#Local_News
Published_30 January 2023

ဖုန်းဆင်းကတ်များ အချက်အလက်မှန်၊ မမှန် စစ်ဆေးပြီး ဆင်းကတ်မှတ်ပုံတင်သည့် အမည်/နိုင်ငံသားစိစစ်ရေးကတ်အမှတ်တို့ကို မှန်/မမှန် စစ်ဆေးပြီး ပြင်ဆင်ရန်လိုအပ်ပါက ယခုလဇန်နဝါရီလ ၃၁ ရက်နောက်ဆုံးထား၍ ပြန်လည်ပြင်ဆင်သတ်မှတ်ရန် မိုဘိုင်းဖုန်းအော်ပရေတာများမှ ထပ်မံအသိပေးထားသည်။

 

ဆင်းကတ်များ ဝယ်ယူအသုံးပြုရာတွင် မိမိတို့၏ အချက်အလက်များကို မှန်ကန်စွာဖြည့်စွက်၍ မှတ်ပုံတင်ဝယ်ယူသုံးစွဲကြပါရန်နှင့် လက်ရှိအသုံးပြုလျက်ရှိသော ဆင်းကတ်များကိုလည်း အချက်အလက် မှန်ကန်စွာ မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိ ပြန်လည်စစ်ဆေးကြရန် လိုအပ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည်။

 

ယင်းအပြင် ဆင်းကတ်များမှတ်ပုံတင်ရာတွင် ဖြည့်စွက်ရသည့် အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် စသည့်အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ အချက်အလက်များနှင့် တိုက်ဆိုင်စစ်ဆေး၍ အချက်အလက်မှန်ကန်စွာဖြည့်စွက်ထားခြင်းမရှိသည့် ဆင်းကတ်များကို ပိတ်သိမ်းမည်ဖြစ်ပြီး လက်ကျန်ငွေကို ပြည့်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

အလားတူ ဖုန်းဆင်းကတ်များ ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းကို သက်ဆိုင်ရာ အော်ပရေတာများ၏ အရောင်းဆိုင်များ ၊ Application များနှင့် Website တွင်ဆောင်ရွက်နိုင်ကြောင်း သိရသည်။

 

#ymg/sth
#Yangon_Media_Group