#Local_News
Published_ 24 December 2022
Thai Tiger ထိုင်းဘုရင်ဖလားခါးပတ်လုပွဲကို ယနေ့ ဒီဇင်ဘာ ၂၄ ရက်
တွင် မြန်မာနိုင်ငံသား ကယန်းတိုင်းရင်းသူ ဘရော်နီကာနှင့် ဂရိနိုင်ငံသူတို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ယနေ့ ထိုင်းစံတော်ချိန် ညနေ ၆ နာရီအချိန်၌ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ NImibutr အားကစားကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာနိုင်ငံသား ဘရော်နီကာက ယမန်နေ့ ဒီဇင်ဘာ ၂၃ရက်တွင် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာ၌ " လာပြီနော အမျိူးတို့ မနက်ဖြန်ထိုင်းစံတော်ချိန် ညနေ ၆ နာရီပါခင်ဗျ။ Thai Fight YouTube ကနေ Live လွင့်မှာ ဖြစ်ပါတယ် စောင့်မျှော်ကြည့်ရှု့အားပေးကြပါနော် ပြီးတစ်ခုလောက်ထပ်တောင်းဆိုပါရစေ ကိုယ်တိုင်လာရောက်အားပေးတဲ့သူအားလုံး ကျွန်တော်ပွဲပြီးတာနဲ့ ထပ်မပြန်သွားဖို့ ထိုင်းဖိုက်က ကျွန်တော်ကိုတောင်းဆိုခိုင်းပါတယ်ခဗျ အားလုံးကိုကျေးဇူးတင်ပါတယ်" ဟု ရေးသားထားသည်။
ဘရော်နီကာအနေဖြင့် Thai Tiger ပွဲစဉ်များကို ပြီးခဲ့သောအောက်တိုဘာလအတွင်းက ထိုင်းနိုင်ငံဘန်ကောက်၌ ယှဉ်ပြိုင်ထိုးသတ်ကစားခဲ့ရာ ဘရာဇီးနိုင်ငံသူကိုလည်းကောင်း၊ နိုဝင်ဘာလတွင် ယှဉ်ပြိုင်ထိုးသတ်ခဲ့သောပွဲ၌ အာဂျင်တီးနားသူကိုလည်းကောင်း အသီးသီးအလဲထိုးယှဉ်ထိုးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းအတွက် ဗိုလ်လုပွဲသို့ရောက်ရှိကာ ယခု ဒီဇင်ဘာလအတွင်း ဂရိနိုင်ငံသူနှင့်ယှဉ်ပြိာင်ထိုးသတ်ရမည်ဖြစ်ပြီး၊ အဆိုပါ Thai Tiger ပွဲတွင် ၂၅ ပွဲ အနိုင်ရှိထားသူတစ်ဦးလည်း ဖြစ်သည်။
#Yangon_Media_Group
#Local_News
Published_ 24 December 2022
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မမြို့တွင် ယနေ့ ဒီဇင်ဘာ ၂၄ ရက် နံနက်ပိုင်း၌ ဖမ်းဆီးရမိထားသော ဆိုင်ကယ်ပါဝါအိတ်ဇော ၃၅၂ ခုကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း တာချီလိတ် ယာဉ်ထိန်းတပ်ဖွဲ့ရုံးမှ သိရသည်။
တာချီလိတ်တွင် ဆိုင်ကယ်ပါဝါအိတ်ဇောဖွင့်မောင်းနှင်သူများကို မော်တော်ယာဉ်ဥပဒေအရ တရားစွဲဆိုခဲ့ပြီးနောက် ဖမ်းဆီးရမိသည့် ပါဝါအိတ်ဇောများကို ယနေ့တွင် တာလော့ရပ်ကွက် ခရိုင်စုပေါင်းရုံးအရှေ့တွင် အခမ်းအနားဖြင့် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
"ဖမ်းဆီးရမိတဲ့ ဆိုင်ကယ်ပါဝါအိတ်ဇောတွေကို မီးရှို့ဖျက်ဆီးခဲ့တာ မှန်ပါတယ်။ လောလောဆယ် ပြောပေးမယ့်တာဝန်မှူးက ယာဉ်တိုက်မှုတစ်ခုအတွက် သွားရောက်ဆောင်ရွက်နေပါတယ်။ ပြန်လာရင်သတင်းပို့ပေးပါ့မယ်"ဟု ယာဉ်ထိန်းရုံးတာဝန်ခံ ရဲမေတစ်ဦးက ဆိုသည်။
ယနေ့တွင် ဆိုင်ကယ် ပါဝါအိတ်ဇောများကို မီးရှို့ဖျက်ဆီးသည့်အပြင် မြို့တွင်း၌ ဆိုင်ကယ်ဦးထုတ်မပါ မောင်းနှင်သူများအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းအသိပညာပေးကာ" ကြီးမြတ်သောရွှေမြင်း" ဆောက်လုပ်ရေးကုမ္ပဏီမှ လှူဒါန်းသည့် ဆိုင်ကယ်ဦးထုပ် အလုံး ၃၀၀ အား အခမဲ့ပေးဝေခဲ့ကြောင်း သိရသည်။
