#World_News
Published 30 September 2022
ဂျာမနီသို့ပေးလွှတ်တဲ့ ရုရှားဓာတ်ငွေ့ပိုက်လိုင်းယိုစိမ့်ပြီး ဘော်လ်တစ်ပင်လယ်ထဲ စိမ့်ထွက်နေရခြင်းဟာ နိုင်ငံတစ်နိုင်ငံက ပါဝင်ပတ်သက်နေတဲ့ အကြမ်းဖက်လုပ်ရပ်ကြောင့်ဖြစ်ကြောင်း ရုရှားက ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။
ဒီဖြစ်ရပ်ကြောင့် ယူကရိန်းပဋိပက္ခ အခြေအနေပြောင်းလဲသွားနိုင်တယ်လို့ အီးယူအရာရှိတစ်ဦးက ပြောကြားလိုက်ပါတယ်။
Gazprom ကုမ္ပဏီပိုင် နော့်ဒ်စထရင်းမ်ပိုက်လိုင်း ၁ နဲ့ ၂ ယိုစိမ့်မှုဖြစ်ရခြင်းအကြောင်းကို ဥရောပသမဂ္ဂက စုံစမ်းစစ်ဆေးလျက်ရှိပြီး ဒိန်းမတ်နဲ့ ဆွီဒင်ကမ်းရိုးတန်းများမှာ ထိခိုက်မိတာဖြစ်နိုင်တယ်လို့ သံသယရှိနေပါတယ်။
ယိုစိမ့်မှုစဖြစ်ပြီး ၄ ရက်ကြာတဲ့အထိ ပိုက်လိုင်းတိုက်ခိုက်ခံရတာ ဘယ်သူ့လက်ချက်လဲဆိုတာ သေချာမသိကြသေးပါဘူး။
ရုရှားနဲ့ ဥရောပမိတ်ဖက်များက ဒေါ်လာဘီလီယံအကုန်အကျခံပြီး ပိုက်လိုင်းတွေကို တည်ဆောက်ခဲ့တာဖြစ်ပါတယ်။
"ဒီလုပ်ရပ်က နိုင်ငံအဆင့်ပါဝင်လာတဲ့ အကြမ်းဖက်လုပ်ရပ် ဖြစ်နိုင်ပါတယ်၊ နိုင်ငံတစ်ခုခုရဲ့ ပတ်သက်မှုမပါဘဲနဲ့ ဒီလိုအကြမ်းဖက်လုပ်ရပ်မျိုး ပြုလုပ်ဖို့မဖြစ်နိုင်ပါဘူး" လို့ ရုရှားပြောရေးဆိုခွင့်ရှိသူ'ဒီမစ်ထရီပက်စ်ကော့ဗ်'က ပြောသွားပါတယ်။
ဒီဖြစ်ရပ်မှာ အမေရိကန်က အကျိုးရသွားမှာဖြစ်ကာ အနောက်နိုင်ငံတာဝန်ရှိကြောင်း ရုရှားကဆိုပါတယ်။
ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်တဲ့ နယ်ပယ်က အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေရဲ့ ထိန်းချုပ်မှုအောက်ရှိနေတာဖြစ်တယ်လို ရုရှားက ပြောဖူးပါတယ်။
ရုရှားပိုက်လိုင်းတွေ အသုံးပြုလို့မရရင် အမေရိကန်က သူတို့ရဲ့ LNG သဘာဝဓာတ်ငွေ့တွေ ရောင်းချရမှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ'မာရီယာဇာခါရိုဗာ'က သတင်းရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့ပါတယ်။
ဒါပေမဲ့ U.S သတင်းဌာန CNN မှတင်ပြရာမှာတော့ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်တဲ့နေရာနဲ့ မဝေးလှတဲ့နေရာမှာ ရုရှားစစ်သင်္ဘောတွေနဲ့ ရေငုပ်သင်္ဘောတွေကို တွေ့မြင်ခဲ့ရတယ်လို့ သိရှိရပါတယ်။
CNN တင်ပြချက်ကို 'ပက်စ်ကော့ဗ်'က တုံ့ပြန်ဖြေကြားရာမှာ ထိုဒေသတဝိုက်မှာ နေတိုး(NATO) စစ်အင်အားအများအပြားရှိနေကြောင်း ဆိုပါတယ်။
အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒန်'က ဖေဖော်ဝါရီလတုန်းက ပြောကြားထားတဲ့စကားမှာ "ရုရှားက ယူကရိန်းကို ကျူးကျော်ရင် နော့်ဒ်စထရင်းမ်ပိုက်လိုင်း(၂) တည်ရှိတော့မှာမဟုတ်ဘူး"လို့ ဆိုခဲ့တာဖြစ်ပြီး ထိုစကားအတိုင်း အမေရိကန်အနေနဲ့ ဖြေရှင်းချက်ပေးရန် 'ဇာခါရိုဗာ'က တောင်းဆိုလိုက်ပြီး အီးယူကို စုံစမ်းစစ်ဆေးပေးရန် ပြောကြားလိုက်ပါတယ်။
ထိုကိစ္စနဲ့ပတ်သက်ပြီး ရုရှားရဲ့စွပ်စွဲချက်တွေကို အိမ်ဖြူတော်က ငြင်းပယ်လိုက်ပါတယ်။
နော့်ဒ်စထရင်းမ်ပိုက်လိုင်း(၁) ယိုစိမ့်မှုက တနင်္လာနေ့မှာ ရပ်တန့်သွားနိုင်ဖွယ်ရှိတယ်လို့ ပိုက်လိုင်းလုပ်ငန်းအဖွဲ့က ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ထိခိုက်မှုကို အသေးစိတ်မသိရသေးသရွေ့ ပြင်ဆင်လည်ပတ်မှုများအကြောင်း ကြိုတင်ခန့်မှန်းမပြောဆိုနိုင်ပါဘူး။
