#Local_News
Published 19 February 2024
လျှပ်စစ်သုံးယာဉ် (EV) နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့်ကုမ္ပဏီများအနေဖြင့် Pre Order ဖြင့်ရောင်းချမှုများမပြုလုပ်ရန်လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်ထုတ်လုပ်မှု မြှင့်တင်ရေး လုပ်ငန်းကော်မတီမှ ထပ်မံ၍ အသိပေးထုတ်ပြန်ထားသည်။
လျှပ်စစ်သုံးယာဉ် (EV)နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့် ကုမ္ပဏီများအနေဖြင့် Pre Order ဖြင့်ရောင်းချမှုများမပြုလုပ်ရန် အသိပေးထုတ်ပြန်ထားသော်လည်း ဆက်လက်ရောင်းချမှုများရှိနေသည့်အတွက် ထပ်မံသတိပေးထားခြင်းကြောင်းသိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဧပြီလနှင့် ဇွန်လများ၌ လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်ပစ္စည်းများတင်သွင်းသည့်ကုမ္ပဏီများနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးများတွင် လျှပ်စစ်သုံးယာဉ် (EV) များ ပြန်လည်ရောင်းချရာ၌ CIF တန်ဖိုးအပေါ် အမြတ် (၂၀) ရာခိုင်းနှုန်းထက် ပိုမိုရောင်းချခြင်း မပြုရန်၊ လူမှုကွန်ရက်တွင် ကြော်ငြာရောင်းချခြင်း မပြုရန်၊ မော်တော်ယာဉ်ရောက်ရှိခြင်း မရှိဘဲ pre order ဖြင့် ကြိုတင် ရောင်းချခြင်းမပြုရန် အသိပေးဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။
အဆိုပါ တားမြစ်ချက်များအပေါ် လိုက်နာဆောင်ရွက်ခြင်းမရှိသော ကုမ္ပဏီများအား စီမံခန့်ခွဲမှုနည်းလမ်းအရ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် ပိတ်သိမ်းခြင်း၊ စားသုံးသူရေးရာ ဥပဒေအရ အရေးယူခြင်းကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#Local_News #လျှပ်စစ်သုံးယာဉ်(EV) #Pre_Orderဖြင့်မရောင်းချရန်ထပ်မံသတိပေး #YMG/ NN #Yangon_Times
#Local_News
Published 19 February 2024
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၁)မိုင် (၃)ဖာလုံတွင် ခရီးသည်တင်ယာဉ်နှင့်ဘောက်ကားတို့ တိုက်မိသဖြင့် အမျိုးသား ၂ဦး ေ-သဆုံးခဲ့ကြောင်း အမြန်လမ်း မီးသတ်တပ်ဖွဲ့ထံက သိရသည်။
ဖေဖေါ်ဝါရီ ၁၉ရက် နံနက် ၆နာရီ ၄၅ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ၁၁မိုင် အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ လှည်းကူးမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးတို့ဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် ေ-သဆုံးခဲ့သော အမျိုးသား ၂ဦးကို medical လူငယ်များအသင်း သူနာတင်ယာဉ်နှင့် ညာတိသင်္ဂဟအသင်းသူနာတင်ယာဉ်ဖြင့် လှည်းကူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Local_News #ရန်ကုန်-မန္တလေး #ခရီးသည်တင်ကားနှင့်ဘောက်ကားတို့တိုက်မိ #၂ဦးေ-သဆုံး #YMG/LW #Yangon_Times
#Local_News
Published 19 February 2024
