#DailyNews
Published - 13 July 2022
၁။ဓာတုဗေဒအနံ့အသုံးပြုထားသည့် စားသုံးဆီဈေးကွက်ကို ဖယ်ရှားပေးရန်ဆီစက်ပိုင်ရှင်များအသင်းတောင်းဆို
၂။လူစုလူဝေးများသည့်အခမ်းအနားများ၊ ဘုရားများတွင် Mask များ မဖြစ်မနေပြန်တက်ရန်လို
၃။ နေ့စဉ်မိုးလေဝသသတင်း။
၄။ လီဝန်ဒီအမျိုးသားဥယျာဉ်မှ ဆင်အကောင်ရေ (၂၅၀)အား မာလာဝီနိုင်ငံသိုရွှေ့ပြောင်း... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_13 July 2022
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် မိန်းမကြွယ်ကျေးရွာအနီး ပင်လယ်ကမ်းခြေတွင် တော်ပီတိုတစ်လုံးသောင်တင်နေသည်ကို ယနေ့ ဇူလိုင်လ ၁၃ ရက် နံနက်ပိုင်းက ဒေသခံများတွေ့ရှိခဲ့ကြောင်း သိရသည်။
ယင်းအပေါ်တွင် D&P Torpedo ဟု ရေးသားထားကြောင်း ၊ အရှည် ၉ ပေ၊ လုံးပတ် ၃ ပေပတ်လည်ရှိကြောင်းနှင့် လက်ရှိတွင် တာဝန်ရှိသူများ စစ်ဆေးရန် ရောက်ရှိနေကြောင်း မိန်းမကြွယ်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့က ပြောကြားထားသည်။
ymg/mt
#Yangon_Media_Group
photo-USanMyatShwe
#Local_News
Published_13 July 2022
ကချင်ပြည်၊မိုးမောက်မြိုနယ်၊လွယ်ဂျယ်မြိုရှိ ကြံစိုက်ခင်းတွင် အသက်(၅)အရွယ်ကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ကာ လွယ်ဂျယ်မြိုအနီးရှိ ကြံစိုက်ခင်းတစ်ခင်းတွင်အလောင်းဖွက်ထားခဲ့သည့် တရားခံဖြစ်သူကို ဖမ်းဆီးမိပြီဖြစ်ကြောင်း သိရသည်။
ကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူမှာ အသက် ၃၀ အရွယ် မောင်.......ဆိုသူဖြစ်ပြီး ယင်းကို ဇူလိုင်လ ၁၁ ရက်က မိုးမောက်မြိုတွင်ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်သူ၏ ဖြောင့်ချက်အရ ယင်း၏ဇနီးနှင့် သေဆုံးသည့် ကလေးငယ်၏ မိခင်ဖြစ်သူတို စကားများရန်ဖြစ်ကြရာမှ အဓမ္မပြုကျင့်သတ်ဖြတ်သူ၏ ဇနီးမှာ ကလေးမွေးဖွားထားသည့် ရက်ပိုင်းသာရှိသည့်အချိန်ဖြစ်သောကြောင့် သွေးလွန်ပြီးလေဖြတ်ခဲ့ရသည်ကို မကျေနပ်၍ ဖြစ်ကြောင်း သိရသည်။
ယခုအခါ ယင်းကျူးလွန်သူကို ရာဇသတ်ကြီးပုဒ်မ ၃၀၂နှင့်၃၇၆ တိုဖြင့် သက်ဆိုင်ရာနယ်မြေရဲစခန်းက အမှုဖွင့်ကာတရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published_ 13 July 2022
ယူနီဆက်က ကယားပြည်နယ်အတွင်း ပဋိပက္ခကြောင့် ထိခိုက်ခံစားရသူများကို ထောက်ပံ့ပစ္စည်းများ ပံ့ပိုးပေးနေကြောင်း သတင်းထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့လအတွင်းမှာ ယူနီဆက်က လွိုင်ကော်မြိုနဲ့ ဒီမောဆိုးမြို့ရှိ ကလေးသူငယ်များနဲ့ မိသားစု စုစုပေါင်း ၁၆,၀၀၀ ဦးအတွက် အခြေခံရေနှင့် သန့်ရှင်းရေးသုံးပစ္စည်းများ၊ ကလေးသူငယ် အကာအကွယ်များ၊ ပညာရေး၊ ကျန်းမာရေးနဲ့ အာဟာရထောက်ပံ့ပစ္စည်း များ ပံ့ပိုးပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ယူနီဆက်က ယားပြည်နယ်အတွင်းက ပဋိပက္ခကြောင့် ထိခိုက်ခံစားနေကြရ သူများဖြစ်တဲ့ အားနည်းထိခိုက်လွယ်သူ ကလေးသူငယ်များ၊ ဆယ်ကျော်သက်လူငယ်များနဲ့ မိသားစုများအတွက် အရေးပါတဲ့ အသက်ကယ်ထောက်ပံ့ပစ္စည်းများ ပံ့ပိုးပေးခဲ့ပါတယ်။
