#LocalNews
Published - 31 March 2022
ဝိဇ္ဇာ/ သိပ္ပံ တက္ကသိုလ်များ၊ ဆရာအတတ်သင် ပညာဦးစီးဌာနရှိ ပညာရေးဒီဂရီကောလိပ်တွေရဲ့ ဘာသာရပ်အားလုံးကို ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့မှာ ဖွင့်လှစ်သွားမယ်လို့ မတ်လ ၃၀ ရက်နေ့က ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ တာဝန်ရှိသူများတွေ့ဆုံပွဲက သိရပါတယ်။
ဒ့ါအပြင် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပထမနှစ်သင်တန်းတွေပါ မေလ ၁၂ ရက်နေ့မှာ ဖွင့်လှစ်သွားမှာဖြစ်ပြီး ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူတွေလည်း တက်ရောက်ကာ ပုံမှန်စာသင်နှစ်နဲ့ ဖွင့်လှစ်သင်ကြားပေးနိုင်ဖို့ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။
အဝေးသင်တက္ကသိုလ်သင်တန်းတွေဟာ စက်တင်ဘာလနဲ့ အောက်တိုဘာလတို့မှာ အနီးကပ်သင်တန်းတက်ရောက်ဖြေဆိုကြမှာဖြစ်ပြီး နိုဝင်ဘာလတွင် စာသင်နှစ်ဝက်အသစ်အတွက် တက္ကသိုလ်အတန်းတွေကို ပြန်လည်ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။
“ မတ်လ ၁၂ ရက်နေ့မှာ တက္ကသိုလ်တွေ၊ ဒီဂရီကော်လိပ်တွေအားလုံး အတန်းစုံ ကျောင်းပြန်ဖွင့်မှာဖြစ်တဲ့အတွက် ကျောင်းသန့်ရှင်းသာယာရေးနဲ့ ကိုဗစ်စင်တာဖွင့်လှစ်ခဲ့တဲ့ အဆောင်တွေကို ပိုးသန့်စင်ထားရမယ် ပြီးတော့ တက္ကသိုလ်တွေမှာ BA(Law) နဲ့ BS (Eco) သင်တန်းတွေ ဖွင့်လှစ်နိုင်ရေးအတွက် သင်ရိုးညွှန်းတမ်းတွေကို အသင့်ပြင်ဆင်ထားကြစေလိုပါတယ်” လို့ ဝန်ကြီး ဒေါက်တာညွှန့်ဖေက ပြောပါတယ်။
ဝင့်ခွင့်ရတဲ့ တက္ကသိုလ်စာရင်းတွေကိုလည်း သက်ဆိုင်ရာတက္ကသိုလ်အသီးသီးမှာ ဧပြီ ၁ ရက်နေ့မှာ ကြေညာသွားမှာမယ်လို့ သိရပါတယ်။
ymg/ei
#Yangon_Media_Group
#LocalNews
Published - 31 March 2022
တရုတ်-မြန်မာ နှစ်နိုင်ငံကုန်သွယ်မှုတိုးတက်ရေးအတွက် သဘောတူညီချက်များကို ရရှိခဲ့တယ်လို့
သိရပါတယ်။
အဆိုပါ တရုတ်-မြန်မာ ကုန်သွယ်ရေးချောမွေ့စေရေးလုပ်ငန်းအဖွဲ့ရဲ့ ဒုတိယအကြိမ်အစည်းအဝေးကို မတ်လ ၃၀ ရက်နေ့က ဗီဒီယိုစနစ်ဖြင့် ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။
အစည်းအဝေးတွင် နှစ်ဦးနှစ်ဖက်က ဂရုပြုသည့် နယ်စပ်ကုန်သွယ်ရေးချောမွေ့စေမှု၊ နယ်စပ်ဂိတ်များဖွင့်လှစ်မှု၊ စိုက်ပျိုးရေးထုတ်ကုန်များ စစ်ဆေးရေး၊ အစားထိုးစိုက်ပျိုးမှုနှင့် တရုတ်နိုင်ငံသို့တင်ပို့ရေး၊ ကုန်သွယ်ရေးနှင့် စာရင်းရှင်းမှုအဆင်ပြေချောမွေ့ရေး စသည့် အကြောင်းအရာများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ထို့အပြင် တရုတ်-မြန်မာကုန်သွယ်ရေးက ကပ်ရောဂါကြောင့်အကျိုးသက်ရောက်မှုအား ကျော်ဖြတ်ကာ ရရှိခဲ့သည့်အောင်မြင်မှုများကို အသိအမှတ်ပြုခဲ့ကာ နောက်တစ်ဆင့်လုပ်ငန်း လားရာအား အတည်ပြုခဲ့သည့်အပြင် လုပ်ငန်းအဖွဲ့ယန္တရားအား ကောင်းမွန်စွာအသုံးပြုရေး၊ နှစ်နိုင်ငံကုန်သွယ်ရေးတည်ငြိမ်စွာ တိုးတက်ရေးအားမြှင့်တင်ရေးအတွက် သဘောတူညီချက်များ ရရှိခဲ့ခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ခဲ့တာပါ။
