#World_Health
Published 04 November 2024
▪️ ဆမ်မာဂလူတိုက်လို့ခေါ်တဲ့ ဒြပ်ပေါင်းဟာ ဆီးချိုရောဂါ ဒုတိယအမျိုးအစားနဲ့ ကိုယ်အလေးချိန် လျှော့ချခြင်းတို့အတွက် အသုံးများပါတယ်။
▪️ ဒါ့အပြင် အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကိုလည်း လျှော့ချပေးနိုင်တယ်လို့ တွေ့ရှိလာပါတယ်။
▪️ ဒါကို ကေ့စ်ဝက်စ်တန်းရီဆာ့ဗ် ဆေးတက္ကသိုလ်မှ လေ့လာအကြံပြုခဲ့တာ ဖြစ်ပါတယ်။
▪️ ဆမ်မာဂလူတိုက်ကို အခြား ဆီးချိုကုသဆေး ၇ မျိုးနဲ့ နှိုင်းယှဉ်ခဲ့ရာမှာ အယ်လ်ဇိုင်းမားရောဂါ ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
▪️ အယ်လ်ဇိုင်းမားရောဂါ ဆိုတာဟာ မှတ်ဉာဏ်ပိုင်းနဲ့ တွေးတောစဉ်းစားမှုတို့ကို ထိခိုက်စေတဲ့ ဦးနှောက်ချို့ယွင်းမှုတစ်မျိုး ဖြစ်ပါတယ်။
▪️ လက်ရှိမှာ ထိုအတွက် ကုသဆေးမရှိသေးဘဲ ရင်သားကင်ဆာ ဆီးကျိတ်ကင်ဆာတို့ထက် သေဆုံးသူ ပိုများထားပါတယ်။
▪️ အမေရိကန်မှာ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ဆီးချိုရောဂါသည် ၁ သန်းနီးပါးထံမှ အချက်အလက်များကို ဆန်းစစ်ခဲ့ကြပါတယ်။
▪️ ဆမ်မာဂလူတိုက်အသုံးပြုတဲ့ သူတွေမှာ အခြားဆီးချိုဆေးများ သုံးစွဲသူတွေနဲ့ယှဉ်ရင် အယ်လ်ဇိုင်းမားဖြစ်နိုင်ခြေ သိသိသာသာ ပိုနည်းတာကို တွေ့ခဲ့ကြပါတယ်။
▪️ Wegovy နဲ့ Ozempic တို့လိုဆေးတွေမှာပါဝင်တဲ့ ဆမ်မာဂလူတိုက်က သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးကာ ဆီးချိုဝေဒနာသည်တွေမှာ ဆာလောင်စိတ်ကို လျှော့ချပေးပါတယ်။
▪️ ဒီတွေ့ရှိချက်ဟာ လက်တွေ့အထောက်အထားကနေ ရရှိတာဖြစ်တယ်လို့ Centre for AI in Drug Discovery မှ ညွှန်ကြားရေးမှူး ရှူက ပြောပါတယ်။
▪️ ရောဂါကာကွယ်ကုသနိုင်ဖို့အတွက် နောက်ထပ်လေ့လာမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်လို့ ရှူက ပြောသွားပါတယ်။
#Source: India Today
#World_Science
Published 3 November 2024
▪️ ဟောင်ကောင်မှ ဝေးလံခေါင်ဖျားကျွန်းတစ်ခုမှာ ဒိုင်နိုဆော ရုပ်ကြွင်းများကို ပထမဆုံးအနေနဲ့ တွေ့ရှိခဲ့ကြောင်း ဟောင်ကောင်အရာရှိများ ကြေညာလိုက်ပါတယ်။
▪️ ရုပ်ကြွင်းတွေဟာ ခရီတေးရှပ်စ်ခေတ်က ဒိုင်နိုဆောကြီးတစ်ကောင်ဖြစ်ပြီး နှစ်ပေါင်း ၁၄၅ သန်းမှ ၆၆ သန်းလောက် သက်တမ်းရှိမယ်လို့ ယူဆရပါတယ်။
▪️ ဒိုင်နိုဆောမျိုးစိတ်အကြောင်း အတည်ပြုနိုင်ဖို့ သိပ္ပံပညာရှင်များ ဆက်လက်လေ့လာသွားဦးမှာ ဖြစ်ပါတယ်။
▪️ ကျောက်ဖြစ်ရုပ်ကြွင်းကို ယူနက်စ်ကို စာရင်းဝင် Global Geopark ရှိ ပို့တ်ကျွန်းမှာ တွေ့ရှိခဲ့ပြီး ဟောင်ကောင်ဈေးဝယ်ထွက်နေရာတစ်ခုမှာ ပြသထားပါတယ်။