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်၌ သင်္ကြန်ကာလအမှီ ရေဂါလန် နှစ်သိန်းဆံ့ မြေအောက်ရေလှောင်ကန် တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ သိရသည်။
သင်္ကြန်ကာလ ရေကစားရန်နှင့် ပွဲလမ်းသဘင်အခမ်းအနားများတွင် အသုံးပြုနိုင်ရန်အတွက် ပြည်သူ့ရင်ပြင်၌ မြေအောက်ရေလှောင်ကန်တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းသို့တည်ဆောက်ရေးဆောက်ရွက်မည့် မြေအောက်ရေလှောင်ကန် အကျယ်အဝန်းမှာ အလျား ပေ ၈၀၊ အနံ ပေ ၄၀ နှင့်အနက် ၁၁ ပေရှိကာ ရေတွန်းစက်ရုံမှာ အလျားပေ ၄၀၊ အနံ ၁၈ ပေရှိ 30 HP (22kW) စက် ၄ လုံးဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။
ထို့အပြင် ရေလှောင်ကန်အတွင်းသို့ မြေအောက်ရေကို သွယ်တန်းရယူ၍ ဖြည့်သွင်းသိုလှောင်သွားမည်ဖြစ်ကြောင်း၊ယင်းမြေအောက်ရေလှောင်ကန်ကို လာမည့်သင်္ကြန်ကာလအမီ တည်ဆောက်မည်ဖြစ်ပြီး အများပြည်သူ ပွဲလမ်းသဘင် အခမ်းအနားများတွင် အသုံးပြုနိုင်မည့်အပြင် အရန်ရေအတွက်ပါ စုဆောင်းထားနိုင်ဖို့အတွက် တည်ဆောက်ရေး ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
#Local_News #မြေအောက်ရေလှောင်ကန် #နှစ်သိန်းဆံ့တည်ဆောက် #YMG/NN #Yangon-Times
#Ukraine_Crisis
Published 19 February 2024
ယူကရိန်းမြို့ အက်ဗ်ဒီဗ်ကာကနေ ယူကရိန်းတပ်များ ဆုတ်ခွာသွားပြီးနောက် ရုရှားတို့က အပြည့်အဝ ထိန်းချုပ်ထားလိုက်ပြီလို့ တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။
စစ်ပွဲရဲ့ အပြင်းထန်ဆုံးတိုက်ပွဲတွေထဲက တစ်ခုဖြစ်ခဲ့ပြီးနောက် ဆိုဗီယက်ခေတ် ကိုလာစက်ရုံမှာ ယူကရိန်းတပ်သားအချို့ ပုန်းခိုနေဦးမယ်လို့ ရုရှားတို့က ဆိုလိုက်ပါတယ်။
၂၀၂၃ မေလမှာ ဘက်ခ်မွတ်မြို့ကို သိမ်းပိုက်ပြီးနောက်ပိုင်း ရုရှားတို့အတွက် အကြီးမားဆုံး သိမ်းပိုက်ရရှိမှုဖြစ်ခဲ့ပြီး ယူကရိန်းကို စတင်ကျူးကျော်ခဲ့တာ ၂ နှစ်နီးပါး ရှိလာပြီဖြစ်ပါတယ်။
ရုရှားတပ်တွေက ရှေ့တန်း ၉ ကီလိုမီတာ ဆက်လက်ချဲ့ထွင်လာနိုင်ပြီး ရှေ့သို့ချီတက်နေကြကြောင်း ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။
ယူကရိန်းစစ်သားတွေ ဝိုင်းရံမခံရစေရန် ဆုတ်ခွာခိုင်းလိုက်တာ ဖြစ်တယ်လို့ ယူကရိန်းဘက်က ဆိုလိုက်ပါတယ်။
အက်ဗ်ဒီဗ်ကာမြို့ကို သိမ်းပိုက်နိုင်ခဲ့တာဟာ အရေးပါတဲ့ အောင်ပွဲတစ်ရပ်ဖြစ်ကာ သမ္မတပူတင်က ရုရှားတပ်သားတွေကို ဂုဏ်ပြုလိုက်ပါတယ်။
အက်ဗ်ဒီဗ်ကာမှ လက်နက်ချထားတဲ့ ယူကရိန်းတပ်သား ၈ ဦးကို ရုရှားတပ်တွေက ပစ်ခတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်များအပေါ် ယူကရိန်းအာဏာပိုင်များက စုံစမ်းစစ်ဆေးနေပါတယ်။
ယမန်နှစ်က ရုရှားဘက်ကို ယူကရိန်းက မထိုးဖောက်နိုင်တော့ဘဲ စစ်ပွဲကိုဦးစီးဖို့ ယူကရိန်းက ခေါင်းဆောင်အသစ် တင်မြှောက်ထားကာ ရုရှားကတော့ ယူကရိန်းတပ်တွေကို ချေမှုန်းရန် ကြိုးပမ်းနေပါတယ်။
