#LocalNews
Published_26 May 2022
နှစ်ရက်အတွင်း ထိုင်းနိုင်ငံသို့တရားမဝင်သွားရောက်သူ ၃၀၀ ခန့် ဖမ်းဆီးခံရကြောင်း မြန်မာရွှေ့ပြောင်းအလုပ်သမားများအရေးဆောင်ရွက်နေသူများထံမှ သိရသည်။
မေလ ၂၄ ရက်နှင့် ၂၅ ရက်အတွင်း ထိုင်းနိုင်ငံ ပကျွတ်ခီရီခန်ပြည်နယ် နှင့် ကန်ကျနဘုရီပြည်နယ်၂ ခုတွင် တရားမဝင် မြန်မာ ၂၉၅ ဦး ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း၊ယင်းတို့မှာ ပွဲစားခ ဘတ် နှစ်သောင်းခွဲမှ သုံးသောင်းထိပေး၍ ထိုင်းနိုင်ငံသို့ လာရောက်ကြသူများ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တရားမဝင်မြန်မာများမှာ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ၊ တနင်္သာရီတိုင်းဒေသကြီး ထာဝယ်မြို့၊ မန္တလေးတိုင်းဒေသကြီး၊နေပြည်တော်၊ရန်ကုန်တိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ဧရာဝတီတိုင်းဒေသကြီး၊မွန်ပြည်နယ် မော်လမြိုင်မြို့တို့မှဖြစ်ပြီး ဘန်ကောက် စမွတ်စခေါင် ချွန်ဘုရီ စုံခလာ ရာဇ်ဘုရီ ရယောင် သို့ သွားရောက်ရန်လာရောက်ကြသူများ ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#DailyNews
Published - 26 May 2022
၁။ နေအိမ်ပြန်ပြင်နေရသည့်မော်လမြိုင်ရှိ သဘာဝဘေးသင့်ပြည်သူ(၁၆၀)အတွက် နေ့စဥ်ထမင်းထုတ်များလှူဒါန်း။
၂။ ပုဂံ ယွန်းစျေးကွက် ပြန်လည်ဦးမော့လာနိုင်ခြင်းမရှိသေး။
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ တရုတ်နိုင်ငံတွင် အိမ်မွေးတိရိစ္ဆာန်အာမခံထားခြင်းခေတ်စားလာ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#LocalNews
Published - 26 May 2022
အခြေခံပညာကျောင်းများ ဖွင့်လှစ်ရန်အတွက် မေလ ၂၆ ရက် (ယနေ့) မှစတင်၍ ကျောင်းအပ်လပ်ခံနေပြီဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနမှ သိရသည်။
"ကျောင်းစအပ်တဲ့နေ့မှာပဲ လာအပ်တဲ့သူတော်တော်များပါတယ်။ အရင်နှစ်ထက်စာရင်များလာတာပေါ့၊ မနှစ်ကဆိုရင် လူနည်းလို့ ကျောင်းတွေကိုတောင်ပေါင်းပြီးတော့ သင်ရတဲ့အခြေအနေမှာရှိခဲ့တယ်" ဟုအမည်မဖော်လိုသူ ဆရာမတစ်ဦးကပြောသည်။
ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်တွင် ကျောင်းအပ်နှံထားသူ ၄၇ သိန်းကျော်ရှိပြီး အမှန်တကယ်ကျောင်းတတ်ရောက်သူဦးရေမှာ ၃၃ သိန်းဝန်းကျင်သာရှိကြောင်း၊ ယခုပညာသစ်နှစ်တွင် ကျောင်းအပ်နှံသူဦးရေမှာ ယခင်ပညာသင်နှစ်ထက်ပိုများနိုင်ကြောင်း ကျောင်းအပ်လက်ခံနေသည့် ဆရာမတစ်ဦး၏ ပြောကြားချက်အရသိရသည်။
ကျောင်းအပ်နှံရေးသီတင်းပတ်ကာလကို မေလ ၂၆ ရက်မှ ဇွန်လ ၁ ရက်ထိသတ်မှတ်ထားပြီး ဇွန်လ ၂ ရက်တွင် ကျောင်းများစတင်ဖွင့်လှစ်မည်ဖြစ်ကြောင်းသိရသည်။
