#Local_News
Published - 4 April-2023
မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် ပွဲတော်ကာလတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချရန် သိုလှောင်ထားရှိသော ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်နှင့် မရမ်းကုန်းတို့တွင် ငွေကျပ်၃ဒသမ၂ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၂သိန်းကို ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဗဟိုက သိရသည်။
စိတ်ကြွရူးသွပ်ဆေးပြားများ သိုလှောင် ထားရှိကာ ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သတင်းရရှိသဖြင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်ဆောင်ရွက်ရာ မတ်လ ၃၀ ရက် မွန်းလွဲ ၃ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၁)ရပ်ကွက်၊ ကန်လမ်းရှိ ဟိုတယ်အနီးတွင် တင်မောင်သန်း နှင့် အောင်သူတို့ ၂ ဦးအား SURF မော်တော်ယာဉ် တစ်စီး၊ စိတ်ကြွရူးသွပ်ဆေးပြား ၁ သိန်းနှင့်အတူ စတင်ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။
ထို့နောက် စစ်ဆေးမှုများအရ ညနေ ၄ နာရီအချိန် မရမ်းကုန်းမြို့နယ်၊ (၄)ရပ်ကွက်ရှိ အောင်သူ၏နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၁ သိန်း ထပ်မံသိမ်းဆည်းရမိခဲ့ သဖြင့် စုစုပေါင်းဒေသကာလတန်ဖိုးငွေကျပ် ၃ ဒသမ ၂ ဘီလီယံတန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၂ သိန်း၊ အလေးချိန်(၃၂၀)ကီလိုခန့် ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်းသိရသည်။
စစ်ဆေးချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ် ဆေးပြားများအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ဆောင်ပြီး မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန် ပွဲတော်ကာလတွင် လူငယ်များအား ဖြန့်ဖြူးရောင်းချမည်ဖြစ်ကြောင်း သိရှိရ၍ ၎င်းတို့အား ဥပဒေအရအရေးယူထားပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်းလည်းသိရသည်။
#ymg/mt
#Local_News #သင်္ကြန်ကာလ #စိတ်ကြွရူးသွပ်ဆေး #ရန်ကုန်တွင်ဖမ်းမိ
#YMG #Yangon_Media_Group
#Local_News
Published_ 4 April 2023
အိန္ဒိယနိုင်ငံသို့ ဗုဒ္ဓဂယာဘုရားဖူးသူများနှင့် အိန္ဒိယနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် သွားရောက်မည့်သူများအနေဖြင့် လေဆိပ်တွင် မိမိတို့ယူဆောင်လာသည့် အမေရိကန်ဒေါ်လာ ငွေကြေးပမာဏာကို တရားဝင်ကြေညာရမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ကြေညာထားသည်။
