ပြန်ဝယ်ပေးမည့်လက်နက်များတွင် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်များအထိပါဝင်
၂၂ ဖေဖော်ဝါရီ ၂၀၂၄
မြန်မာနိုင်ငံအထဲက လက်နက်ကိုင်သောင်းကျန်းသူ အုပ်စုတစ်စုအတွက် နျူကလီးယားပစ္စည်းများနှင့်မူးယစ်ဆေး ဝါးများ ပြည်ပသို့ရောင်းချပေးပြီး ယင်းတို့အတွက် လက်နက်များပြန်ဝယ်ပေးတဲ့ဂျပန်လူမျိုး ယာကူဇာ ရာဇဝတ် ဂိုဏ်းခေါင်းဆောင်တစ်ဦးကို အမေရိကန်အာဏာပိုင်များက ဖမ်းဆီးတရားစွဲဆိုလိုက်တယ်လို့ နယူးယောက်မှ သတင်းကို ကိုးကားပြီး နိုင်ငံတကာမီဒီယာတွေက ယနေ့ ဖေဖော်ဝါရီ ၂၂ရက်မှာ ဖော်ပြရေးသားကြပါတယ်။
ဒါပေမယ့် မည်သည့်လက်နက်ကိုင်အဖွဲ့အစည်းဆိုတာကိုတော့သတင်းတွေမှာဖော်ပြမထားပါဘူး။
အသက်၆၀အရွယ်ရှိပြီဖြစ်တဲ့ အီဘီဆာဝါနှင့် ၆၁နှစ်အရွယ် ဆင်ဟာဆီရီတို့ဟာ မြန်မာနိုင်ငံမှ လက်နက်ကိုင် သောင်းကျန်သူတစ်ဖွဲ့ကိုယ်စား မြန်မာနိုင်ငံမှယူရေနီယမ်နှင့် လက်နက်အဆင့်ရှိ ပလူတိုနီယမ် ပစ္စည်းတွေနှင့် မူးယစ်ဆေးဝါးတွေရယူရောင်းချကာ လက်နက်တွေပြန်ဝယ်ပေးတဲ့ လျှို့ဝှက်ကြံစည်မှုကို ကျူးလွန် ခဲ့ကြတယ်လို့ လက်ထောက်ရှေ့နေချုပ် မက်သျူးအိုဆန်က ပြောတယ်လို့ ရိုက်တာသတင်းရေးသားပါတယ်။
နျူကလီးယားပစ္စည်းတွေကို အီရန်နျူကလီယားလက်နက်ထုတ်လုပ်ရေးမှာ အသုံးပြုဖို့ဖြစ်လိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ထားတယ်လို့လည်း အမေရိကန်မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌနာရဲ့အကြီးအကဲ အန်နီမီလ်ဂရမ်က ပြော ပါတယ်။ နှစ်ဦးစလုံးကို ရမန်ဖြင့်ချုပ်နှောင်ထားတယ်လို့လည်း သတင်းများကဆိုပါတယ်။
သောင်းကျန်းသူအဖွဲ့အတွက် ဝယ်မယ့်စစ်လက်နက်ထဲမှာ မြေပြင်မှဝေဟင်ပစ်ဒုံးကျည်တွေလည်းပါတယ်လို့ တရားစွဲဆိုချက်မှာဖော်ပြထားပါတယ်။
၂၀၂၀ခုနှစ်ကစပြီး အီဘီဆာဝါဟာ အသွင်ယူထားတဲ့ အရာရှိတစ်ဦးကို သူ့ဆီမှာ နျူကလီးယားပစ္စည်းတွေ အမြောက်အများရောင်းဖို့ရှိတယ်လို့ကြွားဝါပြီး ပုံတွေပါထုတ်ပြခဲ့ပါတယ်။
