#World_News
Published 25 October 2023
ဟားမတ်စ်စစ်သွေးကြွတွေက အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးချနေတဲ့ ဂါဇာမြို့မှ လူနေထူထပ်တဲ့ ဒေသတွေကို အစ္စရေးလ်တပ်များ ဝင်ရောက်တိုက်ခိုက်ရန် အလားအလာ ရှိနေပြီး ဒါဟာ ယခင်က ဆီးရီးယားနဲ့ အီရတ်တို့မှာ အမေရိကန်ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေက အစ္စလာမ်အကြမ်းဖက်အဖွဲ့နဲ့ အသေအကြေ တိုက်ခိုက်ခဲ့ကြတာကို ပြန်လည်အမှတ်ရစေပါတယ်။
မိုဆူလ်နဲ့ ရက်ကာတို့မှာ သေနတ်ပစ်ခတ်တာတွေ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သားထောင်နဲ့ချီ သေဆုံးခဲ့တာကို အစ္စရေးလ်အနေနဲ့ သင်ခန်းစာယူရမယ်လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်နဲ့ စစ်ခေါင်းဆောင်များက သတိပေးလိုက်ပါတယ်။
အစ္စရေးလ်တို့နဲ့ ပြောဆိုရာမှာ အရပ်သားထိခိုက်မှု အနည်းဆုံးဖြစ်ဖို့၊ ဘေးကင်းရေး အတိုင်းအတာများ သေချာဆောင်ရွက်ဖို့ အရေးကြီးကြောင်း အလေးပေးပြောပြခဲ့တယ်လို့ ပင်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ပတ်ရိုင်ဒါက အင်္ဂါနေ့မှာ မိန့်ကြားလိုက်ပါတယ်။
၂၀၁၆ အောက်တိုဘာမှ အစ္စလာမ်အကြမ်းဖက်အဖွဲ့ ကျဆုံးရာ ၂၀၁၇ ဇူလိုင်လအထိ မိုဆူလ်ကို အစ္စလာမ်သူပုန်များထံမှ လွတ်မြောက်အောင် ဝိုင်းရံတိုက်ခိုက်ခဲ့ရာမှာ အနည်းဆုံး လူ ၁ သောင်းသေဆုံးကာ အရပ်သား ၃,၂၀၀ ခန့်ပါဝင်ခဲ့တယ်လို့ AP သတင်းဌာန စုံစမ်းရေးမှ သိရှိရပါတယ်။
စစ်သွေးကြွများက ထွက်ပြေးရန်ကြိုးပမ်းစဉ်မှာ အရပ်သားဓားစာခံတွေကို ဖမ်းဆီး သတ်ဖြတ်သွားခဲ့ပြီး လူသားဒိုင်းအဖြစ် အသုံးချသွားပါတယ်။
အရပ်သားတွေကို အဝေးသို့ ထွက်ပြေးဖို့ သတိပေးထားစဉ် စစ်ဘက်ဆိုင်ရာ လုပ်ဆောင်ချက်များ ရပ်ဆိုင်းထားဖို့နဲ့ လူသားချင်းစာနာမှုစင်္ကြံများ ချမှတ်ဆောင်ရွက်သွားဖို့ အရေးပါကြောင်းကို ပူးတွဲစစ်ဦးစီးချုပ်ဥက္ကဌ၊ အမေရိကန် ဗဟိုစစ်ကွပ်ကဲရေးအကြီးအကဲ၊ အကြီးတန်း ကွန်မန်ဒါများက သိရှိထားကြကာ အရပ်သားကာကွယ်ရေး၊ စစ်သွေးကြွများမှ ပြုလုပ်ထားနိုင်တဲ့ ထောင်ချောက်များအကြောင်း အကြံပြုကြကာ ကျောင်းတွေ၊ ဗလီတွေ၊ နေအိမ်တွေမှာ ပုန်းခိုနေတဲ့ စစ်သွေးကြွတွေကို နှိမ်နင်းရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အစ္စလာမ်အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ခဲ့တဲ့ အထူးတပ်ဖွဲ့မှာ ပါဝင်ခဲ့တဲ့ မရင်းတပ် ဒုတိယဗိုလ်ချုပ်ကြီး ဂျိမ်းစ်ဂလင်း အပါအဝင် စစ်ဘက်ဆိုင်ရာ အကြံပေးအဖွဲ့ကို အစ္စရေးလ်သို့ စေလွှတ်လိုက်ပါတယ်။