ymg/sth
#Yangon _Media_Group
#LocalNews
Published -26 May 2022
မျောက်ကျောက်ရောဂါဟုတ်မဟုတ် အနာအရည်(သို့မဟုတ်)အနာဖေးကိုရယူပြီး ဓာတ်ခွဲခန်းမှာ PCR Testအသုံးပြုပြီး စစ်ဆေးမှအတည်ပြု သိရှိနိုင်မှာဖြစ်တယ်လို့ ကျန်းမာရေးအသိပညာမြှင့်တင်ရေးဌာနခွဲ၊ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးရဲ့ရေးသားဖော်ပြချက်တွေအရ သိရပါတယ်၊၊
သွေးရည်ကြည်ကို အသုံးပြုပြီး RTDနည်းနဲ့ စစ်ဆေးရင်တော့ အခြားမျိုးနွယ်တူ ကျောက်ရောဂါတွေနဲ့ ရောပြီးဖော်ပြနိုင်တယ်လို့ဆိုပါတယ်၊၊
လတ်တလောအချိန်အထိ မြန်မာနိုင်ငံမှာ မျောက်ကျောက်ရောဂါဖြစ်ပွားသူ မတွေ့ရသေးပေမယ့် အခြား ကျောက်ရောဂါ ဖြစ်ပွားနေသူတွေတော့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက သိရပါတယ်၊၊
မြန်မာနိုင်ငံမှာထိုးနှံပေးခဲ့ဖူးတဲ့ ကျောက်ကြီးရောဂါ ကာကွယ်ဆေးဟာ မျောက်ကျောက်ရောဂါကို (၈၅)ရာခိုင်နှုန်းကာကွယ်ပေးတယ်လို့ သိရပါတယ်၊၊
ကျောက်ကြီးရောဂါကာကွယ်ဆေးထိုးပြီးသူတွေက လက်မောင်းရင်းမှာ သိသာတဲ့အမာရွတ်တွေကျန်ရှိခဲ့သူတွေဖြစ်ပါတယ်၊၊
၁၉၈၀နောက်ပိုင်းမှာ ကျောက်ကြီးရောဂါအမြစ်ပြတ်သွားပြီလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကကြေညာခဲ့လို့ နိုင်ငံအများစုမှာ ကျောက်ကြီးရောဂါကာကွယ်ဆေးထိုးတာတွေ ရပ်ခဲ့တာဖြစ်ပါတယ်၊၊ ၂၀၁၉ခုနှစ်မှာ မျောက်ကျောက်ရောဂါကအတွက် နှစ်ကြိမ်ထိုးရတဲ့ ကာကွယ်ဆေးအသစ်ထပ်မံထုတ်လုပ်ဖို့ ခွင့်ပြုချက်ရခဲ့ပေမယ့်လည်း အရေအတွက်အကန့်အသတ်နဲ့သာ ရရှိနိုင်သေးတယ်လိုသိရပါတယ်၊၊
မျောက်ကျောက်ရောဂါကာကွယ်ဖို့ ရောဂါသံသယရှိသူနဲ့အနီးကပ်ထိတွေ့တာ ရှောင်ကြဥ်တာ၊တောရိုင်း တိရစ္ဆာန်တွေကိုထိတွေ့ကိုင်တွယ်ခြင်းမျိုး ရှောင်ကြဥ်ရမှာဖြစ်ပြီး၊ အသားကိုကျက်အောင်ချက်ပြုတ်စားသောက်ရမှာ ဖြစ်ပါတယ်၊၊
မျောက်ကျောက်ရောဂါသံသယရှိသူကို ပြုစုပေးမယ့် သူတွေက ကျောက်ကြီးရောဂါကာကွယ်ကာကွယ်ဆေးထိုးထားသူတွေ ဖြစ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်၊၊
မျောက်ကျောက်ရောဂါရဲ့ ရောဂါလက္ခဏာတွေကတော့ ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း၊ နောက်ကျောနာကျင်ခြင်း၊ ကြွက်သားများနာကျင်ကိုက်ခဲခြင်း၊အားအင်ကုန်ခမ်းခြင်းတွေ ပထမဦးဆုံးဖြစ်မှာဖြစ်ပြီး အရေပြားမှာ အကွက်ပေါ်တာ၊ အဖုကနေ ပြည်ဖုတွေဖြစ်ပြီး အရေပြားကွာကျတာတွေဖြစ်ပွားနိုင်တယ်လို့ ဆိုပါတယ်၊၊
နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ အနာပိုးဝင်တာ၊ အဆုတ်ရောင်တာ၊ ပြည်တည်တာ၊ ဦးနှောက်ရောင်တာ၊ မျက်စိကွယ်တာတွေ အသက်ဆုံးရှုံးနိုင်တဲ့ အထိဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#WorldCrime
