Published 4 April 2023
မြန်မာနှင့်လာအိုအကြား လျှပ်စစ်ဓာတ်အားဝယ်ယူရောင်းချရေးအတွက် နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း စီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် ကျိုင်းတုံမြို့အထိ လည်းကောင်း၊ ၂၀၂၆ ခုနှစ်တွင် မိတ္ထီလာမြို့အထိလည်းကောင်း ရောက်ရှိနိုင်မယ် လို့ မြန်မာနစက လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ပြောပါတယ်။
ဧပြီလ(၃)ရက်နေ့က နေပြည်တော်မှာကျင်းပတဲ့ မြန်မာနှင့်လာအိုနှစ်နိုင်ငံအကြားပြုလုပ်တဲ့ လျှပ်စစ်စွမ်းအားပူးပေါင်း ဆောင်ရွက်ခြင်းဆိုင်ရာ အခမ်းအနားတစ်ခုမှာ ပြည်ထောင်စုဝန်ကြီးဦးသောင်းဟန်က ပြောကြားခဲ့တာဖြစ်ပါတယ်။
အဲဒီအတွက် မြန်မာ - လာအို လျှပ်စစ်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ပြင်ဆင်ချက်လက်မှတ်ရေးထိုးခြင်း အခမ်းအနားနှင့် နယ်စပ်ဖြတ်ကျော် ဓာတ်အားလိုင်းစီမံကိန်း ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုပြုလုပ်ရန် Consortium of PISASAI Energy and Mine Investment Pte. Ltd. and Primus Sapphire Power Company Limited သို့ ပေးအပ်မည့် Notice to Proceed (NTP) လက်မှတ်ရေးထိုးခြင်း အခမ်းအနားများကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ Jasmine Nay Pyi Taw Hotel ၌ ကျင်းပခဲ့တာဖြစ်ပါတယ်။
မြန်မာ - လာအို နှစ်နိုင်ငံတို့သည် အာဆီယံနှင့် ဂျီအမ်အက်စ်အဖွဲ့ဝင် အိမ်နီးချင်းနိုင်ငံများဖြစ်ပြီး ဒေသတွင်းဆိုင်ရာ ကိစ္စရပ်များတွင် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက် တွင် လက်မှတ်ရေးထိုးခဲ့သည့် နားလည်မှုစာချွန်လွှာ၏ ငါးနှစ်တာကာလအတွင်း PISASAI and Mine Investment Pte. Ltd. and Primus Sapphire Power Company Limited တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နှစ်နိုင်ငံဓာတ်အားကွန်ရက်ချိတ်ဆက်၍ လျှပ်စစ်ဓာတ်အား ပို့လွှတ်/ ရောင်းချနိုင်ရေး စီမံကိန်းအတွက် သိသာထင်ရှားသည့် လုပ်ငန်းတိုးတက်မှုများ လုပ်ဆောင်နိုင်ခဲ့ပါကြောင်းနှင့် နှစ်နိုင်ငံဓာတ်အား ဝယ်ယူ/ရောင်းချရေးတွင် ကုမ္ပဏီနှစ်ခုအပြင် အစိုးရ များအနေဖြင့်လည်း နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန် လိုအပ်တယ်လို့ အဆိုပါအခမ်းအနားသို့တက်ရောက်လာတဲ့ နစကအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေး နှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားခဲ့ပါတယ်။
ယနေ့အခမ်း အနားတွင် မြန်မာ - လာအို လျှပ်စစ်ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာအား နောက်ထပ် ငါးနှစ်သက်တမ်း တိုးမြှင့်ခြင်းဖြင့် နှစ်နိုင်ငံအကြား လျှပ်စစ်ဓာတ်အား (၆၀၀) မဂ္ဂါဝပ်အထိ သွယ်တန်းနိုင်ရေး စီမံကိန်းများဆိုင်ရာ ဖြစ်မြောက်နိုင်စွမ်း လေ့လာခြင်းနှင့် မဲခေါင်မြစ် ရေအားလျှပ်စစ်စီမံကိန်းများ၊ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းများ ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါကြောင်း၊ စီမံကိန်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အဆင့်ဆင့်ကို ဆက်လက်ဆောင်ရွက်ပြီး နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော်ဓာတ်အားလိုင်း စီမံကိန်းကို ၂၀၂၄ ခုနှစ်တွင် ကျိုင်းတုံမြို့အထိ လည်းကောင်း၊ ၂၀၂၆ ခုနှစ်တွင် မိတ္ထီလာမြို့အထိလည်းကောင်း ရောက်ရှိနိုင်မည်ဖြစ်၍ မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား တိုးတက်ရရှိရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်ပါကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ကလည်း အသိပေးပြောကြားခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခမ်းအနားသို့ တက်ရောက်လာတဲ့ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ စွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီးမစ္စတာ ဖိုစေးစရာစုံကလည်း လာအိုနိုင်ငံ ဗီယင် ကျန်းမြို့တွင် ကျင်းပခဲ့သည့် (၅) ကြိမ်မြောက် Joint Working Committee (JWC) အစည်းအဝေးနှင့် (၆)ကြိမ်မြောက် Joint Working Group (JWG) အစည်းအဝေးများမှနေ၍ မြန်မာ - လာအို လျှပ်စစ် ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာအား နောက်ထပ် ငါးနှစ်သက်တမ်းတိုးမြှင့်ရန် သဘောတူညီခဲ့ကြ ပါကြောင်း၊ အဆိုပါ နားလည်မှုစာချွန်လွှာတွင် နိုင်ငံဖြတ်ကျော်ဓာတ်အား လိုင်းစီမံကိန်းနှင့် ရေအားလျှပ်စစ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များ ပါဝင်ပါကြောင်း၊ နှစ်နိုင်ငံအကြား လျှပ်စစ်ကဏ္ဍတွင် နီးကပ်စွာပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ချစ်ကြည်ရေးနှင့် ကဏ္ဍစုံ လက်တွဲဆောင်ရွက်ရေး လုပ်ငန်းစဉ်များကို ဆက်လက်အရှိန်မြှင့်တင်သွားနိုင်မည် ဖြစ်ပါကြောင်း ပြောကြားခဲ့တယ်လို့သိရပါတယ်။
အဲဒီနောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်နှင့် လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံစွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဖိုစေးစရာစုံတို့က မြန်မာ - လာအို လျှပ်စစ်ကဏ္ဍ၌ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ ပြင်ဆင်ချက် (MOU Amendment) ကို လက်မှတ်ရေးထိုးပြီး အပြန်အလှန် လဲလှယ်ခဲ့ကြပါတယ်။
ဆက်လက်ပြီး လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်၊ PISASAI Energy and Mine Investment Pte. Ltd. ၏ ဒုတိယမန်နေဂျင်း ဒါရိုက်တာ Mr. Shen DECAI နှင့် Primus Sapphire Power Company Limited အုပ်ချုပ်မှုဒါရိုက်တာ ဦးကျော်လှဝင်းတို့က Notice to Proceed (NTP) ကို လက်မှတ်ရေးထိုးပြီး အပြန်အလှန်လဲလှယ်ခဲ့ကြပါတယ်။
ရေအားလျှပ်စစ်အရင်းအမြစ်ပေါကြွယ်ဝတဲ့ လာအိုနိုင်ငံဟာ အရှေ့တောင်အာရှရဲ့ ဘက်ထရီအိုးအဖြစ် လျှပ်စစ်ဓာတ်ထုတ်လုပ်ရေးကို ဦးစားပေးဆောင်ရွက်လျက်ရှိပြီး ပိုလျှံတဲ့ လျှပ်စစ်ဓာတ်အားများကို အိမ်နီးချင်းနိုင်ငံတွေကို ရောင်းချဖို့ စီစဉ်ဆောင်ရွက်နေတာဖြစ်ပါတယ်။
-ymg/knl
#မြန်မာ-လာအို_နယ်စပ်ဖြတ်ကျော်လျှပ်စစ်ဓာတ်အားလိုင်းစီမံကိန်း
#လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံစွမ်းအင်နှင့် သတ္တုတွင်းဝန်ကြီးဌာနဝန်ကြီး မစ္စတာ ဖိုစေးစရာစုံ
#YangonMediaGroup
#Local_News
Published_ 4 April 2023
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၉၄/၂) တွင် အောင်ကျော်မိုးခရီးသည်တင်ယာဉ်သည် ယနေ့ ဧပြီလ ၄ ရက် နံနက် တစ်နာရီ မထိုးမီ အချိန်က တံတားလက်ရမ်းအားတိုက်မိမှုဖြစ်ပွားခဲ့သောကြောင့်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်ပေါ်တွင် အမျိုးသား (၂၇)ဦး၊ အမျိုးသမီး (၂၈)ဦး၊ စုစုပေါင်း(၅၅)ဦး လိုက်ပါလာကြသည့်အနက် အမျိုးသား (၁)ဦးသေဆုံးကာ (၃)ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ကြကြောင်း သိရသည်။
အခင်းဖြစ်ရာ နေရာသို့ ပလွေးအမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ကာ ဒဏ်ရာရသူများအား နေပြည်တောင်ကုတင်(၁၀၀၀)ဆေးရုံကြီး သို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ymg/mt
#YMG #Yangon_Media_Group
Published_ 4 April 2023
ရန်ကုန်တိုင်းဒေသကြီး ၊ သင်္ဃန်းကျွန်းမြို့နယ်၊ (ဆ)သုမင်္ဂလာရပ်ကွက်၊ ဝေဇယန္တာလမ်းမပေါ်၊ သုဝဏ္ဏဘောလုံးအားကစားကွင်းရှေ့တွင် ဧပြီလ ၃ ရက် ည ၁၁ ခွဲခန့်က ယာဉ်တိမ်းမှောက်မှု တစ်ခုဖြစ်ပွားခဲ့ရာနှစ်ဦးသေပြီး တစ်ဦး ဒဏ်ရာ ပြင်းထန်
ကြောင်း သိရသည်။
"လူနာတွေအကုန်လုံးကတော့ ခန့်မှန်း အသက်၂၀ ဝန်းကျင်လောက်ရှိမယ်၊ယောင်္ကျားလေး ၂ ယောက်ထဲမှာ တစ်ယောက်က နေရာမှာပဲဆုံးသွားတယ်။ကျန်တဲ့ ယောင်္ကျားလေး တစ်ယောက်ကတော့ ၁၁ နာရီခွဲကျော်ကျော်လောက်မှာဆုံးသွားတယ်၊ကောင်မလေးကတော့ခွဲစိပ်ခန်းထဲဝင်နေတယ်။လက်ရှိအချိန်ထိကတော့ ဘာမှမသိရသေးဘူးလို့ပြောတယ်"ဟု သွားရောက် ကူညီခဲ့သူ တစ်ဦးက YMG ကို ပြောသည်။
ymg/ynzw
Yangon_Media_Group
Published 3 April 2023
နစက ဥက္ကဋ္ဌဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H. E. Mr. Wang Ningကို ဧပြီ(၃)ရက် ဒီကနေ့မှာ နေပြည်တော်မှာလက်ခံတွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်တွေနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေတွေအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
တွေ့ဆုံရာမှာ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များနှင့် ချစ်ကြည်ရင်းနှီးမှုများ ပိုမိုတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားမည့်အခြေအနေများအပြင် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်အကြား နှစ်ဖက်ဖွံ့ဖြိုးတိုးတက်စေရေးပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏လျှပ်စစ်ကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် စက်မှုကဏ္ဍများ ဖွံ့ဖြိုးတိုတက်ရေးနှင့် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး ပူးပေါင်းဆောင်ရွက်သွားမည်ကိစ္စရပ်များ၊ နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေးနှင့် မြန်မာနိုင်ငံနှင့်ယူနန်ပြည်အကြား တိုက်ရိုက်လေကြောင်းပြေးဆွဲရေးဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်းပြီး ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစက သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။