အနောက်နိုင်ငံရဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် နော့်ဒ်စထရင်းမ်ပိုက်လိုင်း(၁)မှ ဓာတ်ငွေ့လွှတ်ခြင်းကို ရုရှားကရပ်တန့်ထားပါတယ်။
ယိုစိမ့်မှုဖြစ်ကတည်းက ပိုက်လိုင်း ၂ ခုစလုံးဟာ ဥရောပကို ဓာတ်ငွေ့ပေးလွှတ်ခြင်းမရှိပေမယ့် ပိုက်လိုင်းထဲမှာတော့ ဓာတ်ငွေ့တွေရှိနေပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published_30 September 2022
ပြည်သူများစီးနင်းလိုက်ပါလာသည့် အရပ်ဖက်လေယာဉ်တစ်စီး ယနေ့ စက်တင်ဘာလ ၃၀ ရက် နံနက်ပိုင်းက လွိုင်ကော်လေဆိပ်သို့ ဆင်းသက်စဉ် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း နစက ကထုတ်ပြန်လိုက်သည်။
ရန်ကုန်- နေပြည်တော် - လွိုင်ကော်- ရန်ကုန် ခရီးစဉ်အဖြစ်ပြေးဆွဲသည့် ခရီးစဉ်အမှတ် UB - 149 ၊ မြန်မာ အမျိုးသားလေကြောင်းလိုင်း(MNA) ၏ လေယာဉ်အမှတ် XY-AML၊ လေယာဉ်အမျိုးအစား ATR-72(600) သည် ခရီးသည် ၆၃ ဦးတင်ဆောင်၍ လွိုင်ကော်လေဆိပ်သို့ ၈ နာရီ ၄၅ မိနစ်ခန့်က ဆင်းသက်ရန်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လေယာဉ်ဆင်းသက်ခြင်း လုပ်ငန်းစဉ်များအတိုင်း ပြုလုပ်ပြီး အမြင့်ပေ ၃၅၀၀ ခန့်၊ လေယာဉ်ပြေးလမ်း၏ မြောက်ဘက် ၄ မိုင်ခန့်အကွာသို့ ရောက်ရှိစဉ် KNPP နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ရာလေယာဉ်၏ ဘယ်ဘက်ဝမ်းဗိုက်ကို ထိမှန်ခဲ့ပြီး လေယာဉ်ပေါ်တွင် စီးနင်းလိုက်ပါလာသည့် ခရီးသည် တစ်ဦး၏ ညာဘက်ပါးတွင် ကျည်ထိမှန်ဖောက်ဝင်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာရရှိခဲ့သည့် ခရီးသည်ကို လွိုင်ကော်ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူစေလျက်ရှိပြီး ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာတစ်ဝိုက်ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
#ymg/mt
#Yangon_Media_Group
#Health_Tips
Published 30 September 2022
တစ်နေ့ သွားနှစ်ကြိမ်တိုက်ပေးခြင်းဖြင့် သွားပျက်စီးခြင်းမှ ကာကွယ်ပေးနိုင်ကြောင်း သိရှိထားပြီဖြစ်သလို သွားတွေကို အကောင်းဆုံးဖြစ်အောင်ထိန်းသိမ်းခြင်းဖြင့် သွားသက်တမ်းပိုမိုကြာရှည်စေကြောင်း သုတေသီများ တွေ့ရှိထားတာ ကြာပါပြီ။
လူတွေမှာ အဖြစ်အများဆုံးနာတာရှည်ရောဂါတွေထဲမှာ သွားဖုံးရောဂါလည်း အပါအဝင်ဖြစ်ပြီး ကမ္ဘာတဝှမ်းရှိ လူပေါင်း ၂၀ မှ ၅၀ ရာခိုင်နှုန်းလောက် ခံစားနေကြရပါတယ်။
ဒီရောဂါဟာ အစပိုင်းမှာ သွားဖုံးရောင်ခြင်းလက္ခဏာ ဖြစ်ပေါ်တတ်ပြီး ပုံမှန်သွားကြိုသွားကြား သန့်ရှင်းရေးလုပ်ပေးရင် အပြည့်အဝကောင်းမွန်လာပါတယ်။
သွားဖုံးရောဂါဟာ မကုသဘဲထားလိုက်ရင် သွားဆုံးရှုံးရသည်အထိ ဖြစ်တတ်ပါတယ်။
တွေ့ရှိချက်များအရ သွားဖုံးရောဂါကနေတဆင့် အခြားကျန်းမာရေးအခြေအနေများ ဆိုးရွားသည်အထိ ဖြစ်လာတတ်ပါတယ်။
(၁) အယ်လ်ဇိုင်းမားရောဂါ
မှတ်ဉာဏ်တဖြည်းဖြည်းချို့ယွင်းလာတဲ့ အယ်လ်ဇိုင်းမားရောဂါဟာ သွားဖုံးရောဂါနဲ့ ဆက်စပ်နေပါတယ်။
သွားဖုံးရောဂါဖြစ်ရတဲ့ ဘက်တီးရီးယားတစ်မျိုးကို အယ်လ်ဇိုင်းမားရောဂါကြောင့် သေဆုံးသွားသူရဲ့ဦးနှောက်ထဲမှာ တွေ့ရှိဖူးပါတယ်။