အစည်းအဝေးသို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး စီးပွားရေးသံမှူး Mr. Tan Shufu တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ - မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး
ymg/kg
#Yangon_Media_Group
#WorldPolitics
Published - 31 March 2022
ရုရှားနိုင်ငံမှထုတ်လုပ်တဲ့ စွမ်းအင်လောင်စာများနဲ့ ပို့ကုန်ပစ္စည်းများအားလုံးကို ရုရှားငွေကြေးရူဘယ်လ်ဖြင့်ဝယ်ယူပေးချေသွားရမှာဖြစ်ကြောင်း ရုရှားတို့ ကဗုဒ္ဓဟူးနေ့က အသိပေးကြေညာလိုက်ပါတယ်။
ယူကရိန်းကိုကျူးကျော်တဲ့အတွက် အနောက်နိုင်ငံက ရုရှားအပေါ်ဒဏ်ခတ်ပိတ်ဆို့ မှုများပြုလုပ်ခြင်းကို ရုရှားသမ္မတ'ဗလာဒီမီယာပူတင်'က ပြန်လည်တုန့်ပြန်တဲ့အနေနဲ့ အခုလိုချမှတ်ဖို့ ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။
၁၉၉၁ ခုနှစ် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးနောက်ပိုင်း ရုရှားစီးပွားရေးအကြီးအကျယ်ထိခိုက်နေရတာဖြစ်ပါတယ်။
ထို့ကြောင့် 'ပူတင်'က အနောက်နိုင်ငံကိုလက်တုံ့ပြန်တဲ့အနေနဲ့ မတ်လ ၂၃ ရက်နေ့က ရုရှားဓာတ်ငွေ့ဝယ်ယူရာမှာ ရူဘယ်လ်ငွေဖြင့်ပေးချေဖို့ အမိန့်ချမှတ်လိုက်ပါတယ်။
အခုလိုသတ်မှတ်လိုက်ခြင်းက ဥရောပရဲ့စီးပွားရေးအကြီးမားဆုံးနိုင်ငံဖြစ်တဲ့ ဂျာမနီအနေနဲ့ အရေးပေါ်လောင်စာထောက်ပံ့မှုလိုအပ်နေပြီဖြစ်ကြောင်း အရိပ်အမြွက်ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်း ဂျာမနီကိုတင်သွင်းတဲ့ဓာတ်ငွေ့ ၅၅ ရာခိုင်နှုန်းခန့်ဟာ ရုရှားမှတင်သွင်းထားတာဖြစ်ပါတယ်။
အနောက်နိုင်ငံတွေရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ရုရှားတို့ ပိုမိုပြင်းထန်စွာတုန့်ပြန်သွားဖို့ ပြင်ဆင်သွားဖွယ်ရှိနေပြီး ရုရှားမှဓာတ်ငွေ့တင်ပို့ ခြင်းနဲ့ ပို့ ကုန်ပစ္စည်းများဝယ်ယူခြင်းအတွက် ရူဘယ်လ်ငွေဖြင့်သတ်မှတ်ပေးချေဖို့ ရုရှားထိပ်သီးဥပဒေအရာရှိတစ်ဦးက အကြံပြုလိုက်ပါတယ်။
ကမ္ဘာ့အမေရိကန်ဒေါ်လာတန်ဖိုးလည်း ထိခိုက်မှုတွေရှိနေပြီး ရုရှားအဓိကပို့ ကုန်ပစ္စည်းတွေကို ရူဘယ်လ်ဖြင့်ပေးချေဖို့ သတ်မှတ်လိုက်ခြင်းက ရုရှားနဲ့မိတ်ဖက်နိုင်ငံများအကျိုးအမြတ်ရရှိဖိုဖြစ်ကြောင်း ရုရှားအစိုးရအဖွဲ့ မှပြောရေးဆိုခွင့်ရှိသူ'ဒီမစ်ထရီပက်စ်ကော့ဗ်'က ပြောကြားခဲ့ပါတယ်။
ဥရောပကိုတင်သွင်းတဲ့ဓာတ်ငွေ့ ၄၀ ရာခိုင်နှုန်းကို ရုရှားမှတင်သွင်းတာဖြစ်ပြီး ယူရိုငွေဖြင့်အများဆုံးပေးချေနေရပါတယ်။
ဥရောပနိုင်ငံတွေအနေနဲ့ ရုရှားနိုင်ငံပိုင်ဓာတ်ငွေ့ကုမ္ပဏီကြီး Gazprom နဲ့ နောက်ထပ်စာချုပ်ချုပ်ဆိုသွားဖွယ်မရှိပါဘူး။