မြို့ကနေ ရန်သူတွေကို ရှင်းလင်းရန်၊ မြို့ထဲမှာ ကျန်ခဲ့တဲ့ ယူကရိန်းအဖွဲ့တွေ၊ စက်ရုံမှာ အခြေကုပ်နေတဲ့ အဖွဲ့တွေကို တားဆီးပိတ်ပင်သွားရန် ဆောင်ရွက်နေတယ်လို့ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အစ်ဂေါ်ကိုနာရှန်ကော့ဗ်က ပြောပြပါတယ်။
ယူကရိန်းတပ်တွေ အသည်းအသန် ဆုတ်ခွာသွားရပုံတွေကို ရုရှားဘက်က ဖော်ပြထားကာ ယူကရိန်းစစ်တပ်ဘက်ကတော့ ဒါဟာ ဆုံးရှုံးမှုအနည်းငယ်ရှိပေမယ့် ဆုတ်ခွာပြီးနောက် အခြေအနေ တည်ငြိမ်သွားပြီလို့ ဆိုလိုက်ပါတယ်။
ယူကရိန်းအတွက် ကူညီထောက်ပံ့ရေးတစ်ခုကို အမေရိကန် ရီပတ်ဘလစ်ကန်တွေက လွှတ်တော်မှာ လပေါင်းများစွာ အတိုက်အခံ လုပ်နေတာကြောင့် လက်နက်ခဲယမ်းများ ပြတ်လပ်ပြီး အက်ဗ်ဒီဗ်ကာမြို့လည်း ရုရှားလက်ထဲ ကျရောက်သွားတာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က သတိပေးလိုက်ပါတယ်။
အက်ဗ်ဒီဗ်ကာကို သိမ်းပိုက်လိုက်နိုင်တာဟာ ဒိုနက်စ်အလယ်ပိုင်းဒေသကို ထိန်းချုပ်ရန် ကြိုးပမ်းနေတဲ့ ရုရှားအတွက် နောက်ထပ်ခြေလှမ်းတစ်ခု ဖြစ်နေပါတယ်။
#Ukraine_Crisis #အက်ဗ်ဒီဗ်ကာမြို့ #အကြီးမားဆုံးအောင်မြင်မှု #Source: Reuters
#Local_News
Published 19 February 2024
မန္တလေးအောင်မြေသာစံမြို့နယ်၁၂လမ်း(Sp)ပါတ်စပို့ရုံးတွင် နိုင်ငံကူးလက်မှတ် ပြုလုပ်ရန် တန်းစီတိုးဝှေ့ ကြရာလူအုပ်ပိသဖြင့် အမျိုးသမီး ၂ဦးေ-သဆုံးမှု ဖြစ်ပွားခဲ့ကြောင်း သွားရောက်ကူညီပေးသည့် လူမှုကူညီရေး အသင်းထံ က သိရသည်။
ဖေဖေါ်ဝါရီ ၁၉ ရက် နံနက် ၂နာရီ ၃၅မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အမျိုးသမီး ၂ဦး ေ-သဆုံးခဲ့သည့် အပြင် အမျိုးသမီး တစ်ဦး မှာ ထိခိုက်ဒဏ်ရာ ရရှိသဖြငိ့ ဆေးကုသမှု ခံနေရကြောင်း သိရသည်။
"လူအုပ်ပိပြီး အသက်ရှူကြပ်တာက ငါးယောက်လောက်ရှိတယ်။ အခုေ-သဆုံးသူ တွေက လူအုပ်ပိပြီး လမ်းဘေး မြောင်းထဲကျသွားတာ ကျွန်တော်တို့ သွားကူညီပေးတော့ အခုေ-သဆုံးသွားတဲ့ နှစ်ယောက်ကအသက်ငွေ့ငွေ့ပဲရှိတော့တယ်။ ဆေးရုံသွားတဲ့ လမ်းမှာတင် ဆုံးသွားတာ အမျိုးသမီးနောက်တစ်ယောက်က ခြေေထာက် ထိခိုက်ဒဏ်ရာရသွားတယ်. အခုဆေးရုံ တင်ထားရတယ် ကျန်တဲ့ အသက်ရှူကြပ်တဲ့သူတွေကတော့ အဲ့နေရာမှာပဲ ကုသပေးလိုက်တာ ပြန်ကောင်းသွားတယ်"ဟု သွားရောက်ကူညီပေးသည့် ပရဟိတအသင်းမှတာဝန်ရှိသူကပြောသည်။
သေဆုံးသေဆုံးသူများမှာ ဒေါ်ခင်မျိုးအေး ၅၂နှစ် နှင့် မခိုင်ဝေ ၃၉ နှစ်တို့ ဖြစ်ကာ မန္တလေးညောင်ကွဲ အကွက်(၆၇)နှင့် အကွက်(၇) တို့တွင် နေထိုင်သူများဖြစ်ကြောင်း သိရသည်။
မန္တလေး ပတ်စပို့ရုံးတွင် နိုင်ငံကူးလက်မှတ်ပြုလုပ်ရန် လာရောက်တန်းစီသူများမှာ ယခုရက်ပိုင်းတွင် အလွန်များပြားလျက်ရှိကြောင်း သိရသည်။
#Local_News #မန္တလေးပတ်စပို့ရုံး #လူအုပ်ပိမိသဖြင့်အမျိုးသမီး၂ဦးေ-သဆုံး #YMG/LW #Yangon_Times
#World_Health
Published 19 February 2024
အမေရိကန်လူမျိုး ၅ ဦးမှာ ၂ ဦးနှုန်းလောက်က ဖျားနာတဲ့အခါ ယင်းတို့ရဲ့ လက်တွဲဖော် ဂရုစိုက်ပြုစုတာထက် အမေပြုစုပေးတာက ပိုပြီးသာလွန်ကောင်းမွန်တယ်လို့ စစ်တမ်းအသစ်တစ်ခုမှာ တွေ့ရှိထားပါတယ်။