အဆိုပါတွေ့ဆုံပွဲသို့ ဗိုလ်ချုပ်မှူးကြီးနှင့်အအတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နှင့်တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး H.E. Mr. Chen Hai နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့လည်း သတင်းမှာဖော်ပြထားပါတယ်။
ယူနန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H. E. Mr. Wang Ning ဟာ မြန်မာနိုင်ငံသို့ ဧပြီ(၁)ရက်က အလုပ်သဘော ရောက်ရှိလာခဲ့ပြီးနောက် ဧပြီ(၂)ရက်နေ့တွင် နေပြည်တော်မှာ ကျင်းပတဲ့ မြန်မာနှင့် တရုတ်နှစ်နိုင်ငံအကြား ဆန်စပါးထောက်ပံ့ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ဓာတ်မြေဩဇာ ထောက်ပံ့ရေးပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်၊ ကျောက်ဖြူ အနာဂတ် ရွေ့လျားဆေးခန်းစီမံကိန်း သဘောတူညီချက်၊ မြန်မာနိုင်ငံမှစိုက်ပျိုးကုန်များ တင်ပို့ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာ၊ တာပိန် (၁) ရေအားလျှပ်စစ်စခန်း သဘောတူညီချက်တွေ လက်မှတ်ရေးထိုးပွဲတက်ရောက်ခဲ့ပါတယ်။
Ymg/knl
#ယူနန်ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူး H. E. Mr. Wang Ning
#ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်
#YangonMediaGroup
#Local_News
Published_ 3 April 2023
ဧပြီလ ၃ ရက်နေ့ကစပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အတွင်း Grab မိုဘိုင်း application နဲ့ ပြေးဆွဲနေတဲ့ Taxi ယာဉ်များမှလွဲ၍ တခြား taxi ယာဉ်တွေကို ပြေးဆွဲခွင့်မပြုတော့ဘူးလို့ လေဆိပ်အတွင်းပြေးစွဲနေတဲ့ taxi ယာဉ်မောင်းတစ်ဦးက YMG ကိုပြောပါတယ်။အရင်က လေဆိပ်အတွင်းရှိ Taxi ယာဉ်ရပ်နားစခန်းမှာ ပြင်ပ Taxi တွေရပ်နားခွင့် ပြေးစွဲပြုထားပေမယ့် အခု ဧပြီလ ၃ ရက်နေ့မနက်ပိုင်းကစပြီး ကန့်သတ်လိုက်တာဖြစ်တယ်လို့ Taxi ယာဉ်မောင်းတစ်ဦးကပြောပါတယ်။
#Local_News #Grab #Taxi #Grabမိုဘိုင်းapplication
#YMG#Yangon_Media_Group
Published_ 3 April 2023
ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေးအင်စတီကျူမှ ပေးအပ်ချီးမြှင့်သည့် “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့” ကို နစက ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ယနေ့ ဧပြီလ ၃ ရက်တွင် လက်ခံရယူခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျူ့၏ President က ရုရှားဇာဘုရင် ပထမ အလက် ဇန်းဒါးလက်ထက် ၁၈၁၈ ခုနှစ်ကတည်းက တည်ထောင်ခဲ့သည့် သမိုင်းအရှည်ကြာ ဆုံးနှင့် အကြီးမားဆုံး အရှေ့တိုင်းတက္ကသိုလ်ကြီးတွင် မိမိနှင့် ပါမောက္ခပညာရှင်များသည် မြန်မာနိုင်ငံနှင့်ပတ်သက်သည့် အကြောင်းအရာများကို စိတ်ပါဝင်စားစွာ လေ့လာသင်ယူလျက်ရှိကြောင်း “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ” ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
