#Local_News
Published-14 December 2022
ယနေ့ ဒီဇင်ဘာလ (၁၄) ရက်နေ့တွင် ၉၂ တစ်လီတာ ၁၈၀၀ အထက်ပြန်လည်မြင့်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။
ဒီဇင်ဘာလ (၁၃)ရက်နေ့တွင် စက်သုံးဆီဈေးနှုန်းမှာ ၉၂ တစ်လီတာ ၁၇၉၅ ကျပ်၊ ၉၅ တစ်လီတာ ၁၈၈၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၁၃၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၂၀၅ ကျပ်ဖြစ်ပြီး ယနေ့တွင် ၉၂ တစ်လီတာ ၁၉၀၀ ကျပ်၊ ၉၅ တစ်လီတာ ၁၉၈၅ ကျပ်၊ ဒီဇယ်တစ်လီတာ ၂၂၆၅ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာ ၂၃၄၀ ကျပ်အထိ ပြန်လည်မြင့်တက်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် နေ့စဉ်စက်သုံးဆီရည်ညွှန်းဈေးများကို စင်ကာပူ (MOPS) ဈေးနှုန်းအပေါ် အခြေခံပြီး တွက်ချက်ခြင်း ဖြစ်သောကြောင့် (MOPS) ဈေးကျဆင်းလျှင် ပြည်တွင်းစက်သုံးဆီ ဈေး ကျဆင်းပြီး (MOPS) ဈေးတက်လျှင် ပြည်တွင်းစက်သုံးဆီ ဈေးတက်ကြောင်း သိရသည်။
ယင်းအပြင် စက်သုံးဆီဈေးနှုန်းမှာ အတက်အကျမမှန်သည့်အတွက် အဓိက အငှားယာဉ်မောင်းများအနေဖြင့် အခက်အခဲများရှိနေပြီး ပြေးဆွဲမှုကိုရပ်နားထားရကြောင်းလည်း သိရသည်။
“စက်သုံးဆီဈေးနှုန်းတွေက တက်လိုက်၊ ကျလိုက်နဲ့ မမှန်ဘူး။ ဈေးတက်တာက များနေတယ်။ ဈေးကျတော့လည်း အရမ်းကြီးမကျသွားဘူး။ အဲဒီတော့ ကားမောင်းရတာ ဘယ်လိုမှအဆင်မပြေဘူး။ ခရီးသည်တွေကလည်း ကားခဈေးတက်တော့ မစီးကြတော့ဘူး။ ဒါကြောင့် တက္ကစီမောင်းတာကို ခဏရပ်ရပ်နားထားလိုက်ရတယ်”ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။
ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 14 December 2022
ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ တစ်ဖက်သတ်အကောက်ခွန်သက်သာခွင့်အစီအစဉ်ဖြင့် ပို့ကုန်တင်ပို့မည့်သူများ ပို့ကုန်တင်ပို့ခွင့်များ စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ကုန်သွယ်ရေးဦးစီးဌာနမှ သိရသည်၊၊
ပို့ကုန်တင်တင်ပို့လိုသူများအနေဖြင့် မှတ်ပုံတင်ပို့ကုန်တင်ပို့သူ (Registered Exporter)ခွင့်ပြုချက် လျှောက်ထားလိုပါက ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ပို့ကုန်သွင်းရုံးခွဲတွင်စာရွက်စာတမ်းပြည့်စုံစွာဖြင့် သွားရောက်ဆောင်ရွက်နိုင်မည် ဖြစ်သည်၊၊
ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ ဒီဇင်ဘာလ(၁၄)ရက်တွင် ထုတ်ပြန်ချက်တစ်ခုထုတ်ပြန်ခဲ့သည်၊၊
ယင်းထုတ်ပြန်ချက်တွင် ၂၀၁၈ ခုနှစ်၊ ဇွန်လ ၈ ရက်ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် (၃၂/၂၀၁၈) အရ ဆောင်ရွက်လျက်ရှိသည့် ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ နော်ဝေ၊ ဆွစ်ဇာလန်၊ တူရကီ နိုင်ငံတို့တွင် တစ်ဖက်သတ်အကောက်ခွန်သက်သာခွင့်အစီအစဉ်အရ ပို့ကုန်တင်ပို့သူမှတ်ပုံတင်စနစ်( Registered Exporter System REX)
