#Local_News
Published_ 22 December 2022
အစ်မတော်မြနန်းနွယ်ရဲ့(၁၁၅)ပြည့် မွေးနေ့မင်္ဂလာအခမ်းအနားကို ဗိုလ်တထောင်ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ကြီးမှာ ကျင်းပသွားဖို့ရှိတယ်လို့ ဂေါကပအဖွဲ့ထံမှ သိရပါတယ်၊၊
#Yangon_Media_Group
Published 22 December 2022
မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုတွေရပ်တန့်ပြီး ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်တဲ့ မြန်မာနိုင်ငံနှင့်ပတ်သက်တဲ့ ပထမဆုံးသော ဆုံးဖြတ်ချက်ထဲမှာ တောင်းဆိုထားပါတယ်။
“လုံခြုံရေးကောင်စီက မြန်မာနိုင်ငံတစ်လွှားမှာ အကြမ်းဖက်မှုပုံစံတွေအားလုံး ချက်ခြင်းရပ်တန့်ဖို့နှင့် တင်းမာမှုတွေကို ချုပ်တည်းပြီး အရှိန် လျှော့ချကြဖို့ တောင်းဆိုပါတယ်။ အဲဒီအပြင် မြန်မာစစ်တပ်အနေနှင့် သမ္မတဦးဝင်းမြင့်၊နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တစ်ဖက်သတ်ထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေကို ချက်ခြင်းလွှတ်ပေး ဖို့လည်းတောင်းဆိုပါတယ်” လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာပြည်သူများ၏ဆန္ဒနှင့် အကျိုးစီးပွားနှင့်အညီ ဒီမိုကရေစီ အလေ့အထမျာနှင့်လုပ်ငန်းစဉ်များကိုထိန်းသိမ်းဖို့၊ အပြုသဘောဆောင်သော ဆွေးနွေးမှုများနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးများကို လိုက်ပါဆောင်ရွက်ဖို့ကိုလည်း ကောင်စီက ထပ်မံတောင်းဆိုထားပါတယ်။
အဖွဲ့တွေအားလုံးဟာ လူ့အခွင့်အရေးတွေ၊လွတ်လပ်မှုအခြေခံသဘောတရားတွေ နှင့် တရားဥပဒေစိုးမိုးရေးတွေကို လေးစားလိုက်နာရမယ်လို့လည်း လုံခြုံရေးကောင်စီက တိုက်တွန်းထားပါတယ်။
“ အကျပ်အတည်းကို ငြိမ်းချမ်းတဲ့အဖြေရှာရာမှာ အချက်အခြာကျတဲ့ အာဆီယံအဖွဲ့ကြီးရဲ့ ကဏ္ဍကို အသိအမှတ်ပြုရင်း အာဆီယံဦးဆောင်တဲ့ ယန္တရားနှင့် လုပ်ငန်းစဉ်တွေကို နိုင်ငံတကာအသိုက်အဝန်းက ထောက်ခံအားပေးဖို့ကိုလည်း လုံခြုံရေးကောင်စီက တိုက်တွန်းထားပါတယ်။
အကြမ်းဖက်မှုတွေချက်ခြင်းရပ်တန့်ပြီး အဖွဲ့တွေအားလုံးအကြား အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေလုပ်ဆောင်ဖို့ တောင်းဆိုထားတဲ့ အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ချက်ကို ထိထိရောက်ရောက်ရောက်နှင့် အပြည့်အဝ ချက်ခြင်း အကောင်အထည်ဖော်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ယခုဆုံးဖြတ်ချက်နှင့်ပတ်သက်လို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် သို့မဟုတ် မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဟာ လုံခြုံရေးကောင်စီသို့ ၂၀၂၃ခုနှစ် မတ်၁၅ ရက်နောက်ဆုံးထားပြီး နှုတ်ဖြင့်အစီရင်ခံဖို့ကိုလည်း လုံခြုံရေးကောင်စီက မေတ္တာရပ်ခံထားပါတယ်။