"ဓာတ်ငွေ့ဝယ်ချင်ရင် ရူဘယ်လ်နဲ့ပေးချေရပါမယ်။ ဒါ့အပြင် ရုရှားအကျိုးအမြတ်ရဖို့ အတွက် ရူဘယ်လ်နဲ့ပေးချေဝယ်ယူရမယ့်ကုန်ပစ္စည်းတွေထဲမှာ မြေဩဇာ၊ ဆန်စပါး၊ ဆီ၊ ကျောက်မီးသွေး၊ သတ္တု၊ သစ် စတဲ့ပစ္စည်းတွေကိုလည်း ထည့်သွင်းသတ်မှတ်သွားသင့်ပါတယ်" လို့ လွှတ်တော်ဥက္ကဌ'ဗီယာချက်စ်လက်ဗ်ဗိုလိုဒင်'က တယ်လီဂရမ်မှာ ဖော်ပြသွားပါတယ်။
နှစ်စဉ်နှစ်တိုင်း ရုရှားမှဥရောပသို့ တင်ပို့ တဲ့ဓာတ်ငွေ့တွေဟာ ဒေါ်လာဘီလီယံရာနဲ့ချီပြီး တန်ကြေးရှိပါတယ်။
Gazprom ကုမ္ပဏီကတင်ပို့တဲ့ဓာတ်ငွေ့ ၅၈ ရာခိုင်နှုန်းကိုယူရိုငွေ၊ ၃၉ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ၊ ၃ ရာခိုင်နှုန်းကို စတာလင်ပေါင်နဲ့ ပေးချေနေကြတာဖြစ်ပါတယ်။
ရူဘယ်လ်ငွေနဲ့ပြောင်းလဲဝယ်ယူနိုင်ဖို့ ဝယ်ယူသူတွေကိုအချိန်ပေးသွားမှာဖြစ်ကြောင်း 'ပက်စ်ကော့ဗ်'က ဆိုပါတယ်။
ကမ္ဘာပေါ်မှာ သဘာဝအရင်းအမြစ်အများဆုံးထုတ်လုပ်ထွက်ရှိရာရုရှားနိုင်ငံကို ဒဏ်ခတ်ပိတ်ဆို့ မှုပြုလုပ်ခြင်းက ကုန်ပစ္စည်းဈေးနှုန်းများအဆမတန်မြင့်တက်လာနိုင်ကာ ဥရောပနဲ့အမေရိကန်တို့ မှာ စီးပွားရေးဆုတ်ယုတ်မှုများဖြစ်လာနိုင်တယ်လို့ ရုရှားတာဝန်ရှိသူများက အကြိမ်ကြိမ်သတိပေးထားပါတယ်။
Source: Reuters
#DailyNews
Published -31 Mar 2022
၁။ ဇွဲကပင်တောင်ပေါ်တွင် ပျောက်ဆုံးနေသော အမျိုးသမီးငယ်ကို စတင်ရှာဖွေ
၂။ ကလေးမြို့ပေါ်သို့ ချင်းစစ်ဘေးရှောင်ပြည်သူများ ထပ်တိုးရောက်လာ
၃။ မိုးလေဝသ သတင်း
၄။ မျိုးသုဉ်းပျောက်ကွယ်မည့် အန္တရာယ်ရှိနေသော ဆူမာထရာကြံ့မျိုးစိတ်တစ်ကောင် အင်ဒိုနီးရှားတွင် ရှားရှားပါးပါးမွေးဖွားနိုင်ခဲ့...အစရှိတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
Published 31 March 2022
"Die Hard" ကားတွေနှင့် နာမည်ကြီးခဲ့တဲ့ အက်ရှင်သရုပ်ဆောင်မင်းသား ဘရုစ်ဝီလစ်သည် နာမကျန်းဖြစ်တဲ့အတွက် သရုပ်ဆောင်ခြင်းမှ အနားယူတော့မယ်လို့ သူ့မိသားစုက ဗုဒ္ဓဟူးနေ့က ကြေညာပါတယ်။
“ ဘရုစ်ဟာ ကျန်းမာရေးပြဿနာတွနှင့် ကြုံတွေ့နေရပြီး Aphasia လို့ခေါ်တဲ့ (ဦးနှောက်ထိခိုက်မှုကြောင့် စကားမပြောနိုင်တဲ့) ရောဂါဖြစ်နေပါတယ်၊ အဲဒါက သူ့ရဲ့ အသိအမြင်စွမ်းဆောင်ရည်အပေါ်ထိခိုက်နေပါတယ်” လို့ မိသားစုက အင်စတာဂရမ်မှာ ပို့စ်တင်ထားပါတယ်။
“ အဲဒါကြောင့် ဘရုစ်ဟာ သူအင်မတန်ချစ်မြတ်နိုးတဲ့ ရုပ်ရှင်အလုပ်ကနေ ဝေးဝေးနေရမှာဖြစ်ပါတယ်”လို့ရေးသားထား ပါတယ်။
အဲဒီပို့စ်ကို ဝီလစ်ရဲ့ လက်ရှိဇနီး အင်မာဟမ်မင်းဝီလစ်၊ဇနီးဟောင်း ဒေမီမိုးနှင့် သူ့ရဲ့ကလေးတွေဖြစ်တဲ့ ရူမာ၊စကော့၊ တာလူလာ၊မေဘယ်လ်နှင့် အိုင်ဗလင်းတို့ က လက်မှတ်ရေးထိုးကြပါတယ်။
“ကျွန်မတို့မိသားစုအတွက် ဒါဟာ တကယ့်စိတ်ခေါ်နေတဲ့အချိန်ပါ။ သင်တို့ရဲ့ ဆက်လက်ချစ်ခင်မြတ်နိုးအားပေးမှုကို ကျေးဇူး တင်ပါတယ်”လို့ရေးသားထားပါတယ်။