အဲဒါကြောင့်သူတို့ဟာ ဖမ်းဆီးရမိရေးအတွက်လျှို့ဝှက်စစ်ဆင်ရေးတွေလုပ်နေစဉ်အတွင်း ထိုင်းအာဏာပိုင် တွေကလည်း အမေရိကန်စုံစမ်းထောက်လှမ်းသူတွေကို အဝါရောင်အမှုန့်နှစ်ထုတ်ပ်ကို သိမ်းဆည်းရမိရေး ကူညီပေးခဲ့တယ်လို့ရိုက်တာသတင်းအရသိရပါတယ်။အဲဒီအမှုန့်ကို တရားခံတွေက အဝါရောင်ကိတ်လို့ ခေါ်ကြပါတယ်။
“ နျူကလီးယားနမူနာထဲမှာတွေ့ရတဲ့ ပလူတိုနီယမ်ရဲ့ အိုင်ဆိုတုပ်ဖွဲ့စည်းပုံအရ ယင်းဟာ လက်နက်အဆင့် ဖြစ်တယ်လို့ အမေရိကန်ဓာတ်ခွဲခန်းက အတည်ပြုဆုံးဖြတ်ပါတယ်။ ဆိုလိုတာကတော့ အဲဒါကိုလုံလောက်တဲ့ အရေအတွက်နှင့်သာဆိုရင် နျူကလီးယားလက်နက်ထုတ်ဖို့သင့်လျော်တဲ့အနေအထားဖြစ်နေတယ်” လို့ တရားရေးဌာနရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အီဘီဆာဝါရဲ့လက်ထောက်တွေထဲက တစ်ဦးက သူတို့ဆီမှာ Thorium-232 ကီလိုနှစ်ထောက်ကျော်နှင့် အဝါရောင်ကိတ်လို့သိကြတဲ့ U3O8 ကွန်ပေါင်းထဲ ယူရေနီယမ် ၁၀၀ကီလိုကျော်ရှိနေတယ်လို့ ပြောခဲ့ပါတယ်။
အီဘီဆာဝါက သူတို့ဟာ မြန်မာနိုင်ငံက လက်နက်ကိုင်သောင်းကျန်းသူတစ်ဖွဲ့ကိုယ်စား လက်နက်တွေ ဝယ်ဖို့အတွက်နျူကလီးယားပစ္စည်းတွေကိုရောင်းဖို့လုပ်တာလို့ စွဲချက်မှာဖော်ပြထားပါတယ်။
မြေပြင်မှဝေဟင်ပစ်ဒုံးကျည်ဝယ်ဖို့ကြိုးစားတဲ့အတွက် အီဘီဆာဝါဟာ ထောင်ဒဏ်အနည်းဆုံး ၂၅နှစ်ကျခံရဖို့ ရှိနေပြီး နျူကလီးယားပစ္စည်းတွေကို နိုင်ငံတကာမှာတရားမဝင်ရောင်းဝယ်မှုအတွက်လည်း ထောင်ဒဏ် အနှစ် (၂၀) အထိကျခံရဖို့ရှိနေပါတယ်။
အီဘီဆာဝါဟာ ယာကူဇာဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်ပြီးသူတို့ဟာ ကမ္ဘာတစ်လွှားမှာ မူးယစ်ဆေးဝါးနှင့်လက်နက်မှောင်ခိုလုပ်နေကြတဲ့ အဆင့်မြင့်မြင့်ဖွဲ့စည်းထားတဲ့ ဂျပန်ရဲ့ရာဇဝတ်ကွန်ယက်ကြီး တစ်ခုဖြစ်တယ်လို့ တရားစွဲဆိုသူတွေက ဖော်ပြကြပါတယ်။