▪️ ဒီတွေ့ရှိမှုဟာ အလွန်အရေးပါပြီး ဟောင်ကောင် ရုပ်ကြွင်းဂေဟစနစ် သုတေသနအတွက် အထောက်အထားသစ် ရရှိစေတယ်လို့ ဖွံ့ဖြိုးရေးဝန်ကြီး ဘာနဒက်လင်းဟွန်ဟိုက ပြောပါတယ်။
▪️ ပညာရှင်များရဲ့ ပြောကြားချက်အရ ဒိုင်နိုဆောအလောင်းကို ဂေါ်ဖြင့်မြှုပ်နှံခဲ့ကာ ရေကြီးပြီးနောက် မျက်နှာပြင်မှာ ပေါ်လာခဲ့တာဖြစ်ပါတယ်။
▪️ အခုတော့ တွေ့ရှိခဲ့တဲ့ နေရာမှာပဲ ပြန်လည်မြှုပ်နှံထားတယ်လို့ ဖော်ပြထားပါတယ်။
▪️ ဒီမတိုင်ခင် ဟောင်ကောင်မှာ ဒိုင်နိုဆောခေတ်က ငါးရုပ်ကြွင်းကိုလည်း တွေ့ရှိထားပါတယ်။
▪️ ဟောင်ကောင်ဟာ မြို့ပြရှုခင်းများကြောင့် ကျော်ကြားသလို နိုင်ငံတဝက်လောက်က ဥယျာဉ်ကြီး ဖြစ်ကြောင်း၊ မြို့စွန်တွေမှာဆိုရင် ဒိုင်နိုဆောခေတ်က ကျောက်တုံးတွေ တွေ့ရတတ်ပေမယ့် ရုပ်ကြွင်းတွေက အရည်ပျော်သွားကြတာကြောင့် ရှာတွေ့ရန်ခက်ခဲကြောင်း၊ ပို့တ်ကျွန်းကတော့ သင့်လျော်တဲ့ ပတ်ဝန်းကျင်မှာ ထိုခေတ်က ကျောက်တုံးများရှိတဲ့ ကျွန်းတွေထဲက တစ်ခုဖြစ်ကြောင်း ဟောင်ကောင် တရုတ်တက္ကသိုလ်မှ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် ပရော်ဖက်ဆာ မိုက်ကယ်ပစ်မန်းက ပြောပါတယ်။
▪️ တရုတ်ပြည်မကြီးမှ ပညာရှင်များကို လက်တွေ့စူးစမ်းမှု ပြုလုပ်ဖို့ ခွင့်ပြုထားကြောင်း အစိုးရက ပြောပါတယ်။
▪️ ရုပ်ကြွင်းတွေကို ဆင်မ်ရှာရွှေရှိ ဟောင်ကောင် အမွေအနှစ်ရှာဖွေရေးစင်တာမှာ အောက်တိုဘာ ၂၅ ရက်နေ့ကစပြီး ပြသထားပါတယ်။
#Source: WION
#World_Health
Published 3 November 2024
▪️ ခရော့ရှစ်လို့ခေါ်တဲ့ ကြောင်ဟာ အရွယ်အစား ကြီးမားလွန်းတာကြောင့် ကမ္ဘာတဝှမ်း နာမည်ကျော်ကြားသူဖြစ်ပြီး ကျန်းမာရေး ပြဿနာကြောင့် ရုတ်တရက် သေဆုံးသွားပါပြီ။
▪️ အသက် ၁၄ နှစ်အရွယ်ရှိတဲ့ ကြောင်ကြီးဟာ ၁၇ ကီလိုဂရမ်လေးပြီး သူ့အသက်အရွယ် ကြောင်တွေရဲ့ ပုံမှန်ထက် ၃ ဆလောက် ပိုလေးခဲ့တာ ဖြစ်ပြီး အောက်တိုဘာ ၂၆ ရက်နေ့က ရုရှားနိုင်ငံ ပမ်းမှာ သေဆုံးသွားပါတယ်။
▪️ မက်ထရိုစကင်းဂေဟာမှ စောင့်ရှောက်သူများက ခရော့ရှစ် အသက်ရှူမူမမှန်တာကို သတိထားမိပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များ လုပ်ပေးခဲ့ကြပါတယ်။
▪️ အကောင်းဆုံး အားထုတ်ခဲ့ကြပေမယ့် ခရော့ရှစ်ကို မကယ်နိုင်တော့ဘဲ သေဆုံးကြောင်း ကြေညာခဲ့ပါတယ်။
▪️ တကယ်တော့ သူ့ရဲ့အဆီလွှာတွေအောက်မှာ ကင်ဆာအကျိတ်များစွာ ရှိနေခဲ့ပြီး အဆီအများအပြား စုပြုံနေခဲ့ပါတယ်။
▪️ ဂေဟာအကြီးအကဲ ဂယ်လီယာနာမိုးက ဒါနဲ့ပတ်သက်ပြီး ခရော့ရှစ်ဟာ အင်္ဂါအများအပြား ပျက်စီးနေကာ ခန္ဓာကိုယ်က မထိန်းချုပ်နိုင်တော့ဘူးလို့ ပြောသွားပါတယ်။
▪️ သူ့ကို ပမ်းရှိ ဆေးရုံမြေအောက်ခန်းကနေ ကယ်ဆယ်ခဲ့တာဖြစ်ပြီး လူတွေက ဘီစကစ်တွေ၊ စွပ်ပြုတ်တွေ၊ အသားတွေ ကျွေးလွန်းတာကြောင့် အလွန်ဝလာခဲ့ပြီး လမ်းတောင် မလျှောက်နိုင်တော့ပါဘူး။