ယခုအခါအိန္ဒိယနိုင်ငံသို့ဗုဒ္ဓဂယာဘုရားဖူးသူများဟာ ယူဆောင်လာသည့်နိုင်ငံခြားငွေများကို တရားဝင်ကြေညာခြင်းမရှိသည့်အတွက် အမေရိကန်ဒေါ်လာ လက်ဝယ်တွေ့ရှိသူများအား စစ်ဆေးခြင်း၊နိုင်ငံခြားငွေများသိမ်းဆည်းခြင်း၊ဖမ်းဆီးထိမ်းသိန်းသည့်ဖြစ်စဉ်များဖြစ်ပွားနေကြောင်းသိရသည်။
အိန္ဒိယနိုင်ငံ၏ဥပဒေအရ ခရီးသည်များအနေဖြင့် တားမြစ်ပစ္စည်းများ၊အကောက်ခွန်ပစ္စည်းများနှင့် သတ်မှတ်အခွန်ကင်းလွတ်ခွင့်ထက်ကျော်လွန်သည့်ပစ္စည်းများပါရှိသည့်ခရီးများဟာ တရားဝင်ကြေညာပုံစံ ကိုမဖြစ်မနေဖြည့်သွင်းရမှာဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံသို့ဝင်ရောက်မည့် မြန်မာနိုင်ငံသားများအနေဖြင့် အသေးစိတ်အချက်အလတ်များသိရှိလိုပါက
https:/www.cbic.gov.in/resources/htdocs-cbeb/baggage-rule.pdf
တွင်ဝင်ရောက်ကြည့်ရူနိုင်ကြောင်းထုတ်ပြန်ထားသည်။
ymg/ynzw
#Local_News #ဗုဒ္ဓဂယာဘုရားဖူး #အိန္ဒိယနိုင်ငံ #မေရိကန်ဒေါ်လာ #မြန်မာနိုင်ငံသား #YMG #Yangon_Media_Group
#Local_News
Published_ 4 April 2023
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် တောင်ပြို လက်ဝဲနှင့် ငါးခူရစခန်းနှစ်ခုတွင် ဝန်ထမ်းများနှင့် ဆက်စပ်ဌာနများမှ ဝန်ထမ်းများအား လုပ်ငန်းသုံးပစ္စည်းများနှင့် အတူ တာဝန်ချထားပြီး ပြန်လည်လက်ခံရေး စီမံချက်နှင့်အညီ ပြန်လည်လက်ခံရန် အသင့်ရှိနေပြီ ဖြစ်ကြောင်းလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန က သိရသည်။
ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူ အိမ်ထောင်စု လူဦးရေစာရင်းများ အနက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကုန်အထိ စိစစ်ပြီး မြန်မာနိုင်ငံတွင် နေထိုင်ကြောင်း အထောက်အထား တွေ့ရှိသူ ၅၆၀၀၀ ကျော်၊ ပြည်ထဲရေးဝန်ကြီးဌာန၏ အကြမ်းဖက်စာရင်းတွင် ပါဝင်သူ ၉၀၀ ခန့်၊ မြန်မာနိုင်ငံတွင် နေထိုင်ခဲ့ကြောင်း အထောက်အထား မတွေ့ရှိသူ ၃၀၀၀၀ ကျော် စုစုပေါင်းလူဦးရေ ၈၇၀၀၀ ကျော်ကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် သံတမန်လမ်းကြောင်းဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပေးပို့အကြောင်း ပြန်ကြားခဲ့ပြီး ယင်းအထဲမှ နှစ်နိုင်ငံ ညှိနှိုင်းချက်အရ ပြန်လည်လက်ခံရေး လုပ်ငန်းများကို Pilot Project ဖြင့် ဆောင်ရွက်နိုင်ရန် အိမ်ထောင်စု ၂၀၀ ကျော်၊ လူဦးရေ ၇၀၀ ကျော်ကို ပြန်လည်လက်ခံရန် သဘောတူထားကြောင်း သိရသည်။
