#World_News
Published 05 March 2025

▪️ ပြီးခဲ့တဲ့ရက်သတ္တပတ် အမေရိကန် ဘဲဥပုံရုံးခန်းမှာ ဒေါ်နယ်ထရမ့်နဲ့ အချေအတင် ပြောဆိုခဲ့ကြတာကို စိတ်မကောင်းဖြစ်မိကာ အမေရိကန်နဲ့ဆက်ဆံရေးကို ပြုပြင်သွားမယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာဇယ်လန်စကီက အင်္ဂါနေ့မှာ ကတိပြုလိုက်ပါတယ်။

▪️ အငြင်းအခုံဖြစ်နေကြတဲ့ တွင်းထွက်သတ္တုပစ္စည်း အပေးအယူကတော့ ဘာဆက်ဖြစ်မလဲဆိုတာ သေချာမသိရသေးပါဘူး။

▪️ ယူကရိန်းသတ္တုပစ္စည်းတွေကို အမေရိကန်ကို တူးဖော်ထုတ်ယူခွင့်ပေးသွားမယ့် သဘောတူညီချက်မှာ ထရမ့်အစိုးရအဖွဲ့နဲ့ ယူကရိန်းတို့ လက်မှတ်ရေးထိုးရန် စီစဉ်နေတယ်လို့ သတင်းရင်းမြစ် ၄ ဦးမှ ရိုက်တာသတင်းဌာနကို ပြောခဲ့ပေမယ့် အင်္ဂါနေ့နှောင်းပိုင်းမှာတော့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က လက်မှတ်ရေးထိုးဖို့ အစီအစဉ်မရှိဘူးလို့ Fox Newsကို ပြောသွားပါတယ်။

▪️ ဒါနဲ့ပတ်သက်ပြီး အိမ်ဖြူတော်၊ ယူကရိန်းသမ္မတအစိုးရအဖွဲ့နဲ့ ဝါရှင်တန်ရှိ ယူကရိန်းသံရုံးတို့က တုံ့ပြန်ပြောကြားခြင်း မရှိသေးပါဘူး။

▪️ ဘဲဥပုံရုံးခန်းမှာ အချေအတင်ဖြစ်ပြီး သတ္တုတွင်းထွက်ပစ္စည်း အပေးအယူမဖြစ်ခဲ့တဲ့နောက် ဇယ်လန်စကီက အားလုံးကိုအဆင်ပြေအောင် ပြုလုပ်လိုကာ သတ္တုပစ္စည်းသဘောတူညီချက်မှာ အချိန်မရွေး တရားနည်းလမ်းကျကျ လက်မှတ်ရေးထိုးဖို့ အဆင်သင့်ရှိနေတယ်လို့ ဆိုလိုက်ပါတယ်။

▪️ စစ်ပွဲအပေါ် အမေရိကန်မူဝါဒ ပြောင်းပြန်လှန်ပစ်ပြီး ရုရှားဘက်ကို ပြေရာပြေကြောင်း ဦးတည်လာတဲ့ ထရမ့်က ယူကရိန်းထံ စစ်ရေးအကူအညီ ထောက်ပံ့မှုများ ရပ်ဆိုင်းလိုက်ပြီးနောက်နေ့မှာ အခုလို ဇယ်လန်စကီ ပြောလာတာ ဖြစ်ပါတယ်။

▪️ "အဆုံးမရှိတဲ့စစ်ပွဲကို ဘယ်သူမှ အလိုမရှိသလို ယူကရိန်းတွေလောက် ဘယ်သူမှ ငြိမ်းချမ်းရေးအလိုရှိမနေနိုင်ပါဘူး။ ကြာရှည်တည်မြဲမယ့် ငြိမ်းချမ်းရေးရဖို့အတွက် သမ္မတထရမ့်ရဲ့ ဦးဆောင်မှုအောက်မှာ လုပ်ဆောင်သွားဖို့ အဆင်သင့်ရှိပါတယ်" လို့ ဇယ်လန်စကီက Xဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

▪️ "ယူကရိန်းရဲ့ အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေး ထိန်းသိမ်းရာမှာ အမေရိကားမှ အကူအညီတွေ ပေးခဲ့တာကို ကျွန်ုပ်တို့ အမှန်တကယ် တန်ဖိုးထားပါတယ်။ ဝါရှင်တန်က ဆွေးနွေးမှုမှာ ဖြစ်သင့်သလို မဖြစ်ခဲ့တာကို စိတ်မကောင်းဖြစ်မိပြီး အခုတော့ အားလုံးကို အဆင်ပြေအောင် ပြုလုပ်သွားမှာပါ" လို့ ရေးထားပါတယ်။

▪️ ငြိမ်းချမ်းရေး သဘောတူညီချက်တစ်ရပ်အဖြစ် ဇယ်လန်စကီက လမ်းကြောင်းတစ်ခု ချပြထားကာ အကျဉ်းသားများ လွှတ်ပေးခြင်း၊ လေကြောင်းနဲ့ ရေကြောင်းတိုက်ခိုက်မှုများ ရပ်စဲခြင်းတို့ကို ရုရှားဘက်ကလည်း ပြုလုပ်ပေးပါက စတင်ဆွေးနွေးနိုင်မယ်လို့ ဆိုပါတယ်။

#Source: Reuters