#DailyNews
Published - 9 August 2022
၁။ မြန်မာ-တရုတ် နယ်စပ်ဂိတ်များဖြစ်သည့် ကန်ပိုက်တီနှင့် လွယ်ဂျယ်ကို အဆင့်မြှင့်တင်မည်
၂။ ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်သည့်အလုပ်သမားများ စာချုပ်ပါအတိုင်း မကိုက်ညီမှုရှိနေသည်ဟုဆို
၃။ မွန်ပြည်နယ်တွင် မိုးအဆက်မပြတ်ရွာသွန်းနေပြီး သဘာဝဘေးကြုံတွေ့နိုင်၍ ကြိုတင်ပြင်ဆင်နေ
၄။ ရေခဲပြင်များ အရည်ပျော်ကျလာခြင်းနှင့် ပတ်သက်၍ ဩစတြီးယားသိပ္ပံပညာရှင်များ လျှို့ဝှက်ချက်တွေ ဖော်ထုတ်နိုင်ရန်ကြိုးပမ်းလာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_9 August 2022
ကွန်ပစ်ပြီး ငါးဖမ်းသူကိုကူညီတဲ့ ဧရာဝတီလင်းပိုင်ကို လေ့လာတဲ့သူတွေ လုံးဝမရှိသလောက် ဖြစ်သွားရာကနေ ဒီနှစ်ထဲမှာ နည်းနည်းလေး ရှိနေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_9 August 2022
ဘင်္ဂလား ပင်လယ်အော်အနောက်မြောက်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယ နိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေ-အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းခြေနှင့် ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းတို့တွင် ဖြစ်ပေါ်နေသည့် အားကောင်းသောလေဖိအားနည်းရပ်ဝန်း(Well Marked Low Pressure Area) မှာ မုန်တိုင်းငယ် ဖြစ်လာပြီ ဟု မိုးဇလက ထုတ်ပြန်သည်။
ယင်းလေဖိအားနည်းရပ်ဝန်းအနေဖြင့် အနောက်-အနောက်မြောက်ဘက်သို ရွေ့လျားခဲ့၍ ပိုမိုအားကောင်းလာကာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ကမ်းခြေတွင် မုန်တိုင်းငယ် (Depression) အဖြစ်သို ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်းလက်ရှိအခြေအနေတွင် မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသောကြောင့် အဝါရောင်အဆင့်ဟု သတ်မှတ်ထားကြောင်း၊ မုန်တိုင်းငယ်(Depression)သည် အနောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး အိန္ဒိယနိုင်ငံ၊ ချက်တစ်ဂတ်ပြည်နယ်၌ လေဖိအားနည်းရပ်ဝန်း(Low Pressure Area)အဖြစ်သို့ တဖြည်းဖြည်းအား လျော့သွားမည်ဟု လည်းခန့်မှန်းထားသည်။