Aphasia ရောဂါဟာ လေဖြတ်တာ ဒါမှမဟုတ် ခေါင်းထိခိုက်ဒဏ်ရာကြောင့်ဖြစ်တတ်ပါတယ်။ ဆက်သွယ်ပြောဆိုနိုင်စွမ်း တွေကို ယုတ်လျော့စေပါတယ်လို့ မေယိုဆေးခန်းက ပြောပါတယ်။
“ စကားပြောဆိုတာ၊စာရေးတာနှင့် ဘာသာစကားကို အရေးစကားရောအပြောစကားနှစ်ခုစလုံးကို နားလည်တာတွေမှာ ချို့ယွင်းထိခိုက်မှုတွေဖြစ်စေပါတယ်”လို့ မေယိုကပြောပါတယ်။
Source AFP
#LocalNews
Published_31 March 2022
KBZ ဘဏ်မှ ပုံမှန်အပ်ငွေစာရင်း၏ နှစ်စဉ်အတိုးနှုန်းကို ယခင် ၅ ရာခိုင်နှုန်း သတ်မှတ်ထားရာကနေ ၆ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်လိုက်ကြောင်း မတ်လ ၃၀ ရက်တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ တစ်ရက် နောက်ပိုင်း ဘဏ်များတွင် ငွေထုတ်ရသည့် အခက်အခဲများကို ကြုံလာကြရသည့်အပေါ် ငွေကြေးဆိုင်ရာ ကိစ္စရပ်များအပေါ် အများပြည်သူက သံသယ စိတ်များ ဝင်နေကြသည့်အတွက် ဘဏ်လုပ်ငန်းအပေါ် ယုံကြည်မှု ရှိကြရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် မကြာခဏထုတ်ပြန်ပြောဆိုလေ့ရှိသည်။
လက်ရှိတွင် ပုဂ္ဂလိကဘဏ်များတွင် ငွေအပ်နှံမှု နည်းပါးလာသောကြောင့် ဘဏ်များအနေဖြင့်လည်း အများပြည်သူအနေဖြင့် ပြန်လည်၍ ဘဏ်လုပ်ငန်းအပေါ် ယုံကြည်မှု ရရှိစေရန် ပြန်လည် တည်ဆောက်နေရဆဲကာလလည်း ဖြစ်သည်။
ကမ္ဘောဇဘဏ်တွင် ငွေစုဘဏ်အပ်ငွေစာရင်း၏ အတိုးနှုန်းအသစ် တစ်နှစ်လျှင် ၆ ရာခိုင်နှုန်းကို customer များ ခံစားရယူနိုင်ပြီဖြစ်ကြောင်းနှင့် ငွေစုဘဏ်အပ်ငွေစာရင်းတွင် မြှင့်မားသော အတိုးနှုန်းရရှိစေရန် လစဉ် ၁ ရက်မှ ၅ ရက်အတွင်း အပ်နှံနိုင်ကြောင်း၊စည်းကမ်းသတ်မှတ်ချက်များအနေဖြင့် အတိုးနှုန်းကို မည်သည့်အချိန်၌မဆို ကမ္ဘောဇဘဏ်က ပြင်ဆင်ဖြည့်စွက်ခြင်းပြုလုပ်ခွင့် ရှိကြောင်း လည်း အဆိုပါ ကြေညာချက်တွင် ဖော်ပြထားသည်။
ymg/mt
Yangon_Media_Group
#Local_Health
Published_ 31 March 2022
The Global Alliance for Vaccine and Immunization-GAVI (COVAX Facility) အဖွဲ့က မြန်မာနိုင်ငံသို့လှူဒါန်းသည့် CoronaVac (Sinovac) အမျိုးအစား ကိုဗစ်-၁၉ ကာကွယ်ဆေး ၂,၂၄၂,၈၀၀ Doses မြန်မာနိုင်ငံသို့ ယမန်နေ့က ရောက်ရှိလာကြောင်း သိရပါတယ်။
အဆိုပါကာကွယ်ဆေးများဟာ Sichuan Airlines 3 U 3929 လေကြောင်းဖြင့် ဒီကနေ့ ညနေ ၄ နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိရာ တာဝန်ရှိသူများက စစ်ဆေး၍ စနစ်တကျလက်ခံပါတယ်။
ကာကွယ်ဆေးများကို အအေးလမ်းကြောင်းမပျက် ထိန်းသိမ်းထားရှိ၍ ကျန်းမာရေးဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် အသုံးပြုထိုးနှံပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