▪️ စက်တင်ဘာလအစောပိုင်းက ကယ်ဆယ်ခဲ့ချိန်မှာ ကူကယ်ရာမဲ့နေပြီး အဝလွန်ခြင်းကြောင့် အဆစ်အမြစ်တွေ အတော်လေးထိခိုက်နေပါတယ်။
▪️ ဂေဟာကနေ ကိုယ်အလေးချိန် လျော့ကျစေဖို့ စားသောက်ပုံများ၊ လေ့ကျင့်ခန်းများ ပြုလုပ်စေခဲ့ကာ တဖြည်းဖြည်း ကိုယ်အလေးချိန် ပြန်ကျလာပြီး ၄.၅ ကီလိုဂရမ်လောက် ရောက်ရှိလာကာ ပြန်လည်သွားလာနိုင်ပါတယ်။
▪️ အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ ရုတ်တရက် အသက်ရှူခက်လာပြီး အောက်ဆီဂျင်ခန်းထဲ ခေါ်သွားပေမယ့် မကယ်ဆယ်နိုင်ခဲ့ပါဘူး။
▪️ နောက်ဆုံးအချိန်ထိ ကြိုးစားကယ်ဆယ်ပေးခဲ့သူ အားလုံးကို ကျေးဇူးတင်ပါတယ်လို့ စောင့်ရှောက်သူများက ပြောသွားပါတယ်။
#Source: The Jerusalem Post
သမ္မတရွေးကောက်ပွဲမည်သူနိုင်သည်ဖြစ်စေ အမေရိကန်ပြည်သူများစီးပွားရေးအခက်အခဲကို သာစိုးရိမ်
နိုဝင်ဘာ ၅ ရက်နေ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ မည်သူအနိုင်ရသည်ဖြစ်စေ တိုင်းပြည်အတွင်း ငွေကြေးဖောင်းပွခြင်းနဲ့ နေထိုင်စရိတ် မြင့်မားခြင်းတို့ကြောင့် မဲဆန္ဒပေးသူတွေဟာ စီးပွားရေးအနာဂတ်ကို တွေးပူနေကြပါတယ်။
#World_News
Published 2 November 2024
#သမ္မတရွေးကောက်ပွဲ #မဲဆန္ဒပေးသူ
#YMG #Yangon_Times #Yangon_Media_Group
#Daily_News
Published 2 November 2024
၁။ အမြင်မှုန်ဝါးသောကလေးငယ်များကို မျက်စိမကွယ်အောင်မျက်မှန်စောလျင်စွာတပ်ပေးသင့်ဟုဆို
၂။ ပဲခူး၊ ရွှေမောဓောစေတီတော်တွင် တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့်
မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ ကျင်းပမည်
၃။ ရှမ်းဒေသငရုတ်စိုက်ပျိုးတောင်သူများအတွက် ငရုတ်၊ ကြက်သွန်၊ ဂျင်းသီးနှံကုန်စည်ပြပွဲ ပြုလုပ်မည်
၄။ သမ္မတရွေးကောက်ပွဲမည်သူနိုင်သည်ဖြစ်စေ အမေရိကန်ပြည်သူများစီးပွားရေးအခက်အခဲကိုသာစိုးရိမ်ပူပန်... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#YMG #Yangon_Times #Yangon_Media_Group
မြန်မာနိုင်ငံကထွက်ရှိတဲ့ မတ်ပဲ တန်ချိန် ၅ သိန်းအထိ အိန္ဒိယနိုင်ငံက လာမယ့်နှစ်မှာ တိုးမြှင့်ဝယ်ယူသွားမယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက သိရတယ်။
#Local_News
Published 2 November 2024
#မြန်မာမတ်ပဲ #အိန္ဒိယဝယ်ယူ
#YMG/NN #Yangon_Times
ငရုတ်အပါအဝင်သီးနှံစိုက်ပျိုးတောင်သူတွေအစုအဖွဲ့လိုက်ရောင်းဝယ်တတ်ဖို့နဲ့ ဈေးကွက်ကောင်းရရှိစေဖို့ တောင်သူ့ဈေးမှ ဦးဆောင်၍ ရှမ်းပြည်နယ်တောင်ပိုင်းရှိ ငရုတ်စိုက်ပျိုးတောင်သူတွေစုပေါင်းပြီး ငရုတ်၊ ကြက်သွန်၊ ဂျင်းသီးနှံကုန်စည်ပြပွဲ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
