ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၄၈ သန်းကျော် တန်ဖိုးရှိသည့် ရေထွက်ကုန်တန်ချိန်ပေါင်း ၃၃၀၀၀ ကျော် တင်ပို့ခဲ့ ခြင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၄၃ သန်းကျော် တန်ဖိုးရှိသည့် ရေထွက်ကုန် တန်ချိန်ပေါင်း ၄၇၀၀၀ ကျော်တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် တင်ပို့ခဲ့သည့် ရေထွက်ကုန်အမျိုးအစားမှာ ငါးတံခွန်၊ ငါးမြစ်ချင်း၊ ငါးသလောက်၊ ရွှေငါးနှင့် ငါးရှဉ့်အရှင် အစရှိသည့် ရေထွက်ကုန်ပစ္စည်းများကို ထိုင်း၊ တရုတ်၊ ဆော်ဒီအာရေးဗျ၊ ဂျပန်၊ စင်ကာကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။ ယူအေအီး၊ ဘင်္ဂလားဒေ့ရှ်၊ ဗြိတိန်စသည့် နိုင်ငံများကို တင်ပို့ခဲ့ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published-22 August 2022
ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ကြံစိုက်ရာသီတွင် ကြံတစ်တန်ပေါက်ဈေးမှာ ငွေကျပ် ၄၀၀၀၀ ဝန်းကျင်ရှိခဲ့ပြီး လာမည့်ကြံရာသီတွင် ကြံတစ်တန်ကို ၈၀၀၀၀ အထိဈေးဖွင့်ထားကြောင်း သိရသည်။
ယခင်က ကြံတစ်တန်ပေါက်ဈေးကို ကြံစိုက်ရာသီစတင်မှသာ ဈေးကိုသတ်မှတ်ခြင်းဖြစ်ပြီး နောက်လာမည့် ကြံစိုက်ရာသီ ၂၀၂၃-၂၀၂၄ တွင်ကြံစိုက်ဧကသစ်များကို တစ်ဧကလျှင် ငွေကျပ် နှစ်သိန်း စိုက်ပျိုးစရိတ်အဖြစ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ကြံရာသီတွင် သကြားတန်ချိန် လေးသိန်းကျော်ထွက်ခဲ့ပြီး ပြည်တွင်းစားသုံးမှုများခဲ့သည့်အတွက် ဗီယက်နမ်သို့ တန်ချိန် လေးသောင်းဝန်ကျင်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ယခုနှစ်ကြံရာသီတွင် သကြားတန်ချိန် ၄၅၀၀၀၀ ထွက်ရှိပြီး ပြည်တွင်းစားသုံးမှုအတွက် ပြည်ပသို့ သကြားတင်ပို့မှုလျှော့ချ၍ တင်ပို့ခဲ့ကြောင်းသိရသည်။
ယင်းအပြင် ကြံစိုက်ပျိုးထုတ်လုပ်မှုအတွက် အဓိကအားဖြင့် သွင်းအားစုလိုအပ်နေပြီး ဒီဇယ်၊ ဓာတ်မြေသြဇာကို သီးသန့်ပံ့ပိုးပေးနိုင်ပါက ယခုထက် ထုတ်လုပ်မှုပိုတိုးလာနိုင်ကြောင်း၊ လက်ရှိပြည်တွင်းသကြားဈေးကွက်မှာ ၂၁၃၀ မှ ၂၁၅၀ ထိရှိကြောင်းသိရသည်။
မြန်မာနိုင်ငံမှ ထွက်ရှိသည့် သကြားကို ဗီယက်နမ်နိုင်ငံသို့ အဓိကတင်ပို့ပြီး လက်ရှိတွင် အဆိုပါနိုင်ငံမှ မြန်မာအပါအဝင် အာရှနိုင်ငံ (၅) နိုင်ငံကို ၂၀၂၆ ခုနှစ် ဇွန်လ (၁၅) ရက်အထိ အခွန်စည်းကြပ်သွားမည်ဖြစ်ကြောင်းသိရသည်။
Ymg/STH
#Yangon_Media_Group
Page 1560 of 1973