ခံတွင်းကျန်းမာရေးဂရုစိုက်ရင် အယ်လ်ဇိုင်းမားရောဂါဖြစ်လာနိုင်ချေကို လျှော့ချနိုင်မယ့် အလားအလာရှိပါတယ်။
(၂) နှလုံးသွေးကြောရောဂါ
နှလုံးသွေးကြောရောဂါကလည်း သွားဖုံးရောဂါနဲ့ဆက်စပ်နေပါတယ်။
သွားဖုံးရောင်ရမ်းတဲ့အခါ ခန္ဓာကိုယ်ကတုံ့ပြန်တဲ့အနေနဲ့ နျူထရိုဖီးလ်ဆဲတွေ ထွက်လာကာ ထိုဆဲလ်တွေက သွေးကြောနံရံကဆဲလ်တွေကို ပျက်စီးစေပါတယ်။
(၃) ဆီးချိုရောဂါဒုတိယအမျိုးအစား
သွားဖုံးရောဂါ ကြာရှည်လာတဲ့အခါ ဆီးချိုရောဂါဒုတိယအမျိုးအစားလည်း ဖြစ်လာနိုင်ချေများပါတယ်။
သွားဖုံးရောဂါဖြစ်တဲ့အခါ အင်ဆူလင်ဟော်မုန်းအလုပ်မလုပ်နိုင်ဘဲ ဆီးချိုရောဂါဖြစ်လာရတာ ဖြစ်ပါတယ်။
(၄) ကင်ဆာများ
သွားဖုံးရောဂါကနေ ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပေါ်လာနိုင်ပါတယ်။
သွားဖုံးရောင်ရမ်းခြင်းကြောင့် ဆဲလ်များ ပုံမှန်အတိုင်းကျန်းမာစွာ မလုပ်ဆောင်နိုင်တော့ကာ သွားဖုံးရောဂါနဲ့ အကျိတ်ကြီးလာတာမျိုး ကြုံတွေ့ရတတ်ပါတယ်။
သွားဖုံးရောဂါကို ကြိုတင်ကာကွယ်နိုင်သလို ဖြစ်ခါစအစောပိုင်းမှာ ကုသလိုရပါတယ်။
အချိုဓာတ်လျှော့စားခြင်း၊ အရက်နဲ့ဆေးလိပ် ရှောင်ရှားခြင်းတို့၊ စိတ်ဖိစီးမှုကင်းဝေးအောင် နေထိုင်ခြင်းတို့ဖြင့် ကာကွယ်နိုင်ပါတယ်။
သွားထဲမှာ ဖလိုရိုက်ဓာတ်ကြာမြင့်စွာ ရှိနေစေရန် သွားတိုက်ပြီးတဲ့အခါ ချက်ချင်းပလုတ်မကျင်းဖို့ လိုအပ်ပါတယ်။
စိတ်ကျရောဂါကုဆေးများနဲ့ သွေးတိုးကျဆေးတို့လို အချိုသောဆေးများက တံတွေးထွက်ခြင်းကို လျော့နည်းစေကာ သွားဖုံးရောဂါဖြစ်နိုင်ချေ များစေပါတယ်။
Source: The Sun
#Yangon_Media_Group
#Local_News
Published_30 September 2022
ရန်ကုန်မှ လွိုင်ကော်သို့ပျံသန်းသည့်လေယာဉ် တစ်စင်း ယနေ့ စက်တင်ဘာလ ၃၀ ရက် နံနက် ၈ နာရီ မိနစ် ၅၀ ခန့်အချိန်က အပစ်ခတ်ခံရပြီး ခရီးသည်အချို့ ဒဏ်ရာရသွားကြောင်း သိရသည်။
အဆိုပါလေယာဉ်မှာ လေယာဉ်ကွင်းသို့ အဆင်းတွင် လက်နက်ငယ်ဖြင့်အပစ်ခံရခြင်းကြောင့် လေယာဉ်ကြမ်းခင်းပေါက်၍ ခရီးသည်တစ်ဦးထက်မနည်း ထိမှန်သွားကြောင်း ကနဦးသတင်းရရှိသည်။
လွိုင်ကော်သို့ ရန်ကုန်မှ မြန်မာအမျိုးသား လေကြောင်းလိုင်း နှင့် Air KBZ လေကြောင်းလိုင်း နှစ်ခုပျံသန်းနေကြခြင်းဖြစ်သော်လည်း မည်သည့်လေယာဉ် အပစ်ခံရသည်ကိုမူ မသိရသေးပေ။
#ymg/mt
#Yangon_Media_Group
#Local-News
Published_30 September 2022
လျှပ်စစ်ကားများကို သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ တင်သွင်းရန်လုပ်ဆောင်နေကြောင်း စက်မှုဝန်ကြီးဌာနက မီဒီယာများအား ပြောသည်။
လျှပ်စစ်သုံးယာဉ်များနှင့် ဆက်စပ်လုပ်ငန်းများ စတင်ဖွံ့ဖြိုးလာစေရေး၊ တင်သွင်း၊ ထုတ်လုပ်၊ အသုံးပြုပြေးဆွဲရန်အတွက် လိုအပ်သည့် မူဝါဒ၊ လုပ်ငန်းစဉ်များ၊ လမ်းညွှန်ချက်များချမှတ်နိုင်ရေး ညွှန်ကြားခြင်း၊ လမ်းညွှန်ခြင်းနှင့် အတည်ပြု ထုတ်ပြန်နိုင်ရေးတို့အတွက် “အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင်ကော်မတီ”ကို ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍ ဖွဲစည်းထားပြီးဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ ကော်မတအနေဖြင့် လုပ်ငန်းအထောက်အကူပြုနိုင်ရေးအတွက် “လုပ်ငန်းကော်မတီ” (၅)ခုကို ဖွဲ့စည်းထားရှိကြောင်း၊ လုပ်ငန်းကော်မတီ(၅)ခုအနက် “လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့၊ တပ်ဆင်၊ ထုတ်လုပ်မှုမြှင့်တင်ရေးလုပ်ငန်းကော်မတီ”ဥက္ကဋ္ဌအဖြစ် လက်ရှိတွင် စီးပွားရေးနှင့်ကူးသန်းဝန်ကြီးဌာနက Focal ဝန်ကြီး ဌာနအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
"လက်ရှိမှာ ကော်မတီအနေနဲ့ သတ်မှတ် စံချိန်စံညွှန်းများနဲ့အညီ တင်သွင်းဖိုအတွက် လိုအပ်တဲ့ ညွှန်ကြားချက်တွေ ထုတ်ပြန်ဖို့ ဆောင်ရွက်နေပါတယ်။ လျှပ်စစ်သုံးယာဉ်နဲ့ ဆက်စပ်လုပ်ငန်းများကို ဦးစားပေး မြှင့်တင်မယ့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ (Promoted Sector)မှာ ထည့်သွင်းသတ်မှတ်နိုင်ရန်အမိန့်ကြော်ငြာစာထုတ်ပြန်ဖို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကိုတင်ပြဖို့ ဆောင်ရွက်လျက်ရှိပါတယ်။ ဦးဆောင်ကော်မတီမှ ရွေးချယ်သတ်မှတ်ထားတဲ့ ကုမ္ပဏီတွေကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ စိစစ်၍ မြန်ဆန်စွာ ခွင့်ပြုမိန့် ထုတ်ပြန် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု အဆိုပါ ဝန်ကြီးဌာန တာဝန်ရှိသူက မီဒီယာများအား ပြောသည်။
ယင်းအပြင် ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြုထားသော အကောက်ခွန်နှင့်ဝင်ငွေခွန်ကင်းလွတ်ခွင့်၊ သက်သာခွင့်များကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ ရင်းနှီးမြှုပ်နှံသူများအား ခံစားခွင့်ပြုခြင်း၊ ဦးဆောင်ကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ ရင်းနှီးမြှုပ်နှံသူကုမ္ပဏီ၊ (ပုဂ္ဂလိက၊ အစိုးရပုဂ္ဂလိက ဖက်စပ်) နှင့် သက်ဆိုင်ရာလုပ်ငန်းကော်မတီများ၊ အစိုးရအဖွဲ့အစည်းများ၊ ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန် စီစဉ်ထားကြောင်းလည်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_Health
Published 30 September 2022
ရှေးခေတ်ကာလတုန်းက ဗိုင်းရပ်စ်ကူးစက်ခံရခြင်းကနေ ကျန်ခဲ့တဲ့ ကြွက်ခရိုမိုဆုန်းထဲက မျိုးရိုးဗီဇဆဲလ် ၂ မျိုးဟာ ဦးနှောက်ထဲက ရောဂါကူးစက်မှုအသစ်တွေကို တိုက်ခိုက်နိုင်တယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
ဒီအချက်အလက်က ယနေ့ခေတ် ဆေးပညာလောကအတွက် ကြီးမားတဲ့သက်ရောက်မှုတွေ ရှိလာနိုင်ကြောင်း ဂျပန်နိုင်ငံမှ သုတေသနလေ့လာချက်ကို Development ဇီဝဗေဒဂျာနယ်မှာ အင်္ဂါနေ့က ဖော်ပြခဲ့ကြပါတယ်။
retrotransposon Gag-like' 5 နဲ့ 6 (Rtl5 နဲ့ Rtl6) မျိုးရိုးဗီဇတွေကို နို့တိုက်သတ္တဝါတိုင်းနီးပါးမှာ တွေ့ရှိရပါတယ်။
သူတို့ဟာ HIV လို retro ဗိုင်းရပ်စ်တွေမှာ တွေ့ရတဲ့မျိုးရိုးဗီဇတွေနဲ့ ဆင်တူတာတွေရှိနေပါတယ်။
ဒီဗိုင်းရပ်စ်တွေက ဗိုင်းရပ်စ်မျိုးရိုးဗီဇဆဲလ်တွေဖြစ်ပေမယ့် နှစ်ပေါင်းသန်း ၁၀၀ ကျော်သည့်တိုင်အောင် နို့တိုက်သတ္တဝါမျိုးရိုးဗီဇထဲမှာ ရှင်သန်နေတာကြောင့် အရေးကြီးတဲ့လုပ်ဆောင်ချက်တွေ ရှိနေနိုင်တယ်လို့ သုတေသီများက ယူဆနေကြပါတယ်။
