#Local_News
Published_ 29 December 2022
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို လာမည့်မတ်လ ၈ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာထားသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရမည့် အချိန်စာရင်းကို ထုတ်ပြန်ကြေညာထားသည်။
လာမည့်မတ်လ ၈ ရက်တွင် တက္ကသိုလ်ဝင်စာမေးပွဲ၏ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုရမည်ဖြစ်ပြီး မတ်လ ၈ ရက်မှ ၁၈ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို တစ်နိုင်ငံလုံးရှိ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်းသုံးသိန်းကျော် ဝင်ရောက်ဖြေဆိုရန်ရှိနေကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
- Category: Myanmar
- Hits: 447
#Local_News
Published_ 29 December 2022
ပြင်ဦးလွင်-မန္တလေးကားလမ်း၊ ပြင်စာကျေးရွာ ခြောက်ထပ်ကွေ့အနီးတွင် ယနေ့ နံနက် (၉)နာရီ ဝန်းကျင်အချိန်တွင် ယာဉ်တစ်စီးတိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်း ဒေသအခြေစိုက်သန္တိသုခအခမဲ့ လူမှုကူညီရေးအသင်းထံမှ သိရသည်။
တိမ်းမှောက်ခဲ့သည့်ယာဉ်မှာ အန်စာတုံးအမျိုးအစားယာဉ်ဖြစ်ပြီး၊ ယာဉ်ပေါ်ပါ လူသုံးဦးအနက် ခရီးသည်တစ်ဦးမှာ ဒဏ်ရာပြင်းထန်ရရှိခဲ့ကြောင်းသိရသည်။
အဆိုပါ ခရီးသည်အမျိုးသားတစ်ဦးသည် ဘယ်ဘက်မျက်လုံးနှင့်ရင်ဘက်ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ထားရှိကြောင်း သိရသည်။
#ymg/myn
#Yangon_Media_Group
- Category: Myanmar
- Hits: 544
#Local_News
Published_ 29 December 2022
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့်မဲခေါင်မြစ်အနီးတဝိုက်နေရာ(၃)နေရာတွင် လေထုအရည်အသွေးအားစောင့်ကြည့်တိုင်းတာခြင်းများကို မြန်မာနိုင်ငံမှဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သိရသည်၊၊
ယင်းစီမံကိန်းဆောင်ရွက်မည့်အကြောင်းကို ဒီဇင်ဘာလ(၂၇)ရက် ညနေပိုင်းက"နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုနှင့်ပတ်သက်၍ လေထုအရည်အသွေး စောင့်ကြည့်တိုင်းတာစစ်ဆေးခြင်းနှင့် ဆန်းစစ်ခြင်းဆိုင်ရာ စီမံကိန်း"မိတ်ဆက်ပွဲအခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ထည့်သွင်းပြောခဲ့ခြင်းဖြစ်သည်၊၊
မဲခေါင်မြစ်အနီးတဝိုက်နေရာသုံးနေရာတွင် လေထုအရည်အသွေးအား စောင့်ကြည့်တိုင်းတာသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံနှင့် ထိုင်း၊ လာအိုနိုင်ငံနယ်စပ်ဒေသ ပြည်သူများကျန်းမာရေးကို ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကထည့်သွင်းပြောခဲ့သည်၊၊
မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနဌာမှူး Ms. Feng Liping ကလည်းတရုတ်နိုင်ငံသည် လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှုစသည့် ယန္တရားများမှတစ်ဆင့် မြန်မာနိုင်ငံနှင့်အတူ လေထုညစ်ညမ်းမှု ကာကွယ်စီမံရေးအတွေ့အကြုံနှင့် လေထုအရည်အသွေးစောင့်ကြည့်တိုင်းတာသည့် နည်းလမ်းများကို မျှဝေလိုပြီး မြန်မာနိုင်ငံနှင့် အခြားလန်ချန်း-မဲခေါင်ဒေသတွင်းနိုင်ငံများနှင့်အတူ ဒေသတွင်းဂေဟပတ်ဝန်းကျင်ကို အတူကာကွယ်သွားလိုကြောင်း၊ လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေသည် ဒေသတွင်း စည်ပင်ဝပြောတည်ငြိမ်မှုအား ဆက်လက်အဓိကပံ့ပိုးကာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု၊ ပြည်သူ့အကျိုးစီးပွား မြှင့်တင်မှုစီမံကိန်းများကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်၊၊
#ymg/tthl
#Yangon_Media_Group
- Category: Myanmar
- Hits: 249
#Local_News
Published_29 December 2022
ဇန်နဝါရီလမှ နိုဝင်ဘာလအထိ (၁၁) လအတွင်း သီလဝါ(ရန်ကုန်)ရှိ စက်သုံးဆီနှင့် ဓာတ်ငွေ့တင် ဆိပ်ကမ်းတွေကို စက်သုံးဆီတင်သင်္ဘော (၂၇၁) စီးဝင်ရောက်ခဲ့ပြီး ဆီတန်ချိန် (၄၂၇၀) တန်ကို ဆပ်ကမ်းချခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်းမြန်မာ့ဆိပ်ကမ်းအာဏာပိုင် (MPA) မှ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
ဇန်နဝါရီလတွင် (၄၆၁ ဒသမ ၉၆၉) တန်၊ ဖေဖော်ဝါရီလတွင် (၅၆၂ဒသမ ၈၁၆) တန်၊ မတ်လတွင် (၄၆၂ ဒသမ ၂၁၃) တန်၊ ဧပြီလတွင် (၁၆၈ ဒသမ ၃၇၇) တန်၊ မေလတွင် (၃၁၈ ဒသမ ၇၁၆) တန်၊ ဇွန်လတွင် (၃၅၂ ဒသမ ၀၆၁) တန်၊ ဇူလိုင်လတွင် (၃၀၄ ဒသမ ၁၂၄) တန်၊ ဩဂုတ်လတွင် (၄၁၁ ဒသမ ၅၄၅) တန်၊ စက်တင်ဘာလတွင် (၄၅၁ ဒသမ ၃၆၃) တန်၊ အောက်တိုဘာလတွင် (၄၀၂ ဒသမ ၄၉၆) တန်နှင့် နိုဝင်ဘာလတွင် (၃၇၄ ဒသမ ၂၇၄) တန် တင်သွင်းခဲ့ကြောင်း ဖော်ပြထားသည်။
လက်ရှိတွင် သီလဝါဆိပ်ကမ်း၌ စက်သုံးဆီတင်သင်္ဘောကြီးများ ဝင်၊ ထွက် ဆိုက်ကပ်နိုင်သည့် အပြည်ပြည်ဆိုင်ရာ ဆိပ်ခံတံတားအစင်းရေ (၈) စင်းအထိ ရှိနေပြီး ဒီဇယ်ဂါလန် (၇၆) သန်းနှင့် ဓာတ်ဆီဂါလန် (၉၅) သန်းအထိ သိုလှောင်နိုင်ကြောင်း သိရသည်။
စက်သုံးဆီဖြန့်ဖြူးမှုအနေဖြင့် မြန်မာတစ်နိုင်ငံလုံးရှိ စက်သုံးဆီအရောင်းဆိုင်တွေကို ဆီတင်ဘောက်ဆာများ၊ ဆီတွဲရေယာဉ်များ၊ ရထားတွေဖြင့် အချိန်မီ ပို့ဆောင်ပေးနေကြောင်း သိရသည်။
#ymg/sth
#Yangon-Media_Group
- Category: Myanmar
- Hits: 252
#Local_News
Published_ 29 December 2022
မွန်ပြည်နယ်၊ မော်လမြိုင်တွင် အိမ်စီးကားတစ်စီး ချောင်းအတွင်း အရှိန်လွန်ထိုးကျကာ ယာဉ်မောင်းသေဆုံးမှုတစ်ခု ဒီဇင်ဘာလ ၂၈ ရက် ည ၉ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း ဂရုဏာရှင် လူမူကူညီရေးအသင်းက သိရသည်။