အရွယ်ရောက်ပြီးသား အလုပ်အကိုင်ရှိသူ ၂၀၀၀ ခန့်ကိုစစ်တမ်းကောက်ရာမှာ အမျိုးသားတွေက နာမကျန်းဖြစ်တဲ့အခါ အမေစောင့်ရှောက်တာက ပိုပြီးကောင်းမွန်တယ်လို့ သဘောတူကြပါတယ်။
အမျိုးသမီးတွေကတော့ နေမကောင်းတဲ့အခါ တစ်ဦးတည်းနေချင်တဲ့သူ ၅၃ ရာခိုင်နှုန်းရှိပြီး အမျိုးသား ၅၈ ရာခိုင်နှုန်းကတော့ အမေပြုစုတာ ခံချင်တယ်လို့ ဆိုကြပါတယ်။
နေမကောင်းဖြစ်တဲ့အခါ အသိမပေးချင်သူ ၆၈ ရာခိုင်နှုန်းရှိပြီး သူများတွေကို အသိပေးချင်သူကတော့ ၂၈ ရာခိုင်နှုန်းလောက် ရှိပါတယ်။
နေမကောင်းတဲ့အကြောင်းကို အွန်လိုင်းမှာဖော်ပြချင်တဲ့သူအနေနဲ့ အမျိုးသားတွေက ၂၉ ရာခိုင်နှုန်းရှိပြီး အမျိုးသမီးတွေကတော့ ၂၀ ရာခိုင်နှုန်းရှိပါတယ်။
နေမကောင်းဖြစ်တဲ့ အခြေအနေကို ကောင်းစွာကိုင်တွယ်နိုင်သူတွေကတော့ စစ်တမ်းကောက်ယူသူတွေထဲက ၃ ပုံ ၁ ပုံသာရှိပါတယ်။
အမျိုးသမီး ၈၀ ရာခိုင်နှုန်းနီးပါးလောက်က နေမကောင်းဖြစ်ခြင်းကို အမျိုးသားတွေထက် ပိုမိုကိုင်တွယ်နိုင်တယ်လို့ ယူဆနေကြပါတယ်။
အိမ်မှာနေမကောင်း ဖြစ်ကြတဲ့အခါ လုပ်နေကျသန့်ရှင်းရေးများထဲက အချို့ကို မလုပ်ကြဘူးလို့ ၅၂ ရာခိုင်နှုန်းက ဝန်ခံထားပါတယ်။
၃၀ ရာခိုင်နှုန်းလောက်က အသားအရေ ထိန်းသိမ်းရေးနည်းလမ်းများ မလုပ်ကြဘဲ ၂၀ ရာခိုင်နှုန်းက ရေမချိုးကြပါဘူး။
သာမန်အားဖြင့် နေမကောင်းတဲ့သူတွေဟာ သွားတိုက်ခြင်းနဲ့ အဝတ်အစားလဲခြင်းတို့ကို ၂ ရက်လောက်အထိ မလုပ်ဘဲ နေတတ်ကြပါတယ်။
ထိုအတောအတွင်းမှာ အနားမယူဘဲ တစ်ခုခုအကျိုးရှိအောင် လုပ်တဲ့သူက ၉ ယောက်မှာ ၁ ယောက်နှုန်းရှိပြီး အမျိုးသားတွေက လေ့ကျင့်ခန်း ပြုလုပ်တာမျိုး ၂၀ ရာခိုင်နှုန်းရှိပါတယ်။
စစ်တမ်းဖြေကြားသူတွေထဲက ၂၆ ရာခိုင်နှုန်းဟာ ဆေးခန်းမှာရှိနေတာကို ဖိစီးမှုအများဆုံးလို့ ဆိုကြပါတယ်။
ဆေးရုံဆေးခန်းသွားပြီး ရောဂါသည်တွေနား ထိုင်စောင့်နေရတာထက်စာရင် ဖုန်းဖြင့်ကျန်းမာရေး စောင့်ရှောက်မှုခံယူတာက အိမ်ကနေ သက်သက်သာသာဖြင့် သက်သာစေမှာ ဖြစ်ပါတယ်။
#World_Health #အမေပြုစုစောင့်ရှောက် #ယောက်ျားလေးအများစုယူဆ #Source: New York Post
#World_Science
Published 19 February 2024
တိရစ္ဆာန်အများစုဟာ လူသားတွေထက် အားသာချက်တွေ ရှိနေကြပြီး ခွေးတွေ ကြောင်တွေဆိုရင် အနံ့ခံအာရုံ၊ သစ်ကုလားအုတ်တွေဆိုရင် အပင်ပေါ်က အစားအစာတွေကို မှီနိုင်တဲ့စွမ်းရည်တွေ ရှိနေပါတယ်။
ဒါပေမဲ့ နို့တိုက်သတ္တဝါတွေဟာ လူတွေလိုမျိုး အရောင်မျိုးစုံကို ခွဲခြားမမြင်နိုင်ကြပါဘူး။
ဓာတ်ခွဲခန်းထဲမှာ ဖန်တီးထားတဲ့ လူသားစက္ခုအမြင်လွှာများဖြင့် စမ်းသပ်ရာမှာ ဗိုက်တာမင်အေက လူသားတွေမှာ သန်းနဲ့ချီတဲ့အရောင်တွေကို မြင်နိုင်တဲ့ အထူးဆဲလ်တွေ ထုတ်လုပ်နိုင်တာကို တွေ့ရှိခဲ့ကြပါတယ်။
ခွေးတွေရဲ့ မျက်စိထဲက ကတော့ပုံစံဆဲလ်တွေဟာ မီးခိုးရောင်၊ အဝါရောင်၊ အညိုရောင်၊ အပြာရောင်တို့ကို မသိရှိကြပါဘူး။