အပြည့်အဝပါဝင်တဲ့ ဆွေးနွေးမှုတွေတိုးမြှင့်ရေးအပေ် အာရုံစိုက်မှုနှင့်အတူ မြန်မာနိုင်ငံမှာရှိတဲ့ သက်ဆိုင်တဲ့အဖွဲ့တွေ အားလုံးနှင့် ကျယ်ပြန့်စွာ စေ့စပ်ဆောင်ရွက်ဖို့ အာဆီယံအထူးသံတမန်ရဲ့ ကြိုးစားအားထုတ်မှုတွေကို ထောက်ခံတယ်လို့လုံခြုံရေးကောင်စီကထပ်လောင်းပြောကြားပါတယ်။
အဲဒီအပြင် အာဆီယံသံတမန်ရဲ့ ကုလသမဂ္ဂအထူးသံတမန်နှင့် အနီးကပ်ပူးဆောင်ဆောင်ရွက်မှုကို အားပေးပြိး မြန်မာနိုင်ငံက အဖွဲ့တွေအားလုံးဟာ နိုင်ငံရဲ့ပြည်သူများရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေရှာဖို့ ဆွေးနွေးပွဲစတင်နိုင်ရန် အဆိုပါသံတမန်တွေနှင့် အပြုသဘော အလုပ်လုပ်ကြဖို့ကိုလည်း တောင်းဆိုထားပါတယ်။
လူသားချင်းညှာတာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို အပြည့်အဝနှင့် အဟန့်အတားမဲ့ပေးပို့နိုင်ရေး လိုအပ်ပြီး မြန်မာနိုင်ငံက ပြည်သူအားလုံးသို့ လူသားချင်းညှာတာထောက်ထားမှုဆိုင်ရာ အကူအညီတွေတိုးမြှင့်ပေးအပ်ဖို့ လိုအပ်မှုအပေါ် ကောင်စီက အလေးပေးတယ်လို့ သတင်းထုတ်ပြန်ထားထားပါတယ်။
လူသားချင်းအကူအညီပေးရေးနှင့် ဆေးဝါးဆိုင်ရာ လူပုဂ္ဂိုလ်တွေရဲ့ လုံခြုံဘေးအန္တရာယ်ကင်းရေး ကို အပြည့်အဝကာကွယ်ဖို့ အသေအချာလုပ်ဆောင်ဖို့လည်းတိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်ရဲ့ အကျပ်အတည်း အကြောင်းရင်းဇာစ်မြစ်ကို ကိုင်တွယ်ဖို့လိုအပ်ပြီး ရိုဟင်ဂျာ(ဘင်္ဂလီ) ဒုက္ခသည်တွေ နှင့် ပြည်တွင်း ရွှေ့ပြောင်းဒုက္ခသည်တွေ မိမိဆန္ဒအရ အန္တရာယ်ကင်းစွာ ပြန်လာနိုင်ရေးအတွက် လိုအပ်တဲ့ အခြေအနေတွေ ဖန်တီးပေးဖို့ကိုလည်း ကောင်စီက မီးမောင်းထိုးပြပါတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။သက်ဆိုင်တဲ့ အဖွဲ့တွေအကြား ရိုဟင်ဂျာ (ဘင်္ဂလီ) တွေရင်ဆိုင်နေရတဲ့ ပြဿနာတွေကူညီဖြေရှင်းဖို့ သံတမန် ရေးရာကြိုးပမ်းအားထုတ်မှုတွေကို ကောင်စီက အားပေးတယ်လို့လည်း ဖော်ပြထားပါတယ်။
လုံခြုံရေးကောင်စီရဲ့ မြန်မာနိုင်ငံအပေါ် ဆုံးဖြတ်ချက်မူကြမ်းကို အဖွဲ့ဝင် (၁၅)နိုင်ငံအနက် (၁၂)နိုင်ငံက ထောက်ခံမဲပေးခဲ့ကြပြီး ကျန်(၃)နိုင်ငံဖြစ်တဲ့ တရုတ်၊ရုရှားနှင့် အိန္ဒိယတို့က မဲမပေးဘဲနေခဲ့ကြပါတယ်။
ယခုဆုံးဖြတ်ချက်အတွက် စက်တင်ဘာလကတည်းက အဖွဲ့ဝင်နိုင်ငံတွေအကြား စေ့စပ်ညှိနှိုင်းခဲ့ကြပါတယ်။ မူရင်း မူကြမ်းထဲမှာ“မြန်မာနိုင်ငံသို့ လက်နက်များလွှဲပြောင်းပေးမှုရပ်တန့်ဖို့နှင့် ပိတ်ဆို့အရေးယူမှုတွေနှင့်ခြိမ်းခြောက်ထားတဲ့” စာသားတွေကို ဖယ်ထုတ်ပေးခဲ့ရတယ်လို့ ရိုက်တာက သတင်းရေးသားပါတယ်။