အဆိုပါ အိမ်စီးကားသည် မုပွန်အိုးရုံလမ်းရှိ ချောင်းအတွင်းသို့ ထိုးကျခဲ့ကာ ယာဉ်မောင်းမှာ ကားအတွင်းပိတ်မိကာ ရေနစ်သေဆုံးသွားခဲ့သောကြောင့် လူမှုကူညီရေးအသင်းယာဉ်ဖြင့် မော်လမြိုင်မြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
- Category: Myanmar
- Hits: 274
#Local_News
Published_ 29 December 2022
ဧရာဝတီတိုင်းနှင့်ရခိုင်ပြည်နယ်ကို ဆက်သွယ်သည့် ဂွချောင်းတံတားကို ဒီဇင်ဘာလ ၂၈ ရက်က ဖွင့်လှစ်ခဲ့ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သိရသည်။
ဂွချောင်းတံတားကို ရခိုင်ပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်အတွက် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ် အစိုးရအဖွဲ့တို့၏ ခွင့်ပြုရံပုံငွေကျပ်သန်း ၈၉၈၀ ဖြင့် အကုန်အကျခံဆောက်လုပ်ခဲ့ခြင်း ဖြစ်ကြောင်း၊၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၈)မှ တည်ဆောက်ရေးလုပ်ငန်းများ စတင် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းမှာ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မှ ရခိုင်ပြည်နယ် သံတွဲခရိုင်၊ ဂွမြို့နယ်အထိ ငရုတ်ကောင်း-ဆင်မ-ငွေဆောင်-ချောင်းသာ-ရွှေသောင်ယံ-မကျီးဇင်-ကျောက်ချွန်-ဂွ ကမ်းခြေပတ်လမ်း၏ အရေးပါသော တံတားတစ်စင်းလည်းဖြစ်ပြီး စုစုပေါင်းအရှည် ၁၃၉၉ ပေရှိကာ ယာဉ်သွား လမ်းအကျယ် ၂၄ ပေ၊လူသွားလမ်းအကျယ် တစ်ဖက်လျှင် ၃ ပေ၊ ၆ လက်မစီ ပါဝင်ကာ ရေလမ်း ကင်းလွတ် အမြင့်ပေ ၂၀ ၊ ရေလမ်းကင်းလွတ်အကျယ် ၈၅ ပေရှိ၍ တံတားခံနိုင်ဝန် (ခွင့်ပြုယာဉ် တစ်စီးချင်း အလေးချိန်) မှာ ၇၅ တန်ဖြစ်ကြောင်း သိရသည်။
တံတား အုတ်မြစ်မှာ ဘိုးပိုင်အမျိုးအစားဖြစ်ပြီး တံတားအပေါ်ထည်မှာ P.C Girder ၊ R.C Girder တို့ဖြင့် တည်ဆောက်ထားသော သံကူကွန်ကရစ် အမျိုးအစား တံတားဖြစ်ကြောင်း၊ တံတား ခန်းဖွင့်အကျယ် ၂၆ ပေ ၃ လက်မ(သုံး)ခန်း၊ ပေ ၆၀ (နှစ်)ခန်းနှင့် ပေ ၁၀၀ (၁၂ ခန်း) တို့ဖြင့် ဖွဲ့စည်း တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
- Category: Myanmar
- Hits: 364
#World_Politics
Published 29 December 2022
မကြာသေးမီက ဗြိတိန်လွှတ်တော်အမတ်တွေဟာ နိုင်ငံရပ်ခြားခရီးစဉ်အတွင်း အလွန်အကျူးသောက်စားပျော်ပါးခဲ့ကြကာ ဟိုတယ်ခန်းတွေမှာ ပြည့်တန်ဆာတွေနဲ့ တွေ့ဆုံခဲ့ကြကြောင်း ထွက်ပေါ်လာတဲ့သတင်းများနဲ့ ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်ရုံးက စိုးရိမ်နေရပါတယ်။
ပါတီပေါင်းစုံပါလီမန်အဖွဲ့များ(APPG)မှ စီစဉ်ဆောင်ရွက်တဲ့ နိုင်ငံရပ်ခြားခရီးစဉ်တွေမှာ လွှတ်တော်အမတ်အချို့က လိင်ကိစ္စအပျော်အပါးနဲ့ သောက်စားမူးယစ်တာတွေ ပြုလုပ်ရာမှာ ပါဝင်ပတ်သက်နေတယ်လို့ Times က ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။
