#LocalNews
Published - 6 April 2022
လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ယာယီဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။
ယနေ့ ဧပြီလ (၆)ရက် ၊ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်မှစ၍ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နေရာများတွင် ယာယီဓာတ်အားပြတ်တောက်နေပြီး ဓာတ်အားပြန်လည်ပေးနိုင်ရေးအချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ကြေညာထားပါတယ်။
ယခုလို လျှပ်စစ်ဓါတ်အားပြတ်တောက်ရခြင်းဟာ ဓာတ်အားစနစ်ချို့ယွင်းမှုဖြစ်ပေါ်ခဲ့ခြင်း ကြောင့်ဖြစ်တယ်လို့လည်း YESC ၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published_6 April 2022
ရုရှားခရီးသွားတွေအနေနဲ့ မြန်မာနိုင်ငံကို စင်းလုံးငှားလေယာဉ်နဲ့ လာလည်နိုင်ဖို့စီစဉ်တာကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေနဲ့ သက်ဆိုင်ရာဌာနတွေနဲ့ပူးပေါင်းပြီး လုပ်ဆောင်ဖို့ရှိနေပါတယ်။
#Yangon_Media_Group
#LocalNews
Published_6 April 2022
ထိုင်း-မြန်မာ နယ်စပ်အနီးမြို့များတွင် မြန်မာအလုပ်သမားများအား နယ်စပ်ဖြတ်ကျော်လက်မှတ်ဖြင့်ခေါ်ယူ၍ အလုပ်လုပ်ခွင့်ရရှိစေရန် ထိုင်းတပ်မတော်ကော်မရှင် နှင့် ထိုင်းအောက်လွှတ်တော်ကော်မတီ အဖွဲ့တို့ ဧပြီလ ၅ ရက်က မဲ့ဆောက်ဘက်ခြမ်း အမှတ် ၂ ချစ်ကြည်ရေးတံတား အစည်းဝေးခန်းမတွင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
"ပါစ်စပို့စာအုပ်မလိုဘူး၊ချင်းရိုင် မဲ့ဆောက် တတ်ခရိုင် ကန်ကျနဘုရီ ရနောင်းခရိုင်တွေမှာ အရင်ကလုပ်ရတဲ့ နယ်စပ်ဖြတ်ကျော်လက်မှတ်နဲ့ပဲ သွားရောက်ခွင့်ရပါမယ်။ယင်းအတွက်၊ပြီးတော့ ကိုဗစ်ကြောင့် ပိတ်ထားတဲ့ ထိုင်း မြန်မာနယ်စပ် မဲ့ဆောက်-မြဝတီ အမှတ် ၁ တံတား ပြန်လည်ဖွင့်လှစ်ဖို့၊ စစ်ဘေးရှောင်တွေကို ကူညီဖို့လည်း ပါတယ်"ဟု ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးကပြောသည်။
ကိုဗစ်ကာလနောက်ပိုင်းပိတ်ထားသော မဲ့ဆောက်-မြဝတီ အမှတ် ၁ တံတား ပြန်လည်ဖွင့်လှစ်ရန်၊ထိုင်း မြန်မာ နှစ်နိုင်ငံကြား ခရီးသွားအလည်ပတ် နယ်စပ်ဝင်ထွက်ပေါက်ဂိတ် ပြန်လည် ဖွင့်လှစ်ရန်လည်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းအပြင် သွင်းကုန် ပို့ကုန်လုပ်ငန်းများ မြင့်တင်ရန် အမှတ် ၁ တံတား နှင့် အမှတ်၂ တံတား တို့ကို ဖြတ်သန်းရာတွင် အချိန်ထပ်မံတိုးမြှင့်ဖွင့်လှစ်ပေးရန် ၊တရားမဝင် အလုပ်သမား တင်သွင်းမှုကာကွယ်တားဆီးရန်၊လူကုန်ကူးမှုတိုက်ဖျက်ရန်နှင့် နယ်စပ်တလျှောက် တည်ငြိမ်လုံခြုံမှုရှိစေရန်၊မြန်မာပြည်တွင်း စစ်ရေးပဋိပက္ခကြောင့် ထိုင်းနိုင်ငံနယ်စပ်ဘက်ခြမ်းတွင် ထွက်ပြေးခိုလှုံလာနေသော