အဆိုပါ ထောက်ပံ့ပစ္စည်းများကို USAID's Bureau for Humanitarian Assistance ၊ Udenrigsministeriet ၊ EU Civil Protection & Humanitarian Aid ၊ Auswärtiges Amt ၊ Japan - The Government of Japan ၊ UNICEF KOREA နဲ့ Utenriksdepartementet (Norge)က ပံ့ပိုးကူညီခဲ့တယ်လို့ ယူနီဆက်ရဲ့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ymg-mnn
#Yangon_Media_Group
#Local_News
Published _ 13 June 2022
မြန်မာနိုင်ငံအတွင်းရှိ တိုင်းနှင့် ပြည်နယ်အချို့တွင် ကြက်တန်းကျနာ (ခေါ်) ကြက်လည်လိမ်ရောဂါများ ဖြစ်ပွားနေသဖြင့် ကြက်များ အသေအပျောက်များ ကာဆုံးရှုံးမှုများ ဖြစ်ပေါ်နေကြောင်း ကြက်မွေးမြူရေးခြံများမှ သိရသည်။
လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့၌ ယင်းရောဂါကျရောက်မှု အများဆုံးတွေ့ရပြီး အခြားဒေသအများအပြားတွင်လည်း ဖြစ်ပွားနေကြောင်း သိရသည်။
ကြက်လည်လိမ်ရောဂါသည် Paramyxo အမည်ရှိ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားခြင်းဖြစ်ကာ ကူးစက်ပျံ့နှံမှုမြန်ဆန်သည့်အပြင် အသေပျောက်ဆုံးရှုံးမှုများလည်းများသဖြင့် ရောဂါမဖြစ်ပွားမီ ကာကွယ်ဆေးများ ကြိုတင်အသုံးပြုထားသင့်ပြီး ကာကွယ်ဆေးများကို တိမွေး၊ ကုဌာနများတွင် ရယူနိုင်သကဲ့သို့ ဈေးကွက်တွင်လည်း ဝယ်ယူနိုင်ကြောင်း တိရစ္ဆာန်ရောဂါဗေဒဆိုင်ရာ ကျွမ်း ကျင်သူများ၏ ပြောဆိုချက်အရ သိရသည်။
ကြက်လည်လိမ်ရောဂါ ဖြစ်ပွားသည့် ကြက်များသည် တောင်ပံကျပြီး အမွှေးပွကာ မှိုင်နေခြင်း၊ ဝမ်းပျက်၊ ချေးစိမ်းပါခြင်းတို့အပြင် ရောဂါကြောင့် အာရုံကြော ထိခိုက်မှုရှိပါက လည်ပင်းလိမ်ခြင်း၊ အကြောဆွဲခြင်း၊ ခြေ ထောက်မသန်ခြင်း စသည့် လက္ခဏာများ ပြတတ်ပြီး ကိုယ်ခံအားကျသည့် ကြက်အုပ်များတွင် ခြံလုံးကျွတ် အသေအပျောက်ဖြစ်တတ်ကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
Published 13 July 2022
အမေရိကန်နိုင်ငံရဲ့ ကုလသမဂ္ဂသံအမတ်ကြီးဟောင်းနှင့် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေးလုပ်ခဲ့သူ ဂျွန်ဘော်လ်တွန်က နိုင်ငံခြားတိုင်းပြည်တွေမှာ အာဏာသိမ်းမှုတွေကြိုးစားတဲ့ အစီအစဉ်တွေမှာ သူပါဝင်ကူညီခဲ့ဖူးတယ်လို့ အင်္ဂါနေ့က ဝန်ခံ ပြောကြားလိုက်ပါတယ်။
အမေရိကန်ကက်ပီတယ်တိုက်ခိုက်မှု ၂၀၂၁ ဇန်နဝါရီ ၆ ရက်ကိစ္စ ကွန်ဂရက်ကြားနာမှုအပြီး နောက်တစ်ရက်မှာ ဘော်လ်တွန်က စီအင်န်အင်နရုပ်သံကို ပြောကြားလိုက်တာ ဖြစ်ပါတယ်။၂၀၂၀ ရွေးကောက်ပွဲရှုံးပြီးနောက် အာဏာဆက်တည်မြဲအောင် အဲဒီအကြမ်းဖက်မှုကို သမ္မတဟောင်း ဒေါ်နယ်ထရမ့်က လှုံ့ဆော်ခဲ့တယ်လို့အင်္ဂါနေ့က ခုံအဖွဲ့ဝင် ဥပဒေပြုအမတ်တွေက စွပ်စွဲခဲ့ပါတယ်။
စီအင်န်အင်န်ရဲ့ အစီအစဉ်တင်ဆက်သူ ဂျိတ်တက်ပါနှင့် ပြောဆိုရာမှာ အသေအချာစီစဉ်ထားတဲ့ အာဏာသိမ်းမှုတစ်ခုကို ဆွဲထုတ်ယူဖို့လောက်အထိ ထရမ့်မှာ အရည်အချင်းမရှိပါဘူးလို့ ဘော်လ်တွန်က ပြောခဲ့ပါတယ်။
“ အာဏာသိမ်းတာကို ကူညီသူတစ်ဦးဟာ ဒီမှာမဟုတ်ဘူး..ဒါပေမယ့် အခြားနေရာတွေမှာ ခင်ဗျားသိပါတယ်။ အလုပ်တွေ အတော်များတာ။ ထရမ်လုပ်သလိုမျိုးလုပ်ရတာမဟုတ်ဘူး” လို့သူကပြောပါတယ်။
အာဏာသိမ်းကြိုးစားမှုတွေဆိုတာ ဘာကိုရည်ညွှန်းတာလဲလို့ တက်ပါက ဘော်လ်တွန်ကိုမေးတဲ့အခါ သူက..