Published 26 May 2022
သေနတ်သမားတစ်ယောက် စာသင်ကျောင်းထဲသို့ဝင်ပြီး သေနတ်ဖြင့်ပစ်ခတ်ခဲ့တာကြောင့် ကလေး ၁၉ ယောက်နဲ့ ဆရာ ၂ ယောက်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး သေနတ်သမားက မူလတန်းကျောင်းထဲသို့ ဝင်မပစ်ခင်မိနစ်ပိုင်းအလိုမှာ ဝင်ပစ်တော့မယ်ဆိုတဲ့အကြောင်းကို အွန်လိုင်းပေါ်ကနေ သတိပေးခဲ့ကြောင်း နယ်မြေအုပ်ချုပ်ရေးမှူး'ဂရက်အက်ဘော့'က ဗုဒ္ဓဟူးနေ့ကပြောကြားခဲ့ပါတယ်။
ဒီဖြစ်စဉ်မှာ သေနတ်သမားရမ်းကားနေတာကို ရဲတွေဘက်ကပြန်လည်ပစ်ခတ်ပြီးရပ်တန့်ခဲ့ရကာ သေနတ်သမားလည်းသေဆုံးသွားခဲ့ပါတယ်။
ဒီမတိုင်ခင်အင်္ဂါနေ့တုန်းကလည်း သေနတ်သမားက သူ့အဖွားဖြစ်သူကိုပစ်သတ်တော့မယ်လို့ သတိပေးခဲ့ကာ အဲဒီနောက်ခဏအကြာမှာပဲ ပစ်သတ်လိုက်ပြီလို့ အွန်လိုင်းကနေနောက်ထပ်တစ်ကြိမ်အသိပေးခဲ့ပါတယ်။
တရားခံက သူ့အဖွားမျက်နှာကိုပစ်ခဲ့ပြီးနောက် နေအိမ်ကနေထွက်ခွာသွားကာ မူလတန်းကျောင်းကို သွားရောက်တိုက်ခိုက်ခဲ့ကြောင်း အသက်ရှင်ကျန်ခဲ့တဲ့အဖွားက ရဲတွေကိုတိုင်ကြားခဲ့ပါတယ်။
အသက် ၁၈ နှစ်အရွယ် 'ဆယ်လ်ဗေဒိုးရာမိုစ်'လိုအမည်ရတဲ့သေနတ်သမားကျူးလွန်ခဲ့တဲ့အမှုဟာ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း အမေရိကန်စာသင်ကျောင်းတွေမှာ အဆိုးရွားဆုံးတိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့ပါတယ်။
အဖွားကိုပစ်ခတ်ခဲ့ပြီးနောက် သေနတ်သမားထွက်ပြေးလာကာ ဆန်အန်တိုနီယိုအနောက်ဘက်မိုင် ၈၀ ခန့်က တက္ကဆက်ပြည်နယ်ရှိ ရော့ဘ်မူလတန်းကျောင်းအနီးမှာ ကားဝင်တိုက်မိခဲ့ပါတယ်။
အနားတိုးလာတဲ့ရဲအရာရှိတစ်ဦးလက်မှလွတ်မြောက်ပြီး ကျောင်းထဲသို့ဝင်ရောက်ခဲ့ပါတယ်။
အဲဒီအချိန်အထိတော့ သေနတ်ပစ်ခတ်မှုတွေ မလုပ်သေးဘူးလို့ ရဲရဲ့ပြောကြားချက်အရ သိရပါတယ်။
ရဲအရာရှိကိုမြင်တဲ့အချိန်မှာ သေနတ်သမားက ကျည်အပြည့်ပါတဲ့အိတ်ပြုတ်ကျခဲ့ပြီး ကျောင်းထဲကိုဝင်ပြေးသွားတယ်ဆိုတဲ့အချက်ကလွဲပြီး အာဏာပိုင်တွေဘက်က အရေးကြီးတဲ့စစ်ဆေးတွေ့ရှိမှုမျိုး သိပ်ပြီးမဖော်ပြနိုင်သေးပါဘူး။
'ရာမိုစ်'က AR-15-style ရိုင်ဖယ်သယ်ဆောင်ထားကာ ကျောင်းအနောက်ဘက်တံခါးက ဝင်လာခဲ့ပါတယ်။
အဲဒီနောက် စတုတ္ထတန်းစာသင်ခန်းကိုသွားကာ ရှိသမျှလူအားလုံးကိုပစ်သတ်ခဲ့ပါတယ်။
အာဏာပိုင်တွေပြောကြားချက်အရ ပစ်ခတ်မှုမဖြစ်ခင်ရက်ပိုင်းမှာ 'ရာမိုစ်'က ရိုင်ဖယ်နှစ်လက်နဲ့ ကျည် ၃၇၅ တောင့်ကို တရားဝင်ဝယ်ယူခဲ့ကြောင်း သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားချိန်မှာ ကလေးတွေနဲ့ကျောင်းဝန်ထမ်းတွေကိုကူညီဖို့ ရဲတွေက ကျောင်းပတ်ပတ်လည်ကနေ ပြတင်းပေါက်တွေကို ဖျက်ပြီးဝင်လာခဲ့ပါတယ်။