“ဒီကနေ့ ကျွန်မတို့က စစ်တပ်ကို ခိုင်မာတဲ့ သတင်းစကားပေးပို့ခဲ့တာဖြစ်တယ်။ဒါဟာ သံသယဖြစ်စရာကိုမရှိဘူး။ ဒီဆုံးဖြတ်ချက်ကို အပြည့်အဝေအကောင်အထည်ဖော်လိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်တယ်။ မြန်မာပြည်သူတွေကိုလည်း သူတို့ရဲ့အခွင့်အရေးတွေ၊ဆန္ဒတွေနှင့် အကျိုးစီးပွားတွေနှင့်ကိုက်ညီတဲ့ တိုးတက်မှုကို ကျွန်မတို့ ရှာဖွေကြိုးပမ်းနေတယ်ဆိုတာကိုလည်း ရှင်းလင်းတဲ့ သတင်းစကားပါးလိုက်တာဖြစ်တယ်” လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ် ဘာဘရာဝုဒ်လန်းက ပြောပါတယ်။
ယခုဆုံးဖြတ်ချက်ကိုကြိုဆိုလိုက်ပေမယ့် ဆုံးဖြတ်ချက်ဟာ လုံလောက်မှုမရှိဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရောဘတ် အေ ဝုဒ်က ဝေဖန်ပြောဆိုပါတယ်။ လုံခြုံရေး ကောင်စီအနေနှင့် အာဆီယံရဲ့ ဘုံသဘောတူညီချက်(၅)ချက် အကောင်အထည်ဖော်ရာမှာ နောက်ထပ်နည်းလမ်းတွေ ရှာဖွေဖို့ အခွင့်အရေးတစ်ခုအဖြစ် ဒါကို အသုံးပြုရမယ်လို့လည်း သူကပြောပါတယ်။
မဲမပေးဘဲနေခဲ့ကြတဲ့ တရုတ်၊ရုရှားနှင့် အိန္ဒိယနိုင်ငံတို့ရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးတွေကလည်း သူတို့ ဘာကြောင့် မဲမပေးခဲ့ကြတာနှင့်ပတ်သက်ပြီး ကောင်စီမှာ ပြောဆိုခဲ့ကြပါတယ်။
ကောင်စီ ဥက္ကဋ္ဌရဲ့ထုတ်ပြန်ကြေညာချက်တစ်ခုအဖြစ်သာ ဆောင်ရွက်ခြင်းက ပိုသင့်တော်လိမ့်မယ်လို့ ကုလသမဂ္ဂဆိုင်ရာ တရုတ်သ့အမတ်ကြီး ကျန်းဂျွန်က ပြောပါတယ်။ မူကြမ်းစာထဲမှာ မျှတမှု အားနည်းနေတယ်လို့လည်း သူက ဝေဖန်ပါတယ်။
အဲဒါကြောင့် တရုတ်ဟာ မဲမပေးဘဲနေခဲ့တာလို့ သူကပြောပါတယ်။
‘မြန်မာပြဿနာကို အမြန်ဖြေရှင်းလို့မရဘူး။ ပဋိပက္ခရဲ့အဖြေဟာ မြန်မာနိုင်ငံကိုယ်၌အပေါ်မှာပဲမှီတည်နေတယ်။ မြန်မာ အာဏာပိုင်တွေက အကျဉ်းသားတွေအများကြီးလွှတ်ပေးခဲ့တာကိုလည်း အသိအမှတ်ပြုအားပေးသင့်တယ်” လို့ သူက ပြောပါတယ်။
မြန်မာနှင့်ဆက်စပ်တဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အာဆီယံဟာ တမူထူးတဲ့ အားသာချက်ရှိတယ်လို့ သူက အသားပေးပြောပါတယ်။ အဲဒါကြောင့် နိုင်ငံတကာအသိုက်အဝန်းဟာ အာဆီယံရဲ့အမြင်ကိုနားထောင်သင့်တယ်၊ သူတို့ရဲ့ ခေါင်းဆောင်မှုကိုအားပေးသင့်တယ်။ အဖွဲ့ကြီးကိုအချိန်ပေးသင့်ပြီး ဘုံသဘောတူညီချက်တည်ဆောက်မယ့်နေရာလွတ် တစ်ခုပေးသင့်တယ်လို့လည်းသူကပြောပါတယ်။ သူက မြန်မာနိုင်ငံနှင့်ရင်းနှီးချစ်ကြည်တဲ့ တရုတ်မူဝါဒကို ထပ်လောင်း ပြောကြားပြီး အာဆီယံနှင့်ယင်းရဲ့ဘုံသဘောတူညီချက်တွေကိုထောက်ခံအားပေးတယ်လို့ပြောပါတယ်။
