၈ ဖေဖော်ဝါရီ ၂၀၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကနိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဓမ္မသီရိ သည် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၈ ရက် ကြာသပတေးနေ့အကူး ၀၀:၀၂နာရီ အချိန်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရာ ဆရာတော်ဘုရားကြီး၏ ဥတုဇရုပ်ကလပ်တော်အား နစကဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ ယနေ့မွန်းလွဲပိုင်းတွင် သွားရောက် ဖူးမြော်ကြည်ညိုခဲ့ကြတယ်လို့သိရှိရပါတယ်။
ဗိုလ်ချုပ်မှူးကြီးသည် ဆရာတော် ကြီး၏ အန္တိမအဂ္ဂိဈာပနကျင်းပရေး နာယကအဖွဲ့တွင်ပါဝင်သည့် သီလဓမ္မကုန်းသာ တောရကျောင်းတိုက်ဦးစီးပဓာနနာယက(ဝစီပိတ်)ဆရာတော် ဘဒ္ဒန္တကောဝိဒ အမှူးပြု သည့် ဆရာတော်ကြီးများအားဖူးမြော်ကြည်ညိုပြီး ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိ ဈာပနပူဇာသဘင် အခမ်းအနားပြုလုပ်မည့်အခြေအနေများကို လျှောက်ထား ဆွေးနွေးခဲ့ပါတယ်။
ထို့အပြင် ဗိုလ်ချုပ်မှူးကြီးနှင့် ဇနီးတို့သည် ဆရာတော်ကြီးများထံသို့ အန္တိမအဂ္ဂိဈာပနပူဇာသဘင် အခမ်းအနား ကျင်းပပြုလုပ်နိုင်ရေး အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ပါတယ်။
ဆရာတော်ကြီးသည် နိုင်ငံ့ဥသျှောင် အဓိပတိဆရာတော်ကြီးများတွင် ပါဝင်သဖြင့် အန္တိမ အဂ္ဂိ ဈာပနပူဇာသဘင် အခမ်းအနားအား စည်ကားသိုက်မြိုက်စွာနှင့် အခမ်းနားဆုံးဖြစ်အောင် ကျင်းပနိုင်ရေး အတွက် ဗိုလ်ချုပ်မှူးကြီးက တာဝန်ရှိသူတွေကို မှာကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရပ်ဝေးမှလာရောက်သည့် ဆရာတော်၊ သံဃာတော်များ၊ သာသနာ နွယ်ဝင်သီလရှင်များနှင့် အများ ပြည်သူများ သွားလာရေး၊ တည်းခိုနေထိုင် ရေးနှင့်စားသောက်ရေးတို့တွင် အဆင်ပြေ ချောမွေ့မှုရှိစေရေး၊ သောက်သုံးရေများ လုံလောက်စွာရရှိရေးနှင့် အခြားလိုအပ်သည်များကိုလည်း နစက ဥက္ကဋ္ဌက ဆက်လက်မှာကြားခဲ့ပါတယ်။
နဂါးနှစ်ကောင်ကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီး အလောင်း လျာကို ကောဇာသက္ကရာဇ် ၁၂၉၀ ပြည့်နှစ်၊ နတ်တော်လပြည့်ကျော် ၉ ရက် (ဗုဒ္ဓဟူးနေ့) တွင် ခမည်းတော် ဦးဟောင်၊ မယ်တော် ဒေါ်နန်းပင် တို့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ယန်းကိန်ရွာ၌ မွေးဖွားသန့်စင်ခဲ့ပြီး ၁၂၉၉ ခုနှစ်၊ တပေါင်း လပြည့်နေ့တွင် ကျိုင်းတုံမြို့၊ကျိုင်းယင်းကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဓမ္မရံသီ ကို ဥပဇ္ဈယ်ပြု၍ ရှင်သာမဏေအဖြစ်သို့ လည်း ကောင်း၊ ၁၃၀၀ ပြည့်နှစ်၊ ကဆုန်လဆန်း ၁၃ ရက်နေ့တွင် မြင့်မြတ်သောရဟန်းအဖြစ်သို့လည်းကောင်း အသီးသီး ရောက်ရှိတော်မူခဲ့ပါတယ်။