မြန်မာစစ်ဘေးရှောင်များအတွက် ယာယီတည်းခိုနေထိုင်သောနေရာများရှိ စစ်ဘေးရှောင်များအား ကူညီရန်လည်းပါဝင်ကြောင်း သိရသည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၆ ရက်မှ ၂၀၂၂ ခုနှစ် လက်ရှိကာလထိ ထိုင်းဒေသတွင်း နေရာ ၅ ခုတွင် စစ်ဘေးရှောင် ၁၁,၂၄၂ ဦး ရှိကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published 6Apr 2022
ဧပြီလ ၆ ရက်နေ့ ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီးတောင်ဥက္ကလာပမြို့နယ် အမှတ် ၇ ရပ်ကွက် သံသုမာလမ်းမပေါ်ရှိ ကမ္ဘောဇဘဏ်ခွဲကိုအမည်မသိသူများက သေနတ်ပြကာ ဓားပြတိုက်မှုကျူးလွန်သွားတယ်လို့ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က သိရပါတယ်။
တောင်ဥက္ကလာပမြို့နယ် KBZ ဘဏ်ခွဲကို ယနေ့ နေ့လယ် တစ်နာရီခွဲခန့်က ယာဥ်တစ်စီးဖြင့် အမည်မသိအမျိုးသားခြောက်ဦးက ရောက်ရှိလာပြီး ဘဏ်လုံခြုံရေးဝန်ထမ်းနှစ်ဦးကို ကျင်စက်နဲ့တို့ကာ သေနတ်ပြ၍ကောင်တာပေါ်တွင် တင်ထားသော ငွေသိန်းနှစ်ထောင်ကျော်ကို ယူသွားတာဖြစ်တယ်လို့ သိရပါတယ်။
"ဖြစ်စဥ်မှန်ပါတယ် လတ်တလောမှာတော့ ကျူးလွန်သူတွေဖမ်းဆီးရမိရေး ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေလုပ်နေပါတယ်"လို့ ရဲအရာရှိတစ်ဦးကပြောပါတယ်။
အခင်းဖြစ်နေရာကို လုံခြုံရေးတပ်ဖွဲ့တွေရောက်ရှိနေကာ ၀၀်ဆေးမှုတွေပြုလုပ်နေပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက်နေတယ်လို့ ကနဦးသတင်းအရ သိရပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published - 6 Apr 2022
ထိုင်းနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေတဲ့ AFF Futsal Championship 2022 ပြိုင်ပွဲမှာ မြန်မာ့လက်ရွှေးစင်ဖူဆယ်အသင်းဟာ အုပ်စုနောက်ဆုံးစဥ်အဖြစ် ဒီကနေ့ မွန်းလွဲ ၁၂နာရီ မိနစ် ၃၀ က စတင်ယှဥ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက တီမောလက်စတေအသင်းကို ၁၀ ဂိုး ၃ ဂိုးဆိုတဲ့ ရလာဒ်ဖြင့် အနိုင်ယူကာ အုပ်စုတွင် ပထမရရှိပြီး နောက်တဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
မြန်မာဖူဆယ်အသင်းအပါအဝင် စုစုပေါင်းအသင်း ၄ သင်းပါဝင်တဲ့ အုပ်စုတွင်ပွဲစဥ်တွေမှာ မြန်မာဖူဆယ်အသင်းအနေနဲ့ အင်အားကြီးဗီယက်နမ်အသင်းကို ၁ ဂိုးစီ သရေရလာဒ်ဖြင့်၎င်း၊သြစတေးလျအသင်းကို ၆ ဂိုး ၁ ဂိုးဆိုတဲ့ရလာဒ်နဲ့ အနိုင်ရရှိခဲ့ပြီး မြန်မာဖူဆယ်အသင်းကို ပြိုင်ဘက်အသင်းတွေရော ပရိသတ်တွေပါ အာရုံစိုက်လာကြပါတယ်။
ယနေ့ယှဥ်ပြိုင်ခဲ့တဲ့ အုပ်စုနောက်ဆုံးပွဲစဥ်မှာလည်း ဟတီမောအသင်းကို ဂိုးပြတ်ထပ်မံအနိုင်ယူလိုက်ပြီး စုစုပေါင်းရမှတ် ၇ မှတ် ဂိုးကွာခြားချက်နဲ့ ဗီယက်နမ်အသင်းရဲ့ အထက်ကနေ အုပ်စုပထမနဲ့ နောက်အဆင့်ကို တက်လှမ်းသွားပြီဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 6 April 2022