Source: Reuters/AFP
Published 22 February 2024
နာဆာ(NASA)နဲ့ ဂျပန်အာကာသ လေ့လာရေးအေဂျင်စီ(JAXA)တို့က ကမ္ဘာ့ပထမဆုံး သစ်သားဂြိုဟ်တု LignoSat Probe ကို အာကာသသို့ လွှတ်တင်ရန် ကြံရွယ်နေကြပြီး အာကာသဂြိုဟ်တုများ ရေရှည်လည်ပတ်နိုင်ရန် ကြိုးပမ်းလာတာ ဖြစ်ပါတယ်။
အဆိုပါဂြိုဟ်တုကို ကျိုတိုတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ဆူမီတိုမိုဖောရက်စ်ထရီ သစ်သားကုမ္ပဏီနဲ့ ပူးပေါင်းဆောက်လုပ်ထားတာ ဖြစ်ပါတယ်။
ဂြိုဟ်တုက ဇီဝပြိုကွဲမှုသဘာဝက ကမ္ဘာကြီးရဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းမှုကို ကူညီပေးနိုင်မယ်လို့ ယူဆနေကြပါတယ်။
ကမ္ဘာမြေရဲ့ လေထုအလွှာဟာ အာကာသယာဥ်တွေ ဂြိုဟ်တုတွေကနေ ထွက်လာတဲ့ သတ္တုအမှုန်များနဲ့ ထိခိုက်ပြီး ကမ္ဘာကြီးရဲ့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေတယ်လို့ ကျိုတိုတက္ကသိုလ်မှ ဂျပန်အာကာသ အင်ဂျင်နီယာက ပြောပြခဲ့ပါတယ်။
ထိုသတ္တုတွေက ကမ္ဘာ့အိုဇုန်းလွှာကို ထိခိုက်စေနိုင်ကြောင်း ကျွမ်းကျင်သူများ ယူဆထားပါတယ်။
ဒီအတွက် အာကာသထဲမှာ မလောင်ကျွမ်း မပုပ်မသိုးနိုင်တဲ့ သစ်သားနဲ့ အစားထိုးအသုံးပြုရန် စဥ်းစားလာကြပါတယ်။
နိုင်ငံတကာ အာကာသစခန်းမှာ ယခုနှစ်အစောပိုင်းက သစ်သားနမူနာများဖြင့် အောင်မြင်စွာ စမ်းသပ်ပြီးနောက် ဂြိုဟ်တုကို လွှတ်တင်နိုင်မယ်လို့ ယုံကြည်လာကြပါတယ်။
ကော်ဖီကရား အရွယ်အစားလောက်သာရှိတဲ့ ဂြိုဟ်တုဟာ အာကာသထဲမှာ အနည်းဆုံး ၆ လလောက် လုပ်ဆောင်နေနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
LignoSat ဂြိုဟ်တုကိုသာ အောင်မြင်စွာ လွှတ်တင်နိုင်ပြီး အာကာသထဲမှာ လုပ်ဆောင်နိုင်တယ်ဆိုရင် နောက်ထပ်ဂြိုဟ်တုတွေကို သစ်သားဖြင့် ဆောက်လုပ်လာနိုင်မယ့် အခွင့်အလမ်းများ ရှိလာနိုင်ပါတယ်။
Source: WION.