သို့သော်လည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ Pilot Project ဖြင့် ပြန်လည်လက်ခံရန် လျာထားသူ ၇၀၀ ကျော်အပြင် ၎င်းတို့၏ ဆက်စပ်မိသားစုဝင် ၄၀၀ ကျော်၏ စာရင်းပါ ထပ်တိုး၍ သံတမန်လမ်းကြောင်းမှတစ်ဆင့် ပေးပို့လာပြန်သည့်အတွက် စိစစ်အတည်ပြုရန်ကျန်ရှိသည့် ဆက်စပ်မိသားစုဝင် ၄၀၀ ကျော်ကို မျက်မြင်တွေ့ဆုံမေးမြန်း စိစစ်နိုင်ရန် မျက်မြင်စစ်ဆေး ရေးအဖွဲ့ ဖွဲ့စည်း၍ ပြီးခဲ့သည့် မတ် ၁၅ ရက်မှ ၂၁ ရက်အထိ မောင်တောမှတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တက္ကနပ်မြို့ သို့ သွားရောက် တွေ့ဆုံ မေးမြန်းစိစစ်ခဲ့သေးကြောင်း သိရသည်။
စစ်ဆေးတွေ့ရှိချက်အရ နှစ်နိုင်ငံ သဘောတူညီချက် (၅)ရပ်နှင့် ကိုက်ညီသဖြင့် လက်ခံနိုင်သူများ ရှိသကဲ့သို့ ပြန်လည်သုံးသပ်ရာ အတည်ပြုရမည့်သူများလည်း ရှိနေသည်ကို တွေ့ရှိရသောကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေး ကော်မတီ ၊ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီသို့ ဆက်လက်တင်ပြ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း ၊
ယင်းအပြင် ယခင်ကပင် စိစစ်အတည်ပြုပြီးဖြစ်သည့် ဟိန္ဒူဘာသာဝင် ၃၀၀ ကျော်ကိုလည်း ဒုတိယအကြိမ် Pilot Project တွင် ပြန်လည်လက်ခံရန် လျာထားကြောင်း အဆိုပါ ဝန်ကြီးဌာနက သိရသည်။
ymg/mt
#ရခိုင်ပြည်နယ် #နေရပ်စွန့်ခွာသူများ #တောင်ပြိုလက်ဝဲနှင့် ငါးခူရစခန်းနှစ်ခု
#YMG #Yangon_Media_Group
#World_News
Published 4 April 2023
အမေရိကန်သမ္မတဟောင်း'ဒေါ်နယ်ထရမ့်'အနေနဲ့ အပြာကားမင်းသမီး'စတော်မီဒန်နီယယ်စ်'ထံ နှုတ်ပိတ်ခဒေါ်လာ ၁၃၀,၀၀၀ ပေးခဲ့ခြင်းအပေါ် သက်ဆိုင်ရာမှ စုံစမ်းမှုများပြုလုပ်ပြီးနောက် တရားစွဲဆိုချက်များကိုရင်ဆိုင်ရန် ကိုယ်ပိုင်လေယာဉ်ဖြင့် ဧပြီ ၃ ရက်နေ့က နယူးယော့ခ်မြို့သို့ရောက်ရှိလာပါတယ်။
သူတို့နှစ်ယောက် ၂၀၀၆ ခုနှစ်တုန်းက လိက်ခ်တာဟိုးဟိုတယ်မှာ အတူနေခဲ့တဲ့အကြောင်း နှုတ်ပိတ်နေဖို့ အခကြေးငွေလက်ခံရရှိခဲ့တယ်လို့ ဒန်နီယယ်စ်က ပြောကြားခဲ့ပေမယ့် ထရမ့်ကတော့ သူနဲ့ဘာမှမပတ်သက်ခဲ့ဘူးလို့ ငြင်းဆိုထားပါတယ်။
ရာဇဝတ်မှုဖြင့်စွဲချက်တင်ခံရတဲ့ ပထမဆုံးအမေရိကန်သမ္မတဟောင်းဖြစ်လာပြီး အဆိုပါအမှုကို အင်္ဂါနေ့မှာ တရားဝင်တရားစွဲဆိုသွားမှာဖြစ်ပါတယ်။
ရှေ့နေရုံးချုပ်မှာ အမှုရင်ဆိုင်သွားရမှာဖြစ်ပြီး အပြစ်မရှိကြောင်းဝန်ခံဖို့အတွက် တရားသူကြီးရှေ့မှောက်မှာ လက်ဗွေနှိပ်ရဖွယ်ရှိနေပါတယ်။
ထရမ့်က ဖလော်ရီဒါကနေရောက်လာပြီး ညနေ ၄ နာရီ ၁၅ မိနစ်မတိုင်မီမှာ လုံခြုံရေးတင်းကျပ်စွာဖြင့် ထရမ့်တာဝါထဲသို့ဝင်သွားကာ ထောက်ခံသူများကို လက်ပြနှုတ်ဆက်ခဲ့ပါတယ်။
တရားခုခံပိုင်ခွင့်အတွက် ထရမ့်က ကော်လာဖြူရာဇဝတ်မှုဆိုင်ရာရှေ့နေဖြစ်သူနဲ့ ပြည်ထောင်စုအစိုးရရှေ့နေဟောင်းဖြစ်သူ 'တော့ဒ်ဘလန့်ချ်'ကို ငှားရမ်းထားကြောင်း ရိုက်တာသတင်းဌာနတင်ပြချက်အရ သိရပါတယ်။
