#LocalNews
Published _25 September 2022
သီတင်းကျွတ်ကာလ ဗုဒ္ဓဂယာခရီးသွားမည့်သူများ လေယာဉ်စင်းလုံးငှားရမ်းနိုင်မည်ဖြစ်ကြောင်း မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA ) က သိရသည်။
မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA)အနေဖြင့် ရန်ကုန်- ဗုဒ္ဓဂယာ-ရန်ကုန် စင်းလုံးငှား Charter Flight ခရီးစဉ်ကို အောက်တိုဘာလ ၄ ရက်က စတင်မည်ဖြစ်ပြီး ၂၀၂၃ ခုနှစ် မတ်လကုန်ထိ အပတ်စဉ်အင်္ဂါနေ့နှင့် သောကြာနေ့များတွင် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ပျံသန်းနိုင်ရန် စီစဉ်ထားကြောင်း ၊ယင်းကြောင့် ဗုဒ္ဓဂယာ Charter Flight လေယာဉ်လက်မှတ်များကို ခရီးသွားကုမ္ပဏီတွင် သတ်မှတ်ဈေးနှုန်းတွေအတိုင်း ဝယ်ယူနိုင်ပြီဖြစ်ကြောင်းလည်းသိရသည်။
MNA လေကြောင်းလိုင်းအနေဖြင့် ရန်ကုန်-ဒူဘိုင်း၊ ရန်ကုန် -ကူမင်း လေကြောင်းခရီးစဉ်များကိုလည်း အောက်တိုဘာလကုန်မှစ၍ တစ်ပတ်လျှင် ၃ရက် တိုးချဲ့ပြေးဆွဲပေးသွားရန် စီစဉ်နေကြောင်းလည်း ၊လက်တလောတွင် ရန်ကုန်- မလေးရှားနိုင်ငံ ကွာလာလမ်ပူ ၊ ရန်ကုန်-ဘန်ကောက်၊ရန်ကုန်-စင်္ကာပူ တို့ကိုလည်း ပြေးဆွဲပေးနေကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Published 25 Sept 2022
ရတုစာဆိုအကျော်အမော်ဖြစ်သည့် တောင်ငူဘုရင် နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာမင်းသမီးတို့ အချစ်ဇာတ်ကြောင်း ကို နိုင်ငံရေး၊စစ်ရေးအခင်းအကျင်းတွေနောက်ခံဖြင့် တင်ဆက်ထားတဲ့ “အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို-ငို-ပြော ဇာတ်တော်ကြီးကို စက်တင်ဘာ ၂၄ ရက်က တင်ဆက်ကပြခဲ့ပါတယ်။
မြန်မာ့သမိုင်းမှာ ရတုရေးသားရာ၌ တံခွန်စိုက်ထူခဲ့တဲ့ တောင်ငူဘုရင် နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ မင်းသမီးတို့၏ အချစ်ဇာတ်ကြောင်း၊ ဟံသာဝတီပြည့်ရှင် ဘုရင့်နောင် မင်းတရားကြီး၏ သမီးတော်ဖြစ်သော်လည်း လောကဒဏ်အနိမ့်အမြင့် အတက်အကျတွင် လိုက်ပါခဲ့ရသည့် ရာဇဓာတုကလျာ၏ ရင်နင့်ဖွယ်ရာဖြစ်ရပ်နှင့်အတူ ပဒေသရာဇ်များ၏ အားပြိုင်မှုမှ ဖြစ်ပေါ်လာသော နိုင်ငံရေး၊ စစ်ရေး အခင်းအကျင်းများကို နောက်ခံထား တင်ဆက် ထားတာဖြစ်ပါတယ်။
စစ်ရေးစစ်ရာတွင် ရဲစွမ်းသတ္တိရှိသည်သာမက အနုသုခုမပညာတွင်လည်း လက်ရာ ပြောင်မြောက်ခဲ့သည့် နတ်သျှင်နောင် ဟာ မိမိနိုင်ငံအတွင်း ပြဿနာကို ဖြေရှင်းရန် ကြိုးပမ်းရာ၌ တိုင်းတစ်ပါးသားကို အကြွင်းမဲ့ယုံစား၍ ပူးပေါင်းဆောင်ရွက်မိ တဲ့အတွက် မလှပတဲ့ သမိုင်းနိဂုံးဖြင့် ဇာတ်သိမ်းရသည်ကို သမိုင်းတစ်ကွေ့၏ သတိမူစရာသင်ခန်းစာ ဖြစ်ရပ် တစ်ခုအနေဖြင့် တင်ဆက်ကပြရခြင်းဖြစ်တယ်လို့ တင်ဆက်သူတွေက ပြောပါတယ်။
မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကိုထိန်းသိမ်းစောင့်ရှောက်တဲ့အနေနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်း များနှင့် အနုပညာရှင်များ ပူးပေါင်းပါဝင်၍ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေ တင်ဆက်ထားသည့် အဆိုပါ“အသက်ထက်မြတ်သော ဂုဏ်သိက္ခာ” ဆို ငို ပြော ဇာတ်တော်ကြီးကို စက်တင်ဘာ၂၄ ညပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် သဘင်ဆောင်အတွင်း၌ တင်ဆက်ကပြဖျော်ဖြေခဲ့ရာ နစက ဥက္ကဋ္ဌနှင့် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု အားပေးခဲ့တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇာတ်တော်ကြီးကို မြန်မာ့ရိုးရာအစဉ်အလာ သမားစဉ်နှင့်အညီ ကပြဖျော်ဖြေရာတွင် ဘုရားကန်တော့ခန်း၊ ဇာတ်တော်ကြီးသမားစဉ် အပျိုတော်ထွက်ခန်းနှင့် နှစ်ပါးသွားခန်းတို့ဖြင့် စတင်အစပျိုးခဲ့ပြီး ကပြ ဖျော်ဖြေခဲ့တာဖြစ်ပါတယ်။
အဲဒီနောက် ဘုရင့်နောင် မင်းတရားကြီး ထွက်တော်မူကြီးနှင့် ဓာတုကလျာ ဖွားမြင်ခန်း၊ ဝန်မင်းနှစ်ပါး ဇာတ်ပန္နက်ရိုက် ပြည်တည်ခန်း၊ မင်းရဲနန္ဒမိတ် ညီလာခံခန်း၊ နတ်သျှင်နောင် နောက်ကြောင်းပြန်ခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာတွေ့ဆုံခန်း၊ နတ်သျှင်နောင် ကိုယ်လုံပညာ လေ့ကျင့်ခန်း၊ နတ်သျှင်နောင်မှ ရာဇဓာတုကလျာအား ချစ်ခွင့်ပန်ခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတု ကလျာလက်ထပ်မည့် အကြောင်း ပြည်သူပြည်သားများ ပြောဆိုခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ လက်ထပ်ခန်း၊ နတ်သျှင်နောင်နှင့် ရာဇဓာတုကလျာ သစ္စာတိုင်ခန်းနှင့် ခွဲခွာခန်း၊ နတ်သျှင်နောင်မှ အယုဒ္ဓယတပ်များကို တိုက်ခိုက်ရန် ပြင်ဆင်ခန်း၊ နတ်သျှင်နောင် နောက်ကြောင်းပြန် ဇာတ်လမ်းနိဂုံးချုပ်ခန်း၊ ငဇင်ကာ အမြောက်လက်နက် ပြုလုပ်ခန်း၊ ငဇင်ကာနှင့် အပေါင်းပါများ အစည်းအဝေး ပြုလုပ်ခန်း၊ နတ်သျှင်နောင် နှင့် ငဇင်ကာ တွေ့ဆုံခန်း၊ မင်းရဲနန္ဒမိတ်မှ တပ်မှူး ဗိုလ်မှူးများနှင့် တိုင်ပင်ခန်း၊ မင်းရဲနန္ဒမိတ်မှ သန်လျင်သို့ စစ်ချီခန်း၊ ပေါ်တူကီတပ်များနှင့် အပေါင်းပါ တောင်ငူတပ်များအား အင်းဝတပ်များက တိုက်ခိုက်ခန်း၊ မင်းရဲနန္ဒမိတ်မှ သန်လျင်မြို့အား သိမ်းပိုက် နိုင်ရေး ဥမင်လိုဏ်ခေါင်း ပြုလုပ်ရန် အမိန့်ပေးခန်း၊ အင်းဝတပ်များ သန်လျင်မြို့အား သိမ်းပိုက်နိုင်ရန် ဥမင်လိုဏ်ခေါင်းပြုလုပ်ခန်းနှင့် သန်လျင်မြို့ရိုး ကျိုးပေါက်ခန်း၊ မင်းရဲ နန္ဒမိတ်မှ ငဇင်ကာနှင့် နတ်သျှင်နောင်အား ဖမ်းဆီးခန်း၊ ငဇင်ကာအား စစ်မေးခန်း၊ နတ်သျှင်နောင်အား တရားနှင့်အညီ စီရင်ခန်း၊ နတ်သျှင်နောင်နှင့် ငဇင်ကာအား ကွပ်မျက်ခန်းနှင့် ဇာတ်သိမ်းခန်းတို့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့တာဖြစ်ပါတယ်။