ကိုအသုံးပြု၍ ပို့ကုန်တင်ပို့သူများ မှတ်ပုံတင်ပို့ကုန်တင်ပို့သူ ခွင့်ပြုချက်လျှောက်ထားခြင်းအား ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ရှိ ပို့ကုန်သွင်းရုံးခွဲ တွင် စာရွက်စာတမ်း ပြည့်စုံစွာဖြင့် လာရောက်လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာ ထားသည်၊၊
ပို့ကုန်တင်ပို့သူမှတ်ပုံတင်စနစ်( Registered Exporter System REX)ဆိုသည်မှာ ဖော်ပြပါနိုင်ငံများသို့ တင်ပို့မည့်ကုန်စည်များသည် သတ်မှတ်စည်းကမ်းချက်များဖြင့်အညီ မြန်မာနိုင်ငံ၏ပင်ရင်း ကုန်စည်ဖြစ်ကြောင်း မှတ်ပုံတင်ပို့ကုန်တင်ပို့သူခွင့်ပြုချက် လက်မှတ်ရထားသော ပို့ကုန်တင်ပို့သူများက သက်ဆိုင်ရာစာရွက်စာတမ်းများပေါ်တွင်
ကြေညာသည့်စနစ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်၊၊
#ymg/tthl
#Yangon_Media_Group
#World_Technology
Published 14 December 2022
ကမ္ဘာပေါ်မှ သမုဒ္ဒရာများ၊ ရေကန်များ၊ မြစ်များကို အကျယ်တဝင့်လေ့လာမယ့် ပထမဆုံးကမ္ဘာမြေသိပ္ပံစီမံကိန်းဆောင်ရွက်ရန် ကယ်လီဖိုးနီးယားတောင်ပိုင်းကနေ ကြာသပတေးနေ့အစောပိုင်းမှာ ဂြိုဟ်တုပစ်လွှတ်ဖို့အတွက် နာဆာ(NASA)က ဦးဆောင်ပြီး နိုင်ငံတကာဂြိုဟ်တုမစ်ရှင်ကို စီစဉ်လိုက်ကြပါတယ်။
SWOT လို့အတိုကောက်ခေါ်တဲ့ ရေမျက်နှာပြင်နဲ့ သမုဒ္ဒရာသွင်ပြင်အဆင့်မြင့်ရေဒါဂြိုဟ်တုဟာ ကမ္ဘာမြေကို ၇၀ ရာခိုင်နှုန်းလွှမ်းခြုံထားတဲ့ ရေများအကြောင်းကို မတွေ့ကြုံဖူးတဲ့ အနေအထားဖြင့် သိပ္ပံပညာရှင်များအနေနဲ့ သိစေနိုင်မှာဖြစ်ပြီး ရာသီဥတုဖောက်ပြန်ခြင်းရဲ့ အကျိုးဆက်တွေနဲ့ ဖြစ်စဉ်များအကြောင်းကို ဖော်ပြပေးနိုင်မှာဖြစ်ပါတယ်။
သူဌေးကြီး'အီလွန်မက်စ်'ရဲ့ SpaceX ကုမ္ပဏီမှ လွှတ်တင်မယ့် Falcon 9 ဒုံးပျံဟာ လော့စ်အိန်ဂျလိစ် အနောက်မြောက် ၁၇၀ မိုင်ရှိ ဗန်ဒန်ဘာ့ဂ်စပေ့စ်ဖို့စ်စခန်းကနေ ကြာသပတေးနေ့အရုဏ်တက်ချိန်မှာ ပစ်လွှတ်မှာဖြစ်ပါတယ်။
စီစဉ်ထားတဲ့အတိုင်းသာ ဖြစ်လာရင် ကားတစ်စီးအရွယ်ပမာရှိတဲ့ ဂြိုဟ်တုကနေ လပိုင်းအတွင်း သုတေသနအချက်အလက်တွေ ရရှိလာမှာဖြစ်ပါတယ်။
နှစ်ပေါင်း ၂၀ နီးပါးထုတ်လုပ်လာရာမှာ SWOT ရဲ့ အဆင့်မြင့်မိုက်ခရိုဝေ့ဗ်နည်းပညာဖြင့် ကမ္ဘာ့နေရာ ၉၀ ရာခိုင်နှုန်းလောက်က သမုဒ္ဒရာများ၊ ရေကန်များ၊ ရေလှောင်ကန်များ၊ မြစ်များရဲ့ အနက်အတိုင်းအတာကို ကြည်လင်ပြတ်သားစွာ တိုင်းတာနိုင်မှာဖြစ်ပါတယ်။
၂၁ ရက်ကြာတိုင်း ရေဒါကနေ အချက်အလက်တွေကို ရရှိမှာဖြစ်ကာ သမုဒ္ဒရာလည်ပတ်မှုပုံစံတွေ၊ ရာသီဥတုခန့်မှန်းချက်တွေ၊ ရေရှားဒေသတွေမှာ ရေချိုထောက်ပံ့ခြင်းတွေကို စီမံနိုင်မှာဖြစ်ပါတယ်။
ဒီဂြိုဟ်တုကို လော့စ်အိန်ဂျလိစ်အနီးရှိ နာဆာဓာတ်ခွဲခန်းမှာ ဆောက်လုပ်ထားတာဖြစ်ပါတယ်။
ကမ္ဘာမျက်နှာပြင်ပေါ်က ရေအားလုံးနီးပါးကို လေ့လာနိုင်မယ့် ပထမဆုံးမစ်ရှင်ဖြစ်တယ်လို့ နာဆာပင်လယ်ရေမျက်နှာပြင်အဖွဲ့မှ သိပ္ပံပညာရှင်'ဘင်ဟမ်လင်တန်'က ပြောကြားလိုက်ပါတယ်။