တရားစီရင်မှုအတွင်း ဗီဒီယိုရိုက်ကူးခြင်း၊ ဓာတ်ပုံရိုက်ခြင်း၊ ရေဒီယိုဖမ်းယူထုတ်လွှင့်ခြင်းတို့ ခွင့်မပြုပေးဖို့ ဘလန့်ချ်နဲ့ ထရမ့်ရှေ့နေများက တရားသူကြီးကိုတိုက်တွန်းလိုက်ပါတယ်။
ထရမ့်တာဝါနဲ့ မန်ဟက်တန်အောက်ပိုင်းရှိတရားရုံးတို့မှာ ရဲတပ်ဖွဲ့က လုံခြုံရေးအကာအရံများ လျှို့ဝှက်အေးဂျင့်များထားရှိကာ အဆင်သင့်စောင့်ကြပ်ထားပါတယ်။
နယူးယော့ခ်မြို့တော်ဝန် 'အဲရစ်အဒမ်စ်'က အကြမ်းဖက်ဆန္ဒပြတဲ့မည်သူမဆို အဖမ်းခံရမှာဖြစ်ပြီး ဘယ်သူပဲဖြစ်နေဖြစ်နေ ဖမ်းဆီးထိန်းသိမ်းခံရမယ်လို့ သတိပေးထားပါတယ်။
ဒီမြို့ကိုလာမယ့်လူတွေထဲမှာ အကြမ်းဖက်ချင်တဲ့သူတွေရှိနေနိုင်ပြီး ထိုသူတွေအနေနဲ့ ထိန်းထိန်းသိမ်းသိမ်းနေရန် ပြတ်သားစွာအသိပေးထားတယ်လို့ အဒမ်စ်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
၂၀၂၄ မှာ ရွေးကောက်ပွဲပြန်ပါဝင်လာဖို့ရည်ရွယ်နေတဲ့ ထရမ့်ကတော့ ပြည်နယ်နဲ့ဖက်ဒရယ်အဆင့် ရာဇဝတ်စုံစမ်းစစ်ဆေးမှုများစွာကို ရင်ဆိုင်နေရတာဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးမှုတွေထဲမှာ ၂၀၂၀ ရွေးကောက်ပွဲရှုံးနိမ့်မှုကို ပြောင်းလဲရန်ကြိုးပမ်းခြင်း၊ အဆင့်မြင့်စာရွက်စာတမ်းများ လက်ဝယ်ထားရှိခြင်း၊ ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့ အမေရိကန်ကပ်ပီတိုလ် လွှတ်တော်အဆောက်အအုံဝင်ရောက်စီးနင်းမှုမှာ ပါဝင်ပတ်သက်နေနိုင်ခြင်းတို့ ပါဝင်နေပါတယ်။
Source: WION
#World_News #ရာဇဝတ်မှု #ဒေါ်နယ်ထရမ့် #အမှုရင်ဆိုင်ရန်နယူးယော့ခ်သို့ရောက်ရှိလာ #YMG#Yangon_Media_Group
#Local_News
Published_ 4 April 2023
သုဝဏ္ဏဘောလုံးကွင်းရှေ့ ယာဉ်တိမ်းမှောက်မှုတွင် နောင်ဝေလွင်(ခေါ်) MC Naung Naungကွယ်လွန်သွားကြောင်းMedical လူငယ်များလူမှုကူညီရေးအသင်းမှသိရသည်၊၊
"ယာဉ်တိမ်းမှောက်ရာမှာ ကျားနှစ်ဦးကွယ်လွန်ပါတယ်၊၊ကွယ်လွန်သူတွေက အမည်ရင်းနောင်ဝေလွင် အသက်(၂၈)နှစ်ကွယ်လွန်သွားပါတယ်၊၊
MC Naung Naungလို့တော့သိရတယ်၊၊သူ့မိသားစုဝင်တွေကိုဆက်သွယ်လို့ မရသေးဘူး၊၊ကျန်တစ်ယောက်က မိုးယံမင်းပြည့် (ယာဉ်မောင်း)လည်းဆုံးတယ်၊၊
ကျန်(မ)တစ်ယောက်ကတော့ဆေးရုံမှာကုသမှုခံယူနေပါတယ်"ဟုMedical လူငယ်များလူမှုကူညီရေးအသင်းဥက္ကဌကပြောသည်၊၊
ရန်ကုန်တိုင်းဒေသကြီး ၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ)သုမင်္ဂလာရပ်ကွက်၊ ဝေဇယန္တာလမ်းမပေါ်၊ သုဝဏ္ဏဘောလုံးအားကစားကွင်းရှေ့တွင် ဧပြီလ ၃ ရက် ည ၁၁ ခွဲခန့်က ယာဉ်တိမ်းမှောက်မှု တစ်ခုဖြစ်ပွားခဲ့ရာနှစ်ဦးသေပြီး တစ်ဦး ဒဏ်ရာ ပြင်းထန်ကြောင်း သိရသည်။