မုန်တိုင်းငယ်အရှိန်ကြောင့် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံအပြား မိုးထစ်ချုန်းရွာပြီး၊ ဒေသအလိုက် မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများနှင့်အတူ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းလည်း မိုးဇလက ထုတ်ပြန်ထားသည်။
"ဝါဆို ဝါခေါင်မှာ လေဖိအားနည်းရပ်ဝန်းဖြစ်ရင်၊မုန်တိုင်းရှိရင် မိုးကြီးမှာသေချာသလောက်ဖြစ်ပါတယ်။ မိုးကြီးရင် မြောက်ဦး၊ မင်းပြား၊ သံတွဲ၊ တောင်ကုတ် မြို့နယ်တွေမှာ ရေကြီးတတ်ပါတယ်၊ အားလုံးသတိရှိဖိုလိုပါတယ်"ဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့တာဝန်ရှိသူက ပြောသည်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တိုတွင် ရံဖန် ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကာ တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ကြောင်း၊လေပြင်းတိုက်ခတ်ခြင်းနှင့် အတူ ဒေသအလိုက်မိုးကြီးခြင်း၊ နေရာကွက်၍ မိုးကြီးခြင်းများ ဖြစ်ပေါ်နိုင်ကြောင်းလည်း သိရသည်။
ymg/mt
#Yangon_Media_Group
#Local_News
Published -9 August 2022
ဩဂုတ်လ ၈ ရက်မှ ၁၄ ရက်နေ့အထိ ရန်ကုန်စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး နှုန်းကို တစ်ပိဿာ ၃၅၂၅ ကျပ် ထပ်မံသတ်မှတ်ထားကြောင်းစားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ကြေညာထားသည်။
ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများသည် စားအုန်းဆီ ဈေးနှုန်းတည်ငြိမ်နေသည့်အတွက်ကြောင့် ပြည်တွင်းစားအုန်းဆီ ရည်ညွှန်းဈေးနှုန်းကိုလည်း ယခင်တစ်ပတ်အတိုင်း အပြောင်းအလဲမရှိ သတ်မှတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ လက်ကားရည်ညွှန်းဈေးနှုန်းကို တစ်ပိဿာ ၃၅၂၅ ကျပ်သတ်မှတ်ထားသော်လည်း ဈေးကွက်အတွင်း၌ စားသုံးသူများ ဝယ်ယူရသည့် လက်လီဈေးနှုန်းသည် လက်ကားဈေးနှုန်းထက် ၂ ဆကျော် မြင့်တက်နေကြောင်း သိရသည်။
ယင်းအပြင် မြန်မာနိုင်ငံဆီလုပ်ငန်းရှင်များအသင်းမှ ဦးစီး၍ စားသုံးသူများအနေဖြင့် ဈေးကြီးပေးဝယ်နေရခြင်းကို ထိန်းချုပ်ရန်အတွက် စားအုန်းဆီတင်သွင်းသူအချို့ကို တစ်ပိဿာ ၃၈၀၀ ကျပ်နှင့် နေရာအချို့တွင် ရောင်းချမှုများ ပြုလုပ်နေကြောင်း သိရသည်။
လက်ရှိတွင်လည်း စားအုန်းဆီများနှင့် ပတ်သက်၍ ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ပြုလုပ်ပါက ဥပဒေအရ အရေးယူသွားမည်ဟု နစကဘက်မှ ထုတ်ပြန်ပြောဆိုထားသော်လည်း ပြည်သူများမှာ စားအုန်းဆီကို ဈေးနှုန်းမြင့်မားစွာဖြင့် ဝယ်ယူစားသုံးနေရခြင်းဖြစ်သည်။