မစ်ရှင်ရဲ့အဓိကရည်ရွယ်ချက်တစ်ခုက ကမ္ဘာ့အပူချိန်နဲ့ ရာသီဥတုပြောင်းလဲမှုကို ထိန်းညှိတဲ့ သဘာဝဖြစ်စဉ်မှာ သမုဒ္ဒရာတွေက လေထုအပူနဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်တို့ကို ဘယ်လိုစုပ်ယူလဲဆိုတာကို လေ့လာရန်ဖြစ်ပါတယ်။
ဂြိုဟ်တုပတ်လမ်းကနေ ပင်လယ်ပြင်တွေကို ကြည့်တဲ့အခါမှာ အရင်နည်းပညာတွေထက် SWOT နည်းပညာက ၁၀ ဆ ပိုမိုပြတ်သားစွာ မြင်ရမှာဖြစ်ပါတယ်။
Source: Reuters
#Yangon_Media_Group
#Local_News
Published _ 14 December 2022
ရုရှားနှင့် လေအားလျှပ်စစ်နှင့် အသေးစားရေအားလျှပ်စစ်စီမံကိန်းများတည်ဆောက်ရန် ဖြစ်မြောက်နိုင်စွမ်း လေ့လာနိုင်ရေးအတွက် လိုအပ်သော Terms of Reference(TOR) ကို ဒီဇင်ဘာလ ၁၃ ရက်က ပြုလုပ်ခဲ့သော လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ Russian State Atomic Energy Corporation "ROSATOM" တို့ပူးပေါင်း ဆောင်ရွက်မည့်စီမံကိန်းများဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲအတွင်း လက်မှတ်ရေးထိုးခဲ့ကြသည်။
ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော် ဇေယျာသီရိမြို့နယ် ဇီးရိုင်းကျေးရွာ၊ သစ်တော်ကျေးရွာအုပ်စု၊ ငါးတဲစုကျေးရွာ၊ ပေါင်းလောင်းရေလှောင်တမံအနီးရှိ မြေနေရာတို့ကို အပူစွမ်းအင်ဆိုင်ရာစီမံကိန်းတို့နှင့်ဆက်စပ်သော ကျောက်သား Mechanic ဆိုင်ရာများလေ့လာခြင်း၊ ရေရရှိနိုင်မှု၊ ငလျင်နှင့် ပြတ်ရွေ့များလေ့လာခြင်း၊ သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းများ၊ သဘာဝပတ်ဝန်း ကျင်အခြေအနေနှင့် လူမှုဘဝနေထိုင်မှုတို့အပေါ် ကနဦး နေရာများသို့သွားရောက် ကြည့်ရှုလေ့လာခဲ့ပြီးနောက် အထက်ပါအတိုင်း လက်မှတ်ထိုးခဲ့ကြခြင်းလည်း ဖြစ်သည်။
SMR အတွက် ကနဦးလေ့လာဆန်းစစ်ချက်များတွင် လိုအပ်သော အခြေခံ အချက်အလက်များကိုလည်း Working Group အဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး စီမံကိန်းလုပ်ငန်း များလည်း သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ROSATOM မှ ကိုယ်စားလှယ်များက မြန်မာနိုင်ငံအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်သော လေအားလျှပ်စစ်၊ အသေးစားရေအားလျှပ်စစ် များကိုလည်း မြေပြင်တွင် သွားရောက်လေ့လာကြည့်ရှု ဆောင်ရွက်ကြပြီး ဖြစ်ကြောင်း၊ အထူးသဖြင့် လေအားလျှပ်စစ်ထုတ်လုပ်မှုကို အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်ရန် မြန်မာ နိုင်ငံ၌ အလားအလာကောင်းများရှိသော နေရာခြောက်ခုတွင် စုစုပေါင်း မဂ္ဂါဝပ် ၈၁၀၀ ကျော်ခန့်ထုတ်လုပ်နိုင်ကြောင်း စူးစမ်းလေ့လာထားမှုအရ သိရှိရသဖြင့် ROSATOM အနေဖြင့် လေအားလျှပ်စစ်ထုတ်လုပ်မှုတွင် အမြန်ဆုံးပူးပေါင်း ဆောင်ရွက်နိုင်ရေး အထူးအလေးထား ဆောင်ရွက်စေလိုကြောင်းလည်း လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ရုရှားဖက်ဒရေးရှင်းနိုင်ငံ Russian State Atomic Energy Corporation "ROSATOM"၏ Deputy Director General Mr. Spasskiy Nikolay က မိမိတို့အနေဖြင့် အပူစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်း