အမေရိကန်နယ်ခြားစောင့်တပ်ကလည်း သေနတ်သမားကိုရင်ဆိုင်ဖို့ အဆောက်အဦထဲဝင်ရောက်ပစ်ခတ်ခဲ့ရာ အချင်းချင်းပစ်မိပြီး တပ်ဖွဲ့ဝင်တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ လုံခြုံရေးအရာရှိများက ပြောပြပါတယ်။
နောက်ဆုံးတော့ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် 'ရာမိုစ်'သေဆုံးသွားခဲ့ပါတယ်။
လူ ၁၇ ယောက်ကတော့ အသက်အန္တရာယ်မစိုးရိမ်ရတဲ့ ဒဏ်ရာမျိုးရရှိခဲ့ကာ အပစ်ခံခဲ့ရတဲ့စာသင်ခန်းထဲမှ ကလေးတွေအပါအဝင်ဖြစ်ပါတယ်။
သေနတ်သမားက သတိပေးစာကို ဖေ့စ်ဘွတ်မှာတင်ခဲ့တယ်လို့ အုပ်ချုပ်ရေးမှူးကဆိုခဲ့ပေမယ့် ဖေ့စ်ဘွတ်ကုမ္ပဏီ Meta ကတော့ ဒီစာတွေက ပစ်ခတ်မှုအပြီးမှာ တစ်ယောက်ချင်းသီးသန့် ပို့တဲ့စာဖြစ်ကြောင်း ဆိုခဲ့ပါတယ်။
ဘယ်သူ့ဆီကိုပိုခဲ့တာလဲ၊ Messenger ကလား Instagram ကလားဆိုတဲ့အချက်အလက်တွေကိုတော့ Meta က မထုတ်ဖော်သွားပါဘူး။
သေဆုံးသွားတဲ့ကလေးတွေရဲ့မိသားစုဝင်တွေကတော့ သူတိုရဲ့ဆုံးရှုးမှုကို လူမှုကွန်ရက်တွေမှာ နာကျည်းစွာ ဖော်ပြခဲ့ကြပါတယ်။
Source: Reuters
#Yangon_Media_Group
#LocalNews
Published_26 May 2022
ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လျှပ်စစ်မီး ညလုံးပေါက်ရတော့မည်ဖြစ်ကြောင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း(YESC) တာဝန်ရှိသူက YMG ကို ပြောသည်။
"အခု မိုးရွာနေပြီဖြစ်လို့ တစ်နေ့ကို မဂ္ဂါဝပ် ၂၀၀ လောက် တိုးပြီးရနေတယ်။ရန်ကုန်တိုင်းကိုတော့အဓိကထားပြီးတော့ ည ၈ နာရီကနေ နောက်နေ့ မနက် ၈ နာရီထိ တောက်လျှောက် ပေးဖို့ လုပ်နေပြီ။မနေ့က(မေလ ၂၅)ရက် ညပိုင်းမှာ သတိထားမိမယ်ဆိုရင် သိကြမှာပါ။
စတင်ပြီးတော့ စမ်းသပ်နေပါပြီ။တချို့နေရာတွေမှာ မီးအားမနိုင်တာတွေရှိသေးတာကြောင့် ည ၈ နာရီကနေ မနက် ၈ နာရီထိ လို သတ်မှတ်ပေမယ့် ည ၉ နာရီကနေ နောက်နေ့ မနက် ၈ နာရီထိကတော့ သေချာတဲ့ ပေးဝေမှုကို လုပ်နိုင်ပါပြီ"ဟု ယင်းကပြောသည်။
ယင်းအပြင် နေ့ပိုင်းတွင် A , B အုပ်စု နှစ်ခုခွဲ၍ ပေးဝေမည်ဖြစ်ပြီး မီးပေးချိန်ကို နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီထိ တစ်အုပ်စု ၊ မွန်းလွဲ ၁ နာရီမှ ညနေ ထိ တစ်အုပ်စု သတ်မှတ်ပေးဝေဖြန့်ဖြူးသွားမည်ဖြစ်ကြောင်း ၊သို့သော် စက်မှုဇုန်များကို နံနက် ၉ နာရီမှ ညနေ ၅ နာရီထိသာ ပေးဝေနိုင်ဦးမည်ဖြစ်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#LocalNews
Published - 26 May 2022
အစိုးရကဏ္ဍမှပြည်တွင်းငွေပေးချေမှုကို ကျပ်ငွေတစ်မျိုးတည်းသာအသုံးပြုရန် ဗဟိုဘဏ်က နေလ ၂၅ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာလိုက်သည်။
