#LocalNews
Published _ 16 June 2022
ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်၍ အသား၊ ငါးနှင့် ဟင်းသီးဟင်းရွက်များကို အပြည့်အဝထုတ်လုပ်ရန် ရည်ရွယ်ချက်များဖြင့် ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေးအထူးဇုန် (၁)တွင် ဟင်းသီးဟင်းရွက် လက်ကားဈေး တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
"စိုက်ဧကတွေ အားလုံး ပြည့်ဝစွာစိုက်ပျိုးပြီး မြေကိုအကျိုးရှိရှိအသုံးချဖို့နဲ့ စိုက်နည်းစနစ်တွေ မှန်ကန်စွာစိုက်ပျိုးဖို့၊ ရေတွေကိုလည်း အကျိုးရှိရှိအသုံးချဖို့၊ အထွက်နှုန်းကောင်းမွန်အောင်ဆောင်ရွက်ဖို့တွေအပြင် မွေးမြူရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ စနစ်တကျ မွေးမြူဖို့နဲ့ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ဖို့အတွက် ခွင့်ပြုပေးထားတဲ့မြေတွေကို ပြည့်ပြည့်ဝဝ စိုက်ပျိုးမွေးမြူဖို့တွေအပါအဝင် စိုက်ပျိုးမွေးမြူရေးနဲ့ မသက်ဆိုင်တဲ့ မြေအသုံးချမှုမရှိစေဖို့ တာဝန်ရှိသူတွေအနေနဲ့ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ဖို နိုင်ငံတော်အကြီးအကဲက လမ်းညွှန်မှာကြားခဲ့တာကြောင့် လမ်းညွှန်ချက်နဲ့အညီ မြေကွက်လပ်မရှိစေဘဲ အားလုံးစိုက်ပျိုး၊ မွေးမြူရေးလုပ်ဆောင်ကြဖို့အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းရှင်များ အနေနဲ့ လုပ်ငန်းတွေ အကောင် အထည်ဖော်နိုင်ရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကလည်း လိုအပ်တာတွေ ပံ့ပိုးသွားမယ်" ဟု ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးက ပြောသည်။
ညောင်နှစ်ပင်စိုက်ပျိုးမွေးမြူရေး အထူးဇုန်သည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်နှင့် မှော်ဘီမြို့နယ်အတွင်း ခရိုင်ချင်းဆက်လမ်း၏ မြောက်ဘက်၊ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ရန်ကုန်-ပြည်လမ်းအကြား တည်ရှိပြီး ရန်ကုန်မြို့တော်နေပြည်သူများ သား၊ ငါး ဟင်းသီးဟင်းရွက် စားသောက်ကုန် ဖူလုံစေရေးအတွက် တစ်ယူနစ်လျှင် ၅ ဧက အကျယ် အဝန်းရှိ မြေနေရာများဖော်ထုတ်၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ယင်းမှ သိရသည်၊၊
ညောင်နှစ်ပင်စိုက်ပျိုး၊ မွေးမြူရေး အထူးဇုန်ဖွံ့ဖြိုးရေးတွင် အထူးဇုန် (၁) ၏ အကျယ်မှာ ၃၇၈၀ ဧက၊ အထူးဇုန် (၂)၏ အကျယ်မှာ ၄၉၀၁ ဧက၊ အထူးဇုန် (၃)၏ အကျယ်မှာ ၃၇၇၂ ဧကရှိပြီး ယခုအခါ စိုက်ပျိုးမွေးမြူရေး ဖြစ်ထွန်းအောင်မြင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
ymg/NN
#Yangon_Media_Group
#LocalNews
Published - 16 June 2022