မြန်မာနိုင်ငံဟာနိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးအပေါ် ခြိမ်းခြောက်မှုတစ်ခုအဖြစ် ကိုယ်စားမပြုတဲ့အတွက် မဲမပေးဘဲ နေခဲ့တာလို့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီး ဗက်ဆီလီ အေ နီဘင်ဇီယာကပြောပါတယ်။ မူကြမ်းစာဟာ လူ့အခွင့်အရေးတွေကို အဓိက စူးစိုက်ထားတယ်။ အဲဒါကြောင့် တတိယကော်မတီ(လူမှုရေး၊လူသားချင်း ဆိုင်ရာနှင့် ယဉ်ကျေးမှု)ဟာ ပိုပြီးဆွေးနွေး သင့်တဲ့ဖိုရမ်ဖြစ်သင့်တယ်လို့လည်းသူကပြောပါတယ်။
ဆုံးဖြတ်ချက်ကို မျှတမှုရှိအောင်ပြင်ဆင်ဖို့ သဘောတူညီမှုမရှိခဲ့ကြတဲ့ ဒီဆုံးဖြတ်ချက်မူကြမ်းကိုစတင်ပြီး ကမက ထပြုခဲ့ကြတဲ့ အဖွဲ့ဝင်တွေရဲ့လုပ်ရပ်တွေကို သူက မကျေနပ်ကြောင်းဖော်ပြ ပြောဆိုခဲ့ပါတယ်။ နိင်ငံတွေဟာ စစ်အစိုးရရဲ့ မူဝါဒတွေအပေါ် အမြင်မတူကြတာကို သူက အသိအမှတ်ပြုပေမယ့် ကောင်စီအဖွဲ့ဝင်နိုင်ငံတွေဟာ မြေပြင်က အခြေအနေတွေ မတည်မငြိမ်ဖြစ်စေအောင်နှင့် အာဆီယံရဲ့ကြိုးပမ်းအားထုတ်မှုကို ဟန့်သွားအောင်မလုပ်သင့်ဘူးလို့ ရုရှားသံအမတ်ကြီးကဆက်လက်ပြောဆိုပါတယ်။ မြန်မာနိုင်ငံက နိုင်ငံရေးအင်အားစုအားလုံး သည်းခံချုပ်တည်းကြဖို့ သူက တောင်းဆိုလိုက်ပါတယ် ၂၀၂၃မှာ ပါလီမန်ရွေးကောက်ပွဲကျင်းပဖို့အမြင်နှင့် မြန်မာစစ်တပ်ကအခြေခံဥပဒေအရ နိုင်ငံ့အရေးပေါ်အခြေအနေအတွက် ယာယီ အချိန်ဇယားတစ်ခုကို ကတိကဝတ်ပြုပြီးဖြစ်တယ်လို့ သူကထောက်ပြ ပြောဆိုပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ အားလုံးသဘောတူညီတဲ့ဆုံးဖြတ်ချက်တစ်ခုမဟုတ်ကြောင်းထောက်ပြပြောဆိုပြီး အဲဒါကြောင့် ရုရှားအနေနှင့် ဆုံးဖြတ်ချက်ကို မပိတ်ဆို့ဖို့ ဆုံးဖြတ်ခဲ့တာြဖစ်ကြောင်းကိုလည်း ရုရှားသံအမတ်ကြီးက ပြောဆိုပါတယ်။ ကောင်စီရဲ့ အစီအစဉ်ထဲမှာ ရခိုင်ပြည်နယ်အခြေအနေတစ်ခုပဲပါဝင်သင့်တယ်လို့လည်း သူကဆက်လက်ဝေဖန် ပြောဆိုပါတယ်။
အိန္ဒိယဟာ မြန်မာနှင့် ရှည်လျားတဲ့နယ်စပ်ရှိနေပြီး သူ့ပြည်သူတွေနှင့်လည်း ရှည်လျားတဲ့ သမိုင်းကြောင်းနှင့်ယဉ်ကျေးမှု ဆက်နွယ်မှုတွေရှိနေတာဖြစ်တယ်လို့ လုံခြုံရေးကောင်စီရဲ့ ဒီဇင်ဘာလ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ကုလသမဂ္ဂဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး ရူချီယာကမ်ဘော့ချ်က ပြောပါတယ်။
အဲဒါကြောင့် အဲဒီနိုင်ငံရဲ့ ဘယ်လိုမတည်ငြိမ်မှုမျိုးမဆို အိန္ဒိယကို တိုက်ရိုက်အကျိူးသက်ရောက်မှုရှိနေတယ်။ လက်ရှိ အကျပ်အတည်းကို ဖြေရှင်းတာဟာ အမျိုးသားလုံခြုံရေးကိစ္စဖြစ်တယ်။ မြန်မာပြည်သူတွေရဲ့ ကောင်းကျိုးချမ်းသာဟာ အိန္ဒိယရဲ့ ဦးစားပေးဖြစ်တယ်။ အဲဒါကြောင့် မြန်မာနိုင်ငံရဲ့ ရှုပ်ထွေးတဲ့အခြေအနေတွေက တိတ်တဆိတ်နှင့် စိတ်ရှည်တဲ့ သံခင်းတမန်ခင်းကို တောင်းဆိုနေတာဖြစ်တယ်လို့ သူမကပြောပါတယ်။