#Local_News
Published 2 November 2024
#ကုန်စည်ပြပွဲ #စိုက်ပျိုးတောင်သူ
#YMG/NN #Yangon_Times
ပဲခူးတိုင်းအတွင်းရှိ ရွှေမောဓောစေတီတော်မြတ်ကြီးမှာ တန်ဆောင်တိုင်မီးထွန်းပွဲတော်နှင့် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲကို နိုဝင်ဘာလ(၉)ရက်မှ (၁၇)ရက်အထိကျင်းပသွားဖို့ ရှိတယ်လို့ သိရပါတယ်။
#Local_News
Published 2 November 2024
#ရွှေမောဓောစေတီ #မီးပုံးပျံလွှတ်တင်ပူဇော်
#YMG/tthl #Yangon_Times
အမြင်မှုန်ဝါးတဲ့ကလေးငယ်တွေကို မလှောင်ပြောင်ကြဖို့နဲ့ ငယ်စဉ်ကတည်းကမျက်မှန်တပ်စေပြီး မျက်စိကွယ်မယ့်အခြေအနေကနေကာကွယ်ကြဖို့ လိုအပ်တယ်လို့ သိရပါတယ်။
#Local_News
Published 2 November 2024
#အမြင်မှုန်ဝါးသောကလေးငယ် #မျက်မှန်စောလျင်စွာတပ်ပေး
#YMG/tthl #Yangon_Times
#Local_News
Published 2 November 2024
▪️ မသမာသူများမှ လူမှုကွန်ရက် Facebook, TikTok အသုံးပြုဆက်သွယ်၍ စည်းရုံးထားပြီး တရုတ်နိုင်ငံသို့ တရုတ်မယားအဖြစ် လူကုန်ကူးခံရသူ အမျိုးသမီးငယ်၁၀ဦးကျော်အား ကယ်တင်နိုင်ခဲ့ပြီး ကျူးလွန်သူအချို့ကိုလည်း ဖမ်းဆီးရမိ ခဲ့ကြောင်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ သိရသည်။
▪️ အမှတ် (၁၁) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး) တပ်ဖွဲ့ စုမှူးရဲမှူး ခင်မောင်သိန်း ဦးစီးတပ်ဖွဲ့ဝင်များက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် တာဝန်ကျတပ်ဖွဲ့ဝင်များနှင့်အတူ အောက်တိုဘာ ၂၄ ရက် နံနက် ၇ နာရီခွဲတွင် ပြည်ပထွက်ခွာမှုများအား ပူးပေါင်းစစ်ဆေးစဉ် ထိုင်းနိုင်ငံ Suvarnabhumi လေဆိပ်သို့ MAI လေကြောင်းလိုင်းဖြင့်ထွက်ခွာမည့် တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်) နှင့် အမျိုးသမီးငယ်သုံးဦးတို့ကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် တပ်ဖွဲ့စုရုံးသို့ ခေါ်ယူစစ်မေးခဲ့ရာ အဆိုပါအမျိုးသမီးငယ်သုံးဦးမှာ လူမှုကွန်ရက် Facebook, TikTok အသုံးပြုဆက်သွယ်၍ တရုတ်နိုင်ငံသို့ တရုတ်မယားပြုလုပ်ရန် စည်းရုံးစုစည်းခေါ်ဆောင်ခံရသူများဖြစ်ကြောင်း သိရသည်။
▪️ ယင်းအပြင် ၎င်းတို့ကဲ့သို့ တရုတ်မယားလုပ်ရန် စည်းရုံးခံထားရသူ အမျိုးသမီးငယ် ၁၁ ဦးကို မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၄ ဒီ လမ်း၊ ၁၁၅ x ၁၁၆ လမ်းကြားရှိ နေရာတွင် စုစည်းထိန်းချုပ်ထားကြောင်း သတင်းဖော်ထုတ်ရရှိခဲ့ ကြောင်း သိရသည်။