သက်တော် ၁၀ နှစ်အရွယ်တွင် ရှင်သာမဏေဘဝဖြင့် အခြေခံပညာမူလတန်းပညာသင်ယူ တော်မူခဲ့ပြီး ကျိုင်းယင်း ကျောင်းတိုက်ဆရာတော်ထံတွင် ပရိယတ္တိစာပေများကို ဂုံရှမ်း ဘာသာဖြင့် မူလဓမ္မာစရိယတန်းအောင်မြင်သည် အထိ ပညာသင်ယူဆည်းပူးတော်မူခဲ့ ကာ ၁၃၂၀ ခုနှစ်တွင် မူလဓမ္မာစရိယကို ဂုံရှမ်းဘာသာဖြင့် အောင်မြင် တော်မူခဲ့ပါတယ်။
ဆရာတော်ကြီးသည် ၁၃၅၇ ခုနှစ်တွင် နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်ကို စတင် ဖွင့်လှစ်တော်မူခဲ့ပြီး ပရိယတ္တိစာသင်တိုက်ခွဲ ၄ ခုကို ဖွင့်လှစ်ထူထောင်ထားရှိ၍ စာသင်တိုက်များ၌ ရှမ်းတိုင်းရင်းသား ရဟန်း၊ သာမဏေ များအား အစိုးရပါဠိ ပထမပြန်မူ အတိုင်း ဂုံရှမ်းဘာသာဖြင့် အခြေပြ မူလတန်း၊ အငယ်တန်း၊ အလတ်တန်း၊ အကြီး တန်း များကို သင်ကြားပို့ချပေးခြင်းနှင့် စာမေးပွဲများကို အကြိမ် ၅၀ တိုင် ကျင်းပပေးခဲ့ပါတယ်။
၁၃၅၅ နှစ်မှစတင်၍ ပိဋကတ် သုံးပုံပါဠိတော်နှင့် ဂုံရှမ်းဘာသာပြန်စာအုပ် ပုံနှိပ်ထုတ်ဝေခြင်း၊ ပိဋကတ်သုံးပုံ ပါဠိတော်အစုံအား ကျောက်စာချပ်ရေ ၂၅၀၀ ခန့်ဖြင့် ကျောက်ထက် အက္ခရာတင်ပြီး တာချီလိတ်မြို့ ၊ ရွှေတိဂုံ စေတီတော်ရင်ပြင်တွင် စိုက်ထူတည်ထားကိုး ကွယ်ခြင်း များကို ဆောင်ရွက်ခဲ့ပါတယ်။
ထို့အပြင် တာချီလိတ်မြို့ အတွင်းရှိ အခြေခံပညာအဆောက်အဦများအတွက် မြေနေရာများ လှူဒါန်းပေးခြင်း၊ ဘိုးဘွားရိပ်သာနှင့် မိဘမဲ့လူငယ်ပရဟိတဂေဟာကို တည်ထောင်ဖွင့်လှစ်၍ လိုအပ်သောထောက်ပံ့မှုများ ဆောင် ရွက်ပေးခြင်း၊ ခရိုင်ပြည်သူ့ဆေးရုံကြီး မြေနေရာနှင့် လိုအပ်သည့် ကျန်းမာရေးအထောက်အကူပြု အဆောက် အဦများဆောက်လုပ်လှူဒါန်းပေးခြင်းများ စသည့် သာသနာပြုလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်တော်မူခဲ့ပါတယ်။
ထိုကဲ့သို့ သာသနာပြုလုပ်ငန်းများနှင့် လူထုအကျိုးပြုလုပ်ငန်းများ စွမ်းစွမ်းတမံဆောင်ရွက်တော် မူခဲ့မှုများကြောင့် နိုင်ငံတော်မှ ၁၉၉၂ ခုနှစ်တွင် အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်၊ ၂၀၀၁ ခုနှစ်တွင် အဂ္ဂမဟာသဒ္ဒမဇောတိကဓဇ ဘွဲ့တံဆိပ်တော်၊ ၂၀၀၅ ခုနှစ်တွင် အဘိဓဇ အဂ္ဂမဟာသဒ္ဒမဇောတိက ဘွဲ့တံဆိပ်တော်၊ ၂၀၂၁ ခုနှစ်တွင် အဘိဓဇမဟာ ရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်တို့ကို ဆက်ကပ်ချီးမြှင့်ခဲ့သကဲ့သို့ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ မှ ဆက်ကပ်ချီးမြှင့်သည့် ဘွဲ့တံဆိပ်တော်များကိုလည်း ဆက်ကပ်ခံခဲ့ရပါတယ်။
ဆရာတော်ကြီးသည် သက်တော် ၉၆၊ ဝါတော် ၇၇ ဝါ အရောက်တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရတာဖြစ်ပါတယ်။
@ymg/knl
#Daily_News