တည်ဆောက်ခြင်းတွင် နှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့ပြီး ဖြစ်ကြောင်း၊ ယခုစီမံကိန်းသည် မြန်မာနိုင်ငံအတွက် ကာလကြာရှည်စွာ လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနိုင်မည် ဖြစ်ကြောင်း၊ စီမံကိန်းနှင့်ပတ်သက်၍ လိုအပ်သော သဘောတူစာချုပ်များ ဆက်လက်ရေးထိုးနိုင်ပြီး ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ် အဆင့်ဆင့်ကို ဆက်လက်လုပ်ဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း ၊ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီး H.E. Mr. Nikolay Listopadov က လည်း ယခုဆောင်ရွက်မည့် အပူစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းမှာ တည်ဆောက်ချိန်ကြာမြင့်မှုမရှိသော စီမံကိန်း ဖြစ်ကြောင်း ပြောသည်။
အဆိုပါ ဆွေးနွေးပွဲတွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား ROSATOM တို့အကြား အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်(IGA) မူကြမ်းကို လည်းကောင်း၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားစီမံရေး ဦးစီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rusatom Energy Project, Joint Stock Company တို့အကြား အသေးစားအပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံစီမံကိန်းအကြိုဖြစ်မြောက်နိုင်စွမ်းလေ့လာမှုလုပ်ငန်းအတွက် ဆောင်ရွက်ရမည့်တာဝန်ဝတ္တရားများ (Terms of Reference - TOR) ကိုလည်းကောင်း၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနနှင့် Rosatom International Network တို့အကြား oint Communication Plan for increasing public acceptance of atomic technologies in Myanmar ကိုလည်းကောင်း အသီးသီး လက်မှတ်ရေးထိုးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်မှ ၈ ရက်အထိ ကျင်းပခဲ့သည့် သတ္တမအကြိမ်မြောက်အရှေ့ဖျားစီးပွားရေးဖိုရမ် (7th Eastern Economic Forum-EEF) ကာလအတွင်း စက်တင်ဘာလ ၆ ရက်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ရုရှားနိုင်ငံ၊ The State Atomic Energy Corporation Rosatom တို့အကြား Road Map ကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း၊ ထို့ပြင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဆိုချီမြို့တွင် ကျင်းပသည့် ATOMEXPO-2022 ကာလအတွင်း ရုရှားနိုင်ငံသို့ သွားရောက်ခဲ့သည့် ခရီးစဉ်တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအား စီမံရေးဦးစီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ Rusatom Energy Projects, Joint Stock Company တို့သည် ရုရှား-မြန်မာ Small Modular Reactor (SMR) Projects အတွက် ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုဆောင်ရွက်ရန်၊ NDA ကို နိုဝင်ဘာလ ၂၁ ရက်တွင်လည်းကောင်း၊ MOU ကို နိုဝင်ဘာလ ၂၂ ရက်တွင်လည်းကောင်း လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#Local_News