သိပ္ပံပညာရှင်များ လေ့လာကြည့်ရာမှာတော့ ထိုမျိုးရိုးဗီဇတွေဟာ မိုက်ခရိုဂလီယာဆဲလ်တွေ ဖြစ်ပါတယ်။
မိုက်ခရိုဂလီယာဆဲလ်တွေက ပင်မအာရုံကြောစနစ်ရဲ့ အဓိကရောဂါခုခံကာကွယ်ရေးအဖြစ် ဆောင်ရွက်ပေးပါတယ်။
"လွန်ခဲ့တဲ့ ၁၅ နှစ် စတင်လေ့လာခဲ့တုန်းက Rtl6 နဲ့ Rtl5 တို့က မိုက်ခရိုဂလီယာတွေလို လုပ်ဆောင်လိမ့်မယ်လို့ မထင်ခဲ့မိပါဘူး၊ Rtl6 က မိုက်ခရိုဂလီယာမျိုးရိုးဗီဇဖြစ်ပေမယ့် သူ့ရဲ့အရေးပါပုံကို နားမလည်ခဲ့ကြပါဘူး" လို့ တိုကျိုဆေးဘက်ဆိုင်ရာ တက္ကသိုလ်မှ ဦးဆောင်သုတေသီဒေါက်တာ'ကာနဲကိုအီရှီနို'က ပြောပြခဲ့ပါတယ်။
ဒေါက်တာ'အီရှီနို'က ကြွက်ဦးနှောက်ကို သေချာဖယ်ရှားခွဲစိတ်နေစဉ်မှာ အခုလိုတွေ့ရှိခဲ့တာဖြစ်ပြီး ဦးနှောက်ပျက်စီးသွားတယ်ဆိုရင် Rtl6 ကို လှုံ့ဆော်ပေးလိုက်လို့ ရပါတယ်။
မျိုးရိုးဗီဇဆဲလ်တွေက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ဘယ်လိုတုံ့ပြန်သလဲဆိုတာသိရဖို့ ကြွက်ဦးနှောက်တွေမှာ ရောဂါကူးစက်စေခဲ့ပါတယ်။
Rtl5 က ဘက်တီးရီးယားလို ရောဂါကူးစက်မှုတွေကို တုံ့ပြန်နိုင်ပြီး Rtl6 ကတော့ ဘက်တီးရီးယားရော ဗိုင်းရပ်စ်တွေပါ တုံ့ပြန်နိုင်တယ်ဆိုတာကို သတိထားမိခဲ့ကြပါတယ်။
နောက်ထပ်စမ်းသပ်မှုမှာတော့ Rtl5 နဲ့ Rtl6 တွေကို ဖယ်ရှားလိုက်ရာမှာ ကြွက်တွေက ရောဂါကူးစက်ခံရခြင်းကနေ မသက်သာတော့ပါဘူး။
ဒါကြောင့် ဒီမျိုးရိုးဗီဇဆဲလ်တွေဟာ ဦးနှောက်ရဲ့ အဖြစ်အများဆုံးရောဂါကူးစက်မှုတွေကို အဓိကကာကွယ်ပေးတဲ့နေရာမှာ ပါဝင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။
"ဗိုင်းရပ်စ်ကနေရရှိတဲ့ မျိုးရိုးဗီဇဆဲလ်တွေက ခရိုမိုဆုန်းတွေရဲ့ အဓိကအစိတ်အပိုင်းဖြစ်ပြီး နို့တိုက်သတ္တဝါတွေနဲ့ လူသားဖွံ့ဖြိုးတိုးတက်လာရာမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်နေခဲ့ပါတယ်" လို့ သုံးသပ်ပြထားပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published 29 September 2022
မြောက်ဦးရှေးဟောင်းပြတိုက်နဲ့ ရှေးဟောင်းစေတီတွေရဲ့ အချက်အလက်တွေကို သိရှိနိုင်ဖို့ QR Code စနစ်လုပ်ဆောင်နိုင်ရေးကို စီစဉ်နေတယ်လို့ သိရပါတယ်။
#Yangon_Media_Group
#World_Technology
Published 29 September 2022
တရုတ်နိုင်ငံမှ ကုန်းရေနှစ်သွယ်သွားနိုင်တဲ့ မီးသတ်လေယာဉ် AG600M ဟာ ရေ ၁၂ တန်ဖြည့်ခြင်းနဲ့ ရေဖြန့်ကျဲခြင်းတို့ကို အင်္ဂါနေ့က စမ်းသပ်အောင်မြင်ခဲ့ပြီး တကယ်လက်တွေ့အသုံးချနိုင်ဖို့ နီးစပ်နေပြီဖြစ်ပါတယ်။
#Yangon_Media_Group
Published 29 Sept 2022
ဘရာဇီးနိင်ငံ မြောက်ပိုင်း အမေဇုန်နာ့စ်ပြည်နယ်၊ကဲရီယိုမြို့ က တံတားတစ်စင်း ဗုဒ္ဓဟူးနေ့က ပြိုကျခဲ့ရာ အနည်းဆုံး လူ(၃)ဦး သေဆုံးကာ ၁၅ ဦးပျောက်ဆုံးနေပါတယ်။
အမေဇုန်နာ့စ် မီးသတ်ဌာနဟာ ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေနေပါတယ်။ အဲဒီံတံတားဟာ ကဲရီယိုမြို့ကို ဖြတ်သွားတဲ့ BR-319 အမြန်လမ်းမကြီးပေါ်မှာ ရှိပါတယ်။ ကဲရီယိုမြို့ဟာ ပြည်နယ်မြို့တော် မန်နော့စ်မြို့မှ ၆၂ မိုင် အကွာမှာရှိပါတယ်။