သိပ္ပံနှင့် နည်းပညာကဏ္ဍအပါအဝင် မိမိတို့ရုရှားဖက်ဒရေးရှင်းနိုင်ငံ နှင့် ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်မှုများ၊ ဆက်ဆံမှုများသည်လည်း တိုးတက် လျက်ရှိပြီး မိမိတို့တက္ကသိုလ်အနေဖြင့်လည်း မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှုနယ်ပယ် အပါအဝင် ဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး ဖွံ့ဖြိုးတိုးတက် ရေးဆောင်ရွက်မှုများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်မှုအတွက် “ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့" ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ရန် ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျူ၊ ပညာရေးကောင်စီမှ တညီတညွတ်တည်း မဲခွဲ ဆုံးဖြတ်ခဲ့ကြကြောင်းပြောကြားခဲ့သည်။
“ဂုဏ်ထူး ဆောင် ဒေါက်တာဘွဲ့” လက်ခံရယူခဲ့သော နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ကလည်း ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေး အင်စတီကျူ့ သည် အာရှနိုင်ငံများနှင့် အာဖရိက မြောက်ပိုင်းနိုင်ငံများ၏ သမိုင်း၊ ဘာသာစကားနှင့် စာပေ၊ စီးပွားရေးနှင့် လူမှုရေး၊ လူမျိုးရေးနှင့် ယဉ်ကျေးမှု စသည်တို့ကို သုတေသနပြု လေ့လာနိုင်ရန် တည်ထောင်ထားခြင်းဖြစ်ပြီး တက္ကသိုလ်မှ မွေးထုတ်ပေးလိုက်သူများ မှာလည်း စွမ်းဆောင်ရည်မြင့်မားသည့်အတွက် ၁၉၈၀ ပြည့်နှစ်တွင် Order of the Red Banner of Labour တံဆိပ် ချီးမြှင့်ခြင်းခံရကြောင်းကို မှတ်သား သိရှိရကြောင်း ပြောကြားခဲ့သည်။
မြန်မာနိုင်ငံမှ ပညာတော်သင်များသည်လည်း ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ တက္ကသိုလ်အသီးသီးတွင် ပညာသင်ကြားခဲ့ပြီး အဆင့်မြင့်ဘွဲ့များစွာကို ရရှိခဲ့ကြောင်း နှင့် ဆက်လက်၍လည်း ပညာတော်သင် သင်တန်းသား အများအပြား တက်ရောက် သင်ကြားလျက်ရှိပါကြောင်း နှင့် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ကာလကြာရှည်စွာ တည်ဆောက် ခဲ့သည့် စစ်ဘက်နည်းပညာ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုနယ်ပယ်၌ ပူးပေါင်း ဆောင်ရွက်မှုများအပါအဝင် နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုနှင့် ဆက်ဆံမှုများတိုးမြှင့်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ymg/mt
Yangon_Media_Group
#ရုရှားသိပ္ပံအကယ်ဒမီ၊ အရှေ့တိုင်းလေ့လာရေးအင်စတီကျူ
#ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်
#မြန်မာရုရှား
#Local_News
Published_ 3 April 2023
ဧပြီလ ၃ရက်နေ့ရန်ကုန်ရွှေအသင်းရဲ့ ရွှေအဖွင့်ဈေးဟာ ၂၂သိန်း၉သောင်းနှုန်း ဈေးဖွင့်လာပြီး ရွှေဈေးအတွင်းအရောင်းဝယ်အေးနေတယ်လို့ ရန်ကုန်ရွှေအသင်းကသိရပါတယ်။ မတ်လတစ်လလုံးရွှေဈေးဟာ အမြင့်ဘက်ရှိနေပြီ အနည်းငယ်သာပြန်ကျဆင်းခဲ့တာဖြစ်ပါတယ်။ ဈေးနူန်းမတည်ငြိမ်မူတွေကြောင့် ပြည်တွင်းဈေးကွက်ထဲမှာအရောင်းအဝယ်အေးနေတာဖြစ်တယ်လို့ ရန်ကုန်ရွှေအသင်းဥက္ကဌကပြောပါတယ်။
#Local_News #ရန်ကုန်ရွှေအသင်း #ဈေးကွက် #အရောင်းအဝယ်အေးနေ
#YMG#Yangon_Media_Group
Page 1039 of 1896