“ အသေးစိတ်တော့မပြောဘူးဗျာ” လို့ ဘော်တွန်က ဗင်နီဇွဲလားကို ညွှန်းဆိုမှုမပြုခင် ပြောပါတယ်။ အဲဒီနောက်
“ အဲဒါက အောင်မြင်မှုမရခဲ့ဘူး။ ကျွန်တော်တို့ အများကြီးလုပ်ခဲ့တာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ အတိုက်အခံတွေကို ကြိုးစားခိုင်းတာ။ တရားမဝင်ရွေးကောက်ထားတဲ့သမ္မတတစ်ဦးကို လှန်ပစ်ဖို့ ဒါပေမယ့် မအောင်မြင်ခဲ့ဘူး” လို့ သူကပြောပါတယ်။
၂၀၁၉ခုနှစ်မှာ ဗင်နီဇွဲလား ဆိုရှယ်လစ်သမ္မတ နီကိုးလတ်စ် မာဒူရိုကို ဖြုတ်ချပစ်ဖို့ အတိုက်အခံခေါင်းဆောင် ဂျုအန်ဂူအိုင်ဒိုက စစ်တပ်ရဲ့ ကျောထောက်နောက်ခံရအောင်ကြိုးစားခဲ့တာတွေ ကို ဘော်လ်တွန်ဟာ အမျိုးသားလုံခြုံရေးအကြံပေးတစ်ဦးအဖြစ် လူသိရှင်ကြား ထောက်ခံအားပေးခဲ့တာပါ။ မာဒူရို ပြန်ရွေးချယ်ခံရတာဟာ တရားမဝင်ဘူးလို့ ဘော်လ်တွန်က ငြင်းခုန်ခဲ့တာပါ။ ဒါပေမယ့် မာဒူရိုဟာ အာဏာဆက်ပြီး ကောင်းကောင်းထိန်းထားဆဲ ဖြစ်ပါတယ်။
“ဗင်နီဇွဲလားအပြင် အခြားအရာတွေလည်း ရှိသေးတာကို ခင်ဗျားမပြောသေးဘူးလို့ ကျွန်တော်ခံစားနေရတယ်” လို့ စီအင်အင်န် အစီအစဉ်တင်ဆက်သူကမေးတဲ့အခါ သူက “ ရှိခဲ့တာ သေချာတာပေါ့ဗျာ” လို့ ပြန်ပြောခဲ့ပါတယ်။
အခြားနိုင်ငံတွေအပေါ် ဝင်ရောက်စွက်ဖက်ခဲ့တဲ့ ဝါရှင်တန်ရဲ့ သမိုင်းကြောင်းကို နိုင်ငံခြားရေးရာမူဝါဒကျွမ်းကျင်ပညာရှင် တော်တော်များများက နှစ်ပေါင်းများစွာ ဝေဖန်လာခဲ့ကြတာဖြစ်ပါတယ်။အဲဒီအထဲမှာ အီရန်ရဲ့ အမျိုးသားရေးဝန်ကြီးချုပ် မိုဟာမက် မိုဆာဒက်ကို ဖြတ်ချခဲ့တဲ့ ၁၉၅၃ ဖြစ်ရပ်နှင့် ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်ပါဝင်ခဲ့တဲ့ အခန်းကဏ္ဍနှင့် အီရတ်နှင့် အာဖဂန်နစ္စတန်ကို ကျူးကျော်ခဲ့တာတွေပါဝင်ပါတယ်။
ဒါပေမယ့် နိုင်ငံခြားတိုင်းပြည်တွေ မငြိမ်မသက်ဖြစ်အောင် အမေရိကန်က ပါဝင်ဆောင်ရွက်ခဲ့တာတွေကို အမေရိကန် အရာရှိတွေက ထုတ်ဖော်ပြောကြားတာမျိုးဟာ သိပ်ပြီးဖြစ်လေ့ဖြစ်ထမရှိတဲ့ကိစ္စဖြစ်ပါတယ်။
“ အမေရိကန်အစိုးရရဲ့ အဆင့်အမြင့်ဆုံးရာထူးတွေနှင့် ကုလသံအမတ်ကြီးအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဂျွန်ဘော်လ်တွန်က အခြားနိုင်ငံတွေမှာ အာဏာသိမ်းအစီအစဉ်တွေကို သူကူညီခဲ့တယ်လို့ ခပ်ကြွားကြွားလေးပြောတာဖြစ်တယ်” လို့ ကင်ညာက ဘီဘီစီသတင်းထောက် ဒစ်ကင်းအိုလီဝီက တွစ်တာမှာရေးခဲ့ပါတယ်။
Source Reuters
#John_Bolton
#Washington_help_attempted_coup
#US_Politics
#Local_News
Published - 13 July 2022
လာမည့်ပြောင်းရာသီချိန်တွင် တရုတ်နိုင်ငံအကောက်ခွန် အထွေထွေအုပ်ချုပ်မှု အာဏာပိုင်အဖွဲ့(GACC) တွင် မှတ်ပုံတင်ထားသည့် ပြောင်းများကို နယ်စပ်ဒေသမှတစ်ဆင့် တရုတ်နိုင်ငံသို့ စတင်တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။
"အဲဒါတော့ဟုတ်တယ်။ တရုတ်နိုင်ငံ GACC နဲ့ စိုက်ပျိုးရေးဦးစီးဌာနတို့ မတ်လမှာ လက်မှတ်ထိုးပြီးသွားပြီ။ အခုတင်ပို့မဲ့ ကုမ္ပဏီတွေကို စီစစ်ပြီးတော့ တရုတ်ပြည်ကို မှတ်ပုံတင်ဖို့ပို့ထားတယ်။ မှတ်ပုံတင်ကျပြီဆိုတာနဲ့ တင်ပို့လို့ရပြီ။ တခြားနိုင်ငံတွေကိုလည်းပို့တယ်။ တရုတ်ကျတော့ GACC နှစ်နိုင်ငံလက်မှတ်မရှိရင် ပိုခွင့်မရှိဘူး။ အခုကျတော့ လက်မှတ်ထိုးပြီးပြီဆိုတော့ ပို့လို့ရပြီ"ဟုမြန်မာနိုင်ငံ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ ဥက္ကဌ ဦးထွန်းလွင်က YMG ကို ပြောသည်။
လက်ရှိ မြန်မာ့ပြောင်းများကို ထိုင်းနိုင်ငံအပါအဝင် အခြားနိုင်ငံများသို့ တင်ပို့လျက်ရှိပြီး လာမည့်ပြောင်းရာသီမှ စတင်ကာ တရုတ်နိုင်ငံသို့ GACC မှတ်ပုံတင်ကာ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။
ပြောင်းအများဆုံး စိုက်ပျိုးသည့် ဒေသဖြစ်သော ရှမ်းပြည်နယ်မှ ပြောင်းများကို တင်ပို့သွားမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်မှ ပြောင်းများသည် အောက်တိုဘာလတွင် ထွက်ရှိမည်ဖြစ်ပြီး GACC မှတ်ပုံတင်ကာ တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရပါက တောင်သူများအတွက် အကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြန်မာ့ပြောင်းများကို နယ်စပ်ဒေသမှတဆင့် ထိုင်းနိုင်ငံသို့နှစ်စဉ် ဖေဖော်ဝါရီလမှ သြဂုတ်လအတွင်း အခွန်သက်သာခွင့်ဖြင့် တင်ပို့နေပြီး လာမည့် ပြောင်းရာသီတွင် တရုတ်နိုင်ငံသို့ပါ တင်ပို့နိုင်မည်ဖြစ်သည့်အတွက် ပြည်ပဈေးကွက်ပိုမိုရရှိလာမည်ဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#WorldPolitics
Published 13 July 2022
သီရိလင်္ကာနိုင်ငံသမ္မတ'ဂိုတာဘာယာရာဂျာပက်ဆာ'ဟာ သမ္မတရာထူးမှ မဆင်းခင်နာရီပိုင်းအလိုမှာပဲ မော်လ်ဒိုက်နိုင်ငံသို ဗုဒ္ဓဟူးနေ့က ထွက်ပြေးသွားခဲ့ကြောင်း ရိုက်တာသတင်းဌာနက သိရှိခဲ့ရပါတယ်။
သီရိလင်္ကာနိုင်ငံအတွင်း စီးပွားရေးကျပ်တည်းမှုများကို အစိုးရအဖွဲ့က ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတာကြောင့် အကြီးအကျယ်ဆန္ဒပြမှုများဖြစ်ပွားခဲ့ပြီး သမ္မတနဲ့အဖွဲ့ကို ရာထူးမှနှုတ်ထွက်ဖို့ ဖိအားပေးခဲ့ကြပါတယ်။
'ရာဂျာပက်ဆာ'နဲ့သူ့ဇနီးအပြင် သက်တော်စောင့် ၂ ဦးတို့ဟာ သီရိလင်္ကာလေတပ်လေယာဉ်ဖြင့် ထွက်ခွာသွားခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးအရာရှိတစ်ဦးက ပြောပြပါတယ်။
သမ္မတက မော်လ်ဒိုက်မြို့တော်မာလီမှာရှိကြောင်း၊ အဲဒီကနေတဆင့် နောက်ထပ်အာရှနိုင်ငံတစ်ခုကို ဆက်လက်သွားရောက်ဖွယ်ရှိကြောင်း 'ရာဂျာပက်ဆာ'နဲ့နီးစပ်တဲ့ အစိုးရအရာရှိတစ်ဦးက ထုတ်ဖော်ခဲ့ပါတယ်။
လက်ရှိသမ္မတတစ်ဦးကို နိုင်ငံကထွက်ခွာဖို့ ဥပဒေအရ မတားဆီးနိုင်ဘူးလို့ အာဏာပိုင်များက ပြောကြားခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးအရာရှိက ဆိုပါတယ်။
ဆန္ဒပြသူထောင်ပေါင်းများစွာက သမ္မတနေအိမ်နဲ့ ဝန်ကြီးချုပ်နေအိမ်တို့ကို စနေနေ့က ဝင်စီးခဲ့ကြပြီး ရာထူးမှနှုတ်ထွက်ဖို့တောင်းဆိုခဲ့ကြရာ အစိုးရညီညွတ်ရေးအတွက် 'ရာဂျာပက်ဆာ'က ဗုဒ္ဓဟူးနေ့မှာရာထူးကဆင်းပေးရမှာဖြစ်ပါတယ်။