ကြောင်တွေဟာ အရောင်တွေကို မြင်နိုင်ပေမယ့် လူတွေလောက် အများကြီး မခွဲခြားနိုင်ပါဘူး။
ယင်းတို့ရဲ့ မျက်လုံးတည်ဆောက်ပုံအရ ကြောင်တွေဟာ အပြာရောင်နဲ့ အဝါရောင်ကို အမြင်ရဆုံးဖြစ်ပြီး အနီနဲ့ အစိမ်းရောင်တို့ကိုတော့ မီးခိုးရောင်အဖြစ်သာ မြင်ကြပါတယ်။
မျက်စိအမြင်လွှာထဲမှာရှိတဲ့ ကတော့ပုံစံဆဲလ်တွေဟာ အရောင်တွေကို ခွဲခြားမြင်စေနိုင်တာ ဖြစ်ပါတယ်။
ရော့ဒ်ဆဲလ်တွေကတော့ အလင်းပမာဏကို သိရှိကာ အလင်းနည်းတဲ့နေရာတွေမှာ အမြင်အာရုံရရှိအောင် ပြုလုပ်ပေးပါတယ်။
အမြင်အာရုံ ပုံမှန်ရှိသူတွေနဲ့ လူတွေနဲ့နီးစပ်တဲ့ မျောက်ဝံမျိုးရိုးတွေမှာသာ အနီအစိမ်းတွေကို အာရုံခံနိုင်တာ ဖြစ်ပါတယ်။
ဒီသုတေသနရဲ့ ဖြစ်နိုင်ခြေကတော့ အနာဂတ်မှာ အမြင်အာရုံပြဿနာ ရှိသူတွေကို ကူညီပေးနိုင်ဖွယ်ရှိတယ်လို့ သိပ္ပံပညာရှင်များ မျှော်လင့်နေကြပါတယ်။
#World_Science #အရောင်သန်းနှင့်ချီမြင်ရ #အခြားနို့တိုက်သတ္တဝါ #အရောင်မမြင်ကြရ #Source: The Jerusalem Post
၁၈ ဖေဖော်ဝါရီ ၂၀၂၄
မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင်လည်း တရုတ်နိုင်ငံနှင့် တရုတ် လူမျိုးများအနေဖြင့် ဆက်လက်ပြီးကူညီဆောင်ရွက်ပေးပါရန် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောကြားလိုက်ပါတယ်။
ဖေဖော်ဝါရီ၁၈ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ(၁)သုဝဏ္ဏ၌ ကျင်းပပြုလုပ်တဲ့ ၂၀၂၄ခုနှစ် ရွှေနဂါးတရုတ်နှစ်သစ်ကူးပွဲတော်အခမ်းအနားတွင် နစကဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်ဖွင့်လှစ်ပြီး နှစ်သစ်ကူးဆုမွန်စကားပြောကြားရာမှာထည့်သွင်းပြောကြားခဲ့တာ ဖြစ် ပါတယ်။
ထို့အပြင် တရုတ်-မြန်မာနှစ်နိုင်ငံပူးပေါင်းပြီး နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများ၊နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် လက်ရှိအခြေအနေထက် ပိုမိုတိုးတက်ကောင်းမွန်လာမည်ဟု ယုံကြည်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောကြားတဲ့အကြောင်း နစကရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြ ထားပါတယ်။
ရှေးအစဉ်အဆက် နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ အမြော်အမြင်ကြီးစွာ တည်ဆောက်ခဲ့သည့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေး မူကြီး(၅)ရပ်နှင့်အညီ နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်းပီသစွာ အပြန်အလှန်နားလည်မှုများနှင့် နေထိုင်ခဲ့ကြသဖြင့် ရံဖန်ရံခါ တွေ့ကြုံရသည့်ပဋိပက္ခအချို့ကို နှစ်နိုင်ငံအစိုးရနှင့် ပြည်သူတို့ငြိမ်းချမ်းစွာအဖြေရှာပြီး ခိုင်မာသည့်ဆက်ဆံရေးကို ထိန်းသိမ်း တည်ဆောက်နိုင်ခဲ့ကြတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ဆက်လက်ပြောဆို ပါတယ်။