တာချီလိတ်မြို့သည် ဆိုင်ကယ်မြို့တော်ဟုခေါ်တွင်နိုင်ပြီး၊ ယာဉ်စည်းကမ်း လမ်းဆီးကမ်းဖောက်ဖျက်မှု အများဆုံးမြို့လည်းဖြစ်သည်။
#ymg/myn
#Yangon_Media_Group
#Local_News
Published_ 24 December 2022
အာရှ-ဥရောပရေအောက်ကေဘယ်ဆက်သွယ်ရေးစနစ်သည် ဖျာပုံမြို့ရှိရေအောက်ကေဘယ်စခန်းမှ(၁၁၀)ကီလိုမီတာတွင် ပြတ်တောက်သွားသဖြင့် ပြုပြင်ရေးများဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်၊၊
အဆိုပါ ကေဘယ်ဆက်သွယ်ရေးစနစ်သည် နိုင်ငံတကာဆက်သွယ်ရေးဆက်ကြောင်းဖြစ်ပြီး နိုဝင်ဘာ(၅) ရက်က စတင်ပြတ်တောက်ခဲ့တာဖြစ်ပြီး ဒီဇင်ဘာ(၂၀)ရက်မှ ၂၀၂၃ဇန်နဝါရီ(၁)ရက်အထိ ပြုပြင်ရေးလုပ်ငန်း ဆောင်ရွက်သွားမည်ဖြစ်သည်ဟု ဆိုသည်၊၊
ယင်းပြုပြင်ရေးလုပ်ငန်းများကို ရေအောက်ကေဘယ်ပြုပြင်ရေးသင်္ဘော ASEAN RESTORER ဖြင့် ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်သည်၊၊
ပြုပြင်ရေးလုပ်ငန်းများကို မြောက်လတ္တီတွဒ်(၁၅) ဒီဂရီ၊ (၃၇၀၅၉)မိနစ်၊အရှေ့လောင်ဂျီတွဒ် (၀၉၅)ဒီဂရီ ၊ (၄၆၄၃၇)မိနစ်အတွင်းဆောင်ရွက်မည်ဖြစ်ပြီး ပြုပြင်ရေးလုပ်ငန်းများနှောင့်နှေးကြန့်ကြာခြင်း မရှိအောင်ယင်းတည်နေရာများမှ(၄)ကီလိုမီတာပတ်လည်အတွင်း 'ရေကြောင်းသတိပေးချက် 'ထုတ်ပြန်ကြေညာထားပြီး သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗာန်များ ဖြတ်သန်း သွားလာခြင်း ကျောက်ချနားခြင်း ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်းများ မပြုလုပ်ရန် ငါးလုပ်ငန်းဦးစီးဌာနမှ သတိပေးချက်ထုတ်ပြန်ထားကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published_ 24 December 2022
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် ငွေကျပ် ၁ ဘီလီယံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၆ ဒသမ ၈ သိန်း ဖမ်းဆီးရမိပြီးနောက် ကွင်းဆက်အရဆက်လက်ဖော်ထုတ်ရာ မြဝတီမြို့တွင် မူးယစ်ဆေးဝါးနှင့် လက်နက်/ ခဲယမ်းများ ထပ်မံဖမ်းဆီးရမိခဲ့သည်။
ယင်းဖြစ်စဉ်သည် ယခုရက်သတ္တပတ်အတွင်း စံချိန်တင် ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်ဖြစ်ပြီး၊ ကွင်းဆက်တရားခံများကိုလည်း ဆက်လက်ဖော်ထုတ်ရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သော ဒီဇင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီအချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ မဟာမြိုင်(၂)ရပ်ကွက်၊ ၄၂လမ်းနှင့် ၆၀(c)လမ်းထောင့်တွင် သတင်းအရ ဇွန်ကိုလတ် နှင့် မခင်လဲ့ရည်ဖြိုး(ခ)နန်းမိငယ် တို့အားရှာဖွေရာ လက်ဆွဲအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၁ ဒသမ ၈ သိန်းသိမ်းဆည်းရမိခဲ့ပြီး နံနက် ၁၀ နာရီအချိန် အမရပူရမြို့နယ်၊ မြစ်ငယ်မြို့၊ စာတိုးကျေးရွာရှိ ၎င်းတို့၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၅ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့ကသည်။