Published_14 December 2022
ပြီးခဲ့သည့် နိုဝင်ဘာ လဆန်းပိုင်းမှစတင်ပြီး ကမ္ဘာ့ရွှေဈေးဆက်တိုက်မြင့်တက်လာခဲ့သော်လည်း ပြည်တွင်းဈေးကွက်အတွင်း၌ အရောင်းအဝယ်မရှိအေးနေကြောင်း ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ သိရသည်။
လက်ရှိတွင် ကမ္ဘာ့ရွှေဈေးတစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၈၁၁ ဖြစ်ပြီး ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ ၂၁ သိန်းအထက်တွင်ရှိနေပြီး ပြင်ပဈေးကွက်တွင် အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားလျှင် ၂၆၆၅၀၀၀ ရှိကြောင်းသိရသည်။
“ကမ္ဘာ့ရွှေဈေးတတ်ရင် ရွှေဈေးကလိုက်တတ်တယ်။ အခုကဈေးငြိမ်နေတယ်။ အရောင်းအဝယ်ကလည်းအေးနေတယ်။ အခု တွင်းတွေကနေလည်း ပစ္စည်းအသစ်တွေထွက်နေပြီ။ ဒါပေမယ့် သယ်ယူပို့ဆောင်စရိတ်ကကြီးနေတော့ ရွှေဈေးကမကျဘူးဖြစ်နေတာ”ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။
ယင်းအပြင် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု၊ ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးသင်တန်းကို ယခုလ(ဒီဇင်ဘာလ)ကနေစတင်ပြီး သင်ကြားပေးနေပြီး အဆိုပါ သင်တန်းဆင်းလက်မှတ်ရှိမှသာလျှင် သတ္ထုရောင်းဝယ်ရေးလိုင်စင်လျှောက်ထားခြင်းကို တရားဝင်ခွင့်ပြုပေးမည်ဖြစ်ကာ လက်ရှိတွင် ရွှေဆိုင်လိုင်စင်အသစ်လျှောက်ထားသူ ၁၀၀ ကျော်ရှိကြောင်း သိရသည်။
ပြည်တွင်းရွှေဈေးသည် ကမ္ဘာ့ရွှေဈေးအတက်၊အကျအပါအဝင် ငွေလဲနှုန်းပေါ်မူတည်နေပြီး လက်ရှိငွေလဲနှုန်းမှာလည်း တစ်ဒေါ်လာ ၂၈၀၀ ဝန်းကျင်သာရှိကြောင်း ပြင်ပငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published _ 14 December 2022
ရထားတစ်စင်း မိုင်းခွဲခံရသောကြောင့် ရန်ကုန် - မော်လမြိုင် အမြန်ရထားခရီးစဉ်များကို ရန်ကုန်ဘူတာကြီးနှင့် မော်လမြိုင်ဘူတာကြီးတို့ဘက်ကဖျက်သိမ်း၍ ခရီးသည်များဝယ်ယူထားသည့် လက်မှတ်ခများ ပြန်လည် အမ်းပေးနေရကြောင်း သိရသည်။
နှင်းပုလဲနှင့် ဒုံဝန်း ဘူတာကြားတွင် DF 1343 ဆွဲယူခုတ်မောင်းလာသောကျောက်ရထားတစ်စင်း ဒီဇင်ဘာလ ၁၃ ရက်က မိုင်းထိမှန်ခဲ့ခြင်းကြောင့် ရထားတွဲတစ်တွဲ တိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်း မြန်မာ့မီးရထား၏ တာဝန်ရှိသူက ပြောသည်။
အဆိုပါ ရထားလမ်းပေါ်တွင် တိမ်းမှောက်နေသော ရထားတွဲကို ပြန်လည်ဆွဲယူရန် ကရိန်းရထားဖြင့် လုပ်ငန်းအမြန်ဆောင်ရွက်ကြမည် ဖြစ်ကြောင်း၊ ခရီးသည်များ ဝယ်ယူထားသည့် လက်မှတ်ခများကို ပြန်လည်အမ်းပေးနေပြီဖြစ်ကြောင်း မော်လမြိုင် ဘူတာရုံတာဝန်ရှိသူနှင့် နီးစပ်သူက ပြောသည်။
ယင်းဖြစ်စဉ်ကြောင့် ရန်ကုန် - မော်လမြိုင် အမှတ် ၈၁ နှင့် ၈၂ ည အမြန်ရထားများခရီးစဉ်များ၊ အမှတ် ၈၉ နှင့် ၉၀ အစုန်အဆန် ရထားခရီးစဉ်များကို ဖျက်သိမ်းထားရကြောင်း သိရသည်။
#ymg/mt
#Yangon_Media_Group