#World_Science
#Published_ 22 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
၂၁ ဖေဖော်ဝါရီ ၂၀၂၄
နစကဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ် မှူးကြီး စိုးဝင်း သည် အိန္ဒိယ တပ်မတော်၊ အမှတ်(၃)တပ်မကြီးမှူး ဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi နှင့် နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ်လုံခြုံရေးပူးပေါင်းဆောင်ရွက်မည့်ကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။
မြန်မာနိုင်ငံ နေပြည်တော်သို့ရောက်ရှိနေတဲ့ အိန္ဒိယတပ်မတော်မှ ဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ကို ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ဖေဖော်ဝါရီ၂၁ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံရာ၌ ယင်းကိစ္စရပ်များကို ဆွေးနွေးခဲ့ကြတာ ဖြစ်ပါ တယ်။
ထိုသို့တွေ့ဆုံကြရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံရေးနှင့် ဆက်လက်ပူပေါင်းဆောင်ရွက်ရေးဆိုင်ရာများကို တိုးမြှင့်ဆောင်ရွက် နိုင်မည့်အခြေအနေများ၊ ၊နှစ်နိုင်ငံနယ်စပ် ဒေသတည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေ များနှင့် ပတ်သက် ၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တွေ့ဆုံပွဲသို့ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အတူ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး ဒုတိယဗိုလ်ချုပ်ကြီး Harjeet Singh Sahi နှင့်အတူ အိန္ဒိယစစ်သံမှူး ဗိုလ်မှူးကြီး Jaswinder Singh Gill နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့သိရှိရပါတယ်။
@ymg/knl
ဖေဖော်ဝါရီလ အစောပိုင်းက ဆူဒန်နိုင်ငံမှာ အင်တာနက်နဲ့ ဆက်သွယ်ရေး ပြတ်တောက်မှုများကြောင့် ပြည်သူတွေရဲ့ နေရေးထိုင်ရေးကို အလွန်ထိခိုက်နေပါတယ်။
တိုင်းပြည်အတွင်း ပဋိပက္ခဖြစ်ပွားနေတာ ၁၀ လကြာမြင့်နေပြီဖြစ်ရာ ဆက်သွယ်ရေးနဲ့ အင်တာနက်ဝန်ဆောင်မှုများ ပြတ်တောက်နေရတာကြောင့် မြို့တော်ခါတွန်နဲ့ ပတ်ပတ်လည် ဒေသတွေမှာ ဆက်သွယ်ရေး အမှောင်ကျနေရပါတယ်။
#World_Crisis
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
#Daily_News
Published_ 21 February 2024
၁။ သင်္ဘောသားများနှင့် ၄င်းတို၏မိသားစုဝင်များ အပတ်စဥ်ကိုဗစ်ကာကွယ်ဆေး အခမဲ့ထိုးနိုင်
၂။ ကိုရီးယားတွင်ကျောင်းတတ်ရန် သင်တန်းကြေးများနှင့် ကျောင်းဝင်ကြေးများကို ကြားခံကတဆင့် ပေးသွင်းသူများ သေချာစုံစမ်းပြီးမှသာ ငွေလွဲပေးဖို့ မြန်မာသံရုံး အသိပေး
