#Local_News
Published_ 11 May 2023


ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်၊ ဓနိဆိပ်ကျေးရွာအုပ်စု၊ ပိန္နဲကုန်းကျေးရွာရှိ လိမ္မော်ချောင်း(၄)ခွဆုံ၌ ယနေ့မွန်းလွဲပိုင်းက မုန်တိုင်းရှောင်များ လိုက်ပါလာသည့် ငါးဖမ်းစက်လှေနှင့် ခရီးသည်တင်‌ရေယာဉ်လိုင်း စက်လှေတို့ တိုက်မိမှုဖြစ်ပွာခဲ့ကြောင်း ကူညီကယ်ဆယ်ဆောင်ရွက်ပေးခဲ့သည့် ပရဟိတအသင်းထံမှ သိရသည်။

 

မေ ၁၀ ရက်၊ မွန်းလွဲ ၁ နာရီဝန်းကျင်ခန့်တွင် အထက်ပါစက်လှေနှစ်စီးတိုက်မိခဲ့ခြင်းဖြစ်ပြီး ခရီးသည်တင်ရေယာဉ်လိုင်းမှ စက်လှေမှာ နစ်မြှုပ်သွားခဲ့ကြောင်း စုံစမ်းသိရသည်။

 

တိုက်မိခဲ့သည့် စက်လှေနှစ်စီးမှာ လပွတ္တာမြို့နယ်၊ ကိုင်းသောင်ကျေးရွာအုပ်စု၊ ဝါးတောကျေးရွာမှ မုန်တိုင်းရှောင်ဒေသခံ ၇၀ နီးပါးတင်ဆောင်လာခဲ့သည့် ငါးဖမ်းစက်လှေနှင့် ပိန္နဲကုန်းကျေးရွာမှ ဒေသခံ ၆ ဦးတို့အား တင်ဆောင်လာသည့် သိန်းသန်းကြွယ်အမည်ရ ခရီးသည်တင်လိုင်း စက်လှေအသေးတို့ဖြစ်ကြောင်း သိရသည်။

 

"မုန်တိုင်းရှောင်တွေ တင်လာတဲ့ ငါးဖမ်းစက်လှေက လူဝိတ်ပါတော့ ဖြည်းဖြည်းပဲမောင်းလာတာ။ အဲ့တာကို အရှိန်နဲ့မောင်းလာတဲ့ သိန်းသန်းကြွယ် လိုင်းစက်လှေအသေးက ချောင်းဆုံမှာ ဇွတ်ဝင်တိုက်တာ။ လိုင်းစက်လှေလေးက အသေးဆိုတော့ သူဝင်တိုက်ပြီးသူပဲ မြှုပ်သွားတယ်။ ကံကောင်းလို့ လူသေတာမရှိပေမယ့် စားသောက်ကုန်တွေနေမယ်၊ လှေပေါ်ပါလာတဲ့ ကုန်တွေတော့ အကုန်နစ်ကုန်တယ်" ဟု ကူညီဆောင်ရွက်ပေးခဲ့သည့် ပရဟိတအသင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

 

စက်လှေတိုက်သည့်ဖြစ်စဉ်ကြောင့် သိန်းသန်းကြွယ်စက်လှေမှာ နစ်မြှုပ်ခဲ့ပြီး နစ်မြှုပ်ခဲ့သည့် စက်လှေအ‌သေးမှ ခရီးသည်များ သေဆုံးမှုမရှိသော်လည်း လှေပေါ်တွင် တင်ဆောင်လာသည့် ကုန်ပစ္စည်းများ နစ်မြှုပ်‌ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

 

#ymg/ppk #Local_News #လပွတ္တာ #ငါးဖမ်းစက်လှေ #ခရီးတင်စက်လှေနစ်မြှုပ်
#Yangon-Media-Group