လူနေအရပ်တွေမှာ တိုက်ခိုက်တာနဲ့ ပတ်သက်လာရင် အဆိုပါအရာရှိတွေက အတွေ့အကြုံရှိထားပြီး အစ္စရေးလ်ကာကွယ်ရေးတပ်တွေနဲ့ ဆွေးနွေးသွားကြမှာ ဖြစ်ပါတယ်။
တဲလ်အေဗစ်မှာ အစ္စရေးလ်ခေါင်းဆောင်များနဲ့ လွိုက်အော်စတင် တွေ့ဆုံရာမှာ အစ္စလာမ်အကြမ်းဖက်တွေကို နှိမ်နင်းခဲ့စဉ် အမေရိကန် ဗဟိုစစ်ကွပ်ကဲရေးကို ဦးဆောင်ခဲ့တဲ့ အတွေ့အကြုံတွေကို ပြန်လည်မျှဝေခဲ့ကာ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတယ်ဆိုတဲ့ အချက်ကိုလည်း သိရှိထားဖို့ ပြောကြားသွားပါတယ်။
ဂါဇာသို့ ဝင်ရောက်တိုက်ခိုက်တဲ့အခါ အရပ်သားတွေရဲ့ ဘေးကင်းမှုကိုလည်း ထည့်သွင်းစဉ်းစားရမယ်လို့ သတိပေးလိုက်ပါတယ်။
အရပ်သားများ ထိခိုက်သေဆုံးမှု မဖြစ်အောင် အစီအစဉ်တွေ၊ လေ့ကျင့်မှုတွေ၊ ပစ်မှတ်တွေ၊ လက်နက်အသုံးပြုခြင်းတွေကို ထိန်းညှိသွားဖို့ကို အလေးထားရမှာဖြစ်ပါတယ်။
ဒီစစ်ဆင်ရေးကို ဘယ်လိုပုံဖော်သွားမလဲဆိုတာ တကယ်အရေးပါကြောင်း၊ ဟားမတ်စ်တွေရဲ့ လက်ထဲမှာရှိနေတဲ့ အပြစ်မဲ့ ပါလက်စ်တိုင်းပြည်သူတွေရဲ့ အရေးကို စဉ်းစားပြီး အကျိုးရှိမယ့်လုပ်ရပ် လုပ်နိုင်ဖို့လိုအပ်ကြောင်း အငြိမ်းစားစစ်တပ်ဗိုလ်ချုပ်ကြီး ဂျိုဆပ်ဗိုတယ်က ပြောပြခဲ့ပါတယ်။
ဒါ့အပြင် ယခုစစ်သွေးကြွတွေဟာ အီရန်ကထောက်ပံ့ထားတဲ့ လက်နက်တွေနဲ့ ပိုမိုအဆင့်မြင့်နေပြီး ဂါဇာမြေအောက်က လှိုဏ်ခေါင်းတွေက ဆီးရီးယားတုန်းက လှိုဏ်ခေါင်းတွေထက် ပိုမိုရှည်လျားဖြစ်ထွန်းနေတယ်လို့ ဆိုပါတယ်။
ယခင်က ရင်ဆိုင်ခဲ့တဲ့ ISIS တွေထက် ယခုဟားမတ်စ်စစ်သွေးကြွေတွေက နောက်တစ်ဆင့်မြင့်လာတဲ့ လူရမ်းကားတွေဖြစ်နေတယ်လို့ ခံစားရကြောင်း အော်စတင်က ဆိုပါတယ်။
#World_News #အမေရိကန် #အီရတ် #ဆီးရီးယား #Source: AP News
#World_Health
Published 25 October 2023
ထိုင်ခြင်း၊ မတ်တပ်ရပ်ခြင်းနဲ့ အခြားလှုပ်ရှားမှုများ ပြုလုပ်စဥ် ကျောရိုး၊ အဆစ်အမြစ်၊ ကြွက်သား စတဲ့ အစိတ်အပိုင်းများ နေရာတကျ ရှိတာနဲ့ပတ်သက်ပြီး ကိုယ်နေဟန်ထားလို့ ခေါ်ကြပါတယ်။
ခန္ဓာကိုယ် ကိုယ်နေဟန်ထား မှန်ကန်အောင် နေခြင်းဖြင့် ကြွက်သား၊ အရိုး၊ အရွတ်တွေအပေါ် ဖိအားသက်ရောက်မှု လျော့နည်းစေကာ ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ပေးပါတယ်။
ကိုယ်နေဟန်ထား မှန်ကန်စွာနေထိုင်ခြင်းဖြင့် ရရှိလာတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကတော့..