ymg/sth
#Yangon_Media_Group
#Local_News
Published -9 August 2022
သြဂုတ်လ ၈ ရက်နေ့မှစပြီး စက်သုံးဆီဈေးနှုန်းမှာ ၂၀၀ ကျော်အထိပြန်လည်မြင့်တက်လာပြီးနောက်ပိုင်းတွင် 92 နှင့် 95 Ron စက်သုံးဆီများ ဆိုင်တိုင်းဝယ်ယူ၍ မရတော့ကြောင်း အငှားယာဉ်မောင်းနှင့် ကိုယ်ပိုင်ယာဉ်မောင်းနှင်သူများထံမှ သိရသည်။
92 နှင့် 95 Ron စက်သုံးဆီများကို နံနက်ခင်းပိုင်းတွင် ဝယ်ယူ၍ အဆင်ပြေသော်လည်း နေ့လည်ပိုင်းနှင့်ညနေပိုင်းတွင် ဝယ်ယူ၍မရတော့ကြောင်း သိရသည်။
"မနက်ပိုင်းကရတယ်။ နေ့လည်နဲ့ညနေပိုင်းက ဆီလက်ကျန်ရှ်သလောက်ပဲ ရောင်းနေကြတာ။ အခုလည်း ပြည်ပကနေ စက်သုံးဆီတင်သွင်းတာကို လျှော့ချမယ်လို့ကြားတယ်။ နောက်ပိုင်း စက်သုံးဆီဈေးနှုန်းကထပ်တတ်ဖို့ပဲရှိတော့တယ်"ဟု အငှားယာဉ်မောင်း ကိုအောင်ကျော်ကျော်ဦးက ပြောသည်။
ယနေ့ (သြဂုတ်လ ၉ ရက်နေ့) စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာလျှင် ၁၈၆၀ ကျပ်၊ ၉၅ တစ်လီတာလျှင် ၁၉၂၀ ကျပ်၊ ၉၇ တစ်လီတာလျှင် ၂၃၃၅ ကျပ် ၊ ဒီဇယ် တစ်လီတာလျှင် ၂၁၂၀ ကျပ်၊ ပရီမီယံ ဒီဇယ် တစ်လီတာလျှင် ၂၁၈၅ ကျပ် ဖြစ်ကြောင်း သိရသည်။
ဗဟိုဘဏ်၏ ဒေါ်လာရည်ညွှန်းဈေး ၁၈၅၀ ကျပ် သတ်မှတ်ချိန်က တစ်လီတာ ၁၆၀၀ ကျပ်စွန်းစွန်းသာ ရှိခဲ့သော်လည်း ၂၁၀၀ ကျပ်ကို တိုးမြှင့်လိုက်ချိန်ကစပြီး ဈေးထိုးတက်လာခြင်းဖြစ်ကာ တစ်လီတာ ၁၈၀၀ ကျပ်အောက် ပြန်လည်ရောက်ရှိဖို့ လမ်းမမြင်သေးကြောင်း ဈေးကွက်အကဲခတ်အချို့က သုံးသပ်ပြောဆိုထားသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published _ 9 August 2022
ယခုလ ပထမပတ်အတွင်း (သြဂုတ် ၁ ရက်မှ ၈ ရက်အထိ) ပဲစဉ်းငုံ တစ်တန်လျှင် ကျပ်သုံးသိန်းကျော်နှင့် မတ်ပဲတစ်တန်လျှင် ကျပ် တစ်သိန်းနီးပါ ဈေးနှုန်းမြင့်တက်နေသည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်မှ သိရသည်။
သြဂုတ်လ ၁ ရက်က ပဲစဉ်းငုံ တစ်တန်လျှင် ကျပ် ၁,၅၈၀,၀၀၀ ၊ မတ်ပဲ တစ်တန်လျှင် ကျပ် ၁,၆၆၀,၀၀၀ ရှိခဲ့ရာမှ သြဂုတ် ၈ ရက်တွင် ပဲစဉ်းငုံ တစ်တန်လျှင် ကျပ် ၁,၈၉၀,၀၀၀၊ မတ်ပဲ တစ်တန်လျှင် ကျပ် ၁,၇၆၀,၀၀၀ အထိ ဈေးနှုန်း မြင့်တက်လာခြင်းဖြစ်သည်။