အခြားသောနည်းလမ်းတွေက မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတွေကို ကူညီဖြေရှင်းပေးနိုင်မှာမဟုတ်ဘူးလို့ သံအမတ် ကြီးက ပြောပါတယ်။ ကောင်စီရဲ့ဆုံးဖြတ်ချက်ဟာ အဖွဲ့တွေကို အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေဖို့လုပ်လာနိုင်စေဖို့ ထက် အလျော့မပေးကြတဲ့ ရပ်တည်ချက်တွေကို ပိုပြီးအမြစ်တွယ်သွားစေနိုင်တယ်လို့လည်း သူမကဝေဖန်ပါတယ်။
ပါဝင်ပတ်သက်တဲ့အဖွဲ့တွေအားလုံး ရန်လိုစိတ်တွေချက်ခြင်းရပ်တန့်ကြဖို့၊ အစွန်းရောက်နေတဲ့ရပ်တည်ချက်တွေကို စွန့်လွှတ်ကြဖို့နှင့် ဒီမိုကရေစီပြန်ရောက်အောင် အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ဦးစီးဦးရွက်ဆောင်ရွက်ကြဖို့ လုံခြုံရေးကောင်စီအလှည့်ကျဥက္ကဋ္ဌ အိန္ဒိယသံအမတ်ကြီးကပြောဆိုပါတယ်။
အဲဒါကြောင့် နိုင်ငံရေးခေါင်းဆောင်တွေကိုလွှတ်ပေးသင့်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေပြန်လည်ခွင့်ပြုသင့်တယ်လို့ သံအမတ်ကြီးက အလေးပေးပြောဆိုပါတယ်။ ကောင်စီရဲ့အရေးယူဆောင်ရွက်မှုအပေါ် ဂရုတစ်စိုက်နှင့် ချင့်ချိန်ဆောင်ရွက်ရေး အရေးကြီးတယ်လို့လည်း သူမကဖြည့်စွက်ပြောပါတယ်။
မြန်မာနိင်ငံရဲ့မတည်ငြိမ်မှုကို အများဆုံး အကျိုးဆက်ခံစားရမယ့် အိမ်နီးချင်းနိုင်ငံတွေရဲ့ အကျိုးစီးပွားကိုလည်း လုံခြုံရေးကောင်စီက ထည့်သွင်းစဉ်းစားဖို့ သူမက ကောင်စီကိုတောင်းဆိုလိုက်ပါတယ်။
ဒီစိုးရိမ်ပူပန်မှုတွေကြောင့် သူမရဲ့ကိုယ်စားလှယ်အဖွဲ့ဟာ မဲမပေးဖို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်တယ်လို့ သူမကပြောပါတယ်။
Source: UNSC ၏ သတင်းထုတ်ပြန်ချက်/Reuters
#UNSC_Myanmar_Resolution
#Myanmar_Politics
#Myanmar_Crisis
#Local_News
Published 22 December 2022
ကရင်တိုင်းရင်းသားများ အနေဖြင့် ပညာနှင့်ယှဉ်သောသတ္တိ၊ မေတ္တာနှင့်ယှဉ်သော ရဲရင့်ခြင်း၊ မွန်မြတ်သည့် ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် နိုင်ငံတော်အတွက် ညီညီညွတ်ညွတ်ဖြင့် လက်တွဲပူးပေါင်း ဖော်ဆောင်ကြရန် နှစ်သစ်ကူးအခါသမယတွင် အလေးအနက် ဖိတ်ခေါ်လိုကြောင်း နစက ဥက္ကဌက ပြောသည်။
ဒီဇင်ဘာလ ၂၂ ရက်တွင် ကျရောက်သော ကရင်အမျိုးသား နှစ်သစ်ကူးနေ့ထူးနေ့အတွက် ပေးပို့သောသဝဏ်လွှာမိန့်ခွန်းတွင် နစက ဥက္ကဌက အထက်ပါအတိုင်း ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။
"ယနေ့အချိန်အခါသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက နိုင်ငံတာဝန်အရပ်ရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏အခြေခံမူများဖြစ်သော ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဦးတည်ချက်(၉)ရပ်တို့ကိုချမှတ်လျက် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးရေးကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းလုပ်ဆောင်လျက်ရှိပါသည်။ ကရင် တိုင်းရင်းသားများ အနေဖြင့်လည်း ပညာနှင့်ယှဉ်သောသတ္တိ၊ မေတ္တာနှင့်ယှဉ်သော ရဲရင့်ခြင်း၊ မွန်မြတ်သည့် ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် နိုင်ငံတော်အတွက် ညီညီညွတ်ညွတ်ဖြင့် လက်တွဲပူးပေါင်းဖော်ဆောင်ကြရန် နှစ်သစ်ကူးအခါသမယတွင် အလေးအနက် ဖိတ်ခေါ်လိုပါသည်။"ဟု ယင်းက အဆိုပါ သဝဏ်လွှမိန့်ခွန်းတွင် ထည့်သွင်းပြောကြားထားသည်။
ယင်းအပြင် မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် ကရင်တိုင်းရင်းသားများနှင့် အနယ်နယ်အရပ်ရပ်ရှိ ကရင်တိုင်းရင်းသား ညီအစ်ကိုမောင်နှမများ အားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်းများနှင့်အတူ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို သားစဉ်မြေးဆက် လက်ဆင့်ကမ်းထိန်းသိမ်း စောင့်ရှောက်သွားကြရန်နှင့် လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာသည်နှင့်အမျှ တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုရိုးရာဓလေ့ ထုံးစံများမှာလည်း လျော့နည်းတိမ်ကောပပျောက်မှုများ ဖြစ်လာနိုင်သဖြင့် အလေးထားထိန်းသိမ်းကြရန်လည်း နစက ဥက္ကဌက ထည့်သွင်း တိုက်တွန်းထားသည်။
#ymg/myn
#Yangon_Media_Group
#Local_News
Published _ 22 December 2022
ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့၏ ရဟတ်ယာဉ်အမှုများကို လာမည့်တစ်ပတ်တွင် အပြီးသတ်လျှောက်လဲချက်ပေးမည် ဖြစ်ကြောင်းတရားရုံးနှင့် နီးစပ်သူများထံမှ သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက် နှင့် ရက် ၂၀ တို့တွင် သက်သေများ အားလုံးစစ်ဆေးပြီး ဖြစ်သောကြောင့် လာမည့် ဒီဇင်ဘာလ ၂၆ ရက် ၊တနင်္လာနေ့တွင် အပြီးသတ်လျှောက်လဲရတော့မည် ဖြစ်ကြောင်းအဆိုပါ နီးစပ်သူက ပြောသည်။
"ဒီတစ်ပတ် တနင်္လာနေ့က ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူကို စစ်ဆေးဖို့ ကျန်နေသေးတာတွေအတွက် စစ်ဆေးတယ်။ အင်္ဂါနေ့က ဦးမင်းထက်ကို စစ်တယ်၊ ပြီးသွားပြီ။ ဒါကြောင့် လာမယ့်တစ်ပတ်မှာ အပြီးသတ်လျှောက်လဲချက် ပေးမှာ ဖြစ်တယ်"ဟု ယင်းက ဆိုသည်။
ဦးဝင်းမြင့်နှင့်ဒေါ်အောင်ဆန်းစုကြည်တို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ နေပြည်တော်၊ ဘုရားကုန်း မြို့မရဲစခန်းတွင် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၃၀ ရက် ရက်စွဲဖြင့် ပထမသတင်းပေး တိုင်ကြားချက်ဖွင့်လှစ်ခဲ့ကာ ရဟတ်ယာဉ် နှင့်ပတ်သက်၍ ရာဇဝတ်ကြီးအမှုအမှတ် ၄၆ ၊ ၄၇ ၊ ၄၈ ၊ ၄၉ နှင့် ၅၀ တိုဖြင့် တရားစွဲဆိုခဲ့ခြင်းလည်း ဖြစ်သည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 22 December 2022