မြန်မာနိုင်ငံအနေဖြင့် မတ် ၂၉ ရက်အထိ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပြီးသူ၊ အကြိမ်ပြည့်ထိုးနှံပြီးသူ၊ ထပ်ဆောင်းထိုးနှံပြီးသူ လူဦးရေစုစုပေါင်း ၂၆,၇၇၀,၈၂၃ ဦးနှင့် ကာကွယ်ဆေးထိုးနှံသည့် အကြိမ်ပေါင်း (Doses) ၄၉,၇၂၆,၆၃၅ ကြိမ် ရှိပြီဖြစ်ပါတယ်။
ymg-mnn
#Yangon_Media_Group
#LocalNews
Published-31 March 2022
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့်ရက်များအတွင်း လျှပ်စစ်မီးပေးချိန်ထပ်တိုးရန် ဝန်အားမနိုင်ဖြစ်နေကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
ယနေ့ မတ်လ ၃၁ ရက်ကစ၍ ၂၀၂၁- ၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ကျင်းပနေခြင်းဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် တစ်ပြိုင်တည်းကျင်းပလျက်ရှိရာ ကျောင်းသားကျောင်းသူမိဘများအနေဖြင့် လျှပ်စစ်မီးပေးချိန်ကို လက်ရှိထက်ပိုပေးရန် တောင်းဆိုမှုအချို့ရှိနေသည်ဆိုသော သတင်းများလည်း ထွက်ပေါ်နေသည်။
မြန်မာနိုင်ငံ၌ မဂ္ဂါဝပ် ၃၀၀၀ ကျော်ခန့် သုံးစွဲရသော်လည်း လက်ရှိတွင် မဂ္ဂါဝပ် ၁၈၀၀ ခန့်သာ သုံးစွဲနိုင်သောကြောင့် လျှပ်စစ်မီးပေးချိန်ကို လက်ရှိသတ်မှတ်ထားသော အခြေအနေထက် တိုးပေး၍ မရနိုင်ကြောင်း၊သို့သော်လည်း ရန်ကုန်မြို့တွင်း ၆ မြို့နယ်တွင် စာမေးပွဲဖြေနေချိန်အတွင်း ရုံးကိစ္စများ ဆောင်ရွက်နိုင်စေရန် လျှပ်စစ်မီးဖြန့်ဖြူးပေးနေကြောင်း သိရသည်။
"မနက် ၉ နာရီက မွန်းတည့် ၁၂ နာရီထိ မြို့တွင်းကျောင်းတွေမှာ မီးပေးထားပါတယ်။ကျောင်းမှာ အလုပ်ကလေးတွေ လုပ်လို့ရအောင်။Email ပို့တာတို့ ၊ Fax ပို့တာတို့ ၊ Print ထုတ်တာတို့ စသဖြင့် လုပ်လို့ရအောင်လေ။အခြားအချိန်တွေ လက်ရှိမီးပေးထားတဲ့ အချိန်ထက် ထပ်တိုးပေးလို့ မရဘူး။တိုးပေးလို့ နိုင်မှမနိုင်တာကို"ဟု YESC ၏ တာဝန်ရှိသူက YMG ကို ပြောသည်။
လက်ရှိ ပညာသင်နှစ်တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် အသီးသီးနှင့် နိုင်ငံခြားစာစစ်ဌာန အပါအဝင် တက္ကသိုလ်ဝင်တန်းဖြေဆိုရန် စာရင်းပေးသွင်းထားသည့် စာစစ်ဌာန စုစုပေါင်း (၁,၂၅၆)ခု ရှိပြီး ကျောင်းသားကျောင်းသူ (၃၁၂,၂၉၉)ဦး ရှိနေကြော ပညာရေးဝန်ကြီးဌာနကသိရသည်။
ယင်းတွင် ကျောင်းတွင်းဖြေဆိုသူ နှစ်သိန်းကျော်၊ ပြင်ပမှ ဖြေဆိုသူအရေအတွက်က တစ်သိန်းကျော်ရှိကာ ရခိုင်ပြည်နယ်မှ ဝင်ရောက်ဖြေဆိုသူ အများဆုံးဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီး နှင့်မန္တလေးတိုင်းဒေသကြီးတို့အနေဖြင့် ဒုတိယနှင့်တတိယအများဆုံး အရေအတွက်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Photo Crd
#Yangon_Media_Group
#WorldHealth
Published- 31 March 2022
ဆိုရှယ်မီဒီယာလူမှုကွန်ရက်အသုံးပြုခြင်းက မိန်းကလေးတွေနဲ့ ယောကျ်ားလေးတွေရဲ့ကျန်းမာရေးကို သက်ရောက်မှုရှိပြီး ဆယ်ကျော်သက်အရွယ်တွေမှာ စိတ်အခြေအနေထိခိုက်မှုများဖြစ်နိုင်ပါတယ်။