▪️ ထို့နောက် အမျိုးသမီးငယ်သုံးဦး၏ တယ်လီဖုန်းဆက်သွယ်မှုများကိုစိစစ်ခဲ့ရာ ၎င်းတို့ကဲ့သို့ တရုတ်မယားလုပ်ရန် စည်းရုံးခံထားရသူ အမျိုးသမီးငယ် ၁၁ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့ကို စစ်ဆေးချက်များအရ တရုတ်ယောကျ်ားနှင့် လက်ထပ်ရန်အတွက် ဂိုဏ်းဖွဲ့၍ စည်းရုံးဆောင်ရွက်ခဲ့သူ ဒေါ်နန်းဆိုင်ခမ်း (ခ) မားမားအား ဖမ်းဆီးရမိခဲ့ပြီး ၎င်းမှာ ယခင်က ရွှေလီမြို့ရှိ တရုတ်နိုင်ငံသားပိုင်ကုမ္ပဏီတွင် တရုတ်ယောကျ်ားယူရန် အမျိုးသမီးငယ်များအား ပို့ဆောင်ပေးခဲ့သော်လည်း ခွဲတမ်းနည်းသဖြင့် ၎င်းကိုယ်တိုင် တရုတ်မယားပြုလုပ်မည့် မိန်း
ကလေး များရှာဖွေရန် wechat group မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းမှ တစ်ဆင့်ခံ လူပွဲစား မမေထက်နိုင်ဦး (ခ) မထက်၊ မောင်ချစ်ထူး၊ မဖြိုးဖြိုးဝေတို့နှင့် ချိတ်ဆက်ဆောင်ရွက်ရန်အတွက် မန္တလေးမြို့၌ အခြေချနေထိုင်ရန် ၈၆ လမ်း၊ ကန်တော်ကြီးပတ်လမ်းအနီးရှိ ၃ ထပ်တိုက်တစ်လုံးနှင့် ပြည်ကြီးတံခွန်မြို့နယ်၊ ၆၄ ဒီ လမ်း၊ ၁၁၅ x ၁၁၆ လမ်းကြား နေအိမ်တို့ကို ငှားရမ်းခဲ့ကာ အမျိုးသမီးငယ်များ စုစည်းထိန်းချုပ်၍ လူကုန်ကူးမှုလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။
▪️ မြန်မာနိုင်ငံအတွင်း မိန်းကလေးများ စည်းရုံးရှာဖွေရန်အတွက် မမေထက်နိုင်ဦး (မထက်)၊ ချစ်ထူးနှင့် ၎င်း၏ဇနီးဖြစ်သူ မဖြိုးဖြိုးဝေတို့က Online မှ စည်းရုံးရှာဖွေစုဆောင်းပြီး ငှားရမ်းထားသည့် နေအိမ်သို့ပို့ဆောင်ခြင်း၊ မဇင်သူခိုင်အား စောင့်ကြည့်စေခြင်း၊ ၎င်းအမျိုးသမီးငယ်များအတွက် နိုင်ငံကူးလက်မှတ်နှင့် လက်ထပ်ဗီဇာပြုလုပ်ပေးခြင်းတို့ကို ဒေါ်နန်းဆိုင်ခမ်း (ခ) မားမား၏ စီစဉ်ညွှန်ကြားမှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း၊ အမျိုးသမီးငယ်များနှင့် လက်ထပ်မည့် တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်)၊ တရုတ်နိုင်ငံသား LIN JIAN နှင့်အတူ တရုတ်နိုင်ငံမှ မန္တလေးမြို့သို့လာရောက်သည့် ၎င်း၏မိခင် LI MANFEN တို့အား မြန်မာနိုင်ငံသို့ လာရောက်ရန်အတွက် ဒေါ်နန်းဆိုင်ခမ်း (ခ) မားမားမှ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း စိစစ်ဖော်ထုတ် နိုင်ခဲ့သည်။
▪️ ဖြစ်စဉ်ဖော်ထုတ်သိရှိချက်အရ အမျိုးသမီးငယ်များမှာ မိမိတို့ဘဝ အလုပ်အကိုင်ရရှိရေးအတွက် လူမှုကွန်ရက် Facebook, TikTok များမှတစ်ဆင့် အလုပ်ရှာဖွေရာမှ တရုတ်မယားပြုလုပ်ရန် စည်းရုံးခံရသူများဖြစ်ကြပြီး ပို့ဆောင်သည့်လမ်းကြောင်းမှာ တရုတ်မယားပြုလုပ်နိုင်ရန်အတွက် ယခင်က နယ်စပ်ဒေသမှတစ်ဆင့် စည်းရုံးခေါ်ယူပို့ဆောင်နေရာမှ ယခုအခါ ပြည်ပနိုင်ငံတစ်ခုဖြစ်သော ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ ပို့ဆောင်နေကြောင်း စုံစမ်းသိရှိရသည်။