Published_ 8 February 2024
၁။ တောင်တွင်းကြီးမြို့တွင် ထမနဲစတုဒိတာအလှူ၊ ဘိုးဘွား(၁၃၀)ကို ပူဇော်ပွဲနှင့် ရှေးဟောင်းဂူဘုရားပြုပြင်မှု ရေစက်ချပွဲ လုပ်မည်
၂။ နွေစပါးစိုက်ပျိုးရိတ်သိမ်းချိန်၌ စက်သုံးဆီအခက်အခဲရှိပါက ဆန်စပါးအသင်းချုပ်သို့ ဆက်သွယ်နိုင်
၃။ ပဲခူးတိုင်း ဇရပ်ကြီးမြို့အတွင်း တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရသူ သောင်းနှင့်ချီရှိပြီး အရေးပေါ်အကူညီများ လိုအပ်နေ
၄။ အမေရိကန်လေကြောင်း တိုက်ခိုက်မှုများကြောင့် အီရတ်တွင် ထိခိုက်သေဆုံးမှုများရှိလာကာ ကန့်ကွက်ရှုတ်ချသံများထွက်ပေါ်လာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၈ ဖေဖော်ဝါရီ ၂၀၂၄
အသက် ၅၇နှစ်အရွယ် ဒတ်ချ်အမျိုးသားတစ်ဦးဟာ ယခုဆိုရင် အသက်အရှည်ဆုံးနေနေရတဲ့ နှလုံးအစားထိုးခွဲစိတ်ကုသမှု ခံယူခဲ့သူလူနာ အဖြစ် ကမ္ဘာ့မှတ်တမ်းဝင်သွားပါတယ်။
ဘတ်ဂျန်ဆန်ဟာ ၁၉၈၄ခုနှစ်တုန်းက လန်ဒန်မြို့ အနောက်မြောက်ပိုင်းက ဟာရီဖီးလ်ဆေးရုံကြီးမှာ အလှူရှင် တစ်ဦးရဲ့နှလုံးနှင့် နှလုံးအစားထိုးခွဲစိတ်ကုသမှုခံယူခဲ့ပြီး ယခုဆိုရင် နှစ်ပေါင်း ၃၉နှစ်ကြာသည်အထိ ကျန်းမာစွာရှိနေပါတယ်။
အဲဒီအောင်မြင်မှုကို ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းက စံချိန်တစ်ခုအဖြစ် အသိအမှတ်ပြုလိုက်တာဖြစ်ပါတယ်။
Published-8 February 2024
တရားဝင်ကွာရှင်းပေးမည်ဖြစ်ပြီးလက်ထပ်ပွားပစ္စည်းများအားခွဲဝေရယူကြမည်ဟု အဆိုတော်နှင့်သရုပ်ဆောင် ဝိုင်းစုခိုင်သိန်း အား အဆိုတော်အောင်လမှ ဖေဖော်ဝါရီ ၈ရက်နေ့ ရက်စွဲဖြင့် နိုင်ငံပိုင်သတင်းစာမှ အသိပေး ကြေငြာလိုက်သည်။
ကြေညာချက်တွင် ရန်ကုန်တိုင်း၊ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ရှိ မြေကွက်နှင့် နှစ်ထပ်တိုက် နှင့်အိမ်ထောင်ပရိဘောဂများ၊ကလောမြို့ရှိ မြေကွက် နှစ်ကွက် ၊ ကားတစ်စီးနှင့် စတူဒီယိုအခန်းအတွင်းရှိ တူရိယာပစ္စည်းများ အပါအဝင်နှစ်ဦးပိုင် သာမန်လက်ထပ်ပွားပစ္စည်းများအား မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့်အညီ အညီအမျှခွဲဝေရယူရန် ဥပဒေအရအသိပေးအကြောင်းကြားစာကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်းပါရှိသည်။
အဆိုပါကြေညာချက်၌ တရားဝင်ညွှန်ကြားလျက် ပေးသူဦးအောင်လ(ခ)ဦးဇွဲရန်အောင်လှသည် ၂၀၂၂ခုနှစ်ဧပြီလ၄ရက်တွင် ရာဇသတ်ကြီးပုဒ်မ-၅၀၅-က(ခ)အရ ပြစ်မှုထင်ရှားစီရင်ခံရပြီးနောက် ၂၀၂၄ ဇန်နဝါရီ၄ရက်မှစတင်၍ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း ၊ဦးအောင်လ အင်းစိန်အကျဉ်းထောင်၌ ပြစ်ဒဏ်ကျနေစဉ်အတွင်း ဒေါ်ဝိုင်းစုခိုင်သိန်းသည် ၂၀၂၃ခုနှစ်ဇန်နဝါရီလအထိ အင်းစိန်ဗဟိုအကျဉ်းထောင်သို့အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပြီး တရားဝင်လင်မယားအဖြစ် ကွာရှင်းပြန်စဲပေးပါရန် တောင်းဆိုသော်လည်း ဦးအောင်လသည် ကွာရှင်းပြတ်ဆဲမှု မပြုခဲ့ကြောင်းသိရသည်။