အဆိုပါ ဇာတ်တော်ကြီး တင်ဆက်ကပြဖျော်ဖြေပွဲကို နစကဥက္ကဋ္ဌ၏ ဇနီး ဒေါ်ကြူကြူလှ၊ နစက ကောင်စီဝင်များနှင့် ဇနီးများ၊ ကောင်စီအတွင်းရေးမှူးနှင့်ဇနီး၊ ကောင်စီ တွဲဖက်အတွင်းရေးမှူးနှင့်ဇနီး၊ ပြည်ထောင်စုအဆင့် တာဝန်ရှိပုဂ္ဂိုလ်များနှင့် ဇနီးများ၊ ပြည်ထောင်စုဝန်ကြီးများနှင့်ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာန အသီးသီးမှအရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက်ရောက်ကြည့်ရှု အားပေးခဲကြတယ်လို့သိရှိရပါတယ်။
#ymg/knl
#LocalNews
Published _25 September 2022
မြန်မာ - အိန္ဒိယ နယ်စပ် တမူးမြို့တွင် အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ်တည်ဆောက်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက သိရသည်။
အဆိုပါ တမူးမြို့တွင် အဆင့်မီဘက်ပေါင်းစုံစစ်ဆေးရေးဂိတ် တည်ဆောက်နိုင်ရန် စီမံကိန်း သဘောတူညီချက်ကို စက်တင်ဘာလ ၁၆ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ပြီး အိန္ဒိယနိုင်ငံအစိုးရအကူအညီဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်၊၊
လက်ရှိတွင် အိန္ဒိယနိုင်ငံဘက် မိုးရေးမြို့တွင်လည်း အဆိုပါအဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ်ကို တည်ဆောက်ထားပြီးဖြစ်သောကြောင့် မြန်မာဘက်ရှိ မိုရေး-တမူးနယ်စပ်တွင် အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ် အသစ်တည်ဆောက်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဂိတ်တည်ဆောက်ခြင်းဖြင့် အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံအကြား ကုန်သွယ်မှုနှင့် ပြည်သူများ၏သွားလာရေး အဆင်ပြေချောမွေ့စေမည်ဖြစ်ကြောင်း၊ မိုရေး-တမူး ဂိတ်မှာအိန္ဒိယ-မြန်မာနယ်စပ်တွင် အရေးအကြီးဆုံး တစ်ခုဖြစ်ကြောင်းနှင့် ယခုကဲ့သို့ နှစ်နိုင်ငံနယ်စပ်တွင် အဆင့်မီဘက်ပေါင်းစုံ စစ်ဆေးရေးဂိတ်များတည်ဆောက်ခြင်းကြောင့် နယ်စပ်ကုန်သွယ်ရေးနှင့် ခရီးသွားလာရေးတို့ကို တွန်းအားပေးမှုဖြစ်စေကာ နယ်စပ်ဒေသများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း မြှင့်တင်ပေးရာရောက်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published _25 September 2022
ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး မိုင်တိုင် (၂၁၇/ဝ) ဘေး အနောက်ဖက် ၂ ဖာလုံအကွာရှိ ငလိုက်ကြိုးဝိုင်းအတွင်း တည်ဆောက်ထားသော မြန်မာ့အရှည်ဆုံး တောတွင်းဖြတ်လျှောက်သစ်သားတံတား ကို လေ့လာလည်ပတ်နိုင်ပြီဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန က သိရသည်။