တံတားပြိုကျချိန်မှာ အချို့ကားတွေဟာ တံတားပေါ်ကဖြတ်သန်းမောင်နှင်နေတာကြောင့် လူ(၁၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ တံတားမပြိုကျခင် တံတားပေါ်မှာ ယာဉ်ကြောပိတ်ဆို့မှုရှိခဲ့လို့ တံတားဟာ အက်ကြောင်းရာထင်ခဲ့တယ်လို့ မျက်မြင်သက်သေတော်တော်များများကပြောကြပါတယ်။
Source AFP/Reuters
#Amazonas_Brazil
#Bridge_Collapse
#Brazil
#Local_News
Published_29 September 2022
COVID-19 ရောဂါဆိုင်ရာ စီးပွားရေးကုစားမှုစီမံကိန်း (COVID-19 Economic Relief Plan) ကနေ ခရီးသွားကဏ္ဍကို ငွေကျပ် ၃ ဘီလီယံကျော် ထုတ်ချေးထားတယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
Published 29 Sept 2022
မကြာမီကာလအတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချနိုင် ရေးအတွက် လျှပ်စစ်ဓာတ်အား၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် အသုံးချနိုင်ရေးကြိုးပမ်းဆောင်ရွက်နေတယ်လို့ ဗိုလ်ချူပ်မှူးကြီး မင်းအောင် လှိုင်က ပြောကြားပါတယ်။
မန္တလေးစက်မှုဇုန်က အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်တွေနှင့် ယနေ့ စက်တင်ဘာ ၂၉ ရက်ကတွေ့ဆုံရာမှာ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ယခုလို ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။
“ရုရှားဖက်ဒရေးရှင်း နိုင်ငံသို့ သွားရောက်ခဲ့စဉ်တွင် ရေအားလျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနှင့် နျူကလီးယားစွမ်းအင် သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများကို ဆွေးနွေးခဲ့ပါတယ်။ မိမိတို့နိုင်ငံ တွင် ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်သည့် ရေအရင်း အမြစ်များစွာ ရှိပါတယ်။၊ ရေအားလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု လုပ်ငန်းသည် အရင်းအနှီးကြီးမားသော်လည်း ရေရှည် အတွက် ကောင်းမွန်သည့်လုပ်ငန်း တစ်ရပ်ဖြစ်ပါတယ်။ နျူကလီးယား စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းသည်လည်း များစွာအကျိုး ဖြစ်ထွန်းစေပြီး မကြာမီကာလအတွင်း နျူကလီးယားစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးချနိုင် ရေးအတွက် လျှပ်စစ် ဓာတ်အား၊ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များတွင် အသုံးချနိုင်ရေးကြိုးပမ်းဆောင်ရွက်နေပါတယ်” လို့ ဗိုလ်ချူပ်မှူးကြီးကပြောခဲ့တာဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေး ကို အမျိုးသားရေးရည်မှန်းချက်အဖြစ် ဆောင်ရွက်ရမည်ဖြစ်ပြီး လုပ်ကိုင်ဆောင်ရွက် နေသူများအားလုံး အေးချမ်းလုံခြုံစွာဖြင့် လုပ်ကိုင်နေထိုင် ဆောင်ရွက်နေခြင်းသည် တိုင်းပြည် သာယာ ဝပြောခြင်းဖြစ်ကြောင်း၊ စားရေ ရိက္ခာပေါများရေးနှင့်ပတ်သက်၍ သောက်သုံးရေလုံလောက်စွာရရှိရေးနှင့် စားသောက်ဖွယ်ရာ များသာမက တစ်ကိုယ်ရေ သုံး ပစ္စည်းများသည်လည်း ရိက္ခာတွင်ပါဝင်ကြောင်းလည်း နစက ဥက္ကဋ္ဌက ရှင်းလင်းပြောကြားခဲ့ပါ တယ်။
မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း ၊မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီ ၊မြန်မာနိုင်ငံဝါလုပ်ငန်းရှင်များအသင်း၊အသေးစား၊ကျောက်ဆစ်လုပ်ငန်းအသင်း၊ရှင်သန်ဆဲဒြပ်မဲ့မျက်ပါးရွှေဆိုင်းအသင်းနှင့် တက်ရောက်လာကြသည့် လုပ်ငန်းရှင်တွေက အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများ၊ ထုတ်ကုန်များ ဈေးကွက် ရရှိရေး၊ နည်းပညာနှင့် ရင်းနှီးမြှုပ်နှံမှု အရင်းအနှီးများ ရရှိရေးတို့အတွက် လိုအပ်မှု အခြေအနေများ၊ အနာဂတ်ကာလများတွင် စက်မှုဇုန် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက် ရေး အတွက် လိုအပ်ချက်များ၊ ဝါမျိုးကောင်းမျိုးသန့်များရရှိရေးနှင့် ဈေးကွက်ရရှိရေး၊ ဝါစိုက်တောင်သူများ အရင်းအနှီးရရှိရေးအတွက် သက်သာသောအတိုးနှုန်းထားဖြင့် ရင်းနှီးမတည်ငွေများ နိုင်ငံတော်မှ ဆောင်ရွက်ပေးစေလိုမှု၊ သက်တမ်းပြည့်ချေးငွေများ သက်တမ်းတိုးမြှင့်ပေးစေလိုမှု၊ ကျောက်ဆစ်လုပ်ငန်းအတွက် မြေနေရာနှင့် စက်ပစ္စည်း လိုအပ်မှု၊ ရိုးရာလက်မှု လုပ်ငန်းတစ်ခုဖြစ်သည့် မျက်ပါးရွှေဆိုင်းလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးနှင့် တင်ဒါစနစ်အစား လက်ခစနစ်ဖြင့် ဆောင်ရွက် ပေးစေလိုမှု၊ ရက္ကန်း လုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုနှင့် နိုင်ငံတော် မှရင်းနှီးမတည်ငွေ များထုတ်ချေး ပေးစေလိုမှု၊ စက်မှုဇုန်အတွင်း ရှေ့ပြေးနည်းပညာများ လေ့လာ၍ရသည့် စာကြည့်တိုက်နှင့် သုတေသနစင်တာ တစ်ခုတည်ထောင် ပေးစေလိုမှု၊ စက်မှုလုပ်ငန်း များဆောင်ရွက်ရန် လျှပ်စစ်ဓာတ်အားများ လုံလောက်စွာရရှိ အောင်ဆောင်ရွက် ပေးစေလိုမှု၊ နိုင်ငံတော်၏ပံ့ပိုးမှု၊ စက်မှုလုပ်ငန်းရှင်များ၏ ဝိုင်းဝန်း ပါဝင်ဆောင်ရွက် မှုများဖြင့် စက်မှုဇုန်များတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားများ ထုတ်လုပ်နိုင်ရန်လိုအပ်မှု၊ ကုန်ချောပစ္စည်းများ ပြည်ပမှတိုက်ရိုက် တင်သွင်းမှုများ ကြောင့် ပြည်တွင်းကုန်ချောထုတ်လုပ်သူများအနေဖြင့် အခက်အခဲများ ဖြစ်ပေါ်နေမှု၊ ပြည်ပမှ ကုန်ချောတင်သွင်းမှုအပေါ်တွင် ထိုက်သင့်သည့် အခွန်ငွေများ ကောက်ခံ ရန်နှင့် ကုန်ကြမ်းပစ္စည်းများတင်သွင်းမှုအပေါ် အခွန်ငွေများလျှော့ခ ကောက်ခံမည် ဆိုပါက ပြည်တွင်းကုန်ချောထုတ်လုပ်မှုအပေါ် အထောက်အကူပြုနိုင်မှု၊ ထုတ်ကုန်များ အတွက် Exhibition များပြုလုပ်ပေးခြင်းဖြင့် ဈေးကွက်သစ်များကို ဖန်တီးပေးနိုင်ပြီး ထုတ်လုပ်သူများအဆင်ပြေစေမည့် အခွန်စနစ်ဆောင်ရွက်ပေးရန် လိုအပ်မှု၊ MRCCI အသင်းနှင့်ညီနောင်အသင်းများအတွက် ရုံးခန်းများ တစ်စုတစည်းတည်းဖွင့်လှစ် နိုင်ရေးအဆောက်အဦ မြေနေရာအတွက် နိုင်ငံတော်မှသတ်မှတ်သောနှုန်းဖြင့် မြေနေရာ စီစဉ်ပေးနိုင်ရေး အခြေအနေတွေကို အသီးသီးတင်ပြခဲ့ကြတယ်လို့ သတင်းထုတ်ပြချက်မှာ ဖော်ပြထားပါတယ်။
ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးတင်ထွဋ်ဦး၊ ဦးလှမိုး၊ ဒေါက်တာ ချာလီသန်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုတို့ကလည်း လုပ်ငန်းရှင်များ၏ဆွေးနွေးချက်များအပေါ် ဆောင်ရွက်ထားရှိမှုနှင့် ဆောင်ရွက်နိုင်မည့်ကိစ္စတွေကို ပြန်လည်ဆွေးနွေးခဲ့ကြတယ်လို့လည်းသိရှိရပါတယ်။
