#LocalNews
Published_17 June 2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်း ၆၂-၆၃ကြားရှိ KBZ ဘဏ်ခွဲ (၉)သို့ ယနေ့ ဇွန်လ ၁၇ ရက် နံနက်က သေနတ်သမားလေးဦး လာရောက်၍ ငွေကျပ် သိန်းလေးရာ ဓားပြတိုက်ယူသွားကြောင်း သိရသည်။
ဘဏ်အတွင်းသို့ လူနှစ်ဦး ဦးစွာဝင်လာကာ KBZ Pay ဖွင့်မည်ဟုပြောဆိုကြောင်း၊ အဆိုပါ နှစ်ဦးအပြင် အခြားနှစ်ဦးဝင်လာချိန် လေးဦးပေါင်း၍ အဆိုပါ ဓားပြတိုက်မှုကို ကျူးလွန်ကြခြင်း ဖြစ်ကြောင်းနှင့် ဘဏ်အတွင်းမှ ထွက်ခွာစဉ် အမဲရောင်အထုပ် တစ်ထုပ်ကို ကောင်တာပေါ်တင်ထားခဲ့ကြောင်း သိရသည်။
"မနက် ၁၀ နာရီ ခွဲဝန်းကျင်လောက်က KBZ Pay ဖွင့်ဖိုဆိုပြီး ဝင်လာတာ၊ သေနတ်ပြပြီးတော့ ဘယ်သူမှ မလှုပ်နဲ့ဆိုပြီး ပိုက်ဆံတွေကို ယူသွားတာလို ကျွန်တော်တို့ ကနဦး စစ်ဆေးချက်အရ သိရတယ်၊ သူတို့အထုပ်တစ်ခု တင်ခဲ့တာကလည်း ဗုံးလိုလိုပေါ့။ ဒါပေမဲ့ ဗုံးမဟုတ်ဘူး၊ အခု လုံခြုံရေးဆောင်ရွက်နေကြတယ်"ဟု လုံခြုံရေးဆောင်ရွက်သူတစ်ဦးက ပြောသည်။
ယခုအခါ အဆိုပါ ဓားပြတိုက်မှုတွင် ပါဝင်သူများအား ဖမ်းဆီးရမိစေရေးအတွက် သက်ဆိုင်ရာက အပူတပြင်းဆောင်ရွက်နေကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_17 June 2022
MOU စနစ်ဖြင့် ထိုင်းနိုင်ငံသို့သွားရောက်မည့် အလုပ်သမားများ ကော့သောင်းမြို့သို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ယနေ့ ဇွန်လ ၁၇ ရက်တွင် လေကြောင်းဖြင့် ကော့သောင်းမြို့ကို သွားရောက်ကြကြောင်း သိရသည်။
သွားရောက်မည့် အရေအတွက်မှာ အမျိုးသား ၂၀ ဦးနှင့် အမျိုးသမှး ၃၀ ဦး ဖြစ်ပြီး ယင်းတို့အား ပွင့်ဖူးအောင်ပြည်ပအလုပ်အကိုင်အေဂျင်စီမှ တာဝန်ယူထားပြီး ကော့သောင်းမြို့မှတစ်ဆင့် ရေလမ်းခရီးဖြင့် ထိုင်းနိုင်ငံ၊ ရနောင်းမြို့သို့ သွားရောက်ကြမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ အလုပ်သမားများမှာ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့ရှိ ကြက်သားစက်ရုံတွင် သွားရောက်လုပ်ကိုင်ကြရမည့်သူများ ဖြစ်ကြောင်း၊ လက်ရှိတွင် MOU အလုပ်သမားများအား မြဝတီ-မဲဆောက် အမှတ်(၂)ချစ်ကြည်ရေးတံတားမှ ပို့ဆောင်ပေးနေသကဲ့သို့ ကော့သောင်းသို့ လေကြောင်းဖြင့် ပို့ဆောင်ကာ ယင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို တစ်ဆင့်ပို့ဆောင်ပေးနေသည်များလည်း ရှိကြောင်း သိရသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ MOU စနစ်ဖြင့် ပို့ဆောင်ပေးနေသည့် အလုပ်သမားအရေအတွက် ၃၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနက သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 17 June 2022
အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ်ဆွတ်ခူးရရှိခဲ့သည့် မြန်မာအားကစားသမားများကို အထူးကိစ္စရပ်အနေဖြင့် လူစီးမော်တော်ယာဥ်ဝယ်ယူခွင့်ကို ခွင့်ပြုသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