အဆိုပါ ငလိုက်ကြိုးဝိုင်းမှာအကျယ်အဝန်း (၅၇၃)ဧက ကျယ်ဝန်းပြီး ဆင်စားကျက် ဧရိယာ (၂၈၈)ဧက ရှိကြောင်း၊တံတားကို ကျွန်းသစ်လုံးတိုင်ပေါင်း (၉၂၅)တိုင်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ကြောင်းလည်း အဆိုပါဌာန၏ တာဝန်ရှိသူက ပြောသည်။
လာရောက်လည်ပတ်သူများအနေဖြင့် တံတားတစ်လျှောက် သက်ကြီးကျွန်းစိုက်ခင်း၊ အပူပိုင်းထင်ရှူးစိုက်ခင်း၊ ပိတောက်စိုက်ခင်းများ ၊ အထက်ရွက်ပြတ်ရောနှောတောခြောက်အတွင်း ဒေသမျိုးရင်းသစ်ပင်မျိုးများ၊ ဝါးမျိုးစိတ်များစွာ သဘာဝအလျောက် ရှင်သန်ပေါက်ရောက်နေမှုများကို လေ့လာနိုင်မည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် တံတားအဆုံးရှိ ငလိုက်ဆည်ကန်ရေပြင်နှင့် သဘာဝဝါးရိပ် ရှုခင်းများကို အပန်းဖြေခံစားနိုင်မည်ဖြစ်ကာ ဆင်သမားဟင်းလျာများကို ဝယ်ယူစားသောက်နိုင်မည့် စားသောက်ဆိုင်များကိုလည်း ဖွင့်လှစ်ထားရှိကြောင်း၊ပြသထားသည့် ဆင်ပြတိုက်အတွင်း ဆင်အကြောင်း ဗဟုသုတများ၊သစ်စိုက်ခင်းများကိုလည်း လေ့လာနိုင်မည်ဖြစ်ကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။
"ဆင်စာကျွေးတာ၊ တောတွင်း ခရီးတို၊ ခရီးရှည်ကို ဆင်စီးပြီး သွားတာတွေလည်း လုပ်နိုင်တယ်"ဟု ယင်းတာဝန်ရှိသူက ရှင်းပြသည်။
လက်ရှိတွင်ယင်းကြိုးဝိုင်းအတွင်း ဆင်အကောင်ရေ (၂၀)ကို ထိန်းသိမ်းစောင့်ရှောက် မွေးမြူထားကြောင်းလည်း ငလိုက်စခန်းသာ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးစခန်း၏ စာရင်းများအရ သိရသည်။
ymg/mt
#Yangon_Media_Group
Published 25 Sept 2022
မြန်မာနိုင်ငံတွင် ခရိုင်များတိုးချဲ့ဖွဲ့စည်းခဲ့ပြီးနောက် ခရိုင်အချို့တွင် ခရိုင်တရားရုံးများ ဖွင့်လှစ်ခွင့်ပြုတဲ့ အမိန့်တွေကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၇)ရက် ရက်စွဲဖြင့် ထုတ်ပြန်ပေးခဲ့ ကြောင်းသိရှိရပါတယ်။
အဲဒီအမိန့်များအရ အောက်ပါအတိုင်း ခရိုင်တရားရုံး (၂၆ )ရုံးကို တိုးချဲ့ခွင့်ပြုလိုက်တာဖြစ်ပါတယ်။
(၁) ကချင်ပြည်နယ်
(က)တနိုင်းခရိုင်တရားရုံး
(ခ) ချီဖွေခရိုင်တရားရုံး
(၂) ကယားပြည်နယ်
(က) ဒီးမော့ဆို ခရိုင်တရားရုံး
(ခ) မယ်စဲ ခရိုင်တရားရုံး
(၃)ကရင်ပြည်နယ်
(က)ကြာအင်းဆိပ်ကြီး ခရိုင်တရားရုံး
(ခ) သံတောင်ကြီး ခရိုင်တရားရုံး
(၄)ချင်းပြည်နယ်
(က) တီးတိန် ခရိုင်တရားရုံး
(ခ) ပလက်ဝ ခရိုင်တရားရုံး
(၅)စစ်ကိုင်းတိုင်းဒေသကြီး
(က) ရေဦီး ခရိုင်တရားရုံး
(ခ) ဟုမ္မလင်း ခရိုင်တရားရုံး
(ဂ) ကောလင်း ခရိုင်တရားရုံး
(၆) တနင်္သာရီတိုင်းဒေသကြီး
(က) ဘုတ်ပြင်းခရိုင်တရားရုံး
(၇) ပဲခူးတိုင်းဒေသကြီး
(က) ညောင်လေးပင် ခရိုင်တရားရုံး
(ခ) နတ်တလင်း ခရိုင်တရားရုံး
(၈) မကွေးတိုင်းဒေသကြီး
(က) ချောက် ခရိုင်တရားရုံး
(ခ) အောင်လံ ခရိုင်တရားရုံး