'မရှိ၍ မလင်းသူမရှိစေရ'(မွန်ပြည်နယ်)အစီအစဥ်ဖြင့် ချောင်းဆုံမြို့နယ်က စီစစ်ပြီးခွဲစိတ်ရန် ကျန်ရှိတဲ့ လူနာ(၅)ဦးကိုဇွန်လ (၁၄)ရက်တွင် ထပ်မံခွဲစိတ်ပေးခဲ့ပြီး ဇွန်လ(၂၂)ရက်တွင်လည်းထပ်မံခွဲစိတ်ကုသ ပေးမည်ဖြစ်ကြောင်း သိရသည်၊၊
ချောင်းဆုံမြို့နယ်တွင်းက ကမာမိုကျေးရွာက ဒေါ်ခင်ကြည်၊ ကမာမိုကျေးရွာက ဒေါ်မြင့်မြင့်စိန်၊မုနိုင်းကျေးရွာကဒေါ်မြနွယ်၊ ကော့ဒကဲ့ကျေးရွာက ဒေါ်လွန်းအေးတို့ကိုဇွန်လ (၁၄)ရက်တွင်မျက်စိခွဲစိတ်ကုသ ပေးခဲ့သည်၊၊
မွန်ပြည်နယ်၊ ပြည်သူ့ကျန်းမာရေး/ကုသရေးဦးစီးဌာနမှူး ဒေါက်တာနန္ဒဝင်းဦးဆောင်၍ မွန်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆောင်ရွက်ပေးနေတာဖြစ်ပြီးမော်လမြိုင်ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး မျက်စိဆရာဝန်ကြီးများ သူနာပြုဆရာ ဆရာမများက အလှူရှင်များ၏အလှူငွေဖြင့် ခွဲစိတ်ကုသပေးနေခြင်း ဖြစ်သည်၊၊
မွန်ပြည်နယ်အတွင်းရှိမျက်စိဝေဒနာရှင်များ မိမိတို့နီးစပ်ရာ ပြည်သူ့ကျန်းမာရေးဌာနများကို ဆက်သွယ်နိုင်ကြောင်းနှင့် အလှူရှင်များလည်း ဆက်သွယ်လှူဒါန်းနိုင်ကြောင်းသိရသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published_16 June 2022
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဧရာဝတီဘဏ်ခွဲတစ်ခုကို မီနီဘတ်စ်တစ်စီး ဝင်တိုက်မိ၍ ညစောင့်ဝန်ထမ်းတစ်ဦး ဒဏ်ရာရသွားကြောင်း တွဲလက်ကူမယ် 'ဌ'လူငယ် ပရဟိတအဖွဲ့က သိရသည်။
"ဘဏ်ညစောင့် ဝန်ထမ်း အသက်၄၂နှစ်အရွယ်လောက်ရှိတဲ့ အမျိုးသားပါ။ ဦးခေါင်းမှာ ၇ ချက် ချုပ်ရပါတယ်။ ပြီးတော့ ကျောရိုးထိခိုက်တာတွေကို ဓါတ်မှန်ရိုက်ပေးတယ်။ အဲဒီမီနီဘတ်စ်က အရှိန်လွန်ပြီး ဝင်တိုက်မိတာပါ။ ဘဏ်ရှေ့မှာ ဂပ်ထားတဲ့ ကားနှစ်စီးလည်း ထိသွားသေးတယ်"ဟု တွဲလက်ကူမယ် 'ဌ'လူငယ် ပရဟိတအဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ဇွန်လ ၁၆ ရက် နံနက်တစ်နာရီ မထိုးမီက ၁၂ နာရီကျော်က မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာဝင်းရှေ့ရှိ ဧရာဝတီဘဏ်ကို အဆိုပါ မီနီဘတ်စ် အဝါရောင်ဝင်တိုက်မိသည့်အတွက် ဘဏ်ရှေ့ကားနှစ်စီးနှင့် ဘဏ်တံခါးများ ပျက်စီးခဲ့ပြီး အတွင်း၌ရှိနေသော ညစောင့်ဝန်ထမ်းနှစ်ဦးအနက်တစ်ဦးမှာ သံတံခါးဖြင့် ရိုက်မိကာ ဦးခေါင်းနှင့် ကျောရိုးထိခိုက်ဒဏ်ရာများရရှိခဲ့၍ မေဓာဝီဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ယင်း မီနီဘတ်စ်ယာဉ်မှာ အောင်မင်္ဂလာအဝေးပြေးဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 16 June 2022