တရုတ်နိုင်ငံသည် မြန်မာ့အရေးနှင့်ပတ်သက်ပါက ခေတ်အဆက်ဆက်အိမ်နီးချင်းကောင်းဟူသည့်ဂုဏ်ပုဒ်အပြင် မိတ်ဆွေကောင်းဟူသည့် ခံယူချက်ဖြင့်ရပ်တည်ပေးခဲ့သည့်နိုင်ငံဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ပြည်တွင်းရေးရာ ကိစ္စရပ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာစာမျက်နှာများတွင် မှန်ကန်သည့် လမ်းကြောင်းအတိုင်းရပ်တည်ပေး လျက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်တရုတ်လူမျိုးတို့၏မိတ်ကောင်းဆွေမွန်ပီသမှုအတွက် အထူးပင် ကျေးဇူးတင်ရှိတယ်လို့လည်း နစက ဥက္ကဋ္ဌက ပြောပါတယ်။
သံလွင်၊ မဲခေါင်မြစ်နှစ်စင်းမှ အစပြုပြီး သဘာဝတောတောင် ရေမြေများစွာထိစပ်နေသည့် တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံတို့၏ ကောင်းမွန်သည့် ဆက်ဆံမှုများနှင့် တူညီသည့်ယဉ်ကျေးမှုများသည် ရေကိုသားသော်အကြား
မထင် သကဲ့သို့ ဘယ်သူဖျက်ဖျက် ပျက်စီးမသွားဘဲ ခိုင်မာစွာဖြစ်တည်လျက်ရှိနေမည်ဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက အခိုင်အမာပြောဆိုပါတယ်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai က ပြီးခဲ့သည့်နှစ်များအတွင်း တရုတ်-မြန်မာ နှစ်နိုင်ငံအကြား ကဏ္ဍအသီးသီး၌ အတူတကွ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသောကြောင့် ယုံကြည်မှုများနှင့် ချစ်
ကြည်ရင်းနှီးမှုများ ပိုမိုတိုးမြှင့်ခိုင်မာအောင် တည်ဆောက်နိုင်ခဲ့ပါကြောင်း၊ နှစ်သစ်တွင်နှစ်နိုင်ငံနှင့် နှစ်နိုင်ငံရှိ ပြည်သူများအနေဖြင့် ငြိမ်းချမ်းခြင်း၊ ချစ်ခင်ခြင်း၊ အပြန်အလှန်လေးစားခြင်းတို့ဖြင့် ပြည့်ဝပြီး နှစ်နိုင်ငံအကျိုး အတွက် ဆောင်ရွက်နိုင်ကြပါစေကြောင်း၊ နှစ်နိုင်ငံအကြား ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး အဓွန့်ရှည်ခိုင်မြဲပါစေ
ကြောင်းနှင့် တရုတ်-မြန်မာ လူသားမျိုးနွယ်များ တိုးတက်မှုအတွက် အတူတကွကြိုးပမ်းသွားမယ်လို့ နှစ်သစ် ဆုတောင်းစကားပြောကြားခဲ့ပါတယ်။
အဲဒီနောက်ဗိုလ်ချုပ်မှူးကြီးနှင့်ဇနီးတို့သည် အခမ်းအနားတက်ရောက်လာကြသူများနှင့်အတူ တရုတ်ရိုးရာနှစ်သစ်
ကူး အထိမ်းအမှတ်ဂုဏ်ပြုညစာကို အတူတကွသုံးဆောင်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။
@ymg/knl
#Local_News
Published 18 February 2024
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှ ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများစေလွှတ်လျက်ရှိ ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် လုပ်သားခေါ်ယူမှုခွဲတမ်းအနေဖြင့် ၁၁၀၀၀ ခန့် ရွေးချယ်ခေါ်ယူစေလွှတ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနမှ သိရသည်။