ဒီကနေ့ နံနက်ပိုင်းအချိန်က ကျွဲနွားများတင်ဆောင်လာတဲ့ (၆)ဘီးယာဉ်တစ်စီးဟာ ကော့ကရိတ် - မြဝတီ အာရှလမ်းမကြီး၊ ကော့နွဲတံတားအလွန် ကျောက်ခွဲစက်ရှေ့တွင် မြောင်းထဲသို့ ထိုးကျ တိမ်း မှောက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ၆ ဘီးယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်ပါလာသူ ၂ ဦးစလုံးမှာလည်း သေဆုံးသွားခဲ့ရတယ်လို့ ဒေသခံလူမှုကယ်ဆယ်ရေးအသင်းက ဆိုပါတယ်။
ယာဥ်တိမ်းမှောက်မှုဖြစ်ပွားရာသို့ ဒေသခံမီးသတ်တပ်ဖွဲ့နဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့ဖြစ်တဲ့ ပုလဲဖြူအဖွဲ့မှထွက်ခွာပြီး ကားအတွင်း ပိတ်မိနေသူများကို ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ရတာပါ။

ကယ်ဆယ်ရေးအဖွဲ့တွေက ကားအတွင်း သေဆုံးညှပ်ပိနေသူတစ်ဦးကို ဦးစွာထုတ်ယူနိုင်ခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကာ ကျန်ရှိသည့် ညှပ်ပိနေသူတစ်ဦးကိုလည်း မြို့နယ်မီးသတ်တပ်ဖွဲ့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့နှင့် ကိုကျော်နောင် ကရိန်းကားအကူအညီနဲ့ ဆက်လက်ကယ်ထုတ်ခဲ့ရာမှာလည်း ၄င်းကို သေဆုံးလျှက်သာ ကယ်ထုတ်နိုင်ခဲ့တာဖြစ်တယ်လို့ ပုလဲဖြူလူမှုကယ်ဆယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။
Photo - ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့။
ymg/kg
#Yangon_Media_Group
#LocalNews
Published_6 April 2022
သင်္ကြန်ပြီး ဧပြီလ ၂၂ ရက်မှ ၂၈ ရက်ထိ ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲအတွဲများကို တစ်ပတ်ကြာ ပြသရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက သိရသည်။
အဆိုပါ ပြပွဲမှာ (၅၇) ကြိမ်မြောက်ဖြစ်ပြီး နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမ၌ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံမှထွက်ရှိသည့် ကျောက်စိမ်း၊ ကျောက်မျက်နှင့် ပုလဲအတွဲများကို တင်ပြရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲသို့ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရယူ၍ တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသား ကျောက်မျက်လုပ်ငန်းရှင်များနှင့် လိုင်စင်ရယူ၍ ကျောက်မျက်အချောထည် ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနှင့် ဝယ်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံသားကျောက်မျက်ရတနာလုပ်ငန်းရှင်များအား သတ်မှတ်ချက်များနှင့်အညီ တက်ရောက်ဝယ်ယူခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်မှ ဒီဇင်ဘာလ ၂၂ ရက်ထိ ပုလဲအတွဲ ၃၃၀ ၊ ကျောက်စိမ်းအတွဲ ၇၈၀ ကို ပြသရောင်းချပေးခဲ့ရာ ပြည်တွင်းပြည်ပ ရတနာကုန်သည်များအနေဖြင့် ပုလဲအတွဲပေါင်း ၃၃၀ နှင့် ကျောက်စိမ်းအတွဲပေါင်း ၆၂၂ တွဲကို ဝယ်ယူခဲ့ကြကြောင်း ပြပွဲဗဟိုကော်မတီ၏ စာရင်းများအရ သိရသည်။