ယူရီးယားမြေဩဇာ ၇၅၀၀၀ တန်ခန့်ကို သက်သာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးသွားလျက်ရှိပြီး ဇွန် ၁၁ ရက်မှစတင်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၁ ခုရှိ မြို့နယ် ၁၃၆ မြို့နယ်မှ အရောင်းဆိုင် ၂၉၁ ဆိုင်တွင် ကြိုက်ရောင်း/ ကြိုက်ဝယ်စနစ်ဖြင့် လက်ငင်းငွေချေ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရပါတယ်။
အဆိုပါဓာတ်မြေဩဇာများကို ဗဟိုဘဏ်မှ ရည်ညွှန်းငွေလဲနှုန်းဖြင့် တိုက်ရိုက်ရောင်းချပေးသည့် နိုင်ငံခြားငွေဖြင့် ပထမအကြိမ် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူး ရောင်းချရေးဦးဆောင်ကော်မတီအနေဖြင့် တောင်သူ လယ်သမားများ စိုက်ပျိုးရေးလုပ်ငန်းခွင်တွင်အသုံးပြုရန် အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီတဲ့ ယူရီးယားမြေဩဇာများ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချနိုင်ရေး စီစဉ်ဆောင်ရွက်လျက် ရှိတယ်လို့ဆိုပါတယ်။
တောင်သူများအနေဖြင့် ယူရီးယားမြေဩဇာများကို သက်ဆိုင်ရာ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ထံမှ ဝယ်ယူခွင့်လက်မှတ်များရယူ၍ မြို့နယ်များရှိ သက်ဆိုင်ရာ အရောင်းဆိုင်များ၌ ထုတ်ပြန်ထားသော ရည်ညွှန်းဈေးနှုန်းများအတိုင်း ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။
တောင်သူများအနေဖြင့် ယူရီးယားမြေဩဇာများကို မြို့နယ်အလိုက် သတ်မှတ်ဖြန့်ဖြူးရောင်းချသည့် အရောင်းဆိုင်များ၌ သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူရရှိမှု မရှိခြင်း၊ သတ်မှတ်စည်းကမ်းများနှင့်ကိုက်ညီပြီး ဝယ်ယူရန် အခက်အခဲရှိခဲ့ပါက သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဖုန်း- ၀၆၇-၄၁၀၀၃၅၊ သမဝါယမဦးစီးဌာန ဖုန်း-၀၆၇-၄၁၀၀၄၀၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဖုန်း-၀၆၇-၄၁၈၆၂၁ နှင့် တိုင်းဒေသကြီး/ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနရုံးများနှင့် မြို့နယ် ဖြန့်ဖြူးရောင်းချရေး ကော်မတီများသို့ ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published - 15 June 2022
ရန်ကုန်အခြေစိုက်အဝေးပြေးကားဂိတ်များ သုံးရက်ပိတ်သည်ဟု သတင်းများထွက်ပေါ်နေသည်မှာ ကောလဟလသာဖြစ်ကြောင်း တော်ဝင်အဆင့်မြင့်ခရီးသည်တင်ယာဥ်လိုင်းမှ သိရသည်။
" အဝေးပြေးကားဂိတ်တွေပိတ်တယ်ဆိုတာ မဟုတ်ပါဘူး။ ကောလဟလတွေပါ။ ကျွန်တော်တို့လည်း အဲ့သတင်းတွေကြားနေရတယ် သုံးရက်ပိတ်တယ်ဆိုပြီး။ အမှားတွေပါ"ဟု တော်ဝင်အဆင့်မြင့် ခရီးသည်တင်ယာဥ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယမန်နေ့ညပိုင်းတွင် ဇွန်လ ၁၆ ရက်မှ ၁၈ရက်အထိ အဝေးပြေးကားဂိတ်များပိတ်သည်ဟု လူမှုကွန်ရက်တွင် သတင်းများပျံ့နေကြောင်း သိရသည်။