ကိုရီးယားသမ္မတနိုင်ငံသို့ EPS စနစ်ဖြင့် လုပ်သားများစေလွှတ်လျက်ရှိရာ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများ ဖြင့် အမျိုးသား အလုပ်သမား များကို စေလွှတ်ခဲ့ ပြီး ယခု နှစ်တွင် ဝန်ဆောင်မှု လုပ်ငန်းများအတွက် အမျိုးသမီး အလုပ်သမားများကိုပါ ခေါ်ယူသဖြင့် စေလွှတ်မည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်တွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ငန်းများသို့ ၁၀၆၁၁ ဦး စေလွှတ်ခဲ့ပြီး ယခု၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံအတွက် လုပ်သားခေါ်ယူမှုခွဲတမ်းအနေဖြင့် ၁၁၀၀၀ ခန့် ရရှိသဖြင့် ပိုမိုခေါ်ယူထားကြောင်း သိရသည်။
#Local_News #EPSစနစ် #ကိုရီးယားသို့မြန်မာလုပ်သား #YMG/LW #Yangon_Times
#Local_News
Published-18 February 2024
မွန်ပြည်နယ် မုဒုံမြို့ကျက်သရေဆောင် သမိုင်းဝင်ဆံတော်ရှင် ကန်ကြီးစေတီတော်မြတ်ကြီးတွင်(၁၄)ကြိမ်မြောက် မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် (၂၁)ကြိမ်မြောက် ထမနဲထိုးလှူဒါန်းပွဲကို (တပို့တွဲလပြည့်နေ့)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း စေတီတော် ဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါ မဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် စေတီတော်ပုရဝုဏ်အတွင်းရှိ ဓမ္မာရုံ၌ ကန်ကြီးစေတီတော် သြဝါဒါစရိယ ဆရာတော်ဘဒ္ဒန္တ စန္ဒန (လမင်းဆရာတော်)နှင့် သံဃာတော်အရှင်သူမြတ်အပေါင်းတို့မှ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး (၅)ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်သည်။
(၂၁)ကြိမ်မြောက် ထနဲထိုးလှူဒါန်းပွဲကို ဖေဖော်ရီ ၂၃ ရက်နေ့တွင် ပြုလုပ်မည်ဖြစ်ပြီး ဘုရားဖူးပြည်သူများအား ထမနဲဝေငှလှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
တပို့တွဲလပြည့်နေ့တွင် အာရုံဆွမ်းအချိုပွဲအဖြစ် ကန်ကြီးစေတီတော်၌ ဆပ်ကပ်ခြင်း သြဝါဒါစရိယဆရာတော် (၁၃)ပါးနှင့် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခြင်းနှင့် မဟာပဌာန်းရေစက်ချ ပိတ်ပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
#Local_News #သမိုင်းဝင်ကန်ကြီးစေတီ #ထမနဲထိုးပွဲကျင်းပ #YMG/LW #Yangon_Times
#Local_News
Published-18 February 2024
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းကျရောက်နေတဲ့ ဧရိယာအကျယ်အဝန်း ၄,၄၃၅ ဧကရှိတဲ့ နယ်မြေကို ဖေဖော်ဝါရီ ၁၅ ရက်ကစပြီး “ထင်းမယ်ကြိုးပြင်ကာကွယ်တော”အဖြစ် သတ်မှတ် လိုက်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှသိရသည်။
မြစ်၊ ချောင်း၊ အင်း၊ အိုင် စသည့် ရေအရင်းအမြစ်များနှင့် ရေဝေ ရေလဲဒေသများ ကို ထိန်းသိမ်းရန်၊ ဂေဟစနစ်တည်ငြိမ်မှုရှိရန် ၊ ဒေသခံပြည်သူ များ၏ အခြေခံလိုအပ်ချက်ဖြစ်သည့် သစ်၊ ထင်း၊ ဝါး စသည့် သစ်တောထွက်ပစ္စည်းများ ကို ဖြည့်ဆည်းပေးနိုင်ရန်၊ ဇီဝမျိုးစုံ မျိုးကွဲများကို ထိန်းသိမ်းနိုင်ရန် ရာသီဥတုသာယာမျှတစေပြီး စိုက်ပျိုးရေးလုပ်ငန်းများကို အထောက်အကူပြုစေရန် ရည်ရွယ်ပြီး သတ်မှတ်ခြင်ူဖြစ်ေကြာင်းသိရသည်။