#World_Technology
Published 14 December 2022
ဆေးဘက်ဆိုင်ရာနည်းပညာပစ္စည်းအသစ်တစ်မျိုးဟာ အိမ်သာတက်နေသူရဲ့ ဝမ်းသွားသံကိုကြားရုံဖြင့် အသက်အန္တရာယ်ရှိတဲ့ ဝမ်းတွင်းရောဂါများကို ရှာဖွေနိုင်ကြောင်း EurekAlert က ဖော်ပြလိုက်ပါတယ်။
ဝမ်းရောဂါရှာဖွေရေးကိရိယာက နည်းပညာမြင့်စနစ်တစ်ခုဖြစ်ပြီး နှစ်စဉ်လူပေါင်း ၁ သိန်းခွဲခန့်သေဆုံးစေတဲ့ ကာလဝမ်းရောဂါလိုမျိုး ဝမ်းပျက်ဝမ်းလျှောရောဂါတွေကို ညွှန်ပြပေးနိုင်ပါတယ်။
ဒီပစ္စည်းကို ဂျော်ဂျီယာနည်းပညာတက္ကသိုလ်မှ မိုင်ယာဂတ်လင်က တီထွင်ခဲ့တာဖြစ်ပြီး လတ်တလောမှာလည်း ဝမ်းလျှောခြင်းကိုသိရှိနိုင်မည့် စက်ပစ္စည်းအသုံးပြုခြင်းအကြောင်းစာတမ်းကို အမေရိကအသံပိုင်းဆိုင်ရာအဖွဲ့အစည်းသို့ တင်ပြခဲ့ပါတယ်။
ဝမ်းသွားခြင်းမှလာတဲ့ အသံနမူနာအပိုင်းများကို အသံလှိုင်းရောင်စဉ်အဖြစ် ပြောင်းလဲပေးပါတယ်။
အိမ်သာတက်တဲ့သူတွေထံမှ အသံလှိုင်းများကို စက်က သီးခြားပိုင်းလိုက်ကြပါတယ်။
ဆီးသွားခြင်းကတော့ အသံဆက်တိုက်ထွက်ပေါ်နိုင်ပေမယ့် ဝမ်းလျှောခြင်းကတော့ အလွန်ပြန့်ကျဲနေတတ်ပါတယ်။
ဒီဝမ်းလျှောခြင်းကရတဲ့ အချက်အလက်တွေကို အယ်လ်ဂိုရစ်သမ်တစ်ခုကနေ အမျိုးအစားခွဲခြားပေးပါတယ်။
အာရုံခံတဲ့ပတ်ဝန်းကျင်မှာ နောက်ခံအသံတွေဆူညံခြင်းအတွက်လည်း သေချာစမ်းသပ်ထားပါတယ်။
ဒီကိရိယာကို ကာလဝမ်းရောဂါဖြစ်ပွားမှုများနိုင်တဲ့နေရာတွေမှာ တပ်ဆင်ထားနိုင်မယ်လို့မျှော်လင့်ကြောင်း 'ဂတ်လင်'က ဆိုပါတယ်။
ရေညစ်ညမ်းပြီး ရောဂါပိုးပျံ့ပွားစေတဲ့ နေရာတွေမှာသာမက သူနာပြုအစောင့်အရှောက်များရှိတဲ့ အဆောက်အအုံတွေမှာလည်း ဝမ်းရောဂါရှိတဲ့လူနာတွေကို အလိုအလျောက်စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။
လက်တွေ့အသံများကိုပါရယူပြီး ရေအိမ်နေရာအမျိုးမျိုးမှာ အလိုက်သင့်လုပ်ဆောင်နိုင်အောင် ဂတ်လင်က စီစဉ်နေပါတယ်။
အိမ်မှာရှိပြီးသား စမတ်ပစ္စည်းတွေမှာပါတပ်ဆင်ပြီး လူတွေရဲ့ ဝမ်းတွင်းလှုပ်ရှားမှုနဲ့ ကျန်းမာရေးကိုစောင့်ကြည့်နိုင်အောင် အယ်လ်ဂိုရစ်သမ်ကို ပြုလုပ်ထားပါတယ်လို့ ဆိုပါတယ်။
Source: NY Post
#Yangon_Media_Group
#Local_News
Published _ 14 Published 2022
ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁)/၁၄ထုံးဘိုရပ်ကွက် နေကြာရုံဘေးတွင် ပိုင်ရှင်မဲ့ အမျိုးသားအလောင်း တစ်လောင်းတွေ့ရှိခဲ့ကြောင်း သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ သိရှိရသည်။
ဖြစ်စဉ်မှာယနေ့ ဒီဇင်ဘာလ ၁၄ရက်တွင် ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး(၁)/၁၄ထုံးဘိုရပ်ကွက် နေကြာရုံဘေးတွင် အိမ်ခြေမဲ့အနေအထားမျိုးနှင့် အမျိုးသားတစ်ဦး သေဆုံးလျှက်တွေ့ရှိခဲ့တာကြောင့် ရပ်ကွက်မှတာဝန်ရှိသူများက အသင်းထံအကြောင်းကြားသဖြင့် အလောင်းအား သွားရောက်ကူညီသယ်ဆောင်ပေးခဲ့ကြောင်း သန္တိသုခ အခမဲ့ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက YMG ကို ပြောခဲ့သည်။