မြန်မာ့ကျောက်မျက်ရတနာပြပွဲများကို ၁၉၆၄ ခုနှစ်က စတင်ကျင်းပလာခဲ့ရာ နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ပြပွဲ ၉၅ ပွဲ၊ မြန်မာကျပ်ငွေဖြင့် ရောင်းချသည့် ပြပွဲ ၁၉ ပွဲ ကျင်းပနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ပုလဲအတွဲများနှင့် ကျောက်စိမ်းအတွဲများပြပွဲသည် နိုင်ငံခြားငွေဖြင့်ရောင်းချသည့် ၉၆ ပွဲမြောက်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#DailyNews
Published -6 April 2022
၁။ မြန်မာနိုင်ငံသို့ ရုရှားခရီးသွားများ စင်းလုံးငှားလေယာဉ်ဖြင့် လာလည်နိုင်မည်။
၂။ မြန်မာ့နိုင်ငံရေးအခြေအနေကို ယခုနှစ်ကုန်ထိ စောင့်ကြည့်ရန်လိုကြောင်း ဗိုလ်မှူးကြီးခွန်ဥက္ကာပြော။
၃။ နေ့စဉ်မိုးလေဝသ သတင်း။
၄။ ယူကရိန်း-ရုရှားစစ်ပွဲကြောင့် ကမ္ဘာ့ငှက်ပျောသီးအမျာဆုံးပို့သည့် အီကွေဒေါမှ ငှက်ပျောသီးပို့ကုန်လုပ်ငန်းများ အကြီးအကျယ်ထိခိုက်...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 6 April 2022
ပုဂံဒေသအပါအဝင် ကမ်းခြေဒေသရှိ ဟိုတယ်အခန်းများ သင်္ကြန်ကာလအတွက် ကြိုတင်ဘိုကင်ပြည့်နေတယ်လို့ ခရီးသွားလုပ်ငန်းလုပ်ကိုင်သူများထံမှ သိရပါတယ်။
ဒါ့အပြင် ချောင်းသာနဲ့ ငွေဆောင်ကမ်းခြေတွေမှာ သင်္ကြန်ကာလအတွက် အခန်းခ ၂ ဆပေး လာရောက်လည်ပတ်ဖို့ရှိနေတဲ့ ဧည့်သည်တွေကြောင့် အခန်းတွေအားလုံး ပြည့်နှက်နေတာဖြစ်တယ်လို့လည်း ဒေသခံတွေက ဆိုပါတယ်။
ထို့အတူ ပုဂံဒေသမှာလည်း ခရီးသွားဝင်ရောက်မှုတွေများပြားနေပြီး ဟိုတယ်အချို့ ဘိုကင်ပြည့် နေတယ်လို့ သိရပါတယ်။
"ကျွန်မတို့ငပလီမှာဆို သင်္ကြန်ကာလအတွက် ဟိုတယ်အခန်းတွေအကုန်ပြည့်နေပါပြီ။ တချို့ ဧည့်သည်တွေဆို ရွာတွေထဲမှာတောင် တည်းခိုဖို့ စီစဥ်နေကြပါတယ်။ ဟိုတယ်အခန်းတွေက ပြည့် နေလို့ ရွာတွေထဲ ရပ်ကွက်တွေထဲအထိ ဧည့်သည်တွေက လိုက်တည်းရတဲ့အနေအထားလေး ဖြစ်သွားတာပေါ့။" လို့ ငပလီကမ်းခြေဒေသခံတစ်ဦးက YMG ကို ပြောပြခဲ့ပါတယ်။
ယခုလက်ရှိ သင်္ကြန်ရုံးပိတ်ရက်ကာလအတွက် ဟိုတယ်ဘိုကင်တွေကို ရှေ့လထဲက ကြိုတင်စာရင်းပေးမှုတွေ ရှိနေတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