(၁) ကျောရိုးမကြီး နေရာတကျရှိစေကာ ခါးကိုင်းခြင်း ခါးစောင်းခြင်းတို့ ဖြစ်နိုင်ချေ လျော့နည်းစေပါတယ်။
(၂) အဆုတ်ကို အပြည့်အဝ ချဲ့စေနိုင်တာကြောင့် အောက်ဆီဂျင်ပြည့်ဝစေပြီး အသက်ရှူခြင်းကို အထောက်အကူ ဖြစ်စေပါတယ်။
(၃) ကျောရိုးမရဲ့ သဘာဝပုံစံကို ထောက်ပံ့ပေးကာ ကျောနဲ့ လည်ပင်းကြွက်သားများအပေါ် ဖိအားလျော့ပါးစေပါတယ်။
(၄) သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး အောက်ဆီဂျင် ကောင်းစွာရရှိစေတာကြောင့် စွမ်းအင်ကိုမြှင့်တင်ပေးပါတယ်။
(၅) အစာခြေခြင်းကို အထောက်အကူ ဖြစ်စေပြီး အက်ဆစ်လျှံတက်ခြင်း ဝမ်းပိတ်ခြင်းတို့ကို ကာကွယ်ပေးပါတယ်။
(၆) ခံစားချက်နဲ့ စိတ်အခြေအနေကို ကောင်းမွန်စေကာ နွမ်းနယ်ခြင်း၊ ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို သက်သာစေပါတယ်။
(၇) ဦးနှောက်သို့ သွေးလည်ပတ်မှု ကောင်းစေတာကြောင့် ဦးနှောက်လုပ်ဆောင်ချက်ကို မြှင့်တင်ပေးကာ အာရုံစူးစိုက်မှု ကောင်းစေပါတယ်။
(၈) ကြွက်သားများ ထိခိုက်ခြင်းမှ ကာကွယ်ပေးပြီး ကြွက်သားခွန်အားနဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ကာကွယ်ပေးပါတယ်။
(၉) ခန္ဓာကိုယ်အနှံ့ သွေးစီးဆင်းမှုကို ကောင်းမွန်စေကာ အာဟာရဓာတ်များ ပေးပို့ခြင်း အညစ်အကြေး ဖယ်ရှားခြင်းတို့ ပြုလုပ်ပေးပြီး နှလုံးသွေးကြော ကျန်းမာရေးကို ကောင်းမွန်စေပါတယ်။
(၁၀) ကြွက်သားအရိုးငြမ်း ပြဿနာများ ဖြစ်ပေါ်မလာအောင် ကာကွယ်ပေးပါတယ်။
ကိုယ်နေဟန်ထား မှန်ကန်အောင် နေထိုင်နိုင်မယ့် နည်းလမ်းများကတော့..