အသက် ၁၁ နှစ်မှ ၁၃ နှစ်ကြားမိန်းကလေးတွေနဲ့ အသက် ၁၄ နှစ်မှ ၁၅ နှစ်ကြားယောကျ်ားလေးတွေမှာ ဆိုရှယ်မီဒီယာအသုံးများခြင်းက နောက်တစ်နှစ်အတွင်း ကိုယ့်ကိုယ်ကိုမကျေနပ်အားမရတာမျိုးဖြစ်နိုင်ကြောင်း စိတ်ကျန်းမာရေးပညာရှင်များက တွေ့ရှိခဲ့ကြပါတယ်။
အခြားအသက်အရွယ်အပိုင်းအခြားတွေမှာတော့ ဆိုရှယ်မီဒီယာသုံးစွဲခြင်းနဲ့ စိတ်ကျန်းမာရေးအခြေအနေကြား ဆက်စပ်မှုမရှိခဲ့ဘဲ အသက် ၁၉ နှစ်အရွယ်တွေမှာတော့ ဆိုရှယ်မီဒီယာအသုံးများခြင်းဖြင့် မိမိကိုယ်ကိုကျေနပ်အားရခြင်းမရှိတာမျိုး ဖြစ်ပေါ်လာနိုင်ပါတယ်။
အသက်အရွယ်ငယ်သူတွေမှာ ဆိုရှယ်မီဒီယာသုံးစွဲမှုများပြားလာခြင်းက စိတ်ကျန်းမာရေးအခြေအနေတွေအပေါ် ဘယ်လောက်အထိသက်ရောက်နိုင်သလဲဆိုတာကို သုတေသီများက ဂရုစိုက်လေ့လာနေခဲ့ကြပါတယ်။
Young Minds လူမှုကူညီရေးအဖွဲ့ရဲ့ပြောကြားချက်အရ ၂၀၁၇ မှ ၂၀၂၁ အတွင်း စိတ်ကျန်းမာရေးချို့ ယွင်းမှုဖြစ်ပေါ်လာနိုင်တဲ့ အသက် ၅ နှစ်မှ ၁၆ နှစ်ကြားကလေးအရေအတွက်ဟာ ၅၀ ရာခိုင်နှုန်းများပြားလာခဲ့တယ်လို သိရပါတယ်။
ယူကေမှ အသက် ၁၀ နှစ်နဲ့ ၈၀ နှစ်ကြားလူပေါင်း ၈၄,၀၀၀ ကို ဖေ့စ်ဘွတ်ခ်၊ တွစ်တာ၊ အင်စတာဂရမ်၊ WhatsApp အစရှိတဲ့ဆိုရှယ်မီဒီယာများအသုံးပြုခြင်းနဲ့ပတ်သက်ပြီး လေ့လာသုံးသပ်ခဲ့ရာ ဆိုရှယ်မီဒီယာအသုံးပြုခြင်းနဲ့ စိတ်ကျန်းမာရေးအခြေအနေတို့ ကြား ဆက်စပ်မှုအပြန်အလှန်ဖြစ်နေတာကို တွေ့ရှိခဲ့ကြပါတယ်။
ဆိုရှယ်မီဒီယာအသုံးများခြင်းဖြင့် နောက်နှစ်အတွင်း ကိုယ့်ကိုယ်ကို အလိုမကျခြင်းခံစားရနိုင်သလို ကိုယ့်ကိုယ်ကိုအလိုမကျဖြစ်နေခြင်းဖြင့် နောက်နှစ်အတွင်း ဆိုရှယ်မီဒီယာအသုံးများစေနိုင်တာဖြစ်ပါတယ်။
ခန္ဓာကိုယ်သွေးသားဇီဝဖြစ်စဉ်များ စတင်ပြောင်းလဲလာတဲ့ဆယ်ကျော်သက်အရွယ်မှာ ဆိုရှယ်မီဒီယာသုံးစွဲခြင်းကို ဂရုစိုက်သတိထားဖို့ အကြံပြုထားပါတယ်။
မိန်းကလေးတွေမှာ ဆိုရှယ်မီဒီယာအသုံးများခြင်းဖြင့် စိတ်ဓာတ်ကျခြင်း၊ အွန်လိုင်းမှာအနိုင်ကျင့်ခံရခြင်း၊ အိပ်ရေးမဝခြင်းများ ဖြစ်ပေါ်လာတတ်ပါတယ်။ ကလေးတွေအနေနဲ့အိပ်ရေးမဝတာမျိုးမဖြစ်အောင် ဆိုရှယ်မီဒီယာသုံးစွဲခြင်းကို အချိန်ကန့်သတ်ထားသင့်ပါတယ်။
ဆိုရှယ်မီဒီယာအသုံးပြုရင် ကြုံတွေ့ရလာနိုင်တဲ့ ပြဿနာတွေဖိအားတွေ၊ အချက်အလက်ပုံရိပ်တွေနဲ့ပတ်သက်ပြီး စောစောစီးစီးပညာပေးသင့်ပါတယ်။
ယောကျ်ားလေးတွေနဲ့မိန်းကလေးတွေကြား စိတ်ဆတ်တဲ့အခြေအနေမျိုးက အချိန်အခါမတူတတ်ကြပါဘူး။ မိန်းကလေးတွေမှာ စောလျင်စွာအရွယ်ရောက်ပြောင်းလဲတာမျိုးဖြစ်တတ်တဲ့အတွက် ဆိုရှယ်မီဒီယာသုံးစွဲခြင်းရဲ့အကျိုးဆက်တွေကို ယောကျ်ားလေးတွေထက်ပိုပြီး ခံစားရတတ်ပါတယ်။
Source: The Guardian
#LocalNews
Published -31 Mar 2022