''ပဲစဉ်းငုံ၊ မတ်ပဲ အကုန်တက်တယ်။ ပဲအမျိုးမျိုးပဲ တက်နေတာ။ အခုချိန်က သီးနှံစိုက်တဲ့ ရာသီဆိုတော့ တောင်သူတွေက စိုက်ဖို့ပဲ ရှိတယ်။ ပြန်ရောင်းဖို့က လက်ထဲမှာ ပစ္စည်းပြတ်နေတဲ့ သဘောပေါ့။ ပဲတွေကနေ ထွက်တဲ့ ဆီလည်း ဈေးတက်တာပဲ။ ဈေးတက်တော့ တချို့တောင်သူတွေက ဝယ်မစိုက်နိုင်တော့ဘူး" ဟု ပဲစိုက်တောင်သူတစ်ဦးက ပြောသည်။
အိန္ဒိယနိုင်ငံမှ မြန်မာ့မတ်ပဲတန်ချိန် နှစ်သိန်းခွဲနှင့် ပဲစဉ်းငုံတန်ချိန် တစ်သိန်းကို ငါးနှစ်ဆက်တိုက် နှစ်စဉ် ဝယ်ယူမည်ဟု ဇူလိုင်လက ထုတ်ပြန်ထားသည်။
ymg/NN
#Yangon_Media_Group
#Local_News
Published - 9 August 2022
ပြည်တွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် သိန်းနှစ်ဆယ် ကိုးသောင်း နှစ်ထောင်အထိ မြင့်တက်လာကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ထားသည့်စျေးနှုန်းအရ သိရသည်။
သြဂုတ်လ ၈ ရက် နေ့တွင် ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းမှ ထုတ်ပြန်ထားသည့် ရွှေစျေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် သိန်းနှစ်ဆယ် ရှစ်သောင်း လေးထောင်ရှိပြီး ယနေ့(သြဂုတ်လ ၉ ရက်)နေ့တွင် သိန်းနှစ်ဆယ် ကိုးသောင်း နှစ်ထောင်ရှိကြောင်း သိရသည်။
ယင်းအပြင် ပြင်ပပေါက်စျေးသည် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၂၃ သိန်းကျော်အထိ မြင့်တက်နေကြောင်း သိရသည်။
ရန်ကုန်ရွှေအသင်းက ထုတ်ပြန်ထားသည့် စျေးနှုန်းထက် ပြင်ပစျေးကွက်တွင် စျေးအလွန်မြင့်နေခြင်းကြောင့် သက်ဆိုင်ရာအာဏာပိုင်အဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published -9 August 2022
ယခုရက်ပိုင်းတွင် တရုတ် ယွမ်ငွေ ငွေလဲလှယ်နှုန်း မြင့်တက်နေခြင်းကြောင့် တရုတ်နိုင်ငံနှင့်ကုန်သွယ်နေသည့်နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်သူများ အခက်အခဲတွေ့နေကြောင်း သိရသည်။
တရုတ်ယွမ်ငွေလဲနှုန်းသည် ယခုလ (ဩဂုတ်လ) လဆန်းပိုင်းက စတင်ပြီး တရိပ်ရိပ် မြင့်တက်လာတာဖြစ်ပြီး တရုတ်ယွမ်ငွေ ၁၀၀ ကို မြန်မာကျပ်ငွေ ၃၇,၀၀၀ ကျပ်အထိ မြင့်တက်နေကြောင်း သိရသည်။
ယခင်က ယွမ် ၁၀၀ ကို မြန်မာကျပ်ငွေ ၃၂,၀၀၀/ ၃၃,၀၀၀ ဝန်းကျင်ခန့်ရာမှ ယခုပေါက်ဈေးသည် ၃၇,၀၀၀ ကျော်အထိ ရက်ပိုင်းအတွင်း မြင့်တက်လာခြင်းဖြစ်သည်။