(၁) ပခုံးကိုမတ်အောင်ထားပြီး စိတ်လျော့ထားပါ။ မျက်နှာကို ရှေ့သို့မူကာ ကျောရိုးနဲ့ တည့်အောင်ထားပါ။
(၂) ကျောကိုမတ်အောင်ထိုင်ပါ။ ကျောရိုးကို ထောက်ပံ့နိုင်အောင် ခုံနဲ့ထိုင်ပါ။ ခြေဖဝါးကို အောက်ခြေနဲ့ ကပ်နေအောင်ထားပါ။
(၃) ရှေ့သို့ စောင်းနေခြင်း၊ ခွေနေခြင်းမျိုး မဖြစ်စေဘဲ အစိတ်အပိုင်းအားလုံး မျှနေအောင်ထားပါ။
(၄) အချိန်ကြာမြင့်စွာ ထိုင်နေခြင်း၊ ရပ်နေခြင်း မပြုပါနှင့်။ အနားယူပြီး အကြောလျှော့ခြင်းမျိုး ပြုလုပ်ပါ။
(၅) လက်ကိုင်ဖုန်း၊ ကွန်ပျူတာတို့ကို ငုံ့မကြည့်ဘဲနဲ့ မျက်လုံးနဲ့ တစ်တန်းတည်းဖြစ်အောင်ထားပါ။
#World_Health #ကိုယ်နေဟန်ထား #ကျန်းမာရေးအကျိုးကျေးဇူးများ #Source: DoctorNDTV
#World_Health
Published 25 October 2023
သွေးလွန်တုပ်ကွေးရောဂါကို တိုက်ဖျက်ဖို့ ကြိုးပမ်းရာမှာ Johnson & Johnson က အောင်မြင်မှုတစ်ခု ရလာပြီလို့ ဆိုရမှာဖြစ်ပြီး ယင်းတို့စမ်းသပ်ထုတ်လုပ်နေတဲ့ ဆေးဟာ လူသားစမ်းသပ်မှုလေးတစ်ခုမှာ စိတ်ချရတဲ့ရလဒ် ထွက်ပေါ်လာခဲ့ပါတယ်။
ထိုဆေးဟာ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်ကို ရှင်းလင်းနိုင်တဲ့ ပထမဆုံးဆေးဖြစ်လာပြီး လူနာအများအပြားမှာ ဗိုင်းရပ်စ်ပုံစံတစ်မျိုးကို ကာကွယ်ပေးနိုင်ခဲ့ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ လက္ခဏာမပြတတ်ပေမယ့် အဆစ်အမြစ်နာခြင်း၊ ကြွက်တက်ခြင်းတို့ ဖြစ်နိုင်ကာ နှစ်စဥ်လူပေါင်း သန်းနဲ့ချီပြီး ဖြစ်ပွားတတ်ပါတယ်။
လက်ရှိမှာ ကုသနည်းလမ်း တိတိကျကျ မရှိသေးတာကြောင့် ယခုဆေးဝါးက အဓိကခြေလှမ်းကြီးတစ်ရပ် ဖြစ်လာနိုင်ပါတယ်။
စမ်းသပ်ခံသူ ၁၀ ဦးဖြင့် ပြုလုပ်ရာမှာ သွေးလွန်တုပ်ကွေး ဗိုင်းရပ်စ်တစ်မျိုး မထည့်သွင်းခင် အဆိုပါဆေးကို ၅ ရက်တိုင်အောင် ဆေးပမာဏများများ သုံးစွဲစေခဲ့ပြီး ဒီနောက် ၂၁ ရက်ဆက်တိုက် သောက်သုံးစေခဲ့ပါတယ်။
ထိုအခါမှာ လူနာ ၆ ဦးဟာ ရောဂါပိုးထိပြီးနောက် သွေးလွန်တုပ်ကွေး လက္ခဏာမတွေ့ရသလို ၈၅ ရက်ကြာတဲ့အထိ စောင့်ကြည့်ရာမှာ ကိုယ်ခံအားတုန့်ပြန်တာမျိုး မတွေ့ခဲ့ရပါဘူး။
ထိုဆေးဟာ ဗိုင်းရပ်စ်မှပရိုတိန်း ၂ မျိုးကိုပိတ်ပင်လိုက်ကာ ဗိုင်းရပ်စ်မပွားအောင် ထိန်းချုပ်လိုက်ပါတယ်။
ဒုတိယအဆင့် စမ်းသပ်ချက်အနေဖြင့် ရောဂါဖြစ်ပွားလေ့ရှိတဲ့ နေရာတွေမှ တုပ်ကွေးဗိုင်းရပ်စ် ၄ မျိုးကို ကာကွယ်နိုင်ရန် ရည်မှန်းထားပြီး နောက်တစ်ဆင့်ကတော့ ရောဂါကုသရေး ဖြစ်ပါတယ်။
အဓိကစိန်ခေါ်မှုကတော့ ရောဂါအဖြစ်အများဆုံးဖြစ်တဲ့ ဝင်ငွေနိမ့်ပါးတဲ့ နိုင်ငံတွေနဲ့ အလယ်အလတ်နိုင်ငံတွေမှာ ဆေးရရှိဖို့ပဲ ဖြစ်ပါတယ်။