၂၀၂၁-၂၀၂၂ ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲများကို ယနေ့ မတ်လ ၃၁ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ နိုင်ငံတစ်ဝန်းတွင် စတင်ဖြေဆိုနေပြီဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲရဲ့ ပထမနေ့ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခြင်းဖြစ် ပြီး စာစစ်ဌာနများအနေဖြင့် နိုင်ငံခြားစာစစ်ဌာန ၂၀ ခုအပါအဝင် နိုင်ငံတစ်ဝန်းစာစစ်ဌာနပေါင်း ၁,၂၅၆ ခုထိရှိကာ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုရန်အတွက် ကျောင်းသား၊ကျောင်းသူဦးရေပေါင်း ၃၁၂,၁၅၃ ဦး စာရင်းသွင်းထားပါတယ်။
မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းများ အရ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အချိန်စာရင်းတွင် မတ် ၃၁ ရက် ကြာသပတေးနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ မြန်မာစာ၊ ဧပြီ ၁ ရက် သောကြာနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ အင်္ဂလိပ်စာ၊ ဧပြီ ၂ ရက် စနေနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ သင်္ချာဘာသာဖြေဆိုမည်ဖြစ်ပြီး ဧပြီ ၃ ရက် တနင်္ဂနွေနေ့အား ပိတ်ရက်အဖြစ်သတ်မှတ်ကြောင်း၊ ဆက်လက်ပြီး ဧပြီ ၄ ရက် တနင်္လာနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဓာတုဗေဒ၊ ဧပြီ ၅ ရက် အင်္ဂါနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ရူပဗေဒ၊ ဧပြီ ၆ ရက် ဗုဒ္ဓဘူးနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ဇီဝဗေဒ/ ဘောဂဗေဒ၊ ဧပြီ ၇ ရက် ကြာသပေးနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ ပထဝီဝင်၊ ဧပြီ ၈ ရက် သောကြာနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ သမိုင်း၊ ဧပြီ ၉ ရက် စနေနေ့ နံနက် ၉ နာရီမှ နေ့လယ် ၁၂ နာရီအထိ စိတ်ကြိုက်မြန်မာစာ ဘာသာရပ်တွေကို ဖြေဆိုကြရမှာဖြစ်ပါတယ်။
ymg/hm
#Yangon_Media_Group
#LocalNews
Published_31 March 2022
တည်ဆောက်ရေးကာလ ခြောက်လအတွင်း မဂ္ဂါဝပ် ၂၀ ရှိမည့် နေရောင်ခြည်စွမ်းအင်သုံးဓာတ်အားပေးစက်ရုံတစ်ခုတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မည့်လုပ်ငန်းအပါအဝင် လုပ်ငန်းသစ်ခုနစ်ခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ခွင့်ပြုလိုက်ကြောင်း သိရသည်။
မတ်လ ၃၀ ရက်က နေပြည်တော် ရုံးအမှတ်-၁၈ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်းအဝေးတွင် အထက်ပါအတိုင်း ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