ထို့အပြင် ဦးအောင်လသည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာပြီးနောက် ဒေါ်ဝိုင်းစုခိုင်သိန်းနှင့် နှစ်ဦးနှစ်ဖက်အကြား ဖြေရှင်းမရနိုင်သည့်လူမှုရေးကိစ္စရပ်များပေါ်ပေါက်ခဲ့သည့်အတွက် ဒေါ်ဝိုင်းစုခိုင်သိန်း၏ တောင်းဆိုသည့် ဆန္ဒအတိုင်းကွာရှင်းပြတ် စဲပေးမည်ဖြစ်ပါကြောင်းနှင့် လင်မယားနှစ်ဦးပိုင်သာမန်လက်ထပ်ပွားပစ္စည်းများအား မြန်မာ့ဓလေ့ထုံးတမ်းဥပဒေနှင့်အညီ အညီအမျှခွဲဝေရယူရန် ဥပဒေအရအသိပေးအကြောင်းကြားတောင်းဆိုမှု ပြုခြင်းဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ထို့ကြောင့် နေ့စဉ်ထုတ်သတင်းစာမှဖော်ပြပါရှိသည့် နေ့ရက်မှစ၍၁၅ရက်ပြည့်သည့်နေ့နောက်ဆုံးထား၍ ဆောင်ရွက်ပေးပါရန်နှင့် မည်သည့်အကြောင်းနှင့်မဆို ဆောင်ရွက်ပေးခြင်းမပြုပါက ဥပဒေနှင့်အညီ မလွှဲမရှောင်သာဆောင်ရွက် ရမည်ဖြစ်ကြောင်းဖော်ပြပါရှိသည်။
Yangon Times/NN
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
ဇီဝဇိုး ငှက်သိုက်ဈေးကွက်ဟာ ပြီးခဲ့တဲ့ နှစ်လလောက်က အေးခဲ့ပေမယ့် အခုဝယ်လိုအားများလာပြီး ဈေးကွက်ပြန်ထိုးတတ်လာတယ် ပြောရမယ် ပြည်တွင်းသုံးစွဲမှုကလည်း များလာတယ် ပြည်ပဈေးကွက်ဖြစ်တဲ့ တရုတ်ဈေးကွက်ကလည်း လမ်းပန်းဆက်သွယ်ရေး ပြန်ပွင့်လာတော့ ဇီဝဇိုးငှက်သိုက်ဈေးကွက်ဟာ အောက်ခြေဈေး တပိသာကို ၂၅သိန်းကျပ်ကနေ အရည်သွေးကောင်းရင် ကောင်းသလောက် သိန်း၄၀ကျော်အထိရတယ် ။
Yangon Times/LW
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
နဂါးနှစ်ကောင်ကျောင်းတိုက် ဆရာတော်ကြီးဘဝနတ်ထံပျံလွန်တော်မူ
ဆရာတော်ကြီးဟာ ထိုင်းနိုင်ငံ မယ်ဆိုင်ဂူအတွင်းမှ (၁၈)ရက်ကြာ ကယ်ထုတ်လာသည့် တောဝက်ဘောလုံးအသင်းမှ လူငယ်(၁၃)ဦးအနက် ဗုဒ္ဓဘာ သာဝင် (၁၂)ဦးတို့ကို ကြွရောက်ဆံချပေးခဲ့တဲ့ ဆရာတော်ကြီးလည်းဖြစ်ပါတယ်။
ဆရာတော်ကြီးဘဒ္ဒန္တဓမ္မသီရိဟာ နိုင်ငံတော် သြဝါဒစရိယ၊ အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင် ပါရဂူဘွဲရ သာသနာ့အာဇာနည်ဆရာတော်ကြီး တစ်ပါးလည်း ဖြစ်ပါတယ်။
Yangon Times/tthl
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
ဇရပ်ကြီးမြို့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာရတဲ့ပြည်သူ တစ်သောင်းကျော်ရှိတယ် အခုထိလဲ ကားတွေနဲ့ခေါ်ဆောင်ပေးနေရတယ် တောင်ငူမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေ အခြားဘာသာရေးအဆောက်အဦးတွေမှာ နေကျတယ် ဗြုန်းစားကြီးဖြစ်သွားတဲ့ အတွက် သူတို့ရဲ့ စားရေးသောက်ရေးတွေ နေထိုင်ရေးတွေကို အဆင်ပြေအောင် စီစဉ်နေပေမယ့် လူကများလာတဲ့အတွက် မနိုင်ဘူးဖြစ်နေတယ် အကူညီတွေကတော့ တော်တော်လေးကို လိုအပ်နေတယ်။