၂၀၂၂ အာဆီယံချန်ပီယံရှစ် (AFF Mitsubishi Electric Cup 2022 )အုပ်စုပွဲစဉ် ကစားရန်အတွက် မြန်မာကိုယ်စားပြုလက်ရွေးစင်ဘောလုံးအသင်သည် ယနေ့ ဒီဇင်ဘာ ၂၂ ရက် မွန်းလွဲပိုင်းတွင် စင်ကာပူနိုင်ငံသို့ရောက်ရှိခဲ့ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အသိပေးထုတ်ပြန်ထားသည်။
မြန်မာလက်ရွေးစင်အသင်းသည် စင်ကာပူလက်ရွေးစင်အသင်းနှင့် ဒီဇင်ဘာ ၂၄ ရက် မြန်မာစံတော်ချိန် ညနေ ၄နာရီ မိနစ် ၃၀ အချိန်တွင် စင်ကာပူနိုင်ငံ Jalan Besar Stadium တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
ယှဉ်ပြိုင်ကစားမှုကို SKY NET Sports HD, SKY NET Sport 4 Channel တို့မှတဆင့် Live ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
ပြီးခဲ့သော ဒီဇင်ဘာ ၂၁ ရက်တွင် မြန်မာ့လက်ရွေးစင်အမျိုးသားအသင်းနှင့် မလေးရှားလက်ရွေးစင်အမျိုးသားအသင်းတို့သည် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြသည်။
#MYN/ YMG
#Yangon_Media_Group
#Local_News
Published_ 22 December 2022
မန္တလေး-လားရှိုး လမ်းပိုင်းရှိ ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် ခရီးစဉ် RBE ရထားများ ပြေးဆွဲမှုကို ယနေ့ ဒီဇင်ဘာလ ၂၂ ရက် ကရင်နှစ်သစ်ကူးနေ့တွင် စတင်ခဲ့ကြောင်း မြန်မာ့ မီးရထားက သိရသည်။
မန္တလေး- လားရှိုးလမ်းပိုင်းရှိ ပြင်ဦးလွင်-ဂုတ်ထိပ် အပိုင်းတွင် ပြည်တွင်းမှ ခရီးသွားလာမည့် ပြည်သူများ၊ နိုင်ငံခြားသားခရီးသွားလာသူများအနေဖြင့် သမိုင်းဝင်ဂုတ်ထိပ်တံတားကြီးကို လေ့လာကြည့်ရှုနိုင်ရန်၊ လမ်းခရီးရှိရေမြေတောတောင် သဘာဝရှုခင်းများ လေ့လာကြည့်ရှုနိုင်ရန်၊ ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့် ဒေသန္တရဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ ပြေးဆွဲပေးခြင်း ဖြစ်ကြောင်းလည်း သိရသည်။
ယင်းရထားသည် ပြင်ဦးလွင်ဘူတာမှ နံနက် ၈ နာရီခွဲတွင် ထွက်ခွာ၍ ဂုတ်ထိပ်ဘူတာသို့ မွန်းလွဲ ၁ နာရီတွင် ရောက်ရှိမည်ဖြစ်ကာ ဂုတ်ထိပ်ဘူတာမှ မွန်းလွဲ ၂ နာရီတွင် ပြန်လည်ထွက်ခွာပြီး ပြင်ဦးလွင်ဘူတာသို့ ညနေ ၅ နာရီခွဲတွင် ပြန်လည်ရောက်ရှိမည်ဖြစ်ကြောင်း ၊ ခရီးစဉ်တွင် ခရီးသည် ၄၀ ဦး လိုက်ပါစီးနင်းနိုင်မည်ဖြစ်ပြီး ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်၊ နောင်ချိုဘူတာတို့တွင် ရပ်တန့်ပေးမည်ဖြစ်ကာ တစ်ဦးလျှင် ခရီးစဉ် အစအဆုံး ငွေကျပ်၃၅၀၀ နှုန်းဖြင့် ပြေးဆွဲပေးခြင်း ဖြစ်ကြောင်းလည်း မြန်မာ့မီးရထား၏ မှတ်တမ်းများအရ သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_ 22 December 2022