ယင်းကော်မရှင်၏ စာရင်းများတွင် ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်း အပါအဝင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့မှ လုပ်ငန်းသစ်ခုနှစ်ခုကိုခွင့်ပြုခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီး မြှုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၇၅၉ သန်းနှင့် ငွေကျပ် ၄၃,၃၂၇ ဒသမ ၄၅၅ သန်းရှိပြီး ပြည်တွင်းလုပ်သားများအတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃,၅၅၃ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်းလည်း သိရသည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄၈ ခု မှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၈၄ ဒသမ ၆၈၆ သန်း ၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၃၈ ခု မှ စုစုပေါင်း ငွေကျပ် ၄၆၈,၃၉၃ ဒသမ ၅၂၈ သန်း ခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄၂,၈၈၀ ဖန်တီးပေးနိုင်ခဲ့ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#WorldHealth
Published - 31 March 2022
စမ်းသပ်ထုတ်လုပ်ဆဲဖြစ်တဲ့ နှာခေါင်းအစက်ချဆေးဟာ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအချို့ကို ကာကွယ်ပေးနိုင်သလို ကုသမှုလည်းပေးနိုင်ဖွယ်ရှိကြောင်း ကြွက်တွေမှာစမ်းသပ်တွေ့ရှိထားပါတယ်။
N-0385 ဆေးကို ရောဂါမကူးစက်ခင်အသုံးပြုပါက ဗိုင်းရပ်စ်ကို ခန္ဓာကိုယ်ဆဲလ်တွေထဲမဝင်အောင် တားဆီးပေးပါတယ်။ ရောဂါကူးစက်ခံရပြီး ၁၂ နာရီအတွင်း ထိုဆေးကိုအသုံးပြုပါက ရောဂါလက္ခဏာဆိုးရွားမလာအောင် ကာကွယ်ပေးကြောင်း နယူးယော့ခ်မြို့ ကော်နယ်လ်တက္ကသိုလ်မှသုတေသီများရဲ့လေ့လာချက်ကို Nature ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
N-0385 ဆေးဟာ TMPRSS2 အင်ဇိုင်းကိုတားဆီးပေးပါတယ်။
အချို့မျိုးဗီဇကွဲတွေက ဆဲလ်မျက်နှာပြင်မှာရှိတဲ့ TMPRSS2 နဲ့ ACE2 ပရိုတိန်းတို့ နဲ့ပေါင်းစပ်ကာ ဝင်ရောက်လာပြီး ဗိုင်းရပ်စ်မျိုးရိုးဗီဇပစ္စည်းေတွကို ခန္ဓာကိုယ်ထဲသို့ ထည့်သွင်းလိုက်တာဖြစ်ပါတယ်။
N-0385 ဆေးကို လွယ်ကူရိုးရှင်းစွာဖြင့်အကြိမ်အနည်းငယ်သာ အသုံးပြုပေးရပြီး အခြားကိုဗစ်ကုသဆေးတွေထက် အကုန်အကျသက်သာကြောင်း ဦးဆောင်သုတေသနပြုလုပ်သူ'ဟက်တာအဂွယ်လာကော်ရေနာ'က ဖော်ပြခဲ့ပါတယ်။
ဒီဆေးကိုလက်ရှိမှာ မူလကိုရိုနာဗိုင်းရပ်စ်နဲ့ ဒယ်လ်တာမျိုးဗီဇကွဲတို့ ဖြင့်စမ်းသပ်ထားပြီး အိုမီခရွန်နဲ့တော့ မစမ်းသပ်ရသေးပါဘူး။
N-0385 ဆေးဖော်စပ်ထုတ်လုပ်ခြင်း၊ လူသားများဖြင့်စမ်းသပ်ခြင်းများပြုလုပ်နိုင်ရန်အတွက် ကယ်လီဖိုးနီးယားအခြေစိုက် ဆေးဝါးထုတ်လုပ်ရေးအဖွဲ့ အစည်း EBVIA က ရန်ပုံငွေအစီအစဉ်များပြုလုပ်နေကြောင်း ဆိုပါတယ်။
N-0385 ဆေးကို လက်တွေ့စမ်းသပ်မှုများပြုလုပ်ပြီး ဘေးကင်းထိရောက်ကြောင်းအတည်ပြုနိုင်ပါက ဆေးယဉ်ပါးခြင်းနဲ့ ဗိုင်းရပ်စ်သန္ဓေပြောင်းလဲခြင်းတို့ မဖြစ်ပေါ်အောင် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
Source: Reuters
Page 1649 of 1742