#Local_News
Published-2 April 2023
မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် ၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန် ခြေစစ်ပွဲ ပထမအဆင့် အုပ်စု(ခ)တွင် အိမ်ရှင်မြန်မာ၊ အီရန်၊ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်တို့ ကျရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်အသင်းတို့ ပြိုင်ပွဲမှ နုတ်ထွက်ခဲ့သည့်အတွက် အိမ်ရှင်မြန်မာအသင်းနှင့် အီရန်အသင်း (၂)သင်းသာ ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သိရသည်။
အာရှဘောလုံးအဖွဲ့ချုပ်မှ ဘင်္ဂလားဒေ့ရှ်၊ မော်လ်ဒိုက်စ်အသင်းတို့၏ နုတ်ထွက်မှုကို လက်ခံခဲ့ပြီးနောက် အသစ်ပြန်လည် ရေးဆွဲခဲ့သည့် ပွဲစဉ်ဇယားကို ပြန်လည်ပြုပြင်ရေးဆွဲမှုအရ မြန်မာအသင်းနှင့် အီရန်အသင်းတို့ အိမ်ကွင်း၊ အဝေးကွင်းစနစ်ဖြင့် (၂)ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး အဆိုပါပွဲစဉ် (၂)ပွဲလုံးကို မြန်မာနိုင်ငံတွင်သာ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာအသင်းနှင့်အီရန်အသင်းတို့သည် ဧပြီလ (၅)ရက်နှင့် (၈)ရက်၊ မြန်မာ စံတော်ချိန်ညနေ (၄)နာရီ အချိန် သုဝဏ္ဏဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး နှစ်ပွဲပေါင်း ရမှတ်အများဆုံးရရှိသည့်အသင်းအနေဖြင့်၂၀၂၄ ပါရီအိုလံပစ် အမျိုးသမီးဘောလုံးပြိုင်ပွဲ အာရှဇုန်ခြေစစ်ပွဲ ဒုတိယအဆင့်သို့ တက်ရောက်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ယင်းတွင် အကယ်၍ ၂ပွဲကစားပြီး ရမှတ်တူခဲ့ပါက ဧပြီလ ၈ ရက်ယှဉ်ပြိုင်မည့်ပွဲစဉ်အပြီး အချိန်ပို ၃၀ မိနစ် ဆက်လက်ကစားမည်ဖြစ်ကာ ပွဲကစားချိန်အတွင်း အနိုင်အရှုံးရလဒ်မပေါ်ခဲ့ပါက ပင်နယ်တီ အဆုံးအဖြတ် ဆက်လက်ခံယူရမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#ပါရီအိုလံပစ် #အမျိုးသမီးဘောလုံးပြိုင်ပွဲ #အာရှဇုန်ခြေစစ်ပွဲ #မြန်မာနှင့်အီရန်
#YMG #Yangon_Media_Group
#Local_News
Published-1 April 2023
ဂျပန်ကုမ္ပဏီ (၂၈၀)ကျော်က မြန်မာအလုပ်သမားဦးရေ (၈၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ မြန်မာသံရုံးက မတ်လ ၃၁ ရက်တွင် ထုတ်ပြန်လိုက်သည်။
အဆိုပါထုတ်ပြန်ချက်အရ မြန်မာသံရုံး၊ တိုကျိုမြို့အနေဖြင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာ (Demand Letter) များကို အချိန်နှင့်တစ်ပြေးညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ စိစစ်ဆောင်ရွက်ရာတွင် ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ ကုမ္ပဏီများသည် ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/ မရှိ စာရွက်စာတမ်း အထောက်အထားများ စိစစ်ပြီး စိစစ်တွေ့ရှိချက် များ၊ သဘောထားမှတ်ချက် များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် အလုပ်သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့လျက်ရှိကြောင်း သိရသည်။
မြန်မာသံရုံး၊ တိုကျိုမြို့မှ (၂၀၂၃) ခုနှစ်၊ မတ်လ (၁၆) ရက်နေ့မှ မတ်လ (၃၁) ရက်နေ့အတွင်း စိစစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ပေးပို့ပြန်ကြားခဲ့သည့် အလုပ်ကမ်းလှမ်းစာ (၂၈၄) ခုနှင့် ပတ်သက်သည့် အချက်အလက် များအား အသိပေးအကြောင်းကြားအပ်ပါသည်ဟု ပါရှိပြီး
အဆိုပါထုတ်ပြန်ချက်အရ ဂျပန်ကုမ္ပဏီ (၂၈၄)ခုက မြန်မာအလုပ်သမား အမျိုးသား (၃၀၀)ကျော်၊ အမျိုးသမီး(၄၀၀)ကျော်၊ စုစုပေါင်း ဦးရေ(၈၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။