သောကြာနေ့ကတည်းက သမ္မတကိုမြင်တွေ့ရခြင်းလည်း မရှိတော့ပါဘူး။
သီရိလင်္ကာပါလီမန်မှ ပြောရေးဆိုခွင့်ရှိသူ'မာဟင်ဒါယာပါအဘေးဝါဒီနာ'က သမ္မတဆီက ဆက်သွယ်မှုမရသေးဘူးလို့ ဆိုပါတယ်။
'ရာဂျာပက်ဆာ'က ဗုဒ္ဓဟူးနေ့နှောင်းပိုင်းမှာ နှုတ်ထွက်စာပေးပို့လာလိမ့်မယ်လို သမ္မတနဲ့နီးစပ်တဲ့သတင်းအရင်းအမြစ်များမှ သိရပါတယ်။
ဝန်ကြီးချုပ်'ရာနီလ်ဝစ်ခ်ရမ်ဆင်ဂီ'ကိုလည်း ရာထူးနှုတ်ထွက်ဖို့ ဖိအားပေးထားကြပြီး သူသာနှုတ်ထွက်မယ်ဆိုရင် အခြေခံဖွဲ့စည်းပုံအရ နောက်ထပ်သမ္မတအသစ် မရွေးချယ်ခင်အချိန်အထိ ပါလီမန်ပြောရေးဆိုခွင့်ရှိသူက ယာယီသမ္မတအဖြစ် အုပ်ချုပ်ရမှာဖြစ်ပါတယ်။
ပါလီမန်က သောကြာနေ့မှာ ပြန်လည်ကျင်းပမှာဖြစ်ပြီး နောက် ၅ ရက်နေရင် သမ္မတအသစ်ကို မဲပေးရွေးချယ်သွားမယ်လို့ 'အဘေးဝါဒီနာ'ကဆိုပါတယ်။
ဝန်ကြီးချုပ်ဟောင်း'မာဟင်ဒါရာဂျာပက်ဆာ'အပါအဝင် 'ရာဂျာပက်ဆာ'မိသားစုမျိုးနွယ်ဟာ လူဦးရေ ၂၂ သန်းရှိတဲ့ သီရိလင်္ကာနိုင်ငံကို လက်ဝါးကြီးအုပ်စိုးထားခဲ့ပြီး နိုင်ငံသားတွေက လက်ရှိဖြစ်ပျက်နေတဲ့ပြဿနာတွေအတွက် သူတို့ကိုအပြစ်တင်နေကြပါတယ်။
ဧည့်ခရီးသွားလုပ်ငန်းကို မှီခိုနေရတဲ့သီရိလင်္ကာစီးပွားရေးဟာ ကိုဗစ်ကပ်ရောဂါကြောင့် အကြီးအကျယ်ထိခိုက်ပျက်စီးခဲ့ရတဲ့အပြင် ဓာတုမြေဩဇာများပိတ်ပင်ခြင်းက လယ်ယာထွက်ကုန်များကိုထိခိုက်စေကာ နိုင်ငံရပ်ခြားမှ သီရိလင်္ကာလုပ်ငန်းရှင်တွေဆီကလည်း ငွေလွှဲပို့ခြင်းများ ကျဆင်းလာခဲ့ပါတယ်။
နောက်ပိုင်းမှာတော့ ဓာတုမြေဩဇာပိတ်ပင်ခြင်းကို ပြန်လည်ခွင့်ပြုခဲ့ပါတယ်။
'ရာဂျာပက်ဆာ'တို့က ၂၀၁၉ ခုနှစ်မှာ ပြည်သူများအကြိုက် အခွန်ဖြတ်တောက်မှုကို အကောင်အထည်ဖော်ခဲ့ရာ အစိုးရဘဏ္ဍာရေးစနစ်ကိုထိခိုက်စေပြီး နိုင်ငံခြားအရန်ငွေထားရှိမှုလျော့ပါးလာကာ ပြည်ပမှ လောင်စာဆီ၊ အစားအစာနဲ့ ဆေးဝါးတင်သွင်းမှုများ လျှော့ချခဲ့ပါတယ်။
စက်သုံးဆီခွဲတမ်းရရှိမှု အလွန်ဆိုးရွားတဲ့အခြေအနေရောက်ရှိခဲ့ပြီး မီးဖိုဂတ်စ်အရောင်းဆိုင်တွေရှေ့မှာ လူပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေကြရပါတယ်။
ပြီးခဲ့တဲ့လက ငွေကြေးဖောင်းပွမှု ၅၄.၆ ရာခိုင်နှုန်းမြင့်တက်ခဲ့ကာ နောင်လာမယ့်လတွေမှာ ၇၀ ရာခိုင်နှုန်းလောက်အထိရှိလာနိုင်ကြောင်း ဗဟိုဘဏ်ကသတိပေးထားပါတယ်။
Source: Reuters
#Yangon_Media_Group
#Health_Science
Published 13 July 2022
ကမ္ဘာ့ပထမဆုံးကိုယ်ဝန်သည် အီဂျစ်မံမီဟာ ရှားပါးကင်ဆာရောဂါနဲ့ သေဆုံးခဲ့တာဖြစ်ကြောင်း လေ့လာချက်အသစ်မှာ တွေ့ရှိခဲ့ပါတယ်။
ပိုလန်မှသုတေသီများက အရိုးမှာပုံမှန်မဟုတ်တဲ့ အမှတ်အသားများတွေ့ရှိပြီး အလောင်းရဲ့ဦးခေါင်းကို ဓာတ်မှန်ရိုက်ခဲ့ပါတယ်။
ထို့နောက် နှာခေါင်းလည်ချောင်းကင်ဆာခံစားရတဲ့ လူနာများကဲ့သို့ ထိုမံမီဟာလည်း ဒီရောဂါနဲ့သေဆုံးခဲ့တာဖြစ်မယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်။