▪️ ထို့ကြောင့် မန္တလေးမြို့၌အခြေချ၍ လူကုန်ကူးမှုဂိုဏ်းဖွဲ့ကျူးလွန်ခဲ့သူ ဒေါ်နန်းဆိုင်ခမ်း (ခ) မားမား (ဖမ်းဆီးရမိ)၊ မမေထက်နိုင်ဦး (ခ) မထက် (တိမ်းရှောင်)၊ မဇင်သူခိုင် (တိမ်းရှောင်)၊ ချစ်ထူး (ဖမ်းဆီးရမိ)၊ မဖြိုးဖြိုးဝေ (ဖမ်းဆီးရမိ)၊ တရုတ်နိုင်ငံသား GAO FENGYING (ကောင်းဖိန်းရင်) (ဖမ်းဆီးရမိ)၊ တရုတ်နိုင်ငံသား LIN JIAN နှင့် ၎င်း၏မိခင်ဖြစ်သူ LI MANFEN (ဖမ်းဆီးရမိ)တို့ ရှစ်ဦးအား သက်ဆိုင်ရာ ရဲစခန်းများဖြစ်သည့် တံတားဦးမြို့နယ် လေဆိပ်နယ်မြေရဲစခန်း (ပ) ၂၃/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈ (က)/၄၄ ဖြင့်လည်းကောင်း၊ တံတားဦး မြို့နယ်လေဆိပ်နယ်မြေရဲစခန်း (ပ) ၂၄/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့်လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ) ၂၆၀/၂၀၂၄၊ လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ဥပဒေပုဒ်မ ၃၈(က)/၄၄ ဖြင့်လည်းကောင်း၊ ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ) ၂၆၁/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/ ၄၄ ဖြင့်လည်းကောင်း အမှုဖွင့်အရေးယူ ထားရှိကြောင်း သိရသည်။
#YMG/NN #Yangon_Times
#Local_News
Published 2 November 2024
▪️ ရှမ်းပြည်နယ်တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်းရှိ ရေထွက်ကျောက်ခေါင်း(လင်းဝေး)ကို ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေအဖြစ် သတ်မှတ်
လိုက်ခြင်းဖြင့် ဒေသတွင်းတိရိစ္ဆာန်မျိုးစိတ်များအား ထိန်းသိမ်းနိုင်ပြီး သဘာဝ အခြေခံခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သိရသည်။
▪️ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် မေလတွင် ပြဋ္ဌာန်းသည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၉၊ ပုဒ်မခွဲ(က)အရ အပ်နှင်းထားသည့် အခွင့်အာဏာများကိုကျင့်သုံး၍ ရှမ်းပြည်နယ် တောင်ကြီးခရိုင် ရွာငံမြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း ၄၇၅ ဧကရှိသောနယ်မြေကို “ရေထွက်ကျောက်ခေါင်း (လင်းဝေး)ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေ” အဖြစ် အမိန့်ကြော်ငြာစာ အမှတ် (၉၃/၂၀၂၄) အရ ၁၃၈၆ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်(၈)ရက် (၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်)မှစ၍ သတ်မှတ်ကြောင်း ကြေညာလိုက်သည်။