မတ်လ (၁) ရက်မှ မတ်လ (၁၅) ရက်နေ့အတွင်းကလည်း နိုင်ငံခြားရေးဝန်ကြီးဌာနသို့ စိစစ်ပေးပို့ပြန်ကြားခဲ့သော အလုပ်ကမ်းလှမ်းစာ (၂၀၆) ခုတွင် မြန်မာအလုပ်သမား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ဦးရေ (၈၀၀)ကျော် ခေါ်ယူမည်ဖြစ်ကြောင်း မြန်မာသံရုံး၊ တိုကျိုမြို့က ထုတ်ပြန်ခဲ့သည်။
#ymg/mt
#ဂျပန်ကုမ္ပဏီ(၂၈၀)ကျော် #မြန်မာအလုပ်သမား(၈၀၀)ကျော်
#YMG #Yangon_Media_Group
#Local_News
Published-1 April 2023
ရခိုင်ပြည်နယ်အတွင်းရှိ လေယာဉ်ကွင်းများ ကို အဆင့်မြှင့်တင်ရန် ဆောင်ရွက်လျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကသိရသည်။
အဆိုပါလေယာဉ်ကွင်းများ အဆင့်မြှင့်တင်ရန် လုပ်ဆောင်နေသည်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဧပြီလ ၁ ရက်တွင် ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းအဆင့်မြှင့်မည့် လေယာဉ်ကွင်းများဖြစ်သော စစ်တွေ၊ ကျောက်ဖြူနှင့် သံတွဲလေယာဉ်ကွင်းများ၏ သမိုင်းအကျဉ်းနှင့် လေယာဉ်ကွင်းဆိုင်ရာ အချက်အလက်များ၊ လေယာဉ်များဆင်းသက်နိုင်မှု၊ လေဆိပ် ဆိုင်ရာအချက်အလက်များ၊ လေဆိပ်အထောက်အကူပြုစက်ကိရိယာများနှင့် လေကြောင်းဆက်သွယ်ရေးစက်များတပ်ဆင်ထားမှု၊ လုံခြုံရေးစက်ပစ္စည်းများတပ်ဆင်ထားရှိမှု၊ လေယာဉ်ပြေးလမ်းများနှင့် လေဆိပ်များ တိုးချဲ့တည်ဆောက်ခြင်းနှင့် အဆင့်မြှင့်တင်မှု လုပ်ငန်းများ အဆင့်လိုက်ဆောင်ရွက်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌထံ သက်ဆိုင်ရာဌာနများအနေဖြင့် တင်ပြကြကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
နစကဥက္ကဌက လေယာဉ်ကွင်းများတိုးချဲ့ခြင်းနှင့် အဆင့်မြှင့်တင်မှုများဆောင် ရွက်ရာတွင် လေယာဉ်ပြေးလမ်းများကို ရေရှည်အတွက် မျှော်တွေးပြီး စနစ်တကျတွက်ချက် ဆောင်ရွက်ရန်လိုကြောင်း၊ လေယာဉ်ပြေးလမ်းများ တိုးချဲ့အဆင့်မြှင့်တင်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် ကိုက်ညီမှုရှိစေရန် ၊ လေယာဉ်ရပ်နားရန်နေရာများ တည်ဆောက်ရာတွင်လည်း စနစ်တကျတည်ဆောက်ရန်လိုကြောင်းပြောကြားခဲ့သည်။
ယင်းအပြင် ကျောက်ဖြူရေနက်ဆိပ်ကမ်းမှာနောင်အချိန်တွင် ဆိပ်ကမ်းစက်မှုလုပ်ငန်းများတိုးတက်လာပြီး ကုန်သွယ်မှုများပါ မြင့်တက်လာနိုင်ခြင်းကြောင့် နိုင်ငံခြားခရီးသွားများလည်း ပိုမိုဝင်ရောက်လာနိုင်ပြီး ကုန်တင်လေယာဉ်ကြီးများပါ ဝင်ရောက်လာနိုင်သဖြင့် လေယာဉ်ပြေးလမ်းတိုးချဲ့ရာ၌ ၎င်းအတွက်လည်း မျှော်မှန်းဆောင်ရွက်သွားရန်လည်း နစက ဥက္ကဌကဆိုသည်။
စစ်တွေလေယာဉ်ကွင်းမှာ ပြည်နယ်၏မြို့တော်ကွင်းဖြစ်သောကြောင့် A-320 ၊ B-737 စသည့် လေယာဉ်များ ဆင်းသက်နိုင်မည့် လေယာဉ်ပြေးလမ်းတိုးချဲ့ ခြင်းနှင့် လေဆိပ်တိုးချဲ့အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းကို အဆင့်လိုက်ဦးစားပေးအနေဖြင့် ဆောင်ရွက်ရန်၊သံတွဲလေယာဉ်ကွင်းသည်လည်း ပြည်တွင်း၊ ပြည်ပခရီးသွားများဝင်ရောက်မှုများပြားသည့်အတွက် ဂျက်လေယာဉ်များ ဆင်းသက်နိုင်သည်အထိ မြှင့်တင်ဆောင်ရွက်ရန်လည်း နစက ဥက္ကဌကပြောကြားခဲ့ကြောင်း သိရသည်။
ymg/mt
#ရခိုင်ပြည်နယ် #လေယာဉ်ကွင်းများအဆင့်မြှင့်တင်
#YMG #Yangon_Media_Group
#Local_News
Published-1 April 2023