ထိုကင်ဆာမျိုးက နှာခေါင်းအနောက်ဘက်နဲ့ ပါးစပ်အနောက်ဘက်တို့ကိုဆက်ထားတဲ့ လည်ချောင်းနေရာမှာတွေ့ရတဲ့ ရှားပါးကင်ဆာမျိုးဖြစ်ပါတယ်။
ထိုအမျိုးသမီးဟာ ကိုယ်ဝန်ဆောင်ကာလ ၂၈ ပတ်အချိန်မှာ သေဆုံးခဲ့တာကိုသိရှိကြပြီး အခုတော့ သေဆုံးရတဲ့အကြောင်းအရင်းကိုပါ သိရှိခဲ့ကြပါပြီ။
ဦးခေါင်းခွံက ထိခိုက်ဒဏ်ရာတွေဟာ အကျိတ်နဲ့ ဦးခေါင်းခွံအရိုးတို့ကြောင့်ဖြစ်ပြီး မံမီအလောင်းစီမံခြင်းကြောင့်မဟုတ်ကြောင်း ဝါဆောမံမီလုပ်ငန်းအဖွဲ့(WMP)က ရုပ်ပုံများပြသခဲ့ပါတယ်။
အခုဆိုရင် သိပ္ပံပညာရှင်တွေက တစ်ရှူးနမူနာအသားစများရယူပြီး အခြားအီဂျစ်မံမီတွေရဲ့ ကင်ဆာနမူနာအသားစများနဲ့ နှိုင်းယှဉ်ကြည့်ဖို့စီစဉ်နေကြပါတယ်။
ကင်ဆာရဲ့မော်လီကျူး အမှတ်အသားများကိုကြည့်ပြီး ကင်ဆာဆင့်ကဲပြောင်းလဲလာပုံကို လေ့လာကာ ခေတ်မီကုသနည်းများထုတ်လုပ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။
ဒါ့အပြင် နှာခေါင်းလည်ချောင်းကင်ဆာက ဗိုင်းရပ်စ်ရောဂါကူးစက်ခြင်းလား မျိုးရိုးဗီဇရောဂါလားဆိုတာကို သိရဖို့လည်း ဆုံးဖြတ်ပေးနိုင်မှာဖြစ်ပါတယ်။
ထိုမံမီအလောင်းကို အီဂျစ်အထက်ပိုင်းသီဘက်စ်ရှိ တော်ဝင်မျိုးနွယ်အုတ်ဂူမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ကလီယိုပက်ထရာဘုရင်မခေတ် ပထမရာစုဘီစီအချိန်လောက်ကဖြစ်ဟန်ရှိပြီး ၁၈၀၀ ခုနှစ်အစောပိုင်းမှာတွေ့ရှိခဲ့တာ ဖြစ်နိုင်ပါတယ်။
ထိုအလောင်းကို ပိုလန်နိုင်ငံဝါဆောမြို့သို့ ၁၈၂၆ မှာယူဆောင်လာပြီး လက်ရှိမှာတော့ ဝါဆောအမျိုးသားပြတိုက်မှာ ထားရှိပါတယ်။
ပြီးခဲ့တဲ့နှစ်က အလောင်းစစ်ဆေးမှုပြုလုပ်ခဲ့ရာ ထိုအမျိုးသမီးဟာ သေဆုံးချိန်မှာ အသက် ၂၀ မှ ၃၀ နှစ်ကြားရှိပြီး ကိုယ်ဝန်ဆောင်ကာလ ၂၆ ပတ်မှ ၃၀ ပတ်ကြားရှိနေနိုင်ပါတယ်။
သူ့ရဲ့သန္ဓေသားလောင်းက တင်ပါးရိုးကြားမှာရှိပြီး အမေနဲ့အတူ မံမီစီရင်ထားခြင်းခံခဲ့ရပါတယ်။
အမေနဲ့အတူ ငရဲပြည်ကိုသွားပြီးမှ ကလေးက တမလွန်ဘဝရောက်ရှိနိုင်မယ်လို ရှေးအယူအဆတွေရှိခဲ့တဲ့ပုံပါပဲ။
မံမီရုပ်မှာ ကင်ဆာရောဂါတွေ့ရတာဟာ ဒါပထမဆုံးအကြိမ်မဟုတ်ပါဘူး။
၂၀၁၇ ခုနှစ်တုန်းက ရှေးဟောင်းမံမီအလောင်း ၂ လောင်းမှာ ကမ္ဘာ့သက်တမ်းအရင့်ဆုံးလို့ သိထားတဲ့ ရင်သားကင်ဆာနဲ့ ရိုးတွင်းခြင်ဆီကင်ဆာတို့ တွေ့ရှိခဲ့ပါတယ်။
Source: DailyMail
#Yangon_Media_Group
#Local_News
Published _ 13 July 2022
မြန်မာ့ရိုးရာ အထည်အလိပ်များကို ပြည်တွင်း ပြည်ပ၌ ဈေးကွက်ချဲ့ထွင်နိုင်စေရန် ရက်ကန်းပညာရှင်များနှင့် ဒီဇိုင်းတီထွင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်တွင်းက ထွက်ရှိသော မြန်မာ့ရိုးရာအထည်အလိပ်များထက် ပြည်ပမှဝင်လာသော အထည်အလိပ်များက ဈေးကွက်များတွင် ပိုမိုနေရာယူထားခြင်းကြောင့် မြန်မာ့ရိုးရာအထည်အလိပ်များ ထုတ်လုပ်သော ရက်ကန်းလုပ်ငန်းများအနေဖြင့် စိန်ခေါ်မှုများ ကြုံတွေ့နေရပြီး ပြည်တွင်း၌ ဈေးကွက်ချဲ့ထွင်နိုင်ရန် ကြိုးစားရုန်းကန်နေရကြောင်း သိရသည်။