▪️ ထို့အပြင် ထုံးကျောက်တောင်များတွင် ကျက်စားသည့် ရှားပါးတောရိုင်းတိရစ္ဆာန်မျိုးစိတ်များနှင့် ယင်းတို့၏ ထုံးကျောက်တောင် ဂေဟစနစ်ကို ထိန်းသိမ်းကာကွယ်ရန်၊ သိပ္ပံဆိုင်ရာသုတေသနလုပ်ငန်းများကို အထောက်အကူပြုစေရန်၊ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုရန်နှင့် ပန်းလောင်နှင့် ဇော်ဂျီမြစ်တို့၏ ရေဝေရေလဲသစ်တောများကို ထိန်းသိမ်းရန်ရည်ရွယ်၍ ရေထွက်ကျောက်ခေါင်း(လင်းဝေး) ဘူမိရုပ်သွင်ထူးခြားသည့်နယ်မြေကို သတ်မှတ်ခြင်းဖြစ်သည်။
▪️ အဆိုပါ ရေထွက်ကျောက်ခေါင်း(လင်းဝေး)ဘူမိရုပ်သွင် ထူးခြားသည့်နယ်မြေသည် ပင်လယ်ရေမျက်နှာပြင် အထက် ပေ ၃၇၀၀ ကျော်တွင် တည်ရှိပြီး ရေထွက်ဂူတည်ရှိရာ ထုံးကျောက်လိုဏ်ဂူတောင်တန်းသည် အနောက်မှအရှေ့သို့ သွယ်တန်းနေပြီး အရှေ့မှတောင်ဘက်စူးစူးသို့ ငါးမျှားချိတ်သဏ္ဌာန် တည်ရှိနေကြောင်း သိရသည်။
▪️ အဆိုပါ ရေထွက်ကျောက်ခေါင်းတွင် ဂူနှစ်ခုကိုတွေ့ရှိရပြီး ဂူအမှတ်(၁)၏ အဝင် ဂူမျက်နှာဝသည် ၃၆ ပေ ကျယ်ဝန်းပြီး ၄၈ ပေ အမြင့်ရှိကာ ရေငုပ်၍ဝင်ရောက်ပါက အတွင်းသို့ ပေ ၂၆၅၀ အထိသာ ဝင်ရောက် နိုင်စွမ်းရှိကြောင်း ၊ ဂူအမှတ်(၂)၏ အဝင် ဂူမျက်နှာဝအကျယ်သည် ၃၅ ပေကျယ်ဝန်းပြီး ၁၀ ပေ အမြင့်ရှိကာ အတွင်းပိုင်းသို့ ပေ ၂၀၀ ခန့်အထိသာ ဝင်ရောက်နိုင်ကြောင်း သိရသည်။
▪️ ထို့အပြင် ဂူ၏အရှေ့ဘက်တွင်လည်း တောင်ပေါ်မြက်ခင်းတောကို တွေ့မြင်နိုင်ပြီး ယမနေ၊ ထောက်ကြံ့၊ သင်းဝင်ဖို၊ သပြေ၊ ကြို့၊ သံသေ၊ ဇောင်းပလွေး၊ သတီအပါအဝင် ဒေသသစ်မျိုး ၄၇ မျိုး၊ တပင်တိုင်မြနန်း၊ တပင်ရွှေထီး၊ ဥပတကာနွယ်၊ ဆင်တုံးမနွယ်စသည့် ပရဆေးပင် ခုနစ်မျိုး၊ ဝါးပိုးဝါး၊ မျှင်ဝါးနှင့် သိုက်ဝါးစသည့် ဝါးသုံးမျိုး ပေါက်ရောက်လျက်ရှိသည့် အထက်ပြတ်ရောနှောတောနှင့် တောင်ပေါ်အမြဲစိမ်းတောတို့ကိုလည်းတွေ့ရှိရကြောင်း သိရသည်။
▪️ ရေထွက်ကျောက်ခေါင်း (လင်းဝေး) ဘူမိရုပ်သွင် ထူးခြားသည့်နယ်မြေ သတ်မှတ်ခြင်းအားဖြင့် ယင်းဒေသတွင် ကျက်စားနေထိုင်သည့် ချေ၊ ကြောင်မြင်း၊ ဖြူမြီးဖွာ၊ ဝါးဘိုးကြွက်နှင့် လင်းနို့မျိုးစိတ်များ အပါအဝင် နို့တိုက်သတ္တဝါမျိုးစိတ် ၂၄ မျိုး၊ ဒေါင်းစိမ်း၊ ငူ၊ ဖိုးခေါင်ငှက်၊ ကြက်တူရွေးစသည့် ငှက်မျိုးစိတ် ၄၆ မျိုးအပြင် ဆောင်းခိုငှက်များ၊ လိပ်ဝါနှင့် အထူးသဖြင့် မြန်မာ့ဒေသရင်းမျိုးစိတ်ဖြစ်သည့် လင်းဝေးဒေသ၏ ထုံးကျောက်တောင် တောက်တဲ့(Cyrtodactylus Linnwayensis)မျိုးစိတ်များကို ထိန်းသိမ်းကာကွယ် နိုင်ခြင်း၊ သိပ္ပံပညာရပ်များအတွက် တန်ဖိုးမဖြတ်နိုင်သည့် သုတေသနအခွင့်အလမ်းများစွာကို ထောက်ပံ့ ပေးနိုင်ခြင်း၊ ရေထွက်ထုံးကျောက်ဂူများ၏ ဂေဟစနစ်များနှင့် ထူးခြားသည့် သဘာဝအနေအထားများ ကို အခြေပြု၍ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ ဖော်ဆောင်နိုင်ခြင်း၊ နိုင်ငံတကာခရီးသွားများကို ဆွဲဆောင်နိုင်ခြင်းဖြင့် ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဖွံ့ဖြိုးမှုကို အထောက်အကူပြုနိုင်ခြင်း စသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။