"ရုံးပိတ်ရက်ဆိုရင်တော့ ဧည့်သည်ပိုဝင်တာပေါ့။ အခု ပုဂံမှာဆိုလည်း ဟိုတယ်တော်တော်များများက ဘိုကင်တွေပြည့်နေကြပြီ။ နာမည်ကြီးဟိုတယ်တွေပေ့ါနော်။ကျန်တဲ့ မိုတယ်လေးတွေ Guest House လေးတွေ တည်းလို့ခိုလို့ကောင်းတဲ့နေရာလေးတွေကအစပေါ့။ သင်္ကြန်ကာလမှာ ဧည့်သည်တွေကတော့ အဝင်များမှာပါ။ ပုံမှန်နှစ်တွေလိုပါပဲ။"လို့ ပုဂံဒေသရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောပြခဲ့ပါတယ်။
လက်ရှိကာလမှာ ပြည်တွင်းခရီးသွားလာမှုက (၉၀) ရာခိုင်နှုန်းအထက်မှာ ရှိနေတာဖြစ်တယ်လို့လည်း ခရီးသွားလုပ်ငန်းလုပ်ကိုင်သူတွေက ပြောပါတယ်။
ကိုဗစ် ၁၉ ရောဂါ ဖြစ်ပွားမှုတွေ လျော့ကျလာခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ နှစ်လည်ပိုင်းမှစလို့ ကမ်း ခြေဒေသနှင့် ပုဂံဒေသသို့ ပြည်တွင်းခရီးသွားတွေကို ပြန်လည်ဝင်ရောက်ခွင့် ပြုခဲ့တာလည်းဖြစ်ပါတယ်။
ymg/kg
#Yangon_Media_Group
#LocalNews
Published 6 Apr 2022
ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ခမ်းမြို့တွင် အသွင်ပြောင်းကိုဗစ်ရောဂါပိုးကူးစက်ခံရမှု ပြင်းထန်လာသည့်အတွက် ဆေးဘက်ဆိုင်ရာ စေတနာ့ဝန်ထမ်းများကို ယနေ့မှစတင်ခေါ်ယူ
နေပြီဖြစ်ပါတယ်။
လက်ရှိပန်ခမ်းမြို့ covid-19 ရောဂါကူးစက်မှု အခြေအနေများ ပြင်းထန်လျက်ရှိနေကာ အသွင်ပြောင်း covid-19 ရောဂါသည် အလွန်ပြင်းထန်ပြီး ပန်ခမ်းမြို့၏ လုပ်ငန်းအသီးသီး၊ နေရာတိုင်း၊ ကျေးရွာများပါ ကူးစက်ခံနေရပြီး ကူးစက်ခံရသည့် အတည်ပြုလူနာမှာ နေ့စဥ်တိုးမြှင့်နေပြီး၊ မတ်လ၊ ၂၆ ရက်နေ့မှ ယနေ့အထိ ပန်ခမ်းမြို့အတွင်း covid-19ရောဂါ ကူးစက်ခံရသူ ၁,၅၀၀ကျော် ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိ ပန်ခမ်းမြို့ ဆေးဘက်ဆိုင်ရာဝန်ထမ်းမှာ လုံလောက်မှုမရှိသည့်အတွက် လူနာများကိုကုသရန် အခက်အခဲကြုံတွေ့နေရကာ ကြာရှည်ကာကွယ်ကုသရေးလုပ်ငန်းဆောင်ရွက်မှုကြောင့် ဆေးဝန်ထမ်းများလည်း အလွန်ပင်ပန်းနွမ်းနယ်နေကြတယ်လို့ သိရပါတယ်။
ထိုကြောင့် ပန်ခမ်းမြို့ရှိ မိဘပြည်များ၏ ကျန်းမာလုံခြုံရေးနှင့် အသက်ကိုကာကွယ်ဖို့အတွက်"ဝ"ပြည်နယ် ကျန်းမာရေးဌာနမှ ပန်ခမ်းမြို့ရှိ ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းများ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းတွင် ပါဝင်ကူညီလိုသည့် စေတနာ့ဝန်ထမ်းများကို ခေါ်ယူလိုက်ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
ပါဝင်ကူညီလိုသည့် စေတနာ့ဝန်ထမ်းများအနေနဲ့
ဆိုင်ကျားဟွာ - 13987948534
ခမ်းလုံ - 18608790818 စတဲ့ ဖုန်းနံပါတ်တွေကို ဆက်သွယ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ymg/hm
#Yangon_Media_Group
#WorldNews
Published - 06 April 2022
ကိုဗစ်ကပ်ရောဂါကာလအတွင်း သေဆုံးသူများပြားလျက်ရှိကာ အသုဘအခမ်းအနားတွေနေ့စဉ်မပြတ်ရှိနေပြီး အစိုးရအာဏာပိုင်တွေကလည်း အသုဘခန်းမတွေထပ်ထည့်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။