APPG အဖွဲ့မှာ ကိစ္စတစ်ခုကိုအာရုံစိုက်လုပ်ဆောင်ရန် ပါတီပေါင်းစုံမှ တန်းတူအမတ်များဖြင့် ပါဝင်ဖွဲ့စည်းထားပါတယ်။
ယခုလအစောပိုင်းက Politico မှ စုံစမ်းစစ်ဆေးမှုတစ်ခုမှာ ကွန်ဆာဗေးတစ်အမတ်ဟောင်းတစ်ဦးက အရှေ့တောင်အာရှတစ်နိုင်ငံကို လည်ပတ်ချိန်မှာ ပြည့်တန်ဆာအိမ် အနီးဆုံးဘယ်နားမှာရှိလဲလို့ မေးမြန်းခဲ့ကြောင်း၊ တရားဝင်ခရီးစဉ်ပြီးဆုံးပြီးနောက် မိန်းမလိုက်စားတယ်ဆိုတဲ့အတိုင်း ဝန်ကြီးဟောင်းတစ်ဦးဟာ တည်းခိုနေထိုင်ခဲ့ကြောင်း ဖော်ပြခဲ့ပါတယ်။
အဆိုပါသတင်းတွေနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်လက်ထောက် ပြောရေးဆိုခွင့်ရှိသူက "အစီရင်ခံစာအချို့ကို တွေ့မြင်ခဲ့ရပြီး အချို့သောအပြုအမူတွေက တကယ်ကိုစိုးရိမ်စရာကောင်းပါတယ်" လို့ Guardian ကို ပြောကြားခဲ့ပါတယ်။
လွှတ်တော်အမတ်ဆိုတာဟာ ပြည်သူအတွက် အားသွန်ခွန်စိုက်လုပ်ကိုင်သင့်တယ်လို့ ယုံကြည်ကြောင်း၊ အများစုက စိန်ခေါ်မှုတွေကို အာရုံစိုက်ဖြေရှင်းသင့်ကြောင်း၊ ထိခိုက်နစ်နာလွယ်သူများကို ထောက်ပံ့ပေးရန်၊ စာသင်ကျောင်းတွေ ပိုကောင်းစေရန် လမ်းတွေ ဘေးကင်းစိတ်ချစေရန် လုပ်ဆောင်သင့်ကြောင်း ဝန်ကြီးချုပ်က ယူဆနေပါတယ်" လို့ ပြောပြခဲ့ပါတယ်။
စံပြကော်မတီက APPG ကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်နေတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
သူတို့ရဲ့လုပ်ရပ်တွေက အစိုးရအရေးထက်စာရင် လွှတ်တော်အရေးနဲ့ ပိုမိုပတ်သက်နေပါတယ်။
Times ရဲ့ဖော်ပြချက်အရ လွှတ်တော်အမတ်တစ်ဦးဟာ ဗြိတိန်ရဲ့အရေးကြီးမဟာမိတ်နိုင်ငံသို့ သွားရောက်စဉ်မှာ အမျိုးသမီးအလုပ်သင်တွေကို လိင်မှုကိစ္စဆောင်ရွက်ရန် အကြိမ်ကြိမ်ကြိုးစားခဲ့တာကြောင့် ပြစ်တင်ရှုတ်ချခံခဲ့ရဖူးပါတယ်။
ဒီလိုလုပ်ရပ်တွေကြောင့် အခန့်မသင့်တဲ့နိုင်ငံမှာဆိုရင် သူတို့ကို ခြိမ်းခြောက်တာတွေရှိလာနိုင်တယ်လို့ အချို့လွှတ်တော်အမတ်တွေက ဆိုပါတယ်။
Source: WION
#Yangon_Media_Group
- Category: World
- Hits: 406
#Local_News
Published_ 29 December 2022
ရန်ကုန်တိုင်းဒေသကြီးရှိ ခရိုင် (၁၄) ခု၌ စိုက်ပျိုးစရိတ်ချေးငွေ ပေးဆပ်ရန်ကျန် ပမာဏ များပြားနေပြီး ပေးဆပ်ရန်ရှိသည်များ အမြန်ဆုံးပေးဆပ်ရန်လိုကာ ပေးဆပ်မှသာ လိုအပ်သူများအတွက် ထပ်မံချေးငှားခြင်းဖြင့် လုပ်ငန်းတိုးချဲ့မှုများ ဆောင်ရွက်နိုင်မည်ဖြစ်၍ စည်းရုံးဆောင်ရွက်ခြင်း၊ ဥပဒေနှင့်အညီတောင်းခံခြင်းများ ဆောင်ရွက်ရန် နစက ဒုတိယဥက္ကဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် များမှ တာဝန်ရှိသူများအား တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ထို့ပြင် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း ၂ဝ၂ဝ၊ ၂၀၂၁၊ ၂၀၂၂ ခုနှစ်တို့၏ မိုးရွာသွန်းရက်နှင့် မိုးရေချိန်များသည်များစွာ ကွာခြားမှု မရှိကြောင်း၊ သို့ရာတွင် အဓိကစိုက် ပျိုးသီးနှံဖြစ်သည့် စပါးနှင့်ပဲမျိုးစုံစိုက်ဧက လျာထားချက်ကို မြို့နယ်အားလုံး ပြည့်မီခြင်းမရှိသလို အထွက်နှုန်းမှာလည်း ပန်းတိုင် အထွက်နှုန်းကိုပြည့်မီရန် လိုအပ်နေသေး တယ်လို့ ဆိုပါတယ်။
စိုက်ဧက တိုးချဲ့မှု အစားလက်ရှိစိုက်ဧကအား သီးနှံအထွက် ပိုမိုတိုးမြှင့်ရေး ကြိုးပမ်း ရန်လိုအပ်ပြီး၊ သီးနှံတိုးတက်ထုတ်လုပ်နိုင်ရေး မျိုးကောင်းမျိုးသန့်များ ပြောင်းလဲ အသုံးပြုရန် လိုအပ်မှု၊ သွင်းအားစု၊ လိုအပ်ရေပမာဏ ရရှိရေး၊ စိုက်နည်းစနစ်မှန်ကန်ရေး ကိုဂရုပြုရန် လိုသလို စိုက်ပျိုးရာတွင်လည်း နိုင်ငံတကာဈေး ကွက်အထိ အဆင့်မီ တင်ပို့နိုင်ရေး Good Agriculture practice(GAP) အသိပညာသိရှိအောင် စိုက်ပျိုးသူများကို ပညာပေးဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။
MSME လုပ်ငန်းများ၏ အဓိကအခက်အခဲများတွင် ချေးငွေရယူလိုမှုနှင့် ချေးငွေ သက်တမ်းတိုးလိုမှုကို တွေ့ရပြီး မှန်ကန်စွာဖြေရှင်းနိုင်ရန်မှာ ချေးငွေကို အချိန်မှန် ပေးဆပ်ရန်ဖြစ်တယ်လို့ ဆိုပါတယ်။
ဒုတိယအချက်မှာ မြေနေရာရရှိလိုမှုဖြစ်ကြောင်း၊ မိမိတို့နိုင်ငံသည် ဆန်စပါးအဓိက ထုတ်လုပ် သောနိုင်ငံဖြစ်၍ လယ်မြေနှင့် ပတ်သက်လျင် အခြားနည်းသုံးစွဲရန် ခွင့်မပြု ကြောင်းကို နိုင်ငံတော်ဝန်ကြီးချုပ်က လမ်းညွှန်မှာကြားထားပြီးဖြစ်ပါတယ်။
တတိယအချက်မှာ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ဖြစ်ပြီး နိုင်ငံ၏လက်ရှိ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုအခြေအနေအရ လုံလောက်မှု မရှိသေးကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအရ လျှပ်စစ်ဓာတ်အား လုံလောက်ဖူလုံစေရေး၊ ရေအား လျှပ်စစ်၊ ဆိုလာ စနစ်မှစ၍ အနုမြူစွမ်းအင်သုံး အသေးစားလျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရေးအထိ နိုင်ငံတော်မှ စီမံဆောင်ရွက် နေတယ်လို့ ဆိုပါတယ်။
လတ်တလောအခြေအနေအရ လျှပ်စစ်ဓတ်အားမရှိလျင် ကုန်ထုတ်လုပ်မှုကိုလည်းဆောင်ရွက်နိုင်မည်မဟုတ်သဖြင့် တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်တစ်ဦးချင်းဖြစ်စေ၊ အစုအဖွဲ့ ဖြစ်စေ ဆိုလာစနစ်၊ လေအားလျှပ်စစ်နှင့် ဒီဇယ်သုံး လျှပ်စစ်ဓာတ်အားများကိုလည်း တစ်ပိုင်တစ်နိုင်စီမံဆောင် ရွက်ကြဖို့ ပြောကြားခဲ့ပါတယ်။
#ygm_mnn
#Yangon_Media_Group
- Category: Myanmar
- Hits: 274
#Local_News
Published_ 29 December 2022