နယ်စပ်ကုန်သွယ်ရေးလုပ်ကိုင်နေသည့် ကုန်သည်တွေအနေဖြင့် မြန်မာငွေမကိုင်ဘဲ တရုတ်ငွေတွေနှင့် လဲလှယ်နေကြ ခြင်းကြောင့် ငွေဈေးသည် ထပ်တက်လာ ခြင်းဖြစ်ကြောင်း မူဆယ်ကုန်စည်ဈေးကွက်ထံမှ သိရသည်။
လက်ရှိတွင် ဘတ်ငွေ၊ ဒေါ်လာ၊ ယွမ်ငွေ ငွေလဲနှုန်းများမှာ ဆက်တိုက်မြင့်နေခြင်းဖြစ်ကြောင်း သိရသည်။
ymg/sth
#Yangon_Media_Group
#Local_News
Published_9 August 2022
မသန်စွမ်းသူမှတ်ပုံတင်ခြင်းနှင့် အဆင့်သတ်မှတ်ခြင်းလုပ်ငန်း pilot project ကိုဒေသ (၄)ခု မှာ ဆောင်ရွက်နေပြီးဒေသ(၂)ခုက မသန်စွမ်းသူတစ်ထောင်ကျော်ကို မသန်စွမ်းမှတ်ပုံတင်ပြုလုပ်ပေးပြီးဖြစ်တယ်လို့ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးဦးရဲမျိုးဝင်းက YMG ကို ပြောပါတယ်၊၊
မသန်စွမ်းသူတွေအတွက် ကျန်းမာရေးကဏအပါအဝင် မသန်စွမ်းဥပဒေပါအခွင့်အရေးတွေကို ဖော်ဆောင်ပေးနိုင်ဖို့ ရည်ရွယ်ဆောင်ရွက်နေတာဖြစ်ပါတယ်၊၊
"ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်၊ ကရင်ပြည်နယ်ဘားအံ၊နေပြည်တော် ပုဗ္ပသီရိနဲ့ ရှမ်းပြည်နယ်ဟိုပုံးတို့မှာ ဆောင်ရွက်နေတာဖြစ်ပြီး လှိုင်သာယာမှာ မသန်စွမ်းသူတစ်ထောင်ခန့်နဲ့ နေပြည်တော်ပုဗ္ပသီရိက မသန်စွမ်းသူ(၃၅၀)ဦး ကို ဆောင်ရွက်ထားပြီးဖြစ်ပြီး ဘားအံနဲ့ဟိုပုံးမှာတော့ လတ်တလောမှာ ကွင်းဆင်းဆောင်ရွက်လျက်ပဲရှိပါတယ်၊၊ ဒီမသန်စွမ်းသူတွေ ကိုမသန်စွမ်း မှတ်ပုံတင်လုပ်ပေးခြင်းအားဖြင့် မသန်စွမ်းသူအရေအတွက် စာရင်းအတိအကျရမယ်၊၊ နိုင်ငံသား မှတ်ပုံတင်ရှိတဲ့ မသန်စွမ်းသူဘယ်နှစ်ယောက်ရှိပြီး နိုင်ငံသားမှတ်ပုံတင်မရှိတဲ့သူ ဘယ်လောက်ရှိမလဲသိနိုင်မယ်၊၊ ၂၀၁၅ မသန်စွမ်းသူများ ဥပဒေပါအခွင့်အရေးတွေကို မသန်စွမ်းသူတွေရရှိလာမယ်၊၊ မသန်စွမ်းသူတွေတက်ရောက်ရတဲ့ သက်မွေးသင်တန်းတွေ တက်ရောက်ခွင့်တွေရရှိလာမယ်၊၊ မသန်စွမ်းသူတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ ထောက်ပံ့မှုတွေရရှိလာမှာဖြစ်တယ်"လို့ YMGကို ဦးရဲမျိုးဝင်းက ပြောပါတယ်၊၊
မသန်စွမ်းသူမှတ်ပုံတင်ခြင်းနှင့် အဆင့်သတ်မှတ်ခြင်းလုပ်ငန်း pilot project ကို ကိုဗစ်ကာလမတိုင်မီကတည်းက ဆောင်ရွက်ဖို့ စီစဉ်ထားတာဖြစ်ပြီး ကိုဗစ်ဖြစ်ပွားမှုတွေကြောင့်မဆောင်ရွက်နိုင်ဘဲ အခု ၂၀၂၂ခုနှစ် ဇူလိုင်လမှစတင်အကောင်အထည်ဖော်ဆောင်ရွက်နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်၊၊
