#Local_News
Published_ 11 May 2023

 

မြန်မာနိုင်ငံက စိုက်ပျိုးထွက်ရှိတဲ့ ပြောင်းဆံတွေ ဝယ်ယူတင်သွင်းဖို့ ကမ်းလှမ်းချက်အပေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့ မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်း တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

 

လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံထံ မြန်မာ့ပြောင်းတန်ချိန် (၂၀၀၀) ကို စမ်းသပ်တင်ပို့ထားပြီး ၎င်းတို့ဘက်က လက်ခံနိုင်တဲ့ အရည်အသွေးအတိုင်း ရောက်ရှိသွားပြီဟု သိရသည်။

 

‘‘စမ်းသပ်တင်ပို့တဲ့ အနေအထားက အောင်မြင်တယ်လို့ ပြောလို့ရတယ်။ အရည်အသွေးကလည်း လက်ခံနိုင်တယ်။ ဆက်ပြီးတော့ ဝယ်မယ်/မဝယ်ဘူး။ ဒီလမ်းကြောင်းအတိုင်းပဲဆက်ပြီး တင်ပို့ရမလားဆိုတာကတော့ဝယ်ယူမယ့် ဘင်္ဂလားဒေ့ရှ်ကုန်သည်ဘက်က တုံ့ပြန်မှုမလာသေးဘူး’’လို့ ပြောသည်။

 

မြန်မာ့ပြောင်းဆံတွေ ဘင်္ဂလားဒေ့ရှ်ဈေးကွက်ကို တင်ပို့ရောင်းချဖို့ ၂၀၂၀ ပြည့်နှစ်ကတည်း စီစဉ်ဆောင်ရွက်ခဲ့ပေမယ့် ကိုဗစ်-၁၉ ကပ်ရောဂါ၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ယခုအခါမှ ပြန်လည်စီစဉ်ရခြင်းလည်း ဖြစ်သည်။

 

လက်ရှိ မြန်မာ့ပြောင်းဆံတွေကို ဒေသတွင်းနိုင်ငံတွေရဲ့ လိုအပ်ချက်ရှိမှုကြောင့် ဝယ်လိုအားရှိနေဆဲဖြစ်ပြီး ဈေးနှုန်းအတက်အကျက ဝယ်လိုအားနဲ့ ရောင်းလိုအားအပေါ်သာ မူတည်နေကြောင်းသိရသည်။

 

လက်ရှိမှာ ဖေဖော်ဝါရီလကစတင်ကာ ပြောင်းဆံတင်ပို့ရောင်းချမှုတွေ ပြုလုပ်နေပြီး ထိုင်းနိုင်ငံက အများဆုံးဝယ်ယူထားကာ တရုတ်၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်စတဲ့ ဒေသတွင်းနိုင်ငံတွေဆီလည်း တင်ပို့ရောင်းချလျက်ရှိနေသည်။

 

#ymg/ppk #Local_News #မြန်မာ့ပြောင်း #ဘင်္ဂလားဒေ့ရှ်
#YMG #Yangon-Media-Group