(၉) မန္တလေးတိုင်းဒေသကြီး
(က)အမရပူရ ခရိုင်တရားရုံး
(ခ) သပိတ်ကျင်း ခရိုင်တရားရုံး
(ဂ) တံတားဦး ခရိုင်တရားရုံး
(၁၀) နေပြည်တော်
(က) ဥတ္တရ ခရိုင်တရားရုံး
(ခ) ဇေယျာသီရိ ခရိုင်တရားရုံး
(ဂ) ပျဉ်းမနား ခရိုင်တရားရုံး
(၁၁) မွန်ပြည်နယ်
(က) ရေး ခရိုင်တရားရုံး
(ခ) ကျိုက်ထိုခရိုင်တရားရုံး
(၁၂) ရခိုင်ပြည်နယ်
(က) အမ်း ခရိုင်တရားရုံး
(ခ) တောင်ကုတ် ခရိုင်တရားရုံး
အဆိုပါအမိန့်ကြေညာစာများကို အမိန့်ကြေညာစာ အမှတ် ၅၄၃/၂၀၂၂ မှ ၅၅၅/၂၀၂၂ အထိဖြင့် ပြည်ထောင်စု တရားသူကြီးချုပ် ဦးထွန်းထွန်းဦးက လက်မှတ်ရေးထိုး ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
အများစုဟာ တိုးချဲ့ဖွဲ့စည်းလိုက်တဲ့ ခရိုင်အသစ်များအတွက်ဖြစ်ကြပြီး ပြည်ထောင်စုအစိုးရအဖွဲ့က အဆိုပါခရိုင် တရားရုံးတွေရဲ့ ဖွဲ့စည်းပုံကိုအတည်ပြုပေးခဲ့ပြီးနောက် ဖွင့်လှစ်ခွင့်အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
#District_Courts_Myanmar
#ymg/-knl
#Local_News
Published 25 Sept 2022
မြန်မာနိုင်ငံနှင့် ရုရှားနိင်ငံ နှစ်နိုင်ငံအကြား ငါးလုပ်ငန်းနှင့် ရေထွက်ကုန်လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်တစ်ခုကို မကြာသေးမီက ရုရှားနိုင်ငံတွင် လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်။
စက်တင်ဘာ ၂၂ ရက်တွင် ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ရေထွက်ကုန်ပြပွဲ၌ နစကရဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးနှင့် ရုရှားနိုင်ငံ Federal Fishery Agency of Russia အဖွဲ့အကြီးအကဲ Mr.Ilya Shestakov တို့က မြန်မာ- ရုရှားနှစ်နိုင်ငံအကြား ငါးလုပ်ငန်း ပူးပေါင်းဆောင်ရွက်မှု အကျိုးဖြစ်ထွန်းစေမည့်ကိစ္စများအပါအဝင် ရေထွက်ကုန် အကျိုးဖြစ်ထွန်းစေမည့် ကဏ္ဍတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။
လက်မှတ်ရေးထိုးရာမှာ မြန်မာကိုယ်စားလှယ်အဖွဲ့ဝင်များဖြစ်ကြသော ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝေလင်းမောင်၊ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌ ဒေါက်တာတိုးနန္ဒာတင်၊ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလှသန်းနှင့် ရေလုပ်ငန်းဆိုင်ရာ ပုဂ္ဂလိကလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သဘောတူစာချုပ်ထဲမှာ နှစ်နိုင်ငံအကြား ငါးလုပ်ငန်းနှင့် ဆက်စပ်သော ပင်လယ်ပြင် ငါးသယံဇာတတည်ရှိမှု အကဲဖြတ်ဆန်းစစ်ခြင်း၊ ငါးသယံဇာတ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပင်လယ်ပြင်၌ လှောင်အိမ်ဖြင့် ငါးမွေးမြူခြင်း၊ ပင်လယ်ပြင် ရေသယံဇာတ စီမံခန့်ခွဲမှု၊ တရားမဝင်ငါးဖမ်းဆီးမှု တိုက်ဖျက်ရေး၊ ငါးလုပ်ငန်းနှင့် ရေသတ္တဝါ မွေးမြူခြင်းဆိုင်ရာ သတင်းအချက်အလက်များ ဖလှယ်ရေး၊ ရေသတ္တဝါ မွေးမြူရေးလုပ်ငန်းဆိုင်ရာ သုတေသနအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ခိုင်မာရေး၊ ငါးဖမ်းဆီးခြင်းလုပ်ငန်းအတွက် သင်တန်းများပေးခြင်း၊ ဆွေးနွေးခြင်းနှင့် အခြားသော ငါးလုပ်ငန်းဆိုင်ရာ ကဏ္ဍများ၌ အပြန်အလှန်စိတ်ဝင်စားသော နယ်ပယ်များတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ပူးပေါင်းဆောင်ရွက်ခြင်းလုပ်ငန်းတွေ ပါဝင်တယ်လို့ သိရှိရပါတယ်။
ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနိုင်ငံဖယ်ဒရယ် ငါးလုပ်ငန်းအေဂျင်စီ၏ အကြီးအကဲ Mr. Ilya Shestakov ၏ ဖိတ်ကြားချက်အရ စိန့်ပီတာစဘတ်မြို့ St. Petersburg Exhibition and Convention Center ၌ ကျင်းပလျက်ရှိတဲ့ (၅) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ငါးလုပ်ငန်းဖိုရမ်နှင့် ဆက်စပ်လုပ်ငန်းများဆိုင်ရာ ရေလုပ်ငန်းကုန်စည်ပြပွဲသို့ တက်ရောက်လျက်ရှိနေပါတယ်။
Source SAC’s Information
#ymg/knl-
#Myanmar_Russia
#Myanmar_Fishery_Sector
#Federal_Fishery_Agency_of_Russia
#Yangon_Media_Group
#Local_News
Published 25 Sept 2022
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်တွင် ငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့သည် စက်တင်ဘာ ၂၂ ရက် မွန်းလွဲ ၁ နာရီက မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ် ပြင်ဦးလွင်-မန္တလေးသွားကားလမ်း အောင်ချမ်းသာကျေးရွာအနီးတွင် မိုးကုတ်မှ ပြင်ဦးလွင်ဘက်သို့ ထွန်းနိုင်ဦး(ခ)ထွန်းနိုင် မောင်းနှင်ပြီး လှမြင့်လိုက်ပါလာသည့် Canter ၆ ဘီး မော်တော်ယာဉ်ကို သတင်းအရရှာဖွေရာ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဒသမ ၁ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၄၄ ကီလို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ဖမ်းမိသူကို စစ်ဆေးချက်အရ မွန်းလွဲ ၂ နာရီတွင် ပြင်ဦးလွင်မြို့နယ် အောင်ချမ်းသာကျေးရွာတွင် ဘိန်းဖြူများသယ်ဆောင်ရာ၌ ပူးပေါင်းပါဝင်သူ မခင်အေးဝိုင်း (ခ)ခင်ဝိုင်းအား ထပ်မံဖမ်းဆီးရမိခဲ့ပါတယ်။ဖမ်းဆီးရမိသူများထံမှ စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိဘိန်းဖြူတွေကို ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ မန္တလေးတိုင်းဒေသကြီးသို့ သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရတဲ့အတွက် ထိုနှစ်ဦးအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိတယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
Ymg/knl-
#Yangon_Media_Group
Page 1493 of 1977