လျှပ်စစ်ရထားပြေးဆွဲနိုင်မည့် အခွင့်အလမ်းများရှိသော်လည်း လျှပ်စစ်ထုတ်ယူနိုင်မှုမအောင်မြင်သေးကြောင်း ဒီဇင်ဘာလ ၂၁ ရက် က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာ့မီးရထား၊ စက်ခေါင်းစက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများအား နစက ဥက္ကဌက သွားရောက်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံအသီးသီး၌ စက်သုံးဆီဈေးနှုန်းမြင့်တက်မှုများကို ကြုံတွေ့နေကြရသောကြောင့် စက်သုံးဆီတင် သွင်းနေရမှုများကို လျှော့ချနိုင်ရေးအတွက် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် လျှပ်စစ်စွမ်းအင်သုံး ပို့ဆောင်ရေးယာဉ်များကို ပြောင်းလဲအသုံးပြုနိုင်ရေး ဆောင်ရွက် နိုင်ရန်လိုအပ်ကြောင်းလည်း ယင်းက ဆိုသည်။
မြန်မာနိုင်ငံအနေဖြင့် လျှပ်စစ်ရထားပြေးဆွဲနိုင်မည့် အခွင့်အလမ်းများ များစွာရှိပြီး ဖြစ်သော်လည်း နိုင်ငံတွင်း၌ရှိသည့် သယံဇာတရင်းမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မည့် အခြေအနေများမှာ အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှု မရှိခဲ့ကြောင်း၊ နိုင်ငံရေးအရ အားပြိုင်မှုများ၊ သွေးထိုးလှုံဆော်မှုများကြောင့် နိုင်ငံ့အတွက် အကျိုးရှိမည့် စီမံကိန်းများဆောင်ရွက်နေမှုကို ကန့်ကွက်နေမှုများအပေါ် စဉ်းစားဆောင်ရွက်ကြစေလိုကြောင်း၊ သို့သော်လည်း လက်ရှိအချိန်၌ လျှပ်စစ်ဓာတ်အား လုံလောက်စွာ ထုတ်လုပ်သုံးစွဲနိုင်ရေး လုပ်ဆောင်နေသောကြောင့် လျှပ်စစ်ဓာတ်အားသုံး ရထားစက်ခေါင်းတွဲများ အသုံးပြုနိုင်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ထားရန် ယင်းက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
ရထားပို့ဆောင်ရေး စနစ်ကို ယခုထက် ပိုမိုလျှင်မြန်စွာ သွားလာနိုင်သည့်အဆင့်ထိရောက်ရှိစေရန် ရထားလမ်းများ အဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေရန်၊ ရထားတွဲ၊ စက်ခေါင်းတွဲ၊ လူစီးတွဲ၊ ကုန်တင်တွဲများကိုလည်း အမြဲကောင်းမွန်စေရေး ထိန်းသိမ်းဆောင်ရွက်နေရန် နစက ဥက္ကဌက ပြောသည်။
မြန်မာနိုင်ငံတွင် ရထားအသုံးပြုမှုမှာ နှစ်ပေါင်း ၁၅၀ ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ကာ အင်းစိန်ရထားစက်ခေါင်းစက်ရုံတည်ဆောက်မှုမှာ နှစ်ပေါင်း ၁၀၀ ကျော်ခန့် ရှိပြီ ဖြစ်သောကြောင့် ယင်းအတွေ့အကြုံများကို အသုံးချ၍ နိုင်ငံအတွင်း မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်ရန်လိုအပ်ပြီး ယင်းမှတစ်ဆင့် လျှပ်စစ် ဓာတ်အား အသုံးပြု မီးရထားစက်ခေါင်းများကို ထုတ်လုပ်နိုင်ရန် မီးရထား စက်ခေါင်း နည်းပညာများကို ယခုထက် တိုးတက်စေရန် လုပ်ဆောင်ရမည် ဖြစ်ကြောင်းလည်း နစက ဥက္ကဌက ဆိုသည်။
#ymg/mt
#Yangon_Media_Group
Page 1220 of 1891