၃။ ပထမဆုံး မြင်းလေလံပွဲ ကြမ်းခင်းဈေး ကျပ်၃၅သိန်းဖြင့် ပြုလုပ်
၄။ ဆူဒန်နိုင်ငံ တဝှမ်းဆက်သွယ်ရေးနှင့် အင်တာနက်ပြတ်တောက်နေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG_News #Yangon_Media_Group
၂၁ ဖေဖော်ဝါရီ ၂၀၂၄
ဘန်ကောက်,ဖေဖော်ဝါရီ ၂၁ (ရိုက်တာ)- အကျဉ်းကျနေရာမှ ယခုတစ်ပတ်အတွင်းလွတ်မြောက်လာခဲ့သည့် ထိုင်းနိုင်ငံ၏ အရှိန်အဝါရှိ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝတ်ထရာထံသို့ ကမ္ဘောဒီးယားခေါင်းဆောင်ဟောင်း ဟွန်ဆန်က ဗုဒ္ဓဟူးနေ့ ဖေဖော်ဝါရီ ၂၁ရက်တွင် သွားရောက်လည်ပတ်ခဲ့ပါတယ်။ ဟွန်ဆန်သည် သက်ဆင် မိမိကိုယ်မိမိပြည်ပသို့ရှောင်တိမ်းနေခဲ့သည့် ၁၅နှစ်တာကာလအတွင်း သူ၏ အရင်းနှီးဆုံးမဟာမိတ်များထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။
နိုင်ငံရေးဟဲဗီးဝိတ်နှင့် ကိုယ်ပိုင်ဟန်နှင့်ဩဇာအာဏာထူထောင်ခဲ့သည့် ဟွန်ဆန်သည် ပြီးခဲ့တဲ့ လက သူ့သားထံ အာဏာလွှဲ မပေးခင်အထိ ကမ္ဘောဒီးယားနိုင်ငံ၏ ဝန်ကြီးချု်အဖြစ် ဆယ်စုနှစ် လေးစုနီးပါးမျှ ကမ္ဘောဒီးယားကို အုပ်ချုပ်ခဲ့ပါတယ်။
သက်ဆင်ပြည်ပြေးဘဝဖြစ်ရှိစဉ်မှာ ဟွန်ဆန်ဟာ သူ့ကို ခိုလှုံစရာပေးခဲ့ပြီး အထူးအကြံပေးအဖြစ်ပါ ခန့်အပ်ခဲ့ပါတယ်။ သက် ဆင်ကို ကမ္ဘောဒီးယားသို့ မကြာခဏလာရောက်ပြီးသူ့မဟာမိတ်တွေနှင့်တွေ့ဆုံခွင့်ကို ဟွန်ဆန်ကပေးခဲ့ပါတယ်။ ဒါဟာ အိမ်နီးချင်းတစ်နိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်းလို့မြင်ကြတဲ့ သက်ဆင်ရဲ့ပြိုင်ဘက်တွေအတွက် အဲဒါတွေက စိတ်တိုစရာဖြစ်ခဲ့ရပါတယ်။
သက်ဆင်ဟာ အသက်အရွယ်နှင့်ကျန်းမာရေးကြောင့် တနင်္ဂနွေနေ့က လွတ်ငြိမ်းခွင့်နှင့် ပြန်လညလွတ်မြောက်လာခဲ့ပါတယ်။ အသက်၇၄နှစ်အရွယ်သက်ဆင်ဟာ အဲဒီကတည်းက ကြိုးသိုင်းပတ်တီး၊ဘီးတပ်ကုလားထိုင်တွေနှင့် တွေ့နေရပါတယ်။ သူနှင့် တွေ့ဆုံခဲ့တဲ့ အကြီးတန်းအရာရှိတစ်ဦးကတော့ “သက်ဆင်ဟာ တကယ့်ကိုနာမကျန်းဖြစ်နေတာ”လို့ပြောခဲ့ပါတယ်။
“ ဝန်ကြီးချုပ်ဟောင်းနှစ်ဦးတွေ့ကြတယ်။ နိုင်ငံရေးအကြောင်းမပြောခဲ့ကြဘူး” လို့ ဟွန်ဆန်က ဖေ့စ်ဘုတ်မှာ ပို့စ်ရေး တင်ပါ တယ်။ ပို့စ်ထဲမှာ ပခုံးသိုင်းပတ်တီးဝတ်ထားပြီး မရွှင်မပျမြင်ရတဲ့ သက်ဆင်နှင့်အတူ ဆိုဖာမှာတွဲထိုင်နေတဲ့ ဓာတ်ပုံလည်း ပါဝင်ပါတယ်။
သက်ဆင်ကျန်းမာရေးအခြေအနေအပြည့်အစုံကို မထုတ်ပြန်တဲ့အတွက် ဝေဖန်သူတွေက သူတကယ်ရော မကျန်းမာတာမှ ဟုတ်ရဲ့လားလို့ မေးခွန်းထုတ်ခဲ့ကြပါတယ်။
သက်ဆင်ဟာ ပြီးခဲ့တဲ့ ဩဂုတ်လထဲ သူ့ရဲ့ သစ္စာခံ ဆရက်သာ သာဗီဆင် ဝန်ကြီးချုပ်ဖြစ်ပြီး ဟွန်ဆန်ကလည်း အိမ်နီးချင်းကမ္ဘောဒီးယားနိုင်ငံမှာ အာဏာလွှဲပေးလိုက်တဲ့ တစ်ရက်တည်းမှာပဲ မထင်မှတ်ဘဲ ပြည်တော် ပြန်လာခဲ့ပါတယ်။