ရွှေတံဆိပ်ဆုရအားကစားသများကို ပြည်တွင်းရှိ မော်တော်ယာဥ် Showroom နှင့် Sale Centre များမှ စက်စွမ်းအား ၂၀၀၀ စီစီနှင့်အောက်၊ CIF တန်ဖိုး(ဆိပ်ကမ်းရောက်တန်ဖိုး) ကျပ်သိန်း ၃၀၀ နှင့်အောက် လူစီးမော်တော်ယာဥ်တစ်စီးစီ ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း၊ အဆိုပါလူစီးမော်တော်ယာဥ်နှင့်စပ်လျဥ်း၍ ပြည်ပတင်သွင်းယာဥ်မှတ်ပုံတင်ခအား ကင်းလွတ်ခွင့်ပြုမည်ဖြစ်ကြောင်း ကြေညာချက်တွင်ပါရှိသည်။
"အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ထောက်ခံချက်တွေနဲ့ ကုန်သွယ်ရေးဌာနကို သွားရပါမယ်။ ကုန်သွယ်ရေးဌာနမှာ ပါမစ်ယူပြီး အရောင်းပြခန်းမှာသွားဝယ်ရမှာဖြစ်ပါတယ်"ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
၃၁ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ရွှေတံဆိပ် ၉ ခု၊ ငွေတံဆိပ် ၁၈ ခု၊ ကြေးတံဆိပ် ၃၅ ခုစုစုပေါင်း ၆၂ ခုရရှိခဲ့ပြီး အဆင့် (၇) နေရာတွင် ရပ်တည်နေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#MyanmarNews
Published 17 June 2022
ရှမ်းပြည်နယ်( အရှေ့ပိုင်း)တာချီလိတ်မြို့ ရွှေတာချီလူမှုကူညီရေးအဖွဲ့ ဆိုင်ကယ် Taxi အသင်းသားတစ်ဦးအား ခရီးသည်တဦးအဖြစ် အသွင်ယူ ငှါးရမ်းပြီး ဓားထောက်လူယက်မှုဖြစ်စဥ်တခု ယမန်နေ့ညပိုင်းအချိန်က ဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။
ဆန်ဆိုင်း (ခ)ရပ်ကွက်၊ ဆိုင်ကယ် Taxi ဂိတ်တခုသို့ ခရီးသည်တစ်ဦးက မြို့ပြင်ဟွေခိုက်ကျေးရွာ၊ စာသင်ကျောင်း အနီးသို့ လိုက်ပို့ရန် ငှါးရမ်းပြီး အဆိုပါ ရွာအနီးသို့ရောက်ရှိချိန်တွင် ခရီးသည်အသွင်ယူထားသူက ဓားဖြင့်ထောက်၍ ဆိုင်ကယ်အား လုယက်ရန် ပြုလုပ်ခဲ့ကြောင်း ၊ လုယက်ခံရသူ ရွှေတာချီ အသင်းသား ဦးမျိုးလွင် Taxi အကျီနံပတ်(619) သည် ခရီးသည်ဟန်ဆောင် လုယက်သူအား ပြန်လည်ခုခံခဲ့ခြင်းကြောင့် ထိုသူမှာ ဆိုင်ကယ်အားထားပစ်ကာ ထွက်ပြေးသွားခဲ့ကြောင်း၊ ဦးမျိုးလွင်မှာ ပြန်လည်ခုခံရင်း ဘယ်ဘက်နံကြား တစ်ချက်၊ ဘယ်ဘက်ပေါင်တွင်တချက်၊ ဓားဒဏ်ရာ ရရှိခဲ့ပြီး ခရိုင်ပြည်သူ့ဆေးရုံသိုသွားရောက််ဆေးဝါးကုသမှုခံယူရကြောင်း သိရှိရပါတယ်။
ဒဏ်ရာရရှိသူ ဦးမျိုးလွင်အား ရွှေတာချီ လူမှုကူညီရေးအသင်း ဥက္ကဌ ဦးဘိုစံနှင့် ကော်မတီဝင် ဦးဘမိုးမြင့်၊ ဦးသိန်းမြင့်တို့က သွားရောက်ကြည့်ရှုခဲ့ပြီး ဆေးဝါးကုသမှုစရိတ်အဖြစ် ထိုင်းဘတ်ငွေ (2000)ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း၊ အသွင်ယူအကြမ်းဖက်သူကို ရဲတပ်ဖွဲ့ကအမြန်ဆုံးဖမ်းဆီးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါတယ်။
ymg/ys-tcl
#Yangon_Media_Group
#LocalNews
Published_17 June 2022
ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ ၄၇ ရာခိုင်နှုန်းကျော်ရှိကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ စာရင်းများအရ သိရသည်။