ထို့နောက် ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ည ၉ နာရီခွဲအချိန် မြဝတီမြို့၊ အမှတ်(၅)ရပ်ကွက်၊ မြတ်လင်းအေးမြိုင်လမ်းရှိ တည်းခိုခန်းကို ဝင်ရောက်ရှာဖွေရာ စိုင်းလောင်ခမ်း(ခ)ဝမ်ရှီတာ(ခ)ဝတုတ်၊ နေထွန်းလှ(ခ)အိုက်ရင်၊ အောင်ကိုထွေး (ခ)ကိုစိုင်း နှင့် ကျင်ချန်း(ခ)လီကျင်ချန်းတို့ ၄ ဦးအား ပစ္စတိုသေနတ် ၁၉ လက်၊ ၎င်းကျည်အိမ် ၂၄ ခု၊ AK-47 သေနတ် ၁ လက်၊ ၎င်းကျည်အိမ် ၁ ခု၊ 9 MM ကျည် ၁၆ တောင့်နှင့် LEXUS မော်တော်ယာဉ် ၁ စီးတို့အား သိမ်းဆည်းရမိခဲ့သည်။
ဆက်လက် စစ်ဆေးဖော်ထုတ်ချက်အရ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်၊ အောင်ဓနလမ်းရှိ အဟုန်၏ နေအိမ်ကိုဝင်ရောက်ရှာဖွေရာ ရဲထက်ကျော်(ခ)ကျန်ချင်ဟိန်း နှင့် ဟိန်းဆွေ(ခ)ကွမ်ထုန်(ခ)ကတုံး တို့ ၂ ဦးအား အိုက်စ်(မက်သ်အဖက်တမင်း) ၃ ကီလို၊ စိတ်ပြောင်းဆေးဝါး ကက်တမင်း သုညဒသမ ၉ ကီလို၊ ၁၂ ဗို့သေနတ် ၃ လက်၊ ၎င်းကျည်အိမ် ၉ ခု၊ ကာဘိုင် ၄ လက်၊ AK-47 ၉ လက်၊ ၎င်းကျည်အိမ် ၈ ခု၊ ပစ္စတိုသေနတ် ၂ လက်၊ ၎င်းကျည်အိမ် ၄ ခု၊ ပစ္စတိုအသံတိတ်ကိရိယာ ၃ ခု၊ ဆက်စပ်ကိရိယာများနှင့် ကျည်မျိုးစုံ ၂၂၀၀ တောင့်တို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများအား ရှမ်းပြည်နယ်မှ ကရင်ပြည်နယ်၊ မြဝတီမြို့သို့လည်းကောင်း၊ သိမ်းဆည်းရမိ လက်နက်/ခဲယမ်းများအား ကရင်ပြည်နယ်၊ မြဝတီမြို့မှ ရှမ်းပြည်နယ်၊ လားရှိုးမြို့သို့လည်းကောင်း သယ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။
#ymg/myn
#Yangon_Media_Group
#Local_News
Published_24 December 2022
နှစ်နိုင်ငံသဘောတူလက်မှတ်ရေးထိုးထားသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တန်ချိန် ၁ သိန်း ၆ သောင်းကျော် တင်ပို့ထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ ရွှေမဲဆိပ်ကမ်း၌ နှစ်နိုင်ငံအစိုးရချင်း သဘောတူစာချုပ်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဆန်တင်ပို့မှုအခြေအနေအား စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးအောင်နိုင်ဦး ကြည့်ရှုစစ်ဆေးခဲ့ရာတွင် ၎င်းကအထက်ပါအတိုင်း တင်ပြခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းကစတင်ပြီး ဘင်္ဂလားဒေ့ရှ်သို့ ဆန်ဖြူ တန်ချိန် ၂ သိန်း တင်ပို့နေခြင်းဖြစ်ကြောင်း၊ ယင်းအပြင် တင်ပို့ရန်ကျန်ရှိသည့် ဆန်တွေကို သတ်မှတ်ကာလအတွင်း ပြည့်မီအောင် ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
ဘင်္ဂလားဒေ့ရှ်သို့ ရန်ကုန်ဆိပ်ကမ်းနှင့် သီလဝါဆိပ်ကမ်းအပါအဝင် ဧရာဝတီတိုင်း၊ ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းကနေလည်း တင်ပို့နေကြောင်းသိရသည်။ အဆိုပါနိုင်ငံသို့ ဆန်တင်ပို့ခွင့်ခွဲတမ်းကို မြန်မာကုမ္ပဏီ ၃၀ ကျော်ရရှိထားကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_24 December 2022
ပြည်ပနိုင်ငံများမှတစ်ဆင့် ပြည်တွင်းသို့လွှဲအပ်မည့်လုပ်ခလစာများအတွက် နိုင်ငံတော်မှ အပိုဆောင်းငွေအဖြစ် အမေရိကန်တစ်ဒေါ်လာလျှင် ၃၀ ကျပ် ထပ်ဆောင်းပေးအပ်မည်ဖြစ်ပြီး CB Bank မှ ၁၀ ကျပ် ထပ်မံအပိုဆောင်းပေးအပ်မည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။