မြန်မာနိုင်ငံတစ်နိုင်ငံလုံးရှိ မသန်စွမ်းသူတွေကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနအနေနဲ့ မသန်စွမ်းမှတ်ပုံတင်ပေးခြင်းနဲ့ မသန်စွမ်းအဆင့်သတ်မှတ်ခြင်းတွေဆောင်ရွက်ပေးသွားမှာဖြစ်ပြီး အခုpilot project ကတော့ ရှေ့ပြေးအနေနဲ့ စတင်ဆောင်ရွက်အကောင်အထည်ဖော်နေတာဖြစ်တယ်လို့ သိရပါတယ်၊၊
ymg/tthl
#Yangon_Media_Group
#World_Politics
Published 9 August 2022
အက်ဖ်ဘီအိုင်အေးဂျင့်များက သမ္မတဟောင်းဒေါ်နယ်ထရမ့်ရဲ့ မာရာလာဂိုအိမ်ယာကို တနင်္လာနေ့က ဝင်ရောက်စီးနင်းခဲ့ပြီး သူ့သားရဲ့ပြောဆိုချက်အရ မီးခံသေတ္တာကိုပါ ချိုးဖျက်ခဲ့ကြပါတယ်။
ဒါဟာ အိမ်ဖြူတော်ကနေ ဖလော်ရီဒါအပန်းဖြေအိမ်ယာသို့ ထရမ့်ရွှေ့ပြောင်းခဲ့တဲ့ တရားဝင်သမ္မတမှတ်တမ်းမှတ်ရာများအပေါ် စုံစမ်းစစ်ဆေးတဲ့သဘောဖြစ်ပါတယ်။
သမ္မတဟောင်းနေအိမ်ကို ရှာဖွေစစ်ဆေးတာဟာ မကြုံစဖူးဖြစ်ရပ်ဖြစ်ပြီး မှတ်တမ်းစုံစမ်းစစ်ဆေးမှုတွေနဲ့ ပတ်သက်လို့ အခြေအနေတွေတင်းမာလာဦးမှာ ဖြစ်ပါတယ်။
ထရမ့်ဟာ သမ္မတရာထူးထမ်းဆောင်နေစဉ်ကတည်းကစလို ပုဂ္ဂလိကလုပ်ငန်းများအထိ အကြိမ်ကြိမ်ရှာဖွေစစ်ဆေးခြင်း ခံထားရပြီးပါပြီ။
ရှာဖွေစစ်ဆေးမှုနဲ့ပတ်သက်ပြီး အမေရိကန်တရားရေးဌာနဘက်က မှတ်ချက်ပြုခြင်းမရှိသေးဘဲ ထရမ့်ရဲ့ထုတ်ပြန်ချက်မှာတော့ အက်ဖ်ဘီအိုင်အေးဂျင့်အများအပြား ပါဝင်ခဲ့တယ်လို သိရပါတယ်။
ဝါရှင်တန်ရှိ အက်ဖ်ဘီအိုင်ရုံးချုပ်နဲ့ မိုင်ယာမီရုံးတိုကလည်း မှတ်ချက်ပြုဖို့ ငြင်းဆိုထားပါတယ်။
ဒေါ်နယ်ထရမ့်ရဲ့ သားတစ်ယောက်ဖြစ်တဲ့'အဲရစ်ထရမ့်'က Fox News သတင်းဌာနကို ပြောကြားခဲ့ရာမှာ အိမ်ဖြူတော်ကနေပါလာတဲ့ မှတ်တမ်းစာချုပ်သေတ္တာများကို ရှာဖွေခဲ့တဲ့အပြင် အဖေဖြစ်သူ အမျိုးသားမော်ကွန်းတိုက်နဲ့ ပူးပေါင်းနေတယ်ဆိုတဲ့ အချက်အလက်မှတ်တမ်းများကိုလည်း ရှာဖွေခဲ့ကြတယ်လို သိရပါတယ်။
ထိုကိစ္စနဲ့နီးစပ်သူတစ်ဦးကလည်း ရိုက်တာသတင်းဌာနကို ပြောပြရာမှာ ဝင်ရောက်စီးနင်းမှုက အိမ်ဖြူတော်ကနေ ထရမ့်သယ်ဆောင်လာတဲ့ မှတ်တမ်းမှတ်ရာများနဲ့ ဆက်စပ်နေလိမ့်မယ်လို အတည်ပြုခဲ့ပါတယ်။
"အိမ်ယာကြီးကို ဝင်ရောက်စီးနင်းထားပြီးတော့ ဝိုင်းရံထားပါတယ်၊ ဘာကြောင့် ဝင်စီးလဲဆိုတာကိုတော့ မသိရသေးပါဘူး" လို 'ထရမ့်'ကဆိုပါတယ်။
"အစိုးရအေဂျင်စီတွေနဲ့ ပူးပေါင်းပြောဆိုအပြီးမှာတော့ အခုလို ဝင်ရောက်စီးနင်းတာက မသင့်တော်တဲ့လုပ်ရပ်ဖြစ်ပြီး မီးခံသေတ္တာကိုပါ ဖောက်သွားပါတယ်" လို ပြောကြားခဲ့ပါတယ်။