အခင်းဖြစ်ရာနေရာသို့ သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက် ဆောင်ရွက်ပေးခဲ့ကြောင်း၊ ယင်းသေဆုံးသူနှင့်ဒဏ်ရာရသူတို့ကို Medical လူငယ်များလူမှုကူညီရေးအသင်း၊ ရန်ကင်းပရဟိတ လူငယ်အသင်းနှင့် ရွှေရောင်တွဲလက် လူမူကူညီရေးအသင်းတို့မှ လူနာတင်ယာဉ်များဖြင့် သင်္ဃန်းကျွန်းပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ymg/tthl
#Local_News #သုဝဏ္ဏဘောလုံးကွင်းရှေ့ယာဉ်တိမ်းမှောက်မှု
#YMG #Yangon_Media_Group
#Local_News
Published_ 4 April 2023
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander Vasilievich Fomin အား နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သီရိပျံချီ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို ဧပြီ(၃)ရက်က လက်ရောက်ချီးမြှင့်အပ်နှင်းခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး က စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်လက်ခံရရှိခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတစ်ဦးတည်း၏ စွမ်းဆောင်မှုကြောင့် ယခု ကဲ့သို့ ဆုချီးမြှင့်ခံရခြင်းမဟုတ်ဘဲ အားလုံး၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ရရှိခဲ့ ခြင်းဖြစ်သည်ဟု ခံယူထားပါကြောင်း၊ မိမိအနေဖြင့် ရရှိပြီးဖြစ်သည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများနှင့် ဆက်ဆံမှုများကို ပိုမိုတိုးမြှင့်ခိုင်မာစေရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း နှင့် ယခုချီးမြှင့်ခံရသည့် စွမ်းဆောင်မှုဆိုင်ရာ ဂုဏ် ထူးဆောင်ဘွဲ့တံဆိပ်နှင့် ထိုက်တန်သည့် ကြိုးစားဆောင်ရွက်မှုများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့နှစ်နိုင်ငံ၏ သံတမန်ဆက်ဆံမှုသည် ၇၅ နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ မကြာမီကျရောက်တော့မည့် မြန်မာနိုင်ငံ၏ နှစ်သစ်ကူး အခါသမယမှစ၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးသည် အဆွေ တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ဦးဆောင်မှု အောက်တွင် အောင်မြင်မှုများ၊ ဖွံ့ဖြိုးတိုးတက်မှုများစွာကို ဆက်လက်ရရှိပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင် ကလည်း မိမိအနေဖြင့် ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးအား စွမ်းဆောင်မှု ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်သည့် သီရိပျံချီ ဘွဲ့တံဆိပ်နှင့် အဆောင်အယောင်ကို ချီးမြှင့်ပေးအပ်နိုင်သည့်အတွက် များစွာ ဝမ်းမြောက်မိပါကြောင်း၊ သီရိပျံချီဘွဲ့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ ကောင်းရာကောင်းကျိုး ဖြစ်ထွန်းစေရေး ထူးကဲ ကောင်းမွန်စွာ ဆောင်ရွက်သူများကို ပေးအပ်ချီးမြှင့်သည့် ဘွဲ့တံဆိပ်တစ်ခုဖြစ်ပါ ကြောင်း၊ အဆွေတော်အနေဖြင့် မိမိတို့ မြန်မာနိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားများ၏ အကျိုးစီးပွား၊ မြန်မာ့တပ်မတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီ ဆောင်ရွက်ပေးခဲ့သည့်အပြင် ရုရှား-မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူး ပေါင်းဆောင်ရွက်မှုများကို ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်ပေးခဲ့သည့်အတွက် ယခုကဲ့သို့ စွမ်းဆောင်မှုဆိုင်ရာ ဘွဲ့တံဆိပ်ကို ချီးမြှင့်ပေးအပ်ရခြင်းဖြစ်ပါကြောင်း၊ အဆွေတော်၏ ကြိုးစားအားထုတ်မှုများကြောင့် မိမိတို့နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုအမြင့်ဆုံး အခြေအနေသို့ ရောက်ရှိခဲ့ရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်းသတင်းထုတ်ပြန်ချက်မှာဖော်ပြထားသည်။
#Local_News #ရုရှားကာကွယ်ရေးဝန်ကြီးဌာန #ဒုတိယဝန်ကြီးColonel General Alexander Vasilievich Fomin #သီရိပျံချီ ဘွဲ့တံဆိပ်နှင့်အဆောင်အယောင်ချီးမြှင့် #YMG#Yangon_Media_Group
#Local_News
Published_ 4 April 2023
ငွေလွှဲ လုပ်ငန်းလုပ်ကိုင်သူက ငွေလာလွှဲသူကို သတ်၍ ငွေသိန်း ၂၀၀ နှင့် ဆိုင်ကယ်တို့ကို ယူဆောင်ထွက်ပြေးမှု မန္တလေးတွင် ဧပြီလ ၂ ရက်က ဖြစ်ပွားခဲ့ကြောင်း သိရသည်။
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ မေဃဂီရိရပ်ကွက်၊ ၁၈ နှင့် ၁၉ လမ်းကြားနှင့် ၈၀ နှင့် ၈၁ လမ်းကြားရှိ နေအိမ်တစ်လုံး၌ အိမ်ငှားနေထိုင်ကာ အွန်လိုင်းငွေလွှဲလုပ်ကိုင်သူ အမျိုးသားထံသို့ ငွေလွှဲရန် အမျိုးသမီးတစ်ဦး လာရောက်ခဲ့ပြီးငွေလဲလှယ်နေစဉ် အဆိုပါ အမျိုးသားက ယင်း အမျိုးသမီး ကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတ်ဖြတ်မှုကို ကျူးလွန်သူ က အမျိုးသမီး၏ လည်ပင်းကို ကြိုးဖြင့်ပတ်ကာ သတ်ဖြတ်ပြီးနောက် ငွေကျပ်သိန်း ၂၀၀ နှင့် စနူပီအမျိုးအစား မော်တော်ဆိုင်ကယ်တို့ကို ယူဆောင်ကာ ထွက်ပြေးသွားကြောင်း ၊လက်ရှိတွင် ဖမ်းဆီးရမိခြင်း မရှိသေးကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
အသတ်ခံရသည့် အမျိုးသမီးမှာ အသက် ၃၇ နှစ်ခန့်အရွယ် ရှိသူဖြစ်ပြီး အောင်မြေသာစံမြို့နယ်၊ဥပုသ်တော်ရပ်ကွက် ၌ နေထိုင်သူဖြစ်ကြောင်း၊လည်ပင်းပြတ်ရှဒဏ်ရာ၊လက်ဝဲဘက်ပါးပေါက်ပြဲဒဏ်ရာများဖြင့် သေဆုံးသွားကြောင်းလည်း သိရသည်။
ymg/mt
#Local_News #ငွေလာလွှဲသူကိုသတ်မှု #မန္တလေး #ငွေသိန်း၂၀၀နှင့်ဆိုင်ကယ် တို့ကိုယူဆောင်ထွက်ပြေး #YMG #Yangon_Media_Group
Page 1038 of 1896