#YMG/NN #Yangon_Times
#World_News
Published 2 November 2024
▪️ ဆားဘီးယားနိုင်ငံ နိုဗီဆက်ဒ်မြို့ရှိ မီးရထားဘူတာရုံတစ်ခုမှ ဝင်ပေါက်မှာ ခေါင်မိုးပြိုကျသဖြင့် လူ ၁၄ ဦးသေဆုံးပြီးနောက် ကယ်ဆယ်ရေးလုပ်သားများက သောကြာနေ့မှာ ကွန်ကရစ်ပုံများ သတ္တုပုံများကြားထဲမှ အသက်ရှင်ကျန်သူများကို ရှာဖွေနေကြပါတယ်။
▪️ ထိုနေရာမှာ ကရိန်းများ မြေတူးစက်များဖြင့် အပျက်အစီးတွေကို ဖော်ထုတ်နေကြပြီး ကယ်ဆယ်ရေး၊ ဆောက်လုပ်ရေး လုပ်သားများအပြင် ဆေးဝန်ထမ်းများနဲ့ လူနာတင်ကားများလည်း စောင့်နေကြပါတယ်။
▪️ မြို့တော် ဘဲလ်ဂရိတ် အနောက်မြောက်ဘက် ၇၀ ကီလိုမီတာခန့်ရှိ နိုဗီဆက်ဒ်မြို့မှာ မွန်းလွဲအချိန်ခန့်က ၃၅ မီတာရှည်တဲ့ ခေါင်မိုးတန်း ပြိုကျခဲ့တာ ဖြစ်ပါတယ်။
▪️ နေ့လယ်တလျှောက်လုံးကနေ ညနေအထိ အပျက်အစီးတွေကြားကနေ အလောင်းတွေကို ဆွဲထုတ်နေကြပါတယ်။
▪️ မွန်းလွဲအစောပိုင်းမှာ အပျက်အစီးများကြား ပိတ်မိနေတဲ့ အမျိုးသမီး ၂ ဦးကို ကယ်ထုတ်နိုင်ခဲ့ကာ အရေးပေါ် ကုသခံနေရတယ်လို့ ဗိုဂျိုဒီနာဆေးရုံ အကြီးအကဲ ဗက်စ်နာတာကူလော့ဗ်က ပြောပါတယ်။
▪️ ကွန်ကရစ်အလေးချိန်ကြီးကြောင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းက ခက်ခဲနေပြီး ညအထိ ဆက်လုပ်သွားရဖွယ် ရှိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန အရေးပေါ်ထိန်းချုပ်ရေးမှ လူကာကော်ဆစ်က ဆိုပါတယ်။ သေဆုံးသူအရေအတွက် ထပ်မတိုးလာဖို့ ပြည်ထဲရေးဝန်ကြီး အိုင်ဗီကာဒါဆစ်က မျှော်လင့်နေပါတယ်။
▪️ သေဆုံးသွားသူထဲက ၅ ဦးကို မည်သူမှန်း အတည်မပြုရသေးဘူးလို့ ဆားဘီးယားသမ္မတ အလက်ဇန်ဒါဗူဆစ်က ပြောလိုက်ပါတယ်။
▪️ ဒီဖြစ်ရပ်အတွက် တာဝန်ရှိသူအားလုံး အပြစ်ပေးခံရဖို့ သမ္မတတစ်ဦးအနေနဲ့ အလိုရှိကြောင်း မိန့်ခွန်းပြောသွားပါတယ်။
▪️ ညအချိန်မှာတော့ နိုဗီဆက်ဒ်မြို့တော်ခန်းမ အပြင်ဘက်မှာ လူပေါင်းရာချီက ဖယောင်းတိုင်များ ထွန်းကာ ဆုတောင်းဂုဏ်ပြုခဲ့ကြပါတယ်။
▪️ ယခုနွေရာသီတုန်းက ဘူတာရုံမှာ ပြန်လည်တည်ဆောက်ခြင်း ပြီးမြောက်ခဲ့ပေမယ့် ပြိုကျသွားတဲ့ ခေါင်မိုးအပိုင်းတော့ မပါဝင်ပါဘူး။
▪️ ဒီအဆောက်အဦကို ၁၉၆၄ ခုနှစ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပြီး တာဝန်ရှိသူများကို ဖော်ထုတ်သွားမယ်လို့ ဝန်ကြီးချုပ် မီလိုစ်ဗူချီဗစ်ကလည်း သတင်းထောက်တွေကို ပြောသွားပါတယ်။



#Source: Reuters
Page 491 of 1934