MSME လုပ်ငန်းများသည် မိမိတို့လို ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နိုင်ငံစီးပွားရေး၏ ကုန်ထုတ်လုပ်မှု၌ ၉၉ ရာခိုင်နှုန်းခန့် ပါဝင်လျက်ရှိပြီး နိုင်ငံ၏ GDP တွင် အရေးကြီးသော အခန်းကဏ္ဍမှရပ်တည် လျက်ရှိတယ်လို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကပြောကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် များမှ တာဝန်ရှိ သူများအား တွေ့ဆုံပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) အကောင်အထည် ဖော်ဆောင်ရွက်ထားရှိမှုများနှင့်ပတ်သက်၍ လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြ ကြပါတယ်။
ဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ နစက ဒုတိယဥက္ကဋ္ဌက MSME ၏အခြေခံဖြစ်သော ကုန်ထုတ်လုပ်ငန်း၊ ရောင်းဝယ်ရေးလုပ်ငန်း၊ သွင်းအားစုနှင့် လူ့စွမ်းအား အရင်းအမြစ်တို့နှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့်တတ်နိုင်သရွေ့ နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ပေးလျက်ရှိတယ်လို့ ဆိုပါတယ်။
ထို့ပြင် လူ့စွမ်းအားအရင်းအမြစ်အတွက် အလယ်တန်းအဆင့်နှင့်အောက် တတ်မြောက်သူများအတွက် ဝန်ကြီးဌာန (၇) ခုက ကာလတိုနှင့်ကာလရှည် သင်တန်းပေါင်း (၁၉၈)မျိုးကို ဆောင်ရွက်ပေးနိုင်မည့် အခြေအနေ၊ အထက်တန်းအဆင့် ပညာတတ်မြောက်ပြီး သူများအတွက် စိုက်ပျိုး ရေးသိပ္ပံ၊ မွေးမြူရေးသိပ္ပံနှင့် စက်မှုသိပ္ပံတို့ ဖွင့်လှစ်ပေးမှုအခြေအနေ၊ အဆင့်မြင့်ပညာနှင့် ပတ်သက်၍ ကွန်ပျူတာနှင့် နည်းပညာတက္ကသိုလ်များအား ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးတွင် ဖွင့်လှစ်သင်ကြားပေးနေမှုအခြေအနေတို့ကို ပြောကြားပါတယ်။
ကုန်ထုတ်လုပ်မှု၊ သွင်းကုန်အစားထိုးမှုနှင့် ပို့ကုန်တိုးမြှင့်ရေးအတွက် ထုတ်ကုန် ဦးစားပေးဆောင်ရွက်ရာတွင် ဒေသအလိုက်ထွက်ရှိ ကုန်ကြမ်းများမှတဆင့် ကုန်ချောထုတ်လုပ်နိုင်မည့် မူဝါဒကိုလည်း လက်မလွတ်စေရန်လည်း ပြောကြားခဲ့ပါတယ်။
#ygm_mnn
#Yangon_Media_Group
- Category: Myanmar
- Hits: 358
#Health_Technology
Published 29 December 2022
NHS ဆေးရုံတွေမှာအသုံးပြုနေတဲ့ ဉာဏ်ရည်တု(AI)ဆော့ဖ်ဝဲဟာ လူနာပေါင်းသောင်းချီကို အပြီးတိုင်လေဖြတ်သွားခြင်းမှ ကာကွယ်ပေးနိုင်ခဲ့ပြီလို့ တွေ့ရှိချက်တွေအရ ယူဆရပါတယ်။
ထိုနည်းပညာဖြင့် လေဖြတ်ဖူးတဲ့လူနာတွေကို အမြန်သိရှိနိုင်ကာ ပုံမှန်ဘဝအတိုင်းဆက်လက်နေထိုင်နိုင်မယ့်လူတွေ ၃ ဆခန့်များလာစေခဲ့ပါတယ်။
လေဖြတ်ခြင်းအန္တရာယ်ရှိနေတဲ့ လူပေါင်း ၁ သိန်းကျော်ကို ပိုင်းခြားလေ့လာခဲ့ရာမှာ အပြည့်အဝပြန်လည်ကောင်းမွန်လာသူ ၁၆ ရာခိုင်နှုန်းကနေ ၄၈ ရာခိုင်နှုန်းအထိ ရှိလာပါတယ်။