Johnson & Johnson ရဲ့ Janssen ဌာနခွဲမှ မာနစ်ဗန်လော့ခ်က ဒီအခက်အခဲကို သိရှိထားပြီးဖြစ်ပြီး ဒီအတွက် လုပ်ဆောင်နေကြောင်း ပြောပြသွားပါတယ်။
#World_Health #သွေးလွန်တုပ်ကွေးရောဂါ #ပထမဆုံးဆေးတောင့် #ပထမအဆင့်စမ်းသပ်အောင်မြင် #Source: India Today
တရုတ်အနောက်မြောက်ဘက် ရှန်ရှီပြည်နယ် ရှီအန်မြို့မှာ ပေါက်ကွဲမှုဒဏ်အမျိုးမျိုးကို ခံနိုင်ရည်ရှိအောင် ဖန်တီးထားတဲ့ ပန်ဂူနံပါတ် ၁ စက်ရုပ်အသစ်ကို ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ပြသ လိုက်ပါတယ်။
#Asia_Technology
Published_ 24 October 2023
#ပန်ဂူနံပါတ်(၁)စက်ရုပ် #တရုတ်ထုတ်ဖော်ပြသ
#Daily_News
Published_ 24 October 2023
၁။ ဆင်ကြီးမိုမို အသက်(၇၀)ပြည့်မွေးနေ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ (၃)ရက်တိုင်တိုင် ကျင်းပမည်
၂။ သီတင်းကျွတ်ကာလ နီးလာပေမယ့် ရန်ကုန်သစ်သီးဈေးကွက် အရောင်းဝယ်အေးနေသေး
၃။ ကားဝယ်ရောင်းများလက်ထဲမော်ဒယ်မြင့်ကားများ ဆက်လက်ပိတ်မိနေပြီး မော်ဒယ်နိမ့်ကားများအနည်းငယ်အဝယ်လိုက်၍ ဈေးနှုန်းများတက်ရိပ်ပြလာ
၄။ ပေါက်ကွဲမှုများကို ခံနိုင်ရည်ရှိသည့် ပန်ဂူနံပါတ်(၁)စက်ရုပ်အား တရုတ်ထုတ်ဖော်ပြသ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
#Local_News
Published-24 October 2023
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာလုပ်သား(၁၈၄)ဦးကို အောက်တိုဘာလ၏ ပထမဆုံးအကြိမ်အနေဖြင့်ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုလ်းမြို့၊ မြန်မာသံရုံးကသိရသည်။
အောက်တိုဘာလ ၂၄ရက်တွင် EPS စနစ်ဖြင့်စေလွှတ်သောကုန်ထုတ်လုပ်သားသစ် (၁၆၃)ဦးနှင့် စိုက်ပျိုးရေးလုပ်သားသစ် (၂၁)ဦး စုစုပေါင်း (၁၈၄) ဦးကို စေလွှတ်ခဲ့သည်။
မြန်မာလုပ်သားများ ရန်ကုန်မြို့မှ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ရာတွင် မြန်မာသံရုံး၊ ဆိုးလ်မြို့မှ အလုပ်သမားသံအရာရှိက ကြိုဆို၍ အလုပ်သမားများ သိရှိလိုက်နာသင့်သည့် အချက်များကို မှာကြားခဲ့ပြီး လိုအပ်သည်များ ကူညီပံ့ပိုးပေးခဲ့ကြောင်းလည်းသိရသည်။
စက်တင်ဘာလအတွင်းကလည်း EPS စနစ်ဖြင့် မြန်မာလုပ်သား၇၃၃ဦးကို စေလွှတ်ခဲ့ကြောင်းသိရသည်။
#Local_News #EPS စနစ် #မြန်မာလုပ်သား(၁၈၄)ဦး #Yangon_Times/PP
မွန်ပြည်နယ်ကျိုက်ထီးရိုးတောင်ပေါ်ကို လာရောက်တဲ့ဘုရားဖူးဧည့်သည် အခုတပတ်ထဲမှာများလာပြီး လာမယ့် သီတင်းကျွတ်ရုံးပိတ်ရက်တွေမှာ လာရောက်ဖို့အတွက် တည်းခိုခန်းနဲ့ ဟိုတယ်တွေကို ဘိုကင်တင်ထားတဲ့ သူများနေတယ်လို့ တည်းခိုခန်းပိုင်ရှင်တွေထံက သိရပါတယ်။