Yangon Times/LW
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
စက်သုံးဆီက ပြီးခဲ့တဲ့တစ်လလောက်နဲ့ စာရင်အောက်ခြေမှာ စက်သုံးဆီ၊ဒီဇယ်ဆီ ရရှိမှုအနေအထားက ပိုလွယ်ကူသွားတဲ့အခြေအနေမှာ ရှိပါတယ်၊ ဒါပေမယ့် အခက်အခဲရှိတယ်ဆိုရင်တော့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ အောက်ကအသင်းအဖွဲ့တွေ ကုမ္ပဏီတွေက ဆက်သွယ်ရင် တတ်နိုင်သမျှ ဝိုင်းဝန်းပြီးကူညီပေးပါ့မယ်
Yangon Times/NN
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
တောင်တွင်းကြီးတွင် ထမနဲစတုဒိတာအလှူ၊ဘိုးဘွားနဲ့ နွမ်းပါးသူများ အလှူလုပ်မည်
"ဖေဖော်ဝါရီလ၂၂ရက်မှာ နေကျော်ကျောင်းမှာ သံဃာတော်အပါး၄၀ကို ထမနဲဆွမ်းလောင်းပြီး ထမနဲစတုဒိတာကျွေးသွားမှာဖြစ်ပြီး လပြည့်နေ့ ဖေဖော်ဝါရီလ၂၄ရက်မှာ သံဃာတော် ၆၄ပါးကို ဆွမ်းကြီးလောင်းလှူမှာဖြစ်ပါတယ်။ဖေဖော်ဝါရီလ(၂၈)(၂၉)ရက်အတွင်းမှာတော့ အဘိုး( ၄၄)ယောက်၊အဘွား(၈၆)ယောက်တို့ကိုပူဇော်ပြီးနွမ်းပါးအိမ်ထောင်စု( ၁၄၇)စုကို ချီးမြှင့် ထောက်ပံ့ဖို့ရှိတယ်" ချမ်းမြေ့ရိပ်သာကျောင်း
Yangon Times/tthl
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published 8 February 2024
ငွေသားအပ်နှံခြင်းနှင့် ထုတ်ယူခြင်းအပါအဝင် ဘဏ်လုပ်ငန်းများကို ဘဏ်၏ ကိုယ်စား ဆောင်ရွက်နိုင်မည့် ဘဏ်ကိုယ်စားလှယ်လုပ်ငန်း (Banking Agent) လုပ်ကိုင်ခွင့်အား လျှောက်ထားဆောင် ရွက်နိုင်တော့မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှသိရသည်။
ဘဏ်လုပ်ငန်းဝန်ဆောင်မှုအား လက်လှမ်းမမီသည့် ပြည်သူများ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှု ကျယ်ကျယ်ပြန့်ပြန့် ရရှိစေရန် ဘဏ်လုပ်ငန်းများကို ကိုယ်စားလှယ်ဆောင်ရွက်နိုင်မည့် ဘဏ်ကိုယ်စားလှယ်လုပ်ငန်း (Banking Agent) လုပ်ကိုင်ခွင့်အား လျှောက်ထားနိုင်ပြီဖြစ်ပြီး ပြည့်စုံသည့် လျှောက်လွှာဖြစ်ပါက သုံးလအတွင်း ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ Banking Agent လုပ်ငန်း လျှောက်ထားရာတွင် အဆိုပြု ကိုယ်စားလှယ်အမည်၊ အဆိုပြု ကိုယ်စားလှယ်၏ တည် နေရာ၊ လိပ်စာနှင့် ဖုန်းနံပါတ်များ၊ အဆိုပြု ကိုယ်စားလှယ်က လျှောက်လွှာမတင်မီ လွန်ခဲ့သည့် နှစ်နှစ်အတွင်း ဆောင်ရွက်ခဲ့သည့် စီးပွားရေးလုပ်ငန်း ဆောင်ရွက်မှုများ၊ အထက်ပါညွှန်ကြားချက်နှင့် သက်ဆိုင်ရာ အခြားတည်ဆဲဥပဒေများနှင့်အညီ ချုပ်ဆိုမည့်ဘဏ်နှင့် ကိုယ်စားလှယ်တို့အကြား သဘောတူစာချုပ်(မူကြမ်း) တို့ကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်း ပြည့်စုံသည့်လျှောက်လွှာကို လက်ခံရရှိသည့်နေ့မှ သုံးလအတွင်း ခွင့်ပြုကြောင်း စာဖြင့် ဗဟိုဘဏ်က အကြောင်းကြားမည်ဖြစ်ကြောင်းသိရသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပေဒေပုဒ်မ ၁၈၄ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ဘဏ်လုပ်ငန်းစနစ်လုံခြုံမှုနှင့် ခိုင်မာမှုကို မထိခိုက်စေဘဲ သက်ဆိုင်ရာဘဏ်က မိမိကိုယ်စားလှယ်၏ ဘဏ်လုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများအတွက် မူဘောင်တစ်ခု သတ်မှတ်ပေးခြင်းဖြင့် ဘဏ်လုပ်ငန်းဝန်ဆောင်မှုအား လက်လှမ်းမမီသည့်ပြည်သူများ ငွေရေးကြေးရေးဆိုင်ရာ ဝန်ဆောင်မှုများ ကျယ်ကျယ်ပြန့်ပြန့် ရရှိစေရန်နှင့် ငွေရေးကြေးရေးစနစ်တွင် အလုံးစုံပါဝင်လာရေးကို တိုးမြှင့်ပေးနိုင်ရန် အလို့ငှာရည်ရွယ်၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင်ဘဏ်၏ ကိုယ်စားလှယ် Banking Agent များသည် ဗဟိုဘဏ်၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည့် သတ်မှတ်ချက်များအရ ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် ဗဟိုဘဏ်က ခွင့်ပြုထားသော ဘဏ်နှင့် ကိုယ်စားလှယ်သဘောတူစာချုပ် ချုပ်ဆိုထားသည့် စီးပွားရေးလုပ်ငန်းရှိသော အဖွဲ့အစည်းတစ်ရပ်အဖြစ် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ကိုယ်စားလှယ်ခန့်အပ်ဆောင်ရွက်သော ဘဏ်လုပ်ငန်းသည် ဗဟိုဘဏ်က အကောင်အထည်ဖော် ဆောင်ရွက်နေသော ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်းနှင့် ပေါင်းစပ်လုပ်ဆောင်ရမည်ဖြစ်ပြီး ကိုယ်စားလှယ်ခန့်အပ်ခြင်းအတွက် အဖွဲ့အစည်းတစ်ခုလျှင် ဝန်ဆောင်မှုစရိတ် ကျပ် ၂၀၀,၀၀၀ အား မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။
ဘဏ်များအနေဖြင့် ကိုယ်စားလှယ်ခန့်အပ်၍ ဘဏ်လုပ်ငန်းဆောင်ရွက်ခွင့် လျှောက်ထားရာတွင် အဆိုပြု ကိုယ်စားလှယ်အားလုံးအတွက် ခွင့်ပြုချက်အား စုပေါင်း၍ လျှောက်လွှာတစ်ခုတည်းဖြင့်သာ လျှောက်ထားရမည်ဖြစ်ပြီး ထပ်မံခန့်ထားလိုသည့် ကိုယ်စားလှယ်များအတွက် ခွင့်ပြုချက်အား နှစ်စဉ် သုံးလလျှင် တစ်ကြိမ် (မတ်လ၊ ဇွန်လ၊ စက်တင်ဘာ လနှင့် ဒီဇင်ဘာလတို့တွင်) လျှောက်ထားနိုင်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published 8 February 2024