ဟောင်ကောင်မှာ အလောင်းတွေကို ထည့်သွင်းသဂြိုဟ်ကြတဲ့ သစ်သားအခေါင်းတွေဟာဆိုရင် ပစ္စည်းရှားပါးနေပြီဖြစ်ပါတယ်။
"အလောင်းတွေဒီလောက်ထိ စုပြုံနေတာ တစ်ခါမှမမြင်ဖူးပါဘူး။ မိသားစုဝင်တွေလည်း ဒီလောက်ထိစိတ်ပျက်လက်ပျက်ဖြစ်နေကြတာကို မတွေ့ဖူးပါဘူး" လို့ အသုဘအခမ်းအနားညွှန်ကြားရေးမှူး'လော့ချောင်'က ပြောပြပါတယ်။
အရင်ကတစ်လကို အလောင်း ၁၅ လောင်းလောက်သာရှိခဲ့ရာ အခုဆိုရင်မတ်လထဲမှာ အလောင်း ၄၀ လောက်ကို နေ့ညမပြတ်စီစဉ်နေရပါတယ်လို့ ရိုက်တာသတင်းဌာနကိုပြောကြားလိုက်ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပဉ္စမမြောက်လှိုင်းမှာ ဟောင်ကောင်အတွင်း ကူးစက်သူ ၁ သန်းကျော်ခဲ့ပြီး သေဆုံးသူ ၈ ထောင်ကျော်ရှိခဲ့ပါတယ်။
လူနာတွေရှိတဲ့နေရာရဲ့ဘေးက အရေးပေါ်အခန်းမှာအလောင်းတွေစုပြုံနေတဲ့မြင်ကွင်းက အံ့အားသင့်စရာဖြစ်နေပါတယ်။
သေတမ်းစာပြုလုပ်ဖို့ အချိန်ကြာမြင့်စွာစောင့်ဆိုင်းနေရခြင်းကလည်း 'လော့ချောင်'လိုလူမျိုးအတွက် အလုပ်နှောင့်နှေးစေပါတယ်။
တရုတ်အသုဘတွေမှာ ကွယ်လွန်သူတွေနောက်ဘဝကျရင် အသုံးပြုနိုင်အောင်ဆိုပြီး မီးရှို့ပေးရတဲ့ ပိုင်ဆိုင်မှု ပစ္စည်းပုံတူစာရွက်တွေဟာလည်း ရှားပါးနေပြီဖြစ်ပါတယ်။
နာရေးကိစ္စတွေနှောင့်နှေးရတဲ့အဓိကအကြောင်းအရင်းဟာ တရုတ်နိုင်ငံတောင်ပိုင်းရှင်ကျန်မြို့မှ ပို့ ဆောင်ရေးကြန့်ကြာနေလို့ဆိုပြီး အပြစ်တင်နေကြပါတယ်။
ရှင်ကျန်မြိုဟာ ဟောင်ကောင်ကို နာရေးထောက်ပံ့ရေးပစ္စည်းများပေးပို့နေခဲ့ပေမယ့် ကိုဗစ်ကပ်ရောဂါကြောင့် သူတို့ကိစ္စနဲ့သူတို့လည်း ရုန်းကန်နေကြရပါတယ်။
ကပ်ရောဂါကြောင့် ဟောင်ကောင်နဲ့ထိစပ်နေတဲ့နယ်စပ်အများစုနေရာကိုလည်း ပိတ်ပင်ထားပါတယ်။
အသုဘခန်းမတွေကဝန်ထမ်းတွေမှာလည်း ရောဂါကူးစက်မှုများရှိနေတာကြောင့် ပိုပြီးရုန်းကန်နေရတယ်လို့ အသုဘအခမ်းအနားညွှန်ကြားရေးမှူး'ဟေးဒီးစ်ချန်'က ပြောပြပါတယ်။
တရုတ်ကနေ ဟောင်ကောင်ကို နေ့စဉ်အခေါင်း ၂၅၀ မှ ၃၀၀ လောက်အထိ ထောက်ပံ့ပေးလျက်ရှိပါတယ်။
ဟောင်ကောင်အစိုးရက တရုတ်ပြည်မကြီးမှတာဝန်ရှိသူများနဲ့ပူးပေါင်းကာ မတ်လ ၁၄ ရက်မှ ၂၆ ရက်အတွင်း အခေါင်း ၃,၅၇၀ ခုလက်ခံရရှိခဲ့ပါတယ်။
သဂြိုဟ်စက် ၆ ခုဟာ အခုဆိုရင်နေ့ညမပြတ်အလုပ်လုပ်နေရပြီး တစ်နေ့ကို အလောင်း ၃၀၀ နီးပါးသဂြိုဟ်နေရပါတယ်။
အစိုးရမဟုတ်တဲ့အဖွဲ့အစည်း Forget Thee Not နဲ့ အခေါင်းဆောက်လုပ်ရေး LifeArt Asia တိုပူးပေါင်းကာ အခေါင်း ၃၀၀ နဲ့ အလောင်းထိန်းသိမ်းထားရှိရာမှာလိုအပ်တဲ့ပစ္စည်းသေတ္တာ ၁ ထောင်ကို ပြည်သူ့ဆေးရုံ ၆ ရုံထံ လှူဒါန်းပေးခဲ့ပါတယ်။
Source: Reuters