လက်ရှိတွင် မြန်မာ့ရိုးရာ အထည်အလိပ်များ ထုတ်လုပ်သော ရက်ကန်းလုပ်ငန်းများသည် နိုင်ငံအတွင်းက ဝယ်လိုအားအပေါ်မူတည်၍၊ အထည် အလိပ် အရေအတွက်အများအပြား ရက်လုပ်ဖြန့်ချိရသော ပြည်တွင်း ဈေးကွက်နှင့် အရည်အသွေးကောင်းသော ထုတ်ကုန်များ ဖန်တီးရက်လုပ်ကာ တင်ပိုရသော နိုင်ငံခြားဈေးကွက်တိုအတွက် ဒီဇိုင်းဆန်းသော အထည်အလိပ်များ တိုးမြှင့်ထုတ်လုပ်နိုင်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်းများမှ ထွက်ရှိသော အထည်အလိပ်များနှင့် အဝတ်အထည်များကို ပြည်တွင်း၊ ပြည်ပဈေးကွက် နှစ်ခုလုံး၌ တိုးချဲ့နိုင်စေရေးအတွက် စိတ်ဝင်စားဖွယ်ရာ လှပသောဒီဇိုင်းဆန်းများ ဖန်တီးထုတ်လုပ်နိုင်ရုံသာမက ဈေးနှုန်းသင့်တင့်မျှတရန်လည်း လိုအပ်ကြောင်းနှင့် ယင်းကဲ့သို့ ထုတ်လုပ်နိုင်ပါက ဝယ်လိုအားများမြင့် တက်လာပြီး ပြည်တွင်း၊ ပြည်ပဈေးကွက်များမှနေ၍ ကုန်အမှာများ တိုးမြှင့်လာနိုင်သည့်အပြင် နောက်ပိုင်းတွင် ထူးခြားသော ဒီဇိုင်းပုံစံများအတွက် သီးသန့်ကုန်အမှာများလည်းမှာယူလာနိုင်ကြောင်း မြန်မာ့ရိုးရာ ရက်ကန်းလုပ်ငန်းရှင်များက သုံးသပ်ကြသည်။
ယခုအခါ မြန်မာ့ရိုးရာ ချည်ထည်၊ ဂျပ်ခုတ်ထည်များကို ပိုမိုဒီဇိုင်းဆန်းသစ်စွာ ထုတ်လုပ်လာနိုင်စေရန် မြန်မာ့ရိုးရာထည် ဖက်ရှင်ဒီဇိုင်းသင်တန်းကို ဆောင်းဒါးရက်ကန်းနှင့် အသက်မွေးပညာသိပ္ပံတွင် တိုးချဲ့ဖွင့်လှစ်သွားရန် စီစဉ်နေကြောင်း သိရသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 13 July 2022
ကိုဗစ်- ၁၉ ကာကွယ်ဆေးထိုးထားသော်လည်း မျိုးပြောင်းသဘာဝအရ ကူးစက်မှုရှိနိုင်ပြီး ရောဂါအခံရှိသူများ လုံးဝ Mask မချွတ်သင့်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ဒေါက်တာသန်းနိုင်စိုးက ပြောသည်။
"ရောဂါအခံရှိတဲ့သူတွေအနေနဲ့ Mask ကိုမချွတ်သင့်ဘူး။ အထူးသဖြင့် လေဝင်လေထွက်မကောင်းတဲ့နေရာတွေ၊ ဈေး၊ ဆေးရုံ၊ ဆေးခန်း၊ ဈေးဝယ်စင်တာနေရာမျိုးတွေကို သွားမယ်ဆိုရင် Mask ကိုမချွတ်သင့်ဘူး။ ကာကွယ်ဆေးထိုးထားတယ်။ ပြင်းပြင်းထန်ထန်မဖြစ်နိုင်ဘူးလို့ သတ်မှတ်လိုမရဘူး။ ရောဂါခံပိုးတွေ ဆိုးလာမယ်။ သွေးကြောင့်မဟုတ်ရင်တောင် ပိုးကြောင့်မူလရောဂါအခံတွေ ပိုဆိုးလာနိုင်တယ်။ သေဆုံးမှုမဖြစ်နိုင်ဘူးလို့ပြောဖို့ခက်တယ်"ဟုယင်းကပြောသည်။
မြန်မာနိုင်ငံ၌ ဇူလိုင်လ ၁၁ ရက်ညပိုင်း၌ အိုမီခရွန် BA.4 ၊ BA.5 ၅ ဦးစစ်ဆေးတွေ့ရှိခဲ့ပြီး ဇူလိုင် ၁၂ ရက်တွင် ၉ ဦးထပ်မံတွေ့ရှိခဲ့ကြောင်း ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
အိုမီခရွန် မျိုးရိုးဗီဇပြောင်းရောဂါပိုးများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံပြီးသူများတွင် ရောဂါလက္ခဏာပြင်းထန်မှုနှင့်သေဆုံးမှုလျော့နည်းကြောင်း၊ ယင်းအပြင် ပြည်တွင်းကူးစက်မှုမရှိသော်လည်း ပြည်ပမှ ပြန်လည်ဝင်ရောက်လာသည့်သူများတွင် အများဆုံးတွေ့ရပြီး ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လာသည့်သူများ၌ ပိုးတွေ့ရှိမှုရာခိုင်နှုန်းများကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#WorldHealth