ဝင်ရောက်စီးနင်းခံရချိန် တနင်္လာနေ့မှာ ထရမ့်က နယူးယော့ခ်ကိုရောက်ရှိနေတာဖြစ်ပြီး Fox News သတင်းထောက်တစ်ဦးက ထရမ့်တာဝါကနေ ဒေါ်နယ်ထရမ့်ထွက်ခွာလာတဲ့ဓာတ်ပုံကို မှတ်တမ်းတင်ကာ Fox News သတင်းဌာနမှ ဖော်ပြထားပါတယ်။
ထရမ့်ဟာ ၂၀၂၁ ဇန်နဝါရီလက အိမ်ဖြူတော်ကနေ ထွက်ခွာလာပြီးနောက် ပါးလ်မ်ကမ်းခြေမှာ နေထိုင်နေခဲ့ကာ နွေရာသီကာလ မာရာလာဂိုအိမ်ယာပိတ်ထားတဲ့အချိန်မှာတော့ နယူးဂျာစီ ဘတ်ဒ်မင်စတာရှိ ဂေါက်ရိုက်ကလပ်မှာ အချိန်ဖြုန်းနေခဲ့တာဖြစ်ပါတယ်။
ဖက်ဒရယ်ဥပဒေဖြစ်တဲ့ အမေရိကန်သမ္မတမှတ်တမ်းအက်ဥပဒေမှာ သမ္မတရဲ့တရားဝင်တာဝန်များနဲ့ပတ်သက်တဲ့ မှတ်စုတိုများ၊ စာစောင်များ၊ မှတ်စုများ၊ အီးမေးလ်များ၊ ဖက်စ်များနဲ့ လက်ရေးဖြင့်ရေးသားထားတဲ့ အခြားဆက်သွယ်မှုများကို သိမ်းဆည်းထားခြင်းတို လိုအပ်ပါတယ်။
ရှာဖွေစစ်ဆေးခြင်းက တရားမျှတမှုရှိရမယ်လို တရားဥပဒေစိုးမိုးရေးအဖွဲက သရုပ်ပြဆောင်ရွက်ပြီးနောက် ပုဂ္ဂလိကနေအိမ်တွေကို ရှာဖွေစစ်ဆေးရန်အတွက် တရားသူကြီးတစ်ဦးက အတည်ပြုပေးရမှာဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
P
Published 9 August 2022
ဟောလီဝုဒ်နာမည်ကျော်ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်တဲ့ Six Days Seven Nights ကားမှာ မင်းသား ဟဲရစ်ဆင်ဖို့ဒ်နှင့်အတူ သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး အန်း ဟက်ချ် Anne Heche ဟာ လွန်ခဲ့တဲ့လေးရက်က ယာဉ်တိုက်မှုတစ်ခုကြောင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး ဆေးရုံမှာ အသက်ရှုစက်တပ်ထားရဲ့အထိ စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်လို့ ရိုက်တာက ရေးပါတယ်။
အသက် ၅၃နှစ်အရွယ် ဟက်ချ်ဟာ ပြီးခဲ့တဲ့သောကြနေ့ နှောင်းပိုင်းမှာ သူမမောင်းနှင်လာတဲ့ကား အရှိန်မထိန်းနိုင်ဘဲ လော့အင်ဂျလိရဲ့ ဝက်ဆိုက်ရပ်ကွက်က အိမ်တစ်အိမ်ထဲ အရှိန်နှင့်ဝင်တိုက်မိပြီး မီးလောင်ခဲ့တယ်လို့ ရဲဌာနမှ သိရပါတယ်။
အိမ်ထဲက တစ်ဦးမျှ ဒဏ်ရာမရရှိကြဘဲ အိမ်ကတော့ မီးစွဲလောင်သွားခဲ့ကာ မီးသတ်သမား ဒါဇင်ကျော် လာရောက်မီးညှိမ်းသတ်ခဲ့ကြရပါတယ်။
ကားမတော်တဆမှုဖြစ်ပြီး သိပ်မကြာခင်ဘဲ ဟက်ချ်ဟာ သတိပြန်မရတော့ဘဲ ကိုမာ ဝင်သွားခဲ့ပါတယ်လို့ သူမကိုကိုယ်စားပြုထားတဲ့ အနုပညာရှင်တွေကို စီမံခန့်ခွဲပေးတဲ့ Zero Gravity Management က အဖွဲ့ဝင် မိုက်ကယ်မက်ကော်နယ်ကပြောပါတယ်။