Published 6 April 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အိန္ဒိယသံအမတ်ကြီးအသစ် မစ္စတာ ဗီနေးကူးမား H.E. Mr. Vinay Kumar ဟာ ဒီကနေ့ ဧပြီလ(၆)ရက် မနက်က နေပြည်တော်ရှိ နစက ဥက္ကဋ္ဌရုံး၊သံတမန်ဆောင်မှာ ယင်းရဲ့သံအမတ်ခန့်အပ်လွှာကို နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်ထံ ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
နစက ဥက္ကဋ္ဌနှင့်အတူ နစက တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် သံတမန်ရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝဏ္ဏဟန်တို့တက်ရောက်ကြပြီး အိန္ဒိယသံအမတ်ကြီးနှင့် အိန္ဒိယနိုင်ငံသံအမတ်ကြီးနှင့်အတူ ဒုတိယ သံရုံးအကြီးအကဲ သံမှူးကြီး Ms. Nabanita Chakrabarti နှင့် စစ်သံမှူး Colonel Ketan Arun Mohite တို့ တက်ရောက်ခဲ့ကြပါတယ်။
အဲဒီနောက် နှစ်နိုင်ငံသံတမန်ဆက်ဆံမှုတွင် ကောင်းမွန်သည့် သမိုင်းကြောင်းရှိခဲ့ သည့်အခြေအနေများနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ် များ၊ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုတိုးမြှင့်ရေးဆိုင်ရာကိစ္စရပ်များ၊ နှစ်နိုင်ငံကဏ္ဍပေါင်းစုံတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြတယ်လို့ နစက,က သတင်းထုတ်ပြန်ပါတယ်။
သံအမတ်ကြီး မစ္စတာဗီးကူးမားကို ၁၉၆၉ ခုနှစ်၊ သြဂုတ်လ ၂၃ ရက်တွင် မွေးဖွားခဲ့ပြီး၊ အိန္ဒိယ နည်းပညာ တက္ကသိုလ်မှ နည်းပညာ(ဂုဏ်ထူး) ဘွဲ့ကိုရရှိခဲ့ပါတယ်။ ၁၉၉၂ ခုနှစ်တွင် အိန္ဒိယ ပြည်ပရေးရာ - ဝန်ကြီးဌာနသို့ စတင်ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပြီး၊ ဥဇဘတ် ကစ္စတန်နိုင်ငံ၊ ကာဂျစ်စတန်နိုင်ငံ၊ ကနေဒါနိုင်ငံ၊ ပိုလန်နိုင်ငံ၊ အီရန်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ နီပေါနိုင်ငံနှင့် အာဖဂန် နစ္စတန်နိုင်ငံတို့ရှိ အိန္ဒိယသံရုံးနှင့် အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ ရုံးများတွင် အသီးသီးတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အိန္ဒိယပြည်ပ ရေးရာဝန်ကြီးဌာနတွင် ၂၀၁၃ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ အရှေ့နှင့်တောင်အာရှဌာနတွင် တွဲဖက်အတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ တောင်နှင့် နာလန္ဒာရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဆိုင်ရာဌာနခွဲတွင် တွဲဖက် အတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်မှ သံအမတ်အဖြစ်မခန့်အပ်ခင်အထိ အိန္ဒိယပြည်ပရေးရာ ဝန်ကြီးဌာနတွင် လက်ထောက်အတွင်းဝန်အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ပြီး သူဟာ အိမ်ထောင်ရှင် တစ်ဦး ဖြစ်တယ်လို့ သိရှိရပါတယ်။




Page 1811 of 1913