သက်ဆင်ကို အကျိုးစီးပွားပဋိပက္ခဖြစ်ပြီးအာဏာအလွဲသုံးစားလုပ်မှုနှင့် ထောင်(၈)နှစ်ချခဲ့ပြီး သူ့ရဲ့ အကျဉ်းထောင်ထဲက ပထမညမှာပဲ ရင်ဘတ်အောင့်လာလို့ဆိုကာ ဆေးရုံသို့ရွှေ့ပြောင်းပေးခဲ့ပါတယ်။
အဲဒီနောက်ဘုရင်က သူ့ကို ထောင်ဒဏ်(၁)နှစ်သို့ လျှော့ချပေးခဲ့ပြီး ခြောက်လအကြာမှာ လွတ်ငြိမ်းခွင့်နှင့်လွတ်လာခဲ့တာ ဖြစ်ပါတယ်။
ဟွန်ဆန်ရဲ့အလည်ခရီးဟာ သူတို့ရဲ့ နက်ရှိုင်းလှတဲ့ ပုဂ္ဂိုလ်ရေးချိတ်ဆက်မှုကိုပြသနေပြီး အဲဒါတွေက သက်ဆိုင်ရာ အစိုးရတွေ ဆီ သူတို့ရဲ့ဩဇာလွှမ်းမိုးစေပြီး နှစ်နိုင်ငံဆက်ဆံရေးပိုပြီး ခိုင်မြဲလာမယ့်သဘောရှိတယ်လို့ အကဲဖြတ်တွေကဆိုကြပါတယ်။
“ဒီအလည်အပတ်ခရီးဟာ အရှေ့တောင်အာရှရဲ့ နိုင်ငံရေးလူ့မလိုင်ကို ထင်ဟပ်နေတာဖြစ်တယ်” လို့ ချူလာလောင်ကွန်း တက္ကသိုလ်ရဲ့ နိုင်ငံရေးသိပ္ပံပါမောက္ခ ဆီရီပန်နိုဂူအန်ကပြောပါတယ်။
သူတို့ရဲ့ဆက်ဆံရေးကြောင့် ဆယ်စုနှစ်များစွာရပ်တန့်နေခဲ့တဲ့ နှစ်နိုင်ငံပူးပေါင်းပြီး ကမ်းလွန်ဟိုက်ဒရိုကာဘွန်ရှာဖွေတူးဖော် ရေးလိုမျိုးလုပ်ငန်းတွေလို ခက်ခဲတဲ့ နှစ်နိုင်ငံဆက်ဆံရေးပြဿနာတွေကို ပြန်လည်အစဖော်ရာမှာအကူအညီဖြစ်စေနိုင်မယ် လို့ သုံးသပ်နေကြပါတယ်။
@ymg/knl
Published 21 February 2024
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ရွှေရောင်တော်ဘုရားကြီးတွင် ရှင်အပါး (၅၀၀၀)ရှင်ပြုပွဲကို လာမည့်ဧပြီလအတွင်း ကျင်းပသွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှသိရသည်။
အဆိုပါရှင်ပြုအလှူတော်မဂ်လာပွဲကို မဟာမြိုင် သဲဖြူဆရာတော်ကြီး၏ကြီးကြပ်မှုနှင့်မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှပူးပေါင်း၍ ဧပြီလ ၅ရက်မှ ၇ရက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အလှုပွဲကာလအတွင်းတရားပွဲကျင်းပခြင်း၊မြန်မာ တစ်နိုင်ငံလုံးအေးချမ်းသာယာ စေရန်ရည်ရွယ်၍နေပြည်တော်အပါအဝင်တိုင်းဒေသကြီး၁၅ခုကိုယ်စားပြု မီးပုံးပျံ၁၅လုံးလွှတ်တင်ခြင်းအခမ်းအနားများလည်းထည့်သွင်းပြုလုပ် သွားမည်ဖြစ်ကြောင်းသိရသည်။
လတ်တလောတွင် မကွေးတိုင်းဒေသကြီးအတွင်းရှိ ရှင်မပြုရသေးသည့်ကလေးငယ်များအားဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကာ လက်ရှိအချိန်အထိ ရှင်အပါး၅၀၀၀ကျော်အထိ စာရင်းကောက်ယူထားပြီးဖြစ်ကြောင်း သိရသည်။
Yangon Times/NN
#Local_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 21 February 2024
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ (၃၅x၃၆)လမ်းကြား (၈၈) လမ်းတွင် မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ ထံ ကသိရသည်။
ဖေဖေါ်ဝါရီ ၂၁ရက် နံနက် ၁၀နာရီ ၁၆ မိနစ်က မီး လောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဂေါဝိန်နယ်မြေမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဒေးဝန်အရှေ့အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ဂေါဝိန်အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ ချမ်းအေး(၃)အရန်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၁၀ နာရီ၂၂ မိနစ် အချိန် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
""နေအိမ် မီးလောင်တာ ဝါယာရှော့ ဖြစ်တာလို့ ပြောတယ် သေချာ တော့ မသိသေးဘူးသက်ဆိုင်ရာက စစ်ဆေးမှုတွေ လုပ်နေတယ်""ဟု ဒေသခံ တစ်ဦး ကပြောသည်။
မီးလောင်သည့် အကြောင်းရာ နှင့် ဆုံးရှုံးမှုတန်ဖိုး ကို သက်ဆိုင်ရာက စစ်ဆေးလျက်ရှိကြောင်း သိရသည်။
Yangon Times/LW
#Local_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Published 21 February 2024
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ချောင်းဆုံမြို့နယ်၊ မုဒွန်းရွာတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၇လုံးခန့် မီးလောင်ဆုံးရှုံးခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းများထံကသိရသည်။
ဖေဖေါ်ဝါရီ ၂၀ရက် နေ့လည် ၂နာရီ ၅၀မိနစ် က လောင်ကျွမ်းခဲ့ပြီးနယ်မြေခံမုဒွန်းမီးသတ်စခန်းမှမီးသတ်ယာဉ်၂စီး ကနဦးရောက်ရှိငြိမ်းသတ်နေစဉ်နေအိမ်များကူးဆက်လောင်ကျွမ်းခဲ့သဖြင့်မော်လမြိုင်ခရိုင်/မြို့နယ် မီးသတ်စခန်းမှမီးသတ်ယာဉ်၊ချောင်းဆုံမြိုနယ်မီးသတ်စခန်းမှမီးသတ်ယာဉ်များအရန်မီးသတ်ယာဉ်များ၊စည်ပင်ရေသယ်ယာဉ်များ
လူမှုကူညီရေးအသင်း များ ကျေးရွာနေ ပြည်သူများဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ရာခဲ့ရာ ၃နာရီ ၃၀မိနစ် တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။
မီးလောင်မှု နေအိမ်တစ်လုံးလုံးမီးလောင်ပျက်စီး သွားသည့် အိမ်(၁၂)လုံး၊နေအိမ်တဝက်မီးလောင်ပျက်စီး သည့် အိမ်(၄)လုံး၊ အိမ်၄ပုံ၁ပုံ မီးလောင်ပျက်စီးသည့်အိမ်(၁)လုံးနှင့် တံခါး၂ချပ်လောင်သွားသည့် နေအိမ်(၂)လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်းသိရသည်။
မီးလောင်မှုဖြစ်ပွားသည့်နေရာသည် ကားလမ်းများကျဉ်းမြောင်းခြင်း၊မီးသတ်ယာဉ်များဝင်မရခြင်း ကြောင့် နေအိမ်များမီးလောင်ကျွမ်းမှုများသွားခြင်း ဖြစ်ကြောင်း သိရသည်။