နိုင်ငံတော်အတွင်း ရောင်းဝယ်မှု ပြုလုပ်သည့် ကုန်ပစ္စည်းနှင့်ဝန်ဆောင်မှုများအတွက် နိုင်ငံခြားသုံးငွေရယူခြင်း၊ ပေးချေခြင်းတို့ကြောင့် ပြည်တွင်း နိုင်ငံခြားသုံးငွေကျယ်ပြန့်စွာအသုံးပြုမှုဖြစ်လာစေပြီး နိုင်ငံခြားငွေ လိုအပ်ချက် မြင့်မားလာစေကာ နိုင်ငံခြားငွေလဲလှယ်မှုနှုန်း မတည်ငြိမ်မှုကို ဖြစ်ပေါ်စေနိုင်၍ သက်ဆိုင်ရာပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး၊ပြည်နယ်အစိုးရအဖွဲ့အစည်းများအနေဖြင့် အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းအဖွဲ့အစည်းများ အနေဖြင့် ပြည်တွင်းသုံးကျပ်ငွေဖြင့်သာ ဆောင်ရွက်ရန် ထုတ်ပြန်ခြင်းဖြစ်သည်။
ယခုအခါ ကျပ်ငွေတစ်မျိုးတည်းသာအသုံးပြုရန် ဗဟိုဘဏ်အနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးသို ညွှန်ကြားထားပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ပြည်တွင်း၌ ဟိုတယ်များ၊ စားသောက်ဆိုင်များ ၊ ပြည်တွင်း၌လာရောက်ဖွင့်လှစ်သော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကျောင်းများ၊ နိုင်ငံခြားသားအတွက် နေရာထိုင်ရန်နေရာငှားရမ်းမှုများ၊ အမှတ်တရပစ္စည်းဆိုင်များ စသည်တို့တွင် ကျပ်ငွေအစား အမေရိကန်ဒေါ်လာဖြင့်ငွေပေးချေနေသကဲ့သို့ ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးအောက်ရှိ လုပ်ငန်းများ အဖွဲ့အစည်းများကလည်း မိမိတို့ရရန်ရှိသည့် လုပ်ငန်းဆောင်ရွက်မှုဝင်ငွေများကို နိုင်ငံခြားငွေဖြင့် လက်ခံဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်းလည်း ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် ထည့်သွင်း ဖော်ပြထားသည်။
ymg/sth
#Yangon _Media_Group
#LocalNews
Published_26 May 2022
လန်ချန်း-မဲခေါင်ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် မက္ကဒေးမီးယား တောင်သူများအား စက်ကိရိယာများထောက်ပံ့ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သိရသည်။
အဆိုပါ အထူးရန်ပုံငွေ၏ အထောက်အပံ့ဖြင့် ဆောင်ရွက်သည့် “လန်ချန်း-မဲခေါင်ဒေသ မက္ကဒေးမီးယားခြံငယ်ရှင်များ၏ စိုက်ပျိုးထုတ်လုပ်မှုနှင့် နည်းပညာဖွံ့ဖြိုးတိုးတက်ရေး” စီမံကိန်းကို မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့တွင် အကောင်အထည်ဖော်ဆောင်ခဲ့ပြီး မက္ကဒေးမီးယားပျိုးပင် ၃၀၂၈၂ ပင်၊ အခွံမာခွဲကိရိယာနှင့် အခွံနွှာစက် ၂၀၆ လုံးတို့ကို တောင်သူ ၁၁၈ ဦးအား ထောက်ပံပေးအပ်ခဲ့ခြင်း ဖြစ်သည်။
အဆိုပါစီမံကိန်းကို အမေရိကန်ဒေါ်လာ ၃၈၄၃၀၀ ဖြင့် ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး စီမံကိန်းကာလမှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