ထို့အပြင် ထင်းမယ်ကြိုးပြင်ကာကွယ်တော သတ်မှတ်လိုက်ခြင်းကြောင့် အဆိုပါ ဧရိယာအတွင်း ပေါက်ရောက်လျက် ရှိသည့် ကညင်၊ ကတွတ်၊ သပြေ၊ ဥဘန်၊ ရှစ်ခေါ၊ တောင်သရက်၊ ယမနေ၊ ဖန်ခါး၊ ကံ့ကော်၊ သစ်မင်း၊ မရမ်းနှင့် မျောက်ငို စသည့် ဒေသမျိုးရင်း သစ်မျိုးများကို လည်းထိန်းသိမ်းနိုင်မည်ဖြစ်ကြောင်းသိရသည်။
#Local_News #ထင်းမယ်ကြိုးပြင်ကာကွယ်တောသတ်မှတ် #YMG/LW #Yangon_Times
#Local_news
Published_ 18 February 2024
မြန်မာနိုင်ငံရှိ ပြည်သူ့ဆေးရုံကြီးများ၌ ၂၀၂၃ ခုနှစ်တွင် ကင်ဆာဓာတ်ရောင်ခြည် ကုသမှု အကြိမ်ရေ ၁ သောင်း ၁ ထောင်ကျော် ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရပါတယ်။
ကင်ဆာဓာတ်ရောင်ခြည် ကုသမှုများကို အရေးပေါ်အခြေအနေများတွင် စောင့်ဆိုင်းမှုမရှိစေဘဲ ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ မန္တလေး ပြည်သူ့ဆေးရုံကြီး၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀) နှင့် တောင်ကြီးမြို စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးတိုတွင် ကင်ဆာဓာတ်ရောင်ခြည် ကုသစက် ၁၂ လုံး အသုံးပြုကာ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ပါ ဆောင်ရွက်ပေးလျက်ရှိပြီး ၁၁၀၃၆၇ ကြိမ်ထိ ဆောင်ရွက်ပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ကုသဌာန၌ ရုံးပိတ်ရက် များတွင်လည်း ကင်ဆာဓာတ်ရောင်ခြည် ကုသစက်သုံးလုံးဖြင့် ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ကုသမှုများ ဆောင်ရွက်ပေးလျက်ရှိရာ အိန္ဒိယနိုင်ငံမှ လှူဒါန်းထားသည့် Bhabhatron စက်ကိုလည်း တပ်ဆင်ထားကြောင်း သိရပါတယ်။
ထို့ပြင် အဏုမြူရောင်ခြည်ဖြင့် ရောဂါရှာဖွေကုသရေးဌာန၌ အဏုမြူရောင်ခြည် ဖြင့် ကင်ဆာရောဂါပျံ့နှံမှုကို ရှာဖွေသည့် PET/CT စက်၊ စက်လည်ပတ်ရန်လိုအပ်သော အဏုမြူရောင်ခြည် ပစ္စည်းထုတ်လုပ်တဲ့ Cyclotron စက်များ ဖြင့် ကုသပေးနေတာဖြစ် ပါတယ်။
ထို့အပြင် ကင်ဆာဓာတ်ရောင်ခြည် ကုသမှုကို တပ်မတော်ဆေးရုံကြီးများ၌လည်း ဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်၊ နေပြည်တော်ရှိ ပုဂ္ဂလိကဆေးရုံများတွင်လည်း ဆောင်ရွက်ပေးနေကြောင်း သရပါတယ်။
ကင်ဆာရောဂါ ဝေဒနာရှင်များ စောင့်ဆိုင်းမှုလျော့နည်းစေရေးနှင့် ထိရောက်သည့် ကုသမှုရရှိစေရေးအတွက် နိုင်ငံတော်အနေဖြင့် ယခုနှစ်တွင် ကင်ဆာရောဂါ ဆေးဝါးများ ဝယ်ယူရန်အတွက် ခွင့်ပြုရန်ပုံငွေ ၁၂ ဘီလီယံ ကျော် ခွင့်ပြုချထားပေးခဲ့ပြီး ၂၀၂၃ ခုနှစ်အတွင်း မန္တလေးပြည်သူ့ဆေးရုံကြီးတွင် ကင်ဆာရောဂါ ဓာတ်ရောင်ခြည်ကုသစက် အသစ်တစ်လုံး တပ်ဆင်ပေးခဲ့ပါတယ်။
ထို့အပြင် ဓာတ်ရောင်ခြည်ကုသစက် အသစ် ၃ လုံးကို အသစ်ဆောက်လုပ်ပြီးစီးနေပြီဖြစ်တဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ အမျိုးသားကင်ဆာကုသရေးဌာန၌ ယခုနှစ်အတွင်း တပ်ဆင်သွားမှာ ဖြစ်ကြောင်း သတင်းရရှိပါတယ်။
#Local_news #ကင်ဆာဓာတ်ရောင်ခြည်ကုသမှု #Ymg_mnn #Yangon_Media_Group
Page 313 of 1470