မီးလောင်ဖြစ်ပွားရာတွင် ဝိုင်းဝန်းကူညီနေသူကျေးရွာနေအမျိုးသား၁ဦး ဦးခေါင်းထိခိုက်ဒဏ်ရာရရှိသဖြင့်
ကညော်တိုက်နယ်ဆေးရုံသို့ပို့ဆောင်ထားကြောင်းသိရသည်။
Yangon Times/LW
#Local_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
ဆီကားထက် EVကားအရောင်းပိုသွက်
' EVကားထဲမှာ သိန်း၄၀၀ကနေ ၆၀၀ လောက်ကားလေးတွေ အရောင်းသွက်နေတယ် ၊EVကားကin stock နဲ့ပဲရောင်းတယ်၊Pre Orderနဲ့ရောင်းတာာမရှိဘူး ' (ကိုမိုး အနုပညာ) car sale centerပိုင်ရှင် ဦးမိုးကျော်သူ
Yangon Times/NN
#Local_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
သာကေတမြို့နယ်အတွက် ယူနန်ပြည်နယ်မှ ဆိုလာလမ်းမီးနှင့်လမ်းမီးတိုင်(၄၀) တပ်ဆင်ပေးတယ်။ ပြည်သူတွေ ညဘက် သွားလာရေးလုံခြုံအဆင်ပြေစေရန် ဆောင်ရွက်သွားမှာဖြစ်ပြီး တစ်ချိန်တည်းမှာပဲ အစိုးရ မီတာခတွေသက်သာပြီး ပတ်ဝန်းကျင်စိမ်းလန်း စိုပြေစေဖို့ပါ ရည်ရွယ်တယ်။
Yangon Times/tthl
#Local_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Publicshed 21 February 2024
ရန်ကုန်တိုင်းဒေသကြီး အပါအဝင် တိုင်းသုံးတိုင်း၌ ဖွဲနုဆီကြမ်းနှင့် ဆီချောစက်ရုံကိုးခုတည်ဆောက်ရန်လျာထားကြောင်းမြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) မှ သိရသည်။
အဆိုပါ စက်ရုံ ၉ ရုံကို ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့၌ ထပ်မံတည်ဆောက်သွားရန် လျာထားပြီး ထွက်ရှိလာသည့် ဖွဲနုဆီများကို ပြည်တွင်း၌ ရောင်းချမည့်အပြင် ဂျပန်၊ တောင်ကိုရီးယားနှင့် ဥရောပနိုင်ငံများထံ တင်ပို့ရောင်းချနိုင် ရည်မှန်းထားကြောင်း သိရသည် ။
လတ်တလောတွင်မူ MRF ၏ ဦးဆောင်မှုဖြင့် နေပြည်တော် ပျဉ်းမနားမြို့နယ်ရှိ MAPCO ဆန်စက်ဝင်း၌ ဖွဲနုဆီကြမ်းနှင့် ဆီချောစက်ရုံကို စတင်တည်ဆောက်နေပြီး ၁၂ လခန့် ကြာမြင့်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊လာမည့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလ သို့မဟုတ် မတ်လအတွင်း ဖွဲနုဆီထုတ်လုပ်နိုင်ဖို့ ရည်မှန်းထားကြောင်း သိရသည်။
အဆိုပါ နေပြည်တော်တွင် တည်ဆောက်နေသည့် ဖွဲနုဆီကြမ်းနှင့် ဆီချောပါဝင်သည့် စက်ရုံမှ တစ်နှစ်လျှင် ဆီကြမ်းတန်ချိန် ၉၀၀၀ နှင့် ဆီချောတန်ချိန် ၆၃၀၀၊ စုစုပေါင်းတန်ချိန် ၁၅၃၀၀ ခန့် ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။
Yangon Times/NN
#Local_News
#Published_ 21 February 2024
#YMG_News #Yangon_Times #Yangon_Media_Group
Page 308 of 1469