စစ်တွေမြို့ဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွားများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇနီး ဒေါ်ကြူကြူလှ တို့နှင့်အဖွဲ့က ယနေ့ ဧပြီလ ၁ ရက်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ ဘိုးဘွားရိပ်သာမှ သက်ကြီးဘိုးဘွားများအတွက် အာဟာ ရဖြည့်စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ယင်း ဘိုးဘွားရိပ်သာအတွက် အလှူရှင်များက လှူဒါန်း လျက်ရှိသကဲ့သို့ နိုင်ငံတော်မှလည်း နှစ်စဉ် ထောက်ပံ့လှူဒါန်းပေးလျက်ရှိကြောင်း ၊ ဘိုးဘွား ရိပ်သာတွင် ဂိလာန အဆောင်တစ်ဆောင် ဆောက်လုပ်ပေးရန် လိုအပ်လျက် ရှိသည့်အပေါ် နစက ဥက္ကဌအား ရခိုင်ပြည်နယ် အစိုးရအဖွဲ့က တင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ ရခိုင်ပြည်နယ် ဘိုးဘွားရိပ်သာကို ၁၉၈၄ ခုနှစ်တွင် သင်္ဂနက် ကျေးရွာ၌ စတင်ဖွင့်လှစ်ခဲ့ကာ ၁၉၉၇ ခုနှစ်တွင် စစ်တွေမြို့၊ မေယုလမ်း၊ ဓညဝတီ(က) ရပ်ကွက်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရိပ်သာတွင် အဘိုး ၉ ဦး၊ အဘွား ၃၂ ဦး တို့ကို ပြုစုစောင့်ရှောက်ပေးလျက်ရှိပြီး အသက်အကြီးဆုံး အဘွားမှာ ၉၃ နှစ်ဖြစ်ပြီး အသက်အကြီးဆုံး အဘိုးမှာ ၈၆ နှစ်ဖြစ်ကြောင်း နှင့် ဘိုးဘွားများ၏ စားသောက် နေထိုင်ရေး၊ ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
ymg/mt
#စစ်တွေမြို့ဘိုးဘွားရိပ်သာ #သက်ကြီးဘိုးဘွား #အာဟာရဖြည့်စားသောက်ဖွယ်ရာများ #ပစ္စည်းများလှူဒါန်း
# YMG #Yangon_Media_Group
#Local_News
Published_ 1 April 2023
ပို့ကုန်ရငွေမူဝါဒအသစ်ကြောင့်နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကဆန်နှင့်ဆန်ကွဲတင်ပို့မှုအခုမတ်လဆန်းပိုင်းမှစတင်ကာလျော့ကျလာတယ်လို နယ်စပ်ကုန်သည်တွေထံမှ သိရပါတယ်။
# ပို့ကုန်ရငွေ #မူဝါဒအသစ် #နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း #ဆန်နှင့်ဆန်ကွဲတင်ပိုမှု #YMG#Yangon_Media_Group
#Local_News
Published_1 April 2023
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အတွင်း သေနတ်ဖြင့်ဝင်ပစ်ကာ နေအိမ်များမီးရှို့ခံရ ၊ အရပ်သား ၉ ဦး သေဆုံးပြီးအိမ်အလုံး ၇၀ မီးလောင်ပျက်စီးခဲ့ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က သိရသည်။
မတ်လ ၃၀ ရက် ည ၁၀ နာရီခန့် က နစက ဆန့်ကျင် အဖွဲ့က အဆိုပါ ကျေးရွာ၏အနောက်တောင်ဘက်မှ ဝင်ရောက်ကာ သေနတ်များဖြင့် ပစ်ခတ်ခြင်း၊နေအိမ်များကို မီးရှို့ ဖျက်ဆီးခြင်းများ ပြုလုပ်သောကြောင့် ကျေးရွာနေ အရပ်သား ၉ ဦးတို့ကျည်ထိမှန်ဒဏ်ရာ၊ မီးလောင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းနှင့် နေအိမ် ၇၀ လုံး၊ နွားတင်းကုပ် ၃၁ လုံးတို့ မီးလောင်ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။
ယခုအခါ ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် ကျူးလွန်သူများကို ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်း ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#ကန့်ဘလူမြို့နယ် #နေအိမ်များမီးရှို့ခံရ #အလုံး ၇၀ မီးလောင်ပျက်စီး
# YMG #Yangon_Media_Group
#Local_News
Published_ 1 April 2023
ယခုလပိုင်းအတွင်း မြန်မာနိုင်ငံကိုထိုင်းခရီးသွားဝင်ရောက်မှုအနည်းငယ်ကျသွားပြီး တရုတ်ခရီးသွားတွေဝင်ရောက်မှုအများဆုံးဖြစ်လာတယ်လို မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းမှသိရပါတယ်၊၊
# မြန်မာနိုင်ငံကိုတရုတ်ခရီးသွားများ #ဝင်ရောက်မှုအများဆုံးဖြစ်လာ
#YMG#Yangon_Media_Group
Page 1043 of 1896