Published 26 May 2022
အမေရိကန်ပြည်ထောင်စုမှ ၁၉၉၉ခုနှစ်ကစပြီး ကျောင်းတွေမှာ သေနတ်နှင့်ပစ်ခတ်မှုတွေရဲ့ အနည်းဆုံး ၇၀ ရာခိုင်နှုန်းခန့်ကို အသက်၁၈နှစ်အောက်အရွယ် လူငယ်တွေ ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ မှတ်တမ်းများအရ သိရကြောင်း ဝါရှင်တန်ပို့စ်က သတင်းရေးသားပါတယ်။
အဲဒီကျူးလွန်သူတွေထဲမှာ အသက်အငယ်ဆုံးက အသက်၆နှစ်အရွယ် ပထမတန်းကလေးငယ်ဖြစ်ပြီး ၂၀၀၀ပြည့်နှစ်တုန်းက သူ့ရဲ့ အတန်းဖော်တစ်ဦးကို .၃၂ကာလီဗာပစ္စတိုနှင့်ပစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအတန်းဖော်မိန်းကလေးကို သူမကြိုက်လို့ သေနတ်နှင့်ပစ်ခဲ့တာလို့ အဲဒီကလေးငယ်ယောကျ်ားလေးက ပြောပါတယ်။
၁၉၉၉ခုနှစ်ကနေ ယခုအထိ အခင်းဖြစ်မှုတွေကို အခြေခံပြီး ကြည့်တဲ့အခါ အသက်အလယ်အလတ်ကလေးငယ်တွေဟာ ၁၆နှစ်အရွယ် ကေ-၁၂ အတန်းတက်နေသူတွေဖြစ်ပါတယ်။ ၈၆မှုထဲမှာပါဝင်တဲ့ ပစ်ခတ်သူတွေရဲ့ အသက်ကိုတော့ မသိရပါ ဘူးလို့ ပို့စ်က ရေးသားပါတယ်။
ကျူးလွန်သူတွေ ကိုင်ဆောင်တဲ့ လက်နက်တွေထဲမှာ ၈၅ရာခိုင်နှုန်းကျော်ဟာ အိမ်ကယူလာတာ ဒါမှမဟုတ် သူငယ်ချင်းတွေ ဆွေမျိုးတွေဆီက ယူလာတာတွေဖြစ်တယ်လို့ ပို့စ်ကဆက်လက်ရေးသားပါတယ်။
ဒီအချက်အလက်တွေကိုကြည့်ခြင်းဖြင့် အသက်မပြည့်သေးတဲ့ ကလေးငယ်တွေ လူသတ်လက်နက်တွေ ကိုင်လို့ရနေတာဟာ လူကြီးတွေရဲ့ လျစ်လျူရှုမှုတွေကြောင့်ဖြစ်တယ်ဆိုတာကို ညွန်ပြနေပါတယ်။
အဲဒီကျောင်းတွင်းသေနတ်ပစ်မှုတွေထဲမှာ အဆိုးရွားဆုံးထဲက တစ်ခုဟာ အင်္ဂါနေ့တုန်းကဖြစ်ခဲ့တာပါ။ တက္ကဆပ်ပြည်နယ် ယူဗယ်လ်ဒီမြို့က ရော့ဘ်မူလတန်းကျောင်းမှာ ဖြစ်ခဲ့ပြီး ကလေးငယ်၁၉ဦးနှင့် လူကြီး(၂)ဦးသေဆုံးခဲ့ရပါတယ်။
သေနတ်သမားလို့သံသယဖြစ်ရသူမှာ အသက်၁၈နှစ်အရွယ်ဒေသခံလူငယ်ဖြစ်ပြီး သူ့ကို နယ်စပ်ပတ္တရောင်အရာရှိက သေနတ်နှင့်ပစ်သတ်ခဲ့ပါတယ်။ သူဟာ AR-15 ရိုင်ဖယ်သေနတ်နှစ်လက်ကို သူ့ရဲ့ ၁၈နှစ်ပြည့်မွေးနေ့အပြီး နောက်တစ်ရက်မှာ ဝယ်ယူခဲ့တာဖြစ်တယ်လို့ ဟောက်စတန်ခရိုနီကယ်လ်သတင်းစာက ရေးပါတယ်။
၁၉၉၉ခုနှစ် ကိုလမ်ဘိုင်းအထက်တန်းကျောင်း သေနတ်ပစ်မှုကတည်းက ယခုအထိဆိုရင် ကျောင်းပေါင်း ၃၃၁ကျောင်းက ကလေးသူယ် ၃၁၁.၀၀၀ ခန့်ဟာ သေနတ်ဖြင့် အကြမ်းဖက်မှုကို မျက်မြင်ကြုံတွေ့ခဲ့ကြရတယ်လို့ ဝါရှင်တန်ပို့စ်က ရေးပါတယ်။
Source: Insider
#WorldHealth
Published 26 May 2022
နော်ဝစ်ခ်ျမြို့ ဂျွန်အင်နက်စ်စင်တာမှ သိပ္ပံပညာရှင်များဦးဆောင်တဲ့ သုတေသနအဖွဲ့ဟာ ခရမ်းချဉ်သီးတွေကို ဗိုက်တာမင်-ဒီကြွယ်ဝလာအောင် မျိုးရိုးဗီဇပြောင်းလဲထုတ်လုပ်လာကြပါတယ်။