"ကျွန်တော်တို့ရောက်တော့ မနက် ၆ခွဲလောက်ပေါ့နော် သူကအေးစက်တောင့်တင်းနေတော့ မနေ့ကညလောက်ထဲက သေနေတယ်လို့ ခန့်မှန်းရပါတယ်။ ပြီးတော့ သူကအရက်သောက်တတ်တယ်လို့လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ နေကြာရုံဘေးမှာပဲ အိမ်ခြေမဲ့ပုံစံနဲ့နေနေတာ ကြာပြီလို့လည်းသိရပါတယ်။ အအေးပတ်ပြီး သေ သွားတာဖြစ်ဖို့များတယ်" ဟု အသင်းမှတာဝန်ရှိသူက ဆိုသည်။
ယင်းနောက် အသင်းမှ ပိုင်ရှင်မဲ့ အလောင်းအား ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
#Ymg/NN
#Yangon_media _group
#Local_News
Published_ 14 December 2022
ပုဂ္ဂလိကကျောင်းများ ပြည်တွင်းနိုင်ငံတကာကျောင်း (International School)များကို ပညာရေးဝန်ကြီး ဌာနကသေချာစစ်ဆေးပြီးမှတ်ပုံတင်ပြန်ပေးသွားဖို့ရှိသည်ဟု မြန်မာနိုင်ငံကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဌ ဦးနေအုပ်ကပြောသည်၊၊
ပညာရေးဝန်ကြီးဌာနအနေဖြင့် စစ်ဆေးရေးအဖွဲ့များကိုဖွဲ့ထားပြီဖြစ်ပြီး လာမည့်ဇန်နဝါရီလတွင် စစ်ဆေးသွားမည်ဖြစ်သည်ဟုဆိုသည်၊၊
ဒါနှင့်ပတ်သက်၍ မြန်မာနိုင်ငံကိုယ်ပိုင်ကျောင်းများအသင်းဥက္ကဌ ဦးနေအုပ်ကအခုလိုပြောပြသည်၊၊
"ပုဂ္ဂလိကကျောင်းတွေ၊ပြည်တွင်းနိုင်ငံတကာကျောင်း (International School)တွေကို ပညာရေးဝန်ကြီးဌာနအနေနဲ့ ဌာနမှာတရားဝင်မှတ်ပုံတင်ထားတာရှိမရှိနဲ့ သတ်မှတ်စည်းကမ်းချက်တွေနဲ့ကိုက်ညီမှုရှိမရှိစစ် ဆေးသွားမှာဖြစ်ပြီး သတ်မှတ်စည်းကမ်းတွေ ကိုက်ညီမှ မှတ်ပုံတင်ပြန်ပေးသွားမှာဖြစ်တယ်"ဟု ဦးနေအုပ်က ပြောသည်၊၊
အရင်တုန်းကမြို့နယ်အလိုက်စစ်ဆေးပြီး မှတ်ပုံတင် ပေးခဲ့တာမျိုးပဲရှိခဲ့သော်လည်း အခုချိန်တွင်ပညာရေးဝန်ကြီးဌာနကတိုက်ရိုက်စိစစ်မည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနတွင်တရားဝင်မှတ်ပုံတင်မတင်စစ်ဆေးမည်ဖြစ်ပြီး မတင်ထားသည့် ကျောင်းတွေကတော့ ပြုတ်သွားနိုင်ခြေရှိသည်ဟု မြန်မာနိုင်ငံကိုယ်ပိုင် ကျောင်းများအသင်းဥက္ကဌ ဦးနေအုပ်၏ပြောပြချက်အရသိရသည်၊၊
#ymg/tthl
#Yangon_Media_Group
#Local_News
Published _ 14 December 2022
မလေးရှားနိုင်ငံတွင် ကျင်းပမည့် စကိတ်ပြိုင်ပွဲတွင် မြန်မာကစားသမား ကလေးငယ်နှစ်ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ စကိတ်စီးအား ကစားအသင်း( Myanmar Skate Association) မှ သိရသည်။
မလေးရှားနိုင် မလကာမြို့မှာ ကျင်းပမည့် Melaka Inline Speed Open 2022 ပြိုင်ပွဲကို မလေးရှားစကိတ်အဖွဲ့ချုပ်၏ ဖိတ်ကြားမှုအရ လှိုင်သာယာ သူရဲကောင်းလေးများ အသင်းမှ မောင်နှမဖြစ်သော မောင်အင်အား (၁၃ နှစ်) နှင့် မမေခွန်အား (၁၂ နှစ်) တို့ ၂ ဦးအားအဆိုပါ ပြိုင်ပွဲ၏ ၁၅ နှစ်အောက် ပွဲစဉ်များ ဖြစ်သောတာတို ၂၀၀ နှင့် ၄၀၀ မီတာတွင် ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမည့် မြန်မာကစားသမား ၂ ဦးမှာ ယနေ့ ဒီဇင်ဘာ ၁၄ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်လေဆိပ်ကနေ ထွက်ခွာသွားပြီဖြစ်သည်။