#Local_News
Published_ 24 October 2023
#တည်းခိုခန်းဘိုကင်ယူသူများနေ #သီတင်းကျွတ်ရုံးပိတ်ရက်
#YMG/LW #Yangon_Times
#Local_News
Published-24 Oct 2023
ရန်ကုန်မြို့၌ ယနေ့နေ့လယ်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းသည့်အတွက် ရပ်ကွက်အချို့ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့ကြောင်း ရပ်ကွက်နေပြည်သူများထံမှသိရသည်။ ထိုသို့ရေကြီးရာတွေ ဗဟန်းမြို့နယ်၊ တာမွေမြို့နယ်၊ မဂ်လာတောင်ညွှန့်မြို့နယ်များရှိ ရပ်ကွက်အချို့၌ ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်းသိရသည်။ ရန်ကုန်တိုင်းဒေသကြီး၌မုန်တိုင်း'ဟမွန်း'အရှိန်ကြောင့် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း သတိပေးထားကြောင်း သိရသည်။
#YMG/ NN #Yangon_Times
‘အောက်တိုဘာလ ၂၃ ရက်က စားအုန်းဆီတစ်ပိဿာ ကျပ်၄၃၉၆ ကျပ် သတ်မှတ်ထားရာမှ အောက်တိုဘာ ၂၄ရက်မှာ ကျပ် ၄၇၂၅ ကျပ်သတ်မှတ်လိုက်တာဖြစ်ပြီး တစ်ရက်အတွင်း ရည်ညွှန်းဈေး ကျပ် ၃၃၀ ထပ်တက်သွားတာဖြစ်ပါတယ်’
#Local_News
Published_ 24 October 2023
#စားအုန်းဆီ
#tthl #Yangon_Times
'ဝယ်ရောင်းတွေ ပိုက်မိနေတာအမြင့်ကားတွေပေါ့။ အမြင့်ကားတွေက အဝယ်မရှိတော့အကျဘက်ပါတယ်။ အနိမ့်ကားတွေကတော့ အဝယ်နဲနဲလိုက်လာတော့ဈေးလေးပြန်လိုက်လာတဲ့ သဘောမှာရှိတယ် 'မော်တော်
ကားရောင်းဝယ်ရေးအသင်းဗဟို(ရန်ကုန်) ကဥက္ကဌဉီးအောင်သန်းဝင်း
#Local_News
Published_ 24 October 2023
#ကားဝယ်ရောင်း #မော်ဒယ်နိမ့်ကားများ
#YMG/ NN #Yangon_Times
#Local_News
Published_ 24 October 2023
မြန်မာနိုင်ငံ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတို့သည် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”(HAMOON)၏ အဝန်းအဝိုင်းအတွင်းသို့ ကျရောက်နိုင်ပါသဖြင့် အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”(HAMOON)၏ သက်ရောက်မှုကို ခံစားရနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှအောက်တိုဘာလ(၂၄) ညနေပိုင်း၌ သတိပေးချက်အသစ်ထုတ်ပြန်လိုက်သည်။
အားအလွန်ကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဟမွန်း”(HAMOON)၏ အရှိန်ကြောင့် အောက်တိုဘာလ၂၄ရက် မွန်းလွဲမှ (၂၆)ရက်အတွင်း စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း နှင့် တောင်ပိုင်း)၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြားနှင့် နေပြည်တော်နှင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာပြီး၊ စစ်ကိုင်းတိုင်း ၊ မန္တလေးတိုင်း ၊ မကွေးတိုင်း ၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း သိပေးထားသည်။