Published 13 July 2022
ပန်းဂေါ်ဖီကဲ့သို့ ဟင်းသီးဟင်းရွက်တွေဟာ ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးခြင်းကိုဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို ချေဖျက်ပေးနိုင်ဖွယ်ရှိကြောင်း ဘီယာရှီဘာရှိ ဘန်ဂူရီယန်တက္ကသိုလ်(BGU)မှ သုတေသီများက ရှာဖွေတွေ့ရှိခဲ့ပါတယ်။
ဘက်တီးရီးယားမျိုးစုံက ပဋိဇီဝဆေးယဉ်ပါးလာရတဲ့အကြောင်းအရင်းဟာ သူတို့ကို သုတ်သင်ခြင်းမှကာကွယ်ပေးမယ့် ဘက်တီးရီးယားအလွှာလေးကို ထုတ်လုပ်တာကြောင့်ဖြစ်ပါတယ်။
ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီတွေက ပဋိဇီဝဆေးအသစ်တွေထုတ်လုပ်ဖို့ ရည်ရွယ်ချက်နည်းပါးလာတာကြောင့်လည်း ပါဝင်ပါတယ်။
BGU အဖွဲ့က သုတေသနပြုလုပ်ရာမှာ အပင်ဓာတုပစ္စည်းတစ်မျိုးဖြစ်တဲ့ DIM က ဘတ်တီးရီးယားပိုးနှစ်မျိုးကို ကာကွယ်ပေးနေတဲ့ ဘက်တီးရီးယားအလွှာတွေကို အောင်မြင်စွာချေဖျက်နိုင်ခဲ့ပါတယ်။
Acinetobacter baumannii ဘက်တီးရီးယားကို ၆၅ ရာခိုင်နှုန်းနဲ့ Pseudomonas aeruginosa ဘက်တီးရီးယားကို ၇၀ ရာခိုင်နှုန်းချေဖျက်နိုင်ခဲ့ပြီး ပဋိဇီဝပိုးသတ်ဆေးနဲ့ပေါင်းစပ်လိုက်ရာမှာတော့ ၉၄ ရာခိုင်နှုန်းအထိချေဖျက်နိုင်ခဲ့ပါတယ်။
DIM ကို ပိုးဝင်နေတဲ့ဒဏ်ရာထဲထည့်လိုက်တဲ့အခါ သိသိသာသာ လျင်မြန်စွာဒဏ်ရာသက်သာလာခဲ့ပါတယ်။
ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးတဲ့ ဘက်တီးရီးယားပိုးတွေဟာ လူနာတွေမှာ နေမကောင်းဖြစ်စေပြီး ဒဏ်ရာသက်သာရာမှာ အဟန့်အတားဖြစ်စေပါတယ်။
ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးခြင်းကို ချေဖျက်နိုင်မယ့်နည်းပညာရှေ့ဆက်ထုတ်လုပ်ခြင်းနဲ့ စီးပွားဖြစ်လုပ်ကိုင်ခြင်းကို LifeMatters ကုမ္ပဏီကနေ လက်ရှိမှာတာဝန်ယူဆောင်ရွက်နေပါတယ်။
ထိုကုမ္ပဏီဟာ အဆုတ်လမ်းကြောင်းပြွန်ပိတ်ဆိုခြင်းလူနာတွေနဲ့ အခြားလူနာတွေမှာဖြစ်တတ်တဲ့ ပဋိဇီဝပိုးသတ်ဆေးယဉ်ပါးခြင်းကိုတိုက်ဖျက်ဖို့ နည်းလမ်းအသစ်များထုတ်လုပ်လျက်ရှိပါတယ်။
ထိုရောဂါက အဆုတ်များ၊ အစာချေစနစ်နဲ့ အခြားအစိတ်အပိုင်းတွေမှာ ပြင်းထန်စွာထိခိုက်စေပြီး အချွဲ၊ ချွေး၊ အစာချေအရည်များထုတ်လုပ်ပေးတဲ့ဆဲလ်တွေကို ထိခိုက်စေပါတယ်။
ထိုအရည်တွေက ပုံမှန်အားဖြင့် ပါးလွှာပြီးချောကျိကျိဂုဏ်သတ္တိရှိပါတယ်။
ဒါပေမဲ့ လူနာရှင်တွေမှာတော့ အရည်တွေကထူထဲစေးကပ်လာကာ အဆုတ်နဲ့ပန်ကရိယတိုရှိ ပြွန်တွေနဲ့လမ်းကြောင်းတွေမှာ ထိုအရည်များပိတ်ဆို့လာပါတယ်။
P. aeruginosa ဘက်တီးရီးယားအလွှာကိုဖယ်ရှားပြီး ကိုယ်ခံအားစနစ်ကနေ ရောဂါကူးစက်မှုကိုသုတ်သင်ကာ လူနာတွေရဲ့အသက်ကို ပိုမိုဆွဲဆန့်ပေးနိုင်ပါတယ်။
အခြားပဋိဇီဝပိုးသတ်ဆေးအမျိုးအစားတွေမှာလည်း သုတေသနတွေ့ရှိမှုတွေက အကျုံးဝင်ကြောင်း ပရော်ဖက်ဆာ'ကုရှ်မာရို'က ပြောကြားခဲ့ပါတယ်။
Source: The Jerusalem Post.
#Yangon_Media_Group
Page 1418 of 1690