တစ်နိုင်ငံလုံးတွင် တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုသူ အများဆုံးရှိခဲ့သည့် ရခိုင်ပြည်နယ်တွင် စာမေးပွဲဖြေဆိုသူဦးရေ ၄၁၇၅၅ ဦးရှိသည့်အနက် အောင်မြင်သူဦးရေ ၁၉၇၂၉ ဦးရှိသောကြောင့် ဖြေဆိုသူဦးရေ၏ ၄၇ ဒသမ ၂၅ ရာခိုင်နှုန်း အောင်မြင်ခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်တွင် စာမေးပွဲအောင်မြင်သူ ၂၈၁၅ ဦးရှိသည့်အတွက် ဖြေဆိုခဲ့သူဦးရေ၏ ၅၄ ဒသမ ၆၆ ရာခိုင်နှုန်းအောင်မြင်ကာ (၆) ဘာသာဂုဏ်ထူးရှင် (၂၂) ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၃၅)ဦး၊ (၄) ဘာသာဂုဏ်ထူးရှင်(၆၅)ဦး၊ (၃) ဘာသာဂုဏ်ထူးရှင်(၁၂၉)ဦး၊ (၂) ဘာသာဂုဏ်ထူးရှင်(၁၉၉)ဦး နှင့် (၁) ဘာသာဂုဏ်ထူးရှင် ၇၇၄ ဦး စုစုပေါင်းဂုဏ်ထူးရရှိခဲ့သူ ၁၂၂၄ ဦး ရှိခဲ့ကြောင်းလည်း သိရသည်။
၂၀၂၂ ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်လ ၁၇ ရက် (ယနေ့)တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံး၌ ဝင်ရောက်ဖြေဆိုခဲ့သူဦးရေ ၂၈၁၇၅၁ ဦး ရှိသည့်အနက် စာမေးပွဲအောင်မြင်သူ ၁၄၂၀၇၇ ဦး ရှိသဖြင့် တစ်နိုင်ငံလုံး ၄၆ ဒသမ ၈၈ ရာခိုင်နှုန်း အောင်မြင်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_17 June 2022
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ်ခံရ၍ နှစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ဇွန်လ ၁၆ ရက် ည ၈ နာရီကျော်အချိန်တွင် အုပ်ချုပ်ရေး အဖွဲ့ဝင်များ ရုံး၌ထိုင်နေကြစဉ် ဆိုင်ကယ်ဖြင့်လာသူများက သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်၍ အဆိုပါ ရုံး၏အုပ်ချုပ်ရေးအဖွဲ့ဝင်နှစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ကျည်ထိမှန်သူများမှာ ဆယ်အိမ်မှူးများဖြစ်ပြီး တစ်ဦးတွင်ခြေထောက်ကျည်ထိဒဏ်ရာ၊ နောက်တစ်ဦးတွင် တင်းပါး၌ကျည်ထိဒဏ်ရာရရှိခဲ့ကြောင်း၊ ယခုအခါ ဆေးကုသမှုခံယူနေရကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နောက်ပိုင်းတွင် အဆိုပါ ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး ပစ်ခတ်ခံရသည်မှာ ယခုတစ်ကြိမ်နှင့်ဆိုပါက လေးကြိမ်မြောက်ရှိပြီဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published_17 June 2022
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးချမ်းအေးသာစံမြို့နယ်၊ ၂၆လမ်း ၆၂-၆၃ကြားရှိ KBZဘဏ်ခွဲတစ်ခုတွင် ယနေ့ ဇွန်လ ၁၇ ရက် နံနက်က ဓားပြတိုက်မှု တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။
"ဓားပြတိုက်တာ မှန်တယ်။ အခုမှ စစ်ဆေးနေကြတုန်းပါ။ ကျွန်တော်တို့လည်းရောက်နေပါတယ်"ဟု လုံခြုံရေးအဖွဲ့နှင့် နီးစပ်သူတစ်ဦးက YMG ကို ပြောသည်။
အဆိုပါဓားပြတိုက်မှု ဖြစ်စဉ်အကြောင်းနှင့် အသေးစိတ်အချက်အလက်များကို မသိရသေးပေ။
လက်ရှိတွင် အမှတ်(၃)နယ်မြေရဲစခန်းအပါအဝင် တာဝန်ရှိ လုံခြုံရေးအဖွဲ့များက လုံခြုံရေးဆောင်ရွက်၍ စစ်ဆေးမှုများပြုလုပ်နေကြကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Page 1559 of 1817