ရန်ကုန်တိုင်းတွင်လည်း နေရာကွက်ကျားမိုးထစ်ချုန်းရွာနိုင်ပြီး အောက်တိုဘာလကုန်အထိ ဒေသအနှံတွင် မိုးရွာသွန်းခြင်း၊မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်သေးဟု ဆိုသည်။
ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ပါသည်။ လှိုင်းအမြင့်မှာ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၉)ပေမှ (၁၂)ပေခန့် ရှိနိုင်ကြောင်း သိရသည်။
ကုန်းမြင့် ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်း၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများဖြစ်ပေါ်နိုင်သောကြောင့် ကြိုတင်သတိပြုနေထိုင်ကြပါရန်နှင့် ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့် ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။
#Local_News #မုန်တိုင်း‘ဟမွန်း’ #မိုးသက်လေပြင်းများတိုက်ခတ်နိုင် #tthl #Yangon_Times
#Local_News
Published_24 Oct 2023
ညောင်နှစ်ပင်စိုက်ပျိုးရေးမွေးမြူရေးဇုန်မှ ဟင်းသီးဟင်းရွက်တန် ၇၀ ကျော်အား စည်ပင်ဈေး ၄၈ ဈေးသို့ နေ့စဉ်တင်ပို့ရောင်းချနေကြောင်း ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ထိုသို့တင်ပို့ရောင်းချရာတွင်ညောင်နှစ်ပင်စိုက်ပျိုးရေးမွေးမြူရေးဇုန်မှ လက်ရှိတွင် တစ်ရက်လျှင်ဟင်းသီးဟင်းရွက်တန်ချိန်၇၇ ဒသမ ၆၇ တန် အထိ ထွက်ရှိလျှက်ရှိရာ ဒညင်းကုန်းကုန်စိမ်းလက်ကားဈေးသစ်ကြီး အပါအဝင် စည်ပင်ဈေးများသို့ တင်ပို့ရောင်းချနေခြင်းဖြစ်ကြောင်း သိရသည်။
"ထောက်ကြန့် ရတနာသီရိ ကုန်စိမ်းဈေးသစ်နဲ့ တညင်းကုန်းကုန်စိမ်းလက်ကားဈေး အပါအဝင်ရန်ကုန်မြို့တော်စည်ပင်သာယာဈေး(၄၈)ကိုမှာ ရောင်းချပေးနေတာပါ။ အရင်နှစ်ကထက်အထွက်နှုန်းတိုးလာပါတယ်" ဟု ရန်ကုန်တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လတ်တလောတွင် စုစုပေါင်းစိုက်ပျိုးသူ ဦးရေ ၆၀၁ ဦးမှ ဟင်းသီးဟင်းရွက်စိုက်ဧက ၃၀၀၃ ဒသမ ၅ ဧက စိုက်ပျိုးထားခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့စိုက်ပျိုးရာတွင် ချဉ်ပေါင်၊ ကန်စွန်း၊ မုန်ညှင်း၊ မုံလာ၊ ဟင်းနုနွယ်၊ ဆလပ်၊ ဗူး၊ ရုံပတီသီး၊ ပဲညွှန့်၊ ဂွေးတောက်၊ကိုက်လန်၊ ဒန့်သလွန် ၊ခဝဲ၊ ဗုံလုံ၊ ကြက်ဟင်းခါးသီးစသည်ဖြင့် ဟင်းသီးဟင်းရွက်အမျိုးအစားပေါင်း ၄၀ ခန့်အထိစိုက်ပျိုးထုတ်လုပ်နေကြောင်း သိရသည်။
#Local_News #ဟင်းသီးဟင်းရွက် #နေ့စဉ်တင်ပို့ရောင်းချနေ
#YMG/ NN #Yangon_Times
Page 787 of 1773