ဗိုက်တာမင်-ဒီဟာ အရိုးများ၊ သွားများ၊ ကြွက်သားများသန်မာအောင်ပြုလုပ်ရာမှာ အရေးကြီးတဲ့ ကယ်လ်စီယမ်ဓာတ်ကို ထုတ်လုပ်ပေးပါတယ်။
ဗြိတိန်သိပ္ပံပညာရှင်တွေသာ ထုတ်လုပ်နိုင်မယ်ဆိုပါက အဆိုပါခရမ်းချဉ်သီး ၂ လုံးနေ့စဉ်စားသုံးခြင်းဖြင့် ကျန်းမာသန်စွမ်းနေစေမှာ ဖြစ်ပါတယ်။
နေရောင်နဲ့ထိတွေ့တဲ့အခါ ကျွန်ုပ်တိုခန္ဓာကိုယ်ကနေ ဗိုက်တာမင်-ဒီထွက်ရှိပေမယ့် အဓိကကရရှိတာကတော့ အစားအစာကဖြစ်ပြီး နို့ထွက်ပစ္စည်းနဲ့ အသားတွေကနေ အများဆုံးရရှိပါတယ်။
ဗိုက်တာမင်-ဒီ နည်းပါးလာပါက ကင်ဆာရောဂါကနေ နှလုံးသွေးကြောဆိုင်ရာ ရောဂါလို့ မလို လားအပ်တဲ့ရောဂါတွေ ဖြစ်လာနိုင်ပြီး နှစ်စဉ်လူပေါင်း ၁ ဘီလီယံခန့်ဟာ ဗိုက်တာမင်-ဒီ ချို့တဲ့မှုဖြစ်ပွားနေကြပါတယ်။
ခရမ်းချဉ်သီးအရွက်တွေမှာ 7-DHC လို့ခေါ်တဲ့ ဗိုက်တာမင်-ဒီ၃ များ သဘာဝအတိုင်းများစွာပါဝင်ပါတယ်။
ဗိုက်တာမင်-ဒီ၃ က ခန္ဓာကိုယ်ထဲမှာ ဗိုက်တာမင်-ဒီပမာဏ များပြားစေကြောင်း သိရှိထားကြပါတယ်။
သိပ္ပံပညာရှင်တွေက အပင်ရဲ့မျိုးရိုးဗီဇကို ပြောင်းလဲပစ်လိုက်ကာ အရွက်မှာသာမက အသီးမှာပါ 7-DHC ပမာဏသိသိသာသာများလာအောင် ပြုလုပ်ခဲ့ကြပါတယ်။
ခရမ်းချဉ်သီးအရွက်နဲ့ လှီးထားတဲ့အသီးကို ခရမ်းလွန်ရောင်ခြည်နဲ့ တစ်နာရီလောက်ထိတွေ့စေတဲ့အခါ ခရမ်းချဉ်သီးတစ်လုံးမှာပါဝင်တဲ့ ဗိုက်တာမင်-ဒီပမာဏက ကြက်ဥ ၂ လုံးစာ ဒါမှမဟုတ် တူနာငါးတစ်အောင်စလောက်ရဲ့ပမာဏနဲ့ တူညီနေကြောင်း သုတေသီတွေက Nature Plants ဂျာနယ်မှာ ဖော်ပြထားပါတယ်။
ခရမ်းလွန်ရောင်ခြည်အစား နေရောင်နဲ့ထိတွေ့အသုံးပြုလို့ရမလားဆိုတာကိုတော့ လေ့လာတွက်ချက်နေကြပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ လေ့လာချက်ကို ဗြိတိန်မှာတရားဝင်ခွင့်ပြုလိုက်ပြီဖြစ်ပေမယ့် ဈေးကွက်ကိုရောက်ဖို့တော့ အချိန်ယူရဦးမှာဖြစ်ပါတယ်။
စားစရာတွေကနေ ဗိုက်တာမင်-ဒီရရှိမှုနည်းပါးလာတာကိုဖြေရှင်းဖို့ ဗီဇပြောင်းလဲထားတဲ့ခရမ်းချဉ်သီး ၂ လုံးစားရုံနဲ့လုံလောက်မှုရှိပြီး သာမန်ခရမ်းချဉ်သီးနဲ့ ခွဲခြားသိရှိဖို့တော့ ခက်ခဲကြောင်း ဦးဆောင်လေ့လာသူ’ဂျီလီ’က ပြောပြခဲ့ပါတယ်။
Source: Reuters
#Yangon_Media_Group
#WorldHealth
Published 26 May 2022
ကိုရိုနာဗိုင်းရပ်စ်ရဲ့ အိုမီခရွန်မျိုးဗီဇကွဲကူးစက်ခြင်းဟာ ကိုဗစ်ကာကွယ်ဆေးထိုးထားတဲ့လူငယ်တွေမှာ နှလုံးသွေးကြောဆိုင်ရာကျန်းမာရေးကို မထိခိုက်စေကြောင်း လေ့လာတွေ့ရှိထားပါတယ်။
အရင်ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲတွေက ရောဂါကူးစက်ခံရသူရဲ့နှလုံးနဲ့ သွေးကြောများကို ဆိုးကျိုးများဖြစ်ပေါ်စေကြောင်း တွေ့ရှိခဲ့ရပါတယ်။
ဒါကြောင့် အဆိုပါဘေးအန္တရာယ်မျိုး လူငယ်တွေမှာလည်း ဖြစ်နိုင်လားဆိုတာကိုသိရဖို့ သုတေသီများ စမ်းသပ်မှုပြုလုပ်ခဲ့ပါတယ်။