ရောဂါဖြစ်နိုင်ချေကို အလျင်အမြန်တွေ့ရှိခြင်းနဲ့ လျင်မြန်ထိရောက်စွာ ကုသခြင်းတို့က ပြန်လည်သက်သာစေတဲ့ အဓိကအကြောင်းအရာတွေဖြစ်ပါတယ်။
ဦးနှောက်ကို ဓာတ်မှန်ရိုက်ပြီး လေဖြတ်လူနာတွေအတွက် ဒီနောက်မှာတော့ ကျန်းမာရေးဌာနတွေအနေနဲ့ လူနာတွေ ဆေးရုံဆင်းနိုင်မယ့်အချိန်ကိုပါ သိရှိစေနိုင်မှာဖြစ်ပါတယ်။
နှစ်စဉ်နှစ်တိုင်း လေဖြတ်ခြင်းခံစားရသူ ၈ သောင်းကျော်ရှိကာ ရောဂါအလျင်အမြန်သိရှိခြင်းနဲ့ ကုသခြင်းတို့က သက်သာစေဖို့ အဓိကအချက်တွေဖြစ်ပါတယ်။
ဦးနှောက်အဓိကနေရာတွေကိုသွားတဲ့ သွေးတွေ ကောင်းကောင်းမလျှောက်ကာ သွေးကြောမကြီးတွေမှာ သွေးခဲပိတ်ဆို့တတ်ပါတယ်။
အချိန်ကြာမြင့်စွာ သွေးမရရှိတဲ့အခါ အကြောသေခြင်း၊ စကားမပြောနိုင်ခြင်းတို့ ဖြစ်နိုင်ပါတယ်။
လက်ရှိအချိန်မှာ အင်္ဂလန်ရှိ ဆေးရုံ ၂၂ ရုံမှာ လေဖြတ်အန္တရာယ်ရှိသူလူနာပေါင်း ၁၁၁,၀၀၀ မှာ အဆိုပါနည်းပညာဖြင့် ကုသထားပါတယ်။
Source: Daily Mail
#Yangon_Media_Group
- Category: World
- Hits: 513
#World_Health
Published 29 December 2022
ပျော်ရွှင်မှုရဖို့အတွက်ဆိုရင် ပိုက်ဆံရှိတာထက်စာရင် အိပ်ရေးဝခြင်းက ပိုပြီးအရေးကြီးတယ်လို့ သုတေသနအသစ်တစ်ခုမှာ ဖော်ပြထားပါတယ်။
ပျော်ရွှင်ခြင်းနဲ့ အိပ်စက်ခြင်းတို့ကြား ဆက်စပ်မှုကို လေ့လာရန် လူပေါင်း ၂ ထောင်ကို စစ်တမ်းကောက်ယူခဲ့ရာ မိမိဘဝကို ပျော်ရွှင်ကျေနပ်သူ ၄၀ ရာခိုင်နှုန်းဟာ နှစ်ခြိုက်ကောင်းမွန်စွာအိပ်စက်ရကြောင်း ဖော်ပြခဲ့ပါတယ်။
ဖြေဆိုသူ ၇၂ ရာခိုင်နှုန်းက သူတို့ဘဝမှာ ကျေနပ်မှုရရှိပေမယ့် ၅ ပုံ ၁ ပုံကတော့ ကျေနပ်မှုမရှိကာ တစ်ပတ်မှာ ၃ ရက်လောက် ထိုကဲ့သို့ခံစားရတယ်လို့ ဆိုကြပါတယ်။
ဘဝမှာ ကျေနပ်မှုမရရှိတဲ့ အဓိကအကြောင်းအရင်းတွေထဲမှာ ကောင်းစွာ မအိပ်စက်ရခြင်း ၄၅ ရာခိုင်နှုန်းက အဓိကဖြစ်နေပြီး သူ့နောက်မှာတော့ စိတ်ဖိစီးမှု(၄၃ ရာခိုင်နှုန်း)၊ လှုပ်ရှားတက်ကြွမှုမရှိခြင်း(၃၈ ရာခိုင်နှုန်း)၊ လှုမှုပေါင်းသင်းရေးနည်းခြင်း(၃၄ ရာခိုင်နှုန်း)နဲ့ အိမ်မှုကိစ္စတွေကနေ ပင်ပန်းနွမ်းနွယ်မှု(၃၃ ရာခိုင်နှုန်း)တို့ ရှိပါတယ်။
ပိုမိုပျော်ရွှင်မှုရဖို့အတွက် စိတ်ဖိစီးမှုလျော့ပါးရန်နဲ့ ပိုမိုအနားယူရန်လိုအပ်ကြောင်း ဖြေဆိုသူများက အကြံပြုခဲ့ပါတယ်။
နောက်ထပ်သုတေသနပြုချက်များအရ သာမန်လူတစ်ဦးဟာ တစ်လအတွင်း ၁၀ ညမျှ အိပ်ရေးပျက်ကြောင်း တွေ့ရှိခဲ့ပါတယ်။
ဖြေဆိုသူ ၄၀ ရာခိုင်နှုန်းက အိပ်ရေးဝတဲ့အခါ ကျန်းမာရေးနဲ့ညီညွတ်မျှတစွာ ပိုမိုစားသောက်ဖြစ်ပြီး အားကစားပြုလုပ်ဖြစ်ကြပါတယ်။
ကောင်းစွာအိပ်စက်ရခြင်းဖြင့် နေထိုင်မှုဘဝနဲ့ လိင်မှုရေးရာတို့မှာ အကူအညီဖြစ်စေပြီး ၅ ယောက်မှာ ၄ ယောက်လောက်က မိမိလက်တွဲဖော်နဲ့ အဆင်ပြေခြင်း၊ ချက်ပြုတ်စားသောက်ခြင်း၊ ကလေးတွေကို အချိန်ပေးခြင်းတို့ ပြုလုပ်တတ်ကြပါတယ်။