"အဝေးပြေးကားဂိတ်တွေ ပိတ်တယ်ဆိုတာမဟုတ်ပါဘူး။ အဲဒီဘက်ကို ခရီးသည်သွားပို့ရမှာဆိုတော့ အစ်ကိုလည်းသေချာအောင် မေးကြည့်ထားတယ်။ မဟုတ်ဘူးဆိုပြီးပြောတယ်။ နောက်နေ့အတွက် လက်မှတ်ကြိုဝယ်သူတွေတောင်ရှိတယ်"ဟု အငှားယာဥ်မောင်း ကိုအောင်ကျော်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအခြေပြု အောင်မင်္ဂလာအဝေးပြေးဝင်းနှင့် ဒဂုံဧရာအဝေးပြေးဝင်းတို့မှ မြန်မာတစ်နိုင်ငံလုံးသို့ ယာဥ်လိုင်းပေါင်း ၃၈၇ လိုင်း ယာဥ်အစီးရေ ၃၇၀၀ ကျော်ဖြင့် နေ့စဥ်ခရီးသည် ၂ သောင်းနီးပါးကို ပို့ဆောင်ပေးနေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#LocalNews
Published - 16 June 2022
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုအဖြစ် မြန်မာနိုင်ငံသစ်သီးဝလံလက်ရှိအခြေအနေဆွေးနွေးပွဲကျင်းပပြီးစီး၍ မြန်မာနိုင်ငံတွင် အစားအသောက်တီထွင်ဆန်းသစ်မှုစင်တာ ကူညီတည်ဆောက်ပေးကာ တရုတ်နိုင်ငံစက်ပစ္စည်းများဖြင့် သရက်သီး၊ နဂါးမောက်သီးစသည့် သတ်မှတ်ထားသောသစ်သီးများ အခြောက်ခံမှုဖြစ်စဉ်သုတေသနလုပ်ဆောင်ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး သစ်သီးဝလံ အချောထည်ပြုပြင်ထုတ်လုပ်ရေးဌာနဝန်ထမ်းများအား နည်းပညာဆိုင်ရာလေ့ကျင့်မှုဆောင်ရွက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးကထုတ်ပြန်လိုက်သည်၊၊
လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ၏ပံ့ပိုးမှုဖြင့် လန်ချန်း-မဲခေါင်ဒေသ သစ်သီးဝလံအချောထည်ပြုပြင်ကာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုမြှင့်တင်ရေး သုတေသနစီမံကိန်းအား ၂၀၂၀ ပြည့်နှစ်မှစ၍ ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်၊၊
တရုတ်နိုင်ငံက အဆိုပါစီမံကိန်းမှတစ်ဆင့် မြန်မာနိုင်ငံသို့ အစားအသောက်ဆန်းသစ်တီထွင်မှုနည်းပညာ မျှဝေပေးခြင်းသည် မြန်မာနိုင်ငံ လယ်ယာထွက်ကုန်များတန်ဖိုးမြှင့်ရေးအတွက် အထောက်အကူပြု၍ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဝင်ငွေတိုးများလာစေကာ သစ်သီးစိုက်တောင်သူများအတွက် လက်တွေ့ကျအကျိုးစီးပွားသယ်ဆောင်လာပေးပြီး မြန်မာနိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအား မြှင့်တင်ပေးကြောင်းသံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊
ymg/tthl
#Yangon_Media_Group
#LocalNews
Published - 15 June 2022
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ တန့်ကြည်တောင်မှာတည်ထားတဲ့ တန့်ကြည်တောင်စေတီတော်ကို ဘုရားဖူးလာတဲ့ကား ပစ်ခတ်ခံရတဲ့ဖြစ်စဉ်ကြောင့် ပြည်တွင်းခရီးသွားလာမှုဟာ ကျဆင်းသွားနိုင်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Page 1562 of 1816