နှလုံးနဲ့ သွေးလည်ပတ်စီးဆင်းခြင်းဆိုင်ရာ ဇီဝကမ္မသဘောတရားအတိုင်း နှလုံးသွေးကြောလည်ပတ်စနစ်မှာ သွေးကြောလုပ်ဆောင်ချက်၊ တုန့်ပြန်လှုပ်ရှားမှု၊ သွေးလွှတ်ကြောမာတောင့်ခြင်း၊ နှလုံးခုန်နှုန်းအပြောင်းအလဲ၊ သွေးပေါင်ချိန်အပြောင်းအလဲအတွင်း နှလုံးတုန့်ပြန်မှု စတာတွေကိုလေ့လာရာမှာ ထင်ထားတာနဲ့ဆန့်ကျင်ဘက်ဖြစ်နေခဲ့ကြောင်း ဇီဝကမ္မအမေရိကန်ဂျာနယ်မှာ ဖော်ပြထားပါတယ်။
စမ်းသပ်ခဲ့သူတွေဟာ ပျှမ်းမျှအရွယ်စရောက်သူတွေကနေ ၂၅ နှစ်ကြား ပါဝင်ခဲ့ကာ ကိုဗစ်ကာကွယ်ဆေးထိုးထားပြီး အိုမီခရွန်ကူးစက်ခဲ့တဲ့လူငယ် ၂၃ ဦးနဲ့ ကာကွယ်ဆေးထိုးထားပြီး ရောဂါမကူးစက်ဖူးတဲ့လူငယ် ၁၃ ဦးတို့ကို နှိင်းယှဉ်ကြည့်ခဲ့ရာမှာ ကွာခြားမှုမရှိတာကို တွေ့ခဲ့ရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲတိုင်းကတော့ လူငယ်တွေမှာ နှလုံးသွေးကြောဆိုင်ရာပြဿနာများ ဖြစ်စေနိုင်တာမဟုတ်ကြောင်း၊ ဒါပေမဲ့လဲ ရေရှည်မှာတော့ ထိခိုက်စေနိုင်တဲ့အထောက်အထားမျိုးတွေ့ရကြောင်း၊ နောက်ထပ်လေ့လာစစ်ဆေးမှုတွေ ပြုလုပ်သွားဖို့လိုအပ်ကြောင်း ဖော်ပြထားကြပါတယ်။
Source: Reuters.
#Yangon_Media_Group
#LocalNews
Published_26 May 2022
ပိုင်ရှင်မှစွန့်လွှတ်သည့် မော်တော်ယာဉ် ၂၈ စီး ကို သီလဝါကုန်သေတ္တာစစ်ဆေးရေးစခန်းမှသိမ်းဆည်းရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
မေလ ၂၄ ရက်က အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် မြန်မာအပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း(သီလဝါ) ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)သက်တမ်းကျော်လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိဘဲ ပိုင်ရှင်မှစွန့်လွှတ်သည့် မော်တော်ယာဉ် ၂၈ စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၂၃၁၁၀၃၈၃) ကို သိမ်းဆည်းရမိခဲ့သောကြောင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မေလ ၂၃ ရက်ကလည်း ထီးတန်းဆိပ်ကမ်း ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ တာဝန်ကျအကောက်ခွန်အဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သွင်းကုန်ကြေညာလွှာ (ID)သက်တမ်းကျော်လွန်ပြီး လာရောက်ထုတ်ယူခြင်းမရှိဘဲ ပိုင်ရှင်မှစွန့်လွှတ်သည့် Light Truck (RHD) အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၀၁၄၆၈၈)ကို သိမ်းဆည်းရမိခဲ့သောကြောင့် အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ အရေးယူထားကြောင်းသိရသည်။
ymg/mt
#Yangon_Media_Group
Page 1508 of 1686