သင်္ဘောသားလုပ်ခလစာများအပြင် ပြည်ပနိုင်ငံအသီးသီးတွင် သွားရောက်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများမှ နိုင်ငံခြားဘဏ်များအသုံးပြုပြီးလွဲပို့လာသောငွေများအတွက် တစ်ဒေါ်လာလျှင် ၂၈၆၅ ကျပ်နှုန်းထားသတ်မှတ်ပေးထားကြောင်းလည်းသိရသည်။
ပြည်ပနေနိုင်ငံသားများ၏ ပြည်ပတွင်နိုင်ငံခြားငွေဖြင့်ရရှိသော လစာဝင်ငွေသည် နှစ်စဉ်ပြဋ္ဌာန်းသော ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေအရ ဝင်ငွေခွန်ကင်းလွတ်ခွင့်ရရှိပြီး လစာခေါင်းစဉ်မှဝင်ငွေတွင် လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေ၊ လစာနှင့်လုပ်ခအစား သို့မဟုတ် ယင်းတို့အပြင် ထပ်ဆောင်းရရှိသည့် အခကြေးငွေ၊ ကော်မရှင်တို့ ပါဝင်ကြောင်း သိရသည်။
ယင်းကြောင့် ပြည်ပနေနိုင်ငံသားများ၏ ပြည်ပတွင် နိုင်ငံခြားငွေဖြင့်ရရှိသော လစာမှဝင်ငွေကို ပြည်တွင်းသို့ လွှဲပြောင်းရာတွင် ပြည်တွင်း၌ မော်တော်ယာဉ်၊ အိမ်၊ ခြံ၊ မြေ စသည့်အခြေခံပစ္စည်းများ ဝယ်ယူခြင်း၊ တည်ဆောက်ခြင်းနှင့် အစုရှယ်ယာများဝယ်ယူ၊ ထည့်ဝင်ရင်းနှီးမြှုပ်နှံခြင်းတို့ကို ဆောင်ရွက်ရာတွင်တည်ဆဲဝင်ငွေခွန်ဥပဒေအရ ဝင်ငွေခွန်ထပ်မံပေး ဆောင်ရန်မလိုသည့် အခွန်ဆိုင်ရာ အကျိုးခံစားခွင့်ကို ခံစားရရှိမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက အသိပေး ထုတ်ပြန်ထားသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 24 December 2022
တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာလမ်းကြောင်းသစ်ဖြင့် တစ်နှစ်တာအတွင်း ကုန်စည်ပို့ဆောင်မှုပမာဏ (၂၁၈၀၀) တန်ချိန် ပို့ဆောင်နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သိရသည်၊၊
၂၀၂၁ ခုနှစ် သြဂုတ်လတွင် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ် စတင်စမ်းသပ်ပြေးဆွဲမှု အောင်မြင်ခဲ့ပြီး တရုတ်-မြန်မာနှင့် တတိယနိုင်ငံတို့မှ ကုန်စည်များ ပထမဆုံးအကြိမ် နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုနှင့် သယ်ယူပို့ဆောင်မှုကို အကောင်အထည်ဖော်နိုင်ခဲ့ခြင်း ဖြစ်သည်။
တစ်နှစ်တာအတွင်း ရေကြောင်း-ကားလမ်း-ရထားလမ်းပူးတွဲသယ်ယူပို့ဆောင်ရေး အကြိမ် (၂၀) ပြီးမြောက်ခဲ့ပြီး ကုန်စည်ပို့ဆောင်မှုပမာဏ(၂၁၈၀၀) တန်ချိန် ပို့ဆောင်နိုင်ခဲ့ကာ ကုန်စည်တန်ဖိုး ယွမ် (၃၄၈ )သန်း ရှိခဲ့သည် ဟုဆိုသည်၊၊
ဒီဇင်ဘာလ ၂၀ ရက်တွင် တရုတ်-မြန်မာ-အိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ်၏ အကြိမ် (၂၀) မြောက် အထူးကုန်တင်ရထား ပြည်တွင်းပိုင်း သယ်ယူပို့ဆောင်မှုသည် ယူနန်ပြည်နယ် လင်ချန်းမြို့ မုန်တိန် ချင်းရွှေဟော်နယ်စပ်ဂိတ်မှ စတင်ထွက်ခွာ၍ မြန်မာနိုင်ငံသို ဓာတ်မြေသြဇာ တန်ချိန် ၅၅၀ တင်ပို့ခဲ့ပြီး Bonded ပြောင်းဖူး တန်ချိန် ၁၂၀၀ တင်သွင်းခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြပါရှိသည်၊၊
#ymg/tthl
#Yangon_Media_Group
Page 1216 of 1891