အဆင့်မီဝါများထွက်ရှိရေး အတွက် အရည်အသွေးပြည့်မီသည့် ဝါမျိုးကောင်းမျိုးသန့်များရရှိအောင် နိုင်ငံတော်မှ ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ဝါစိုက်ပျိုးမှုများစွာရှိသည့် အတွက် မန္တလေးတိုင်းဒေသကြီးအတွင်း ဝါကိုအခြေခံသည့် စက်မှုလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်ကြစေလိုပြီး နိုင်ငံတော်မှလည်း လိုအပ်သည့် ပံ့ပိုးကူညီ မှုများ ဆောင်ရွက်ပေးသွားမယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စက်မှုကုန်ကြမ်းများအတွက် လိုအပ်သည့် သတ္တုကုန်ကြမ်းများနှင့် သစ်ကုန်ကြမ်းများရရှိရေး ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ထုတ်ကုန်ပြပွဲများကျင်းပနိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်တွင်းကုန် ထုတ်လုပ်မှုကို အားပေးခြင်း သည် ပြည်တွင်းစီးပွားရေးကိုအားပေးခြင်းဖြစ်ပြီး ပြည်တွင်းမှထွက်ရှိသည့် ကုန်ကြမ်းများကို အဆင့်မြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်နိုင်ရမည်ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံရှိ ကုန်ထုတ်လုပ်မှုများ တွင် ပြည်ပမှဝင်ရောက်ဆောင်ရွက်ခြင်းထက် မိမိတို့ကိုယ်တိုင် ဦးစီးဆောင်ရွက်မှုများကို အားပေးရမည်ဖြစ်ကြောင်း၊ မိမိတို့အကျိုးစီးပွားကို မိမိတို့ကိုယ်တိုင်ဖော်ဆောင် ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်မှစိုက်ပျိုးရေးချေးငွေများကို ယခင်ကတည်းထုတ်ချေးပေးခဲ့ကြောင်း၊ နိုင်ငံတော်သို့ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသေးသည်များလည်းရှိကြောင်း၊ နိုင်ငံတော်မှ ထုတ်ချေးပေးထားသည့် ကိုဗစ်-၁၉ ချေးငွေများနှင့်ပတ်သက်၍ ပြန်လည်ပေးဆပ် ရန်ကာလကို သက်တမ်းတိုးပေးသွားမည်ဖြစ်ကြောင်း၊ ဒေသအတွင်း ကုန်ထုတ်လုပ်မှုများကို ဆောင်ရွက်နိုင်ခြင်းကြောင့် အလုပ်အကိုင်အခွင့်အလမ်းများ များပြားလာမည်ဖြစ်ပြီး ပြည်ပနိုင်ငံများသို့ သွားရောက်လုပ်ကိုင်ရမှုများ နည်းပါးလာ မည်ဖြစ် ကြောင်း ဗိုလ်ချူပ်မှူးကြီးက ပြောကြားခဲ့တယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထို့အပြင် နစကဥက္ကဋ္ဌနှင့်အဖွဲ့ဟာ မန္လေးတိုင်းဒေသကြီး စက်မှုဇုန်(၁)အတွင်းက ပုဂ္ဂလိက ကုန်ထုတ်လုပ်ငန်းတွေကို သွားရောက်ကြည့်ရှုခဲ့ပါတယ်။ အဲဒီလုပ်ငန်းတွေက ဘုရင်ဘီစကစ်စက်ရုံ၊ အောင်နိုင်သူ တွင်နှင့်သံရည်ကျို လယ်ယာသုံးရေပန့် သံမဏိသွန်းထည်လုပ်ငန်း၊မောရိယ တိုင်းရင်းဆေးထုတ်လုပ်ရေးလုပ်ငန်းတွေဖြစ်ကြပြီး လုပ်ငန်းတွေရဲ့ လုပ်ငန်းရှင်တွေနှင့် စီမံခန့်ခွဲသူတွေက ထုတ်လုပ်နေမှုအခြေအနေတွေကို တင်ပြခဲ့ကြရာ ဗိုလ်ချူပ်မှူးကြီးက အကြံပြုဆွေးနွေးခဲ့တယ်လို့လည်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
Source SAC’s press release
#SG_Min_Aung_Hlaing
#Myanmar_MSME
#Myanmar
#Local_News
Published_ 29 September 2022
အခုပွင့်လင်းရာသီမှာ စီမံချက်အနေနဲ့ ရွှေတိဂုံရှိအရံစေတီတော် (၆၈)ဆူအနက် ပျက်ဆီးမှုများတဲ့ အရံစေတီတော်(၂၀)ဆူကို ရွှေသင်္ကန်းအသစ်ကပ်လှူပူ ဇော်သွားဖို့ရှိတယ်လို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်ဦးဘိုးသင်းက ပြောပါတယ်၊၊
#Yangon_Media_Group
Page 1344 of 1758