#Local_News
Published _23 July 2022

 

ရိုးရာလက်မှုပညာ ထုတ်ကုန်ပစ္စည်းများနှင့် ရိုးရာအထည် အလိပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အာဆီယံနှင့် ဂျပန်စင်တာတို့ကြီးမှူးပြီး ဆွေးနွေးမှုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ယင်းရိုးရာလက်မှုပညာ ထုတ်ကုန်များနှင့် ရိုးရာအထည် အလိပ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ဆောင်ရာတွင် မြန်မာနိုင်ငံပါဝင်စေရန်လုပ်ငန်းရှင်များကို ကမ်းလှမ်းထားကြောင်း အဆိုပါအလုပ်ရုံ ဆွေးနွေးပွဲကို လာမည့်သြဂုတ် ၉ ရက်မှ ၁၅ ရက်အထိ အွန်လိုင်း ကတစ်ဆင့် တစ်ပတ်အကြာ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

 

"ဒီဆွေးနွေးပွဲကို အာဆီယံ ဂျပန်စင်တာကကြီးမှူးပြီး ပြုလုပ်မှာပါ။ ဂျပန်နဲ့ အာဆီယံနိုင်ငံက ရိုးရာလက်မှုပညာ ထုတ်ကုန်ပစ္စည်းထုတ်လုပ်နေတဲ့လုပ်ငန်းရှင်တွေ၊ အထည်အလိပ်လုပ်ငန်း ရှင်တွေပါ တက်ရောက်ကြမှာပါ" ဟု UMFCCI က တာဝန်ရှိသူ တစ်ဦးက ပြောသည်။

 

မြန်မာနိုင်ငံအနေဖြင့် ဆွေးနွေးပွဲကို မြန်မာ့လက်မှုအနုပညာအသင်း၊ မြန်မာနိုင်ငံချည်မျှင်နှင့် အထည်အလိပ်အနုပညာ အသင်း၊ မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းများက အသင်းဝင်လုပ်ငန်းရှင်များတက်ရောက်ကြမည်ဖြစ်သည်။

 

ဆွေးနွေးပွဲသို့ ရိုးရာလက်မှုပညာထုတ်ကုန်ထုတ်လုပ်သူများ၊ ရိုးရာအထည်အလိပ် ထုတ်လုပ်သူလုပ်ငန်းရှင်များလည်း တက်ရောက်နိုင်ကြောင်း သိရသည်။

 

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လိုသည့် ပြည်တွင်းရှိ သက်ဆိုင်ရာ လုပ်ငန်းရှင်များအနေဖြင့် UMFCCI ၌ စာရင်းပေးသွင်းနိုင်ကြောင်းသိရသည်။

 

ymg/NN
#Yangon_Media_Group