မြန်မာပြည်တောင်ဘက်စွန်းရှိ ကော့သောင်းနှင့် မြိတ်ကျွန်းစု၌ နေထိုင်ကျက်စားကြသောပင်လယ်ပျော် မော်ကင်း(ခေါ်) ဆလုံတိုင်းရင်းသား (Sea Gypsies)တို့၏ ရိုးရာယဉ်ကျေးမှုတစ်ခုဖြစ်သည့် ရိုးရာနတ်ကပွဲကို ဖေဖော်ဝါရီလ ဒုတိယပတ်နှင့် မတ်လအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဆလုံရိုးရာ နတ်ကပွဲကို ပင်လယ်ပြင်၌ တစ်နှစ်ပတ်လုံး ငါး၊ ပုစွန် ပေါများစွာရရှိစေရန်၊ ကျန်းမာရေး ကောင်းမွန်စေရန်နှင့် ရိုးရာအမွေထိန်းသိမ်းမှုအဖြစ် ကျင်းပလေ့ရှိပြီး အဆိုပါနတ်ပွဲများကို ဖေဖော်ဝါရီ ၁၁ ရက်၌ ညောင်ဝှီးကျွန်း၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် လငန်းကျေးရွာနှင့် မတ် ၁၀ ရက်တွင် မကြုံဂလက်ကျေးရွာတို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ကော့သောင်းမြို့နယ် စူငယ်ဘာလိုင်းကျေးရွာအုပ်စု မကြုံဂလက်ကျေးရွာ၌ ဆလုံနှင့်မြန်မာ၊ ညောင်ပင်အော်ကျေးရွာ၌ ကရင်လူမျိုးများနေထိုင်ကြပြီး အဆိုပါ ရိုးရာနတ်ကပွဲကို လက်ဆင့်ကမ်း အမွေတစ်ခုအဖြစ် ယနေ့တိုင် ကျင်းပလျက်ရှိကာ နတ်ဆရာများ စုပေါင်းပြီး ကျေးရွာအလိုက် ကျင်းပလေ့ရှိကြောင်း သိရသည်။
ကော့သောင်းမြို့နယ် အနီးရှိ ကျွန်းများနှင့် မြိတ်ကျွန်းစု၌ ဆလုံတိုင်းရင်းသားအများစု နေထိုင်လျက်ရှိပြီး မကြုံဂလက် ကျေးရွာ၌ အိမ်ခြေ ၄၀၀ ခန့်ဖြင့် ဆလုံတိုင်းရင်းသား အများဆုံးနေထိုင်လျက်ရှိရာ အစည်ကားဆုံး ရိုးရာနတ်ကပွဲအဖြစ် မကြုံဂလက်ကျေးရွာ၌ ရှေးယခင်မှစ၍ ယနေ့တိုင် အစဉ်အလာမပျက် ကျင်းပလျက်ရှိသည်။ ဆလုံတို့သည် ဗုဒ္ဓဘာသာနှင့်ခရစ်ယာန်ဘာသာ ကိုးကွယ်ကြပြီး အချို့မှာ နတ်ကိုးကွယ်ကြကြောင်း သိရသည်။
ဆလုံတိုင်းရင်းသားများအနေဖြင့် ရိုးရာနတ်ကပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိသော်လည်း နတ်ကိုးကွယ်မှု လျော့နည်းလာလျက်ရှိကာ ယခင်က နတ်ဆရာတို့ထံ ဆေးကုသကြရာမှ ယခုအခါ ကျေးလက်ဆေးခန်း၌ ကုသကြပြီး ပညာရေးနှင့် ကျန်းမာရေးအသိ ပွင့်လင်းလာလျက်ရှိကာ မော်ကင်းဆလုံစာပေနှင့် ယဉ်ကျေးမှုအသင်းမှ ဆလုံတိုင်းရင်းသားတို့၏ ယဉ်ကျေးမှုနှင့် လူမှုဘဝဖွံ့ဖြိုးမှုအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားမှုနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအမံဖြင့် ဆလုံတိုင်းရင်းသားတို့၏ လူမျိုးစုမှတ်တမ်းရိုက်ကူး၍ နိုင်ငံတကာခရီးသွားများ ပိုမိုသိရှိလည်ပတ်နိုင်ရေး စီမံဆောင်ရွက်နေကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
Published_ 8 February 2024
၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ တန်ဖိုး ၄၄၆ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါး များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးထိန်းချုပ်ရေးနှင့် လှုပ်ရှားဆောင်ရွက်မှုများကို ဗီယင်နာမြို့ အခြေစိုက် မြန်မာအမြဲတမ်းကိုယ်စားလှယ်က ရှင်းလင်းပြောကြားခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးထိန်းချုပ်ရေးဘုတ်အဖွဲ့က မကြာမီထုတ်ဝေမည့် ၂၀၂၃ ခုနှစ်အတွက် နှစ်စဉ်အစီရင်ခံစာနှင့် ဓာတုပစ္စည်းဆိုင်ရာ အစီရင်ခံစာများနှင့် ပတ်သက်၍ ရှင်းလင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၇ ရက်တွင် ဩစတီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ အပြည်ပြည်ဆိုင်ရာစင်တာ၌ ကျင်းပခဲ့ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးမင်းသိမ်းနှင့် ဘာသာရပ်တာဝန်ခံ သံမှူး ဦးရဲမောင်သိမ်းတို့ တက်ရောက်ခဲ့ပါတယ်။
မြန်မာအမြဲတမ်းကိုယ်စားလှယ်က ဆွေးနွေးပြောကြားရာတွင် မြန်မာနိုင်ငံ အနေဖြင့် ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအား ကုလသမဂ္ဂကွန်ဗင်းရှင်းများတွင် ပါဝင်သည့် အပြည်ပြည်ဆိုင်ရာ စံနှုန်းများနှင့် ပိုမိုကိုက်ညီစေရန် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။
၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ထားသည့် မူးယစ်ဆေးဝါးထိန်းချုပ်ရေး မူဝါဒကို အကောင်အထည်ဖော်လျက်ရှိရာတွင် ဦးစားပေးကဏ္ဍ(၅)ရပ်အနေဖြင့် ရောင်းလိုအား လျှော့ချရေးနှင့် ဘိန်းအစားထိုးသီးနှံစိုက်ပျိုးရေး၊ ဝယ်လိုအားနှင့် မူးယစ်ဆေးဝါးအန္တရာယ် လျှော့ချရေး၊ သုတေသနပြုရေးနှင့် လူ့အခွင့်အရေးနှင့်အညီဆောင်ရွက်ရေးတို့ ဖြစ်ကြပြီး၊ အစိုးရအနေဖြင့် ကိုယ့်အားကိုယ်ကိုးလျက် မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်း ရာတွင် အထူးစစ်ဆင်ရေးများကို နိုင်ငံတစ်ဝန်း၌ ဆောင်ရွက်လျက်ရှိတယ်လို့ ပြောဆိုပါတယ်။
၂၀၂၂ ခုနှစ်တွင်လည်း အမေရိကန်ဒေါ်လာ ၆၄၂ သန်း တန်ဖိုးရှိ ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများကို ဖျက်ဆီးခဲ့ပြီး ဒေသတွင်းအဖွဲ့အစည်းများနှင့် မိတ်ဆွေနိုင်ငံများ၊ ဒေသပြင်ပမှ မိတ်ဆွေနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ကမ္ဘာလုံးအတွက် အန္တရာယ်ရှိသည့် မူးယစ်ဆေးဝါး ပြဿနာကို တိုက်ဖျက်ရာတွင် UNODCနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အနေဖြင့် ဖွံ့ဖြိုးဆဲ မြန်မာနိုင်ငံနှင့်လည်း လက်တွဲပူးပေါင်းဆောင်ရွက်ရန်နှင့် ကူညီပံ့ပိုးပေးရန်တိုက်တွန်းခဲ့ပါတယ်။
အဆိုပါအခမ်းအနားသို့ INCB ဥက္ကဋ္ဌက အစီရင်ခံစာများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့ပြီးနောက်၊ တက်ရောက်လာကြသည့် ကိုယ်စားလှယ်အများအပြားက ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
Ymg_mnn
#Local_News
#Published_ 8 February 2024
#YMG #Yangon_Times #Yangon_Media_Group
Page 556 of 1698