အဲဒီကတည်းက သူမဟာ အတော်စိုးရိမ်ရတဲ့အခြေအနေရှိနေခဲ့ပါတယ် လို့ သူက ရိုက်တာကိုပြောပါတယ်။
သူမဟာ ၁၉၉၀ ပြည့်လွန်နှစ်တွေက လူရွှင်တော်အမျိုးသမီး Ellen DeGeneres နှင့် ချစ်ကြိုးသွယ်ခဲ့တယ်ဆိုပြီး အပျော်ဖတ် မီဒီယာတွေမှာ ခေါင်းစီးသတင်းတွေဖြစ်ခဲ့တာပါ။ အဲဒီတုန်းက DeGeneresဟာ သူမကိုယ်သူမ လိင်တူဆက်ဆံသူလို့ လူသိရှင် ကြားပြောထားတဲ့အချိန်ပါ။ သူတို့ခွာပြဲသွားကြပြီးနောက် ဟက်ချင်ဟာ ကင်မရာမင်း ကိုလလမင်း လက်ဖွန်နှင့်လက်ထပ်ပြီး နောက်ပိုင်း ကွာရှင်းခဲ့ကြပါတယ်။ အဲဒီနောက်သူမဟာ Men in Trees ရုပ်သံအစီအစဉ်မှာ သူမနှင့်အတူတွဲဖက်ပါဝင်တဲ့ မင်းသား James Tupper နှင့် အချိန်အတိုင်းအတာတစ်ခုအထိ ချစ်ကြိုးသွယ်ခဲ့ကြပါတယ်။
Source: Reuters
#Anne_Heche
#Anne_heche_Coma
#Anne_Heche_car_accident
#Local_News
Published 9 August 2022
ရှမ်းပြည်နယ် (အရှေ့ပိုင်း)တာချီလိတ်မြို့ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား( ၂ )မှ ထိုင်းနိုင်ငံသား ရုပ်ရှင်ဒါရိုက်တာတစ်ဦးအား မြန်မာတာဝန်များနှင့်( TBC)က ထိုင်းနိုင်ငံသို့ ဩဂုတ် ၉ ရက်နံနက် ၉ နာရီအချိန်က တရားဝင်လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
စစ်ဒေသ( ၁၇၁)၊UWSA (ဝ)အဖွဲ့မှ ဇွန်လဆန်းက နယ်မြေအတွင်းတရားမဝင် ဝင်ရောက်လာသဖြင့် ခေါ်ယူထိန်းသိမ်းထားသည့် ထိုင်းနိုင်ငံသား ဒါရိုက်တာ နိုင်းလာ့မိုက်မိုရီဖန်း( ခ)ဒဲန်နီ ကိုဇူလိုင်လ (၇)က် မွန်းလွဲ ၄ နာရီအချိန် တာချီလိတ်တပ်နယ်တွင် စစ်ဘက် နယ်ဘက်မှ မြန်မာတာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ပြီး မြန်မာတာဝန်ရှိသူများက နှစ်နိုင်ငံသဘောတူညီချက်အရ ထိုင်းနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်းသိရှိရသည်။
စစ်ဒေသ( ၁၇၁)ဝမ်ဟုန်တွင် တရားမဝင် ဝင်ရောက်လာသော ထိုင်းနိုင်ငံသား ဒါရိုက်တာသည် ၎င်း၏ဆန္ဒသဘောအရ မူးယစ်ဆေးဝါးဖြတ်ပေးရန်အကူအညီတောင်းခံလာသဖြင့် ဝမ်ဟုန် ဒုရုံးအုပ်က
အချုပ်ထဲတွင်ထိန်းသိမ်းကာ မူးယစ်ဆေးဖြတ်ပေးခဲ့ပြီးနောက် မြန်မာတာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်။
ymg/ys-tcl
#Yangon_Media_Group
Page 1419 of 1741