"လက်ရှိအချိန်မှာ ကျေနပ်နေဖို့က ခက်ခဲပါတယ်၊ ဘာကြောင့်လဲဆိုတော့ အတိတ်အကြောင်း ပြန်တွေးတာတွေ၊ အနာဂတ်အကြောင်း ကြိုတွေးတာတွေကို ဘေးဖယ်ထားဖို့လိုပါတယ်၊ ကောင်းစွာမအိပ်ရတဲ့အခါ လူတွေရဲ့အာရုံစူးစိုက်မှု၊ လုပ်ကိုင်နိုင်စွမ်းတွေမှာ ထိခိုက်လာပြီး စိတ်ဖိစီးမှုပိုဖြစ်စေပါတယ်" လို့ 'ဟာနန်ဝါဂျီ'က ဆိုပါတယ်။
ကောင်းစွာအိပ်ပျော်ဖို့အတွက် လိုအပ်တာတွေကတော့ သက်တောင့်သက်သာရှိတဲ့ခေါင်းအုံး ထားရှိခြင်း၊ အခန်းအပူချိန်သင့်တင့်မျှတအောင် ထားရှိခြင်း၊ အိပ်ရာမဝင်ခင် တစ်နာရီအလိုမှာ အီလက်ထရောနစ်ပစ္စည်းများ အသုံးမပြုခြင်းတို့ လိုအပ်တယ်လို့ ဖြေဆိုခဲ့ကြပါတယ်။
မအိပ်ခင်မှာ စာအုပ်ဖတ်ခြင်း၊ သီချင်းနားထောင်ခြင်းတို့လည်း ပြုလုပ်နိုင်ပါတယ်။
၁၀ ယောက်မှာ ၆ ယောက်က သူတို့ဘဝမှာ အိပ်ရေးပျက်တာမျိုးမဖြစ်အောင် နေထိုင်ဖို့ ဆုံးဖြတ်ထားကြပါတယ်။
Source: NY Post
#Yangon_Media_Group
- Category: World
- Hits: 357
#Local_News
Published_ 29 December 2022
ဒီဇင်ဘာ (၂၂) ရက်နေ့စာရင်းများအရ YBS စီးနင်းသူအရေအတွက်မှာ ၁.၆ သန်း အထိရှိကြောင်း YRTC ရဲ့ ဒုတိယဥက္ကဋ္ဌက ဒီဇင်ဘာ (၂၈) ရက် နံနက်ပိုင်းကပြုလုပ်တဲ့ YBS ယာဉ်မောင်းများအား အသိပညာပေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့ပါတယ်။
ရန်ကုန်မြို့တွင်း သွားလာရန်အတွက် YBS မှာ အဓိကအကျဆုံး ဖြစ်သဖြင့် ယာဉ်မောင်းတစ်ဦး၏ တာဝန်ယူသယ်ယူပိုဆောင်ရတဲ့ နေ့စဉ်ပျှမ်းမျှ ခရီးသည် ၄၀၀ ဦးရဲ့ အသက်မှာ ယာဉ်မောင်းများလက်တွင်ရှိကြောင်း ဒုတိယဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့ပါတယ်။
ထို့နောက် ယာဉ်မောင်းများ သိသင့်သိထိုက်တဲ့ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေးဆိုင်ရာ ဆွေးနွေးချက်များ၊ တာဝန်ယူမှု တာဝန်ခံမှုရှိသည့် ယာဉ်မောင်း တစ်ယောက်ဖြစ်ရေး လုပ်ဆောင်ရန်အချက်များကို တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့် မန်က ဆွေးနွေးခဲ့ပါတယ်။
အဆိုပါဆွေးနွေးပွဲသို့ YRTC ၏ ဥပဒေပညာရှင်၊ အမှတ် (၂) ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲ မှူးရုံး(ရန်ကုန်တိုင်းဒေသကြီး)၊ YRTC ကော်မတီဝင်တို့က ပြစ်မှုပြစ်ဒဏ်များအကြောင်း ဆွေးနွေးပိုချခဲ့ပါတယ်။ အသိပညာပေးဆွေးနွေးပွဲသို့ စည်းကမ်းဖောက်ဖျက်ခဲ့တဲ့ YBS ယာဉ်မောင်း ၁၀၀ ဦး တက်ရောက်ခဲ့ကြောင်း သိရပါတယ်။
YRTC အနေဖြင့် YBS ယာဉ်စီးရေ ၃၅၀၀ စီးခန့်ကို စီမံကြီးကြပ်ပေးရတဲ့ အဖွဲ့ အစည်းဖြစ်ပြီး၊ YBS၊ City Taxi၊ ကုန်စည်နှင့် အဝေးပြေးယာဉ်များကို ကြီးကြပ် လျက်ရှိကြောင်း သတင်းရရှိပါတယ်။
#Yangon_Media_Group
- Category: Myanmar
- Hits: 316