၎င်းတို့ကို အဖွဲ့အစည်းဥက္ကဌနှင့် ၎င်းတို့အားချစ်ခင်သော ပံ့ပိုးသူများ၏ စားရိတ်သက်သက်ဖြင့် စေလွှတ်ယှဉ်ပြိုင်စေခြင်းဖြစ်သလို ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက် တို့တွင်ပြုလုပ်မည့် Seminar , Training နှင့် Workshop အား ကစားသမား မောင်အင်အားနှင့် မမေခွန်အားတို့မှ တက်ရောက်မည်ဖြစ်ကြောင်းလည်း သိရသည်။
ဒီဇင်ဘာလ ၁၇ ရက်တွင် ကျင်းပမည့် မလက္ကာ အလွတ် တန်းဖိတ်ခေါ် ပြိုင်ပွဲအားလည်းကောင်း ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး အသက် (၁၄) နှစ်အောက် လူငယ်ပြိုင်ပွဲအားအိန္ဒိယ၊ စင်္ကာပူ၊ မလေးရှား ၊ အင်ဒိုနီးရှား နိုင်ငံမှ ဖိတ်ခေါ်ကစားသမားများနှင့် မီတာ ၂၀၀ တွင်လည်းကောင်း၊ မီတာ ၄၀၀ တွင်လည်း အုပ်စုပွဲများအဖြစ် မလက္ကာမြို၊ ထွန်းဘာတီမာ ကွင်းတွင် ယှဉ်ပြိုင် ကစားမှာဖြစ်ကြောင်း အသင်းမှ ကြေညာထားရှိသည်။
#ymg/NN
#Yangon_Media _Group
#Health_Tips
Published 14 December 2022
အစားအစာတွေမှာ ပျားရည်အသုံးပြုခြင်းဖြင့် အရသာပိုမိုကောင်းမွန်စေသလို ကျန်းမာရေးအကျိုးကျေးဇူးများလည်း ရရှိစေကြောင်း တိုရွန်တိုတက္ကသိုလ်မှ သုတေသီများက ဆိုပါတယ်။
ပျားရည်ဟာ သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စ်ထရောပမာဏတွေကဲ့သို့ နှလုံးဇီဝဖြစ်စဉ်ကျန်းမာရေးကို တိုးတက်စေတယ်လို့ သိပ္ပံပညာရှင်များက တွေ့ရှိခဲ့ပါတယ်။
ပျားရည်စားသုံးခြင်းဖြင့် သွေးတွင်းဂလူးကို့စ်လျော့ကျစေခြင်း၊ မကောင်းတဲ့ ကိုလက်စ်ထရောများ ကျစေခြင်း၊ ထရိုင်ဂလစ်စရိုက်ပမာဏ ထိန်းညှိပေးခြင်း၊ အသည်းအဆီဖုံးခြင်းအတွက် အမှတ်အသားလက္ခဏာများဖြစ်ကြောင်း သုတေသီများ တွေ့ရှိခဲ့ပါတယ်။
ပျားရည်က ကောင်းကျိုးပြုကိုလက်စ်ထရောလ်ပမာဏကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။
ပျားရည်မှာ သကြားဓာတ်က ၈၀ ရာခိုင်နှုန်းလောက် ပါဝင်နေတာကြောင့် အခုလိုတွေ့ရှိချက်က အံ့ဩစရာဖြစ်ရကြောင်း တိုရွန်တိုဆေးဘက်ဆိုင်ရာတက္ကသိုလ်မှ သုတေသီ'တော်ဆစ်ခန်'က ဆိုပါတယ်။
သကြားဓာတ်တွေ၊ ပရိုတိန်းတွေ၊ အော်ဂဲနစ်အက်ဆစ်တွေ၊ အခြားဇီဝဒြပ်ပေါင်းတွေ ရှုပ်ထွေးစွာပေါင်းစပ်ထားပေမယ့် ကျန်းမာရေးအကျိုးကျေးဇူးများ ရှိနေနိုင်ပါတယ်။
ပါဝင်စမ်းသပ်ခံသူတွေက ကျန်းမာရေးညီညွတ်တဲ့ အစားအစာတွေအတိုင်း စမ်းသပ်လိုက်နာပုံတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့အရေးကြီးကြောင်း သုတေသီအဖွဲ့က အလေးထားပြောကြားလိုက်ပါတယ်။
တွေ့ရှိချက်အရ ပါဝင်တဲ့သကြားက ၁၀ ရာခိုင်နှုန်းသာသာ သို့မဟုတ် စမ်းသပ်ပါဝင်သူတွေရဲ့ တစ်နေ့တာကယ်လိုရီစားသုံးမှုထက် နည်းပါးကြောင်း တွေ့ခဲ့ရပါတယ်။
လက်ရှိမှာ သကြားရှောင်နေတယ်ဆိုရင်တော့ ပျားရည်ကိုလည်း မစားသုံးသင့်ပါဘူး။
သကြားတွေ ပုံမှန်စားသုံးနေတယ်ဆိုရင်တော့ သကြားနေရာမှာ ပျားရည်အစားထိုးခြင်းက နှလုံးဇီဝဖြစ်စဉ်အန္တရာယ်ကို လျော့နည်းစေနိုင်ပါတယ်။
သုတေသနပြုရာမှာ ပျားရည်ကို တစ်နေ့ စားပွဲဇွန်း ၂ ဇွန်းစားသုံးပြီး ၈ ပတ်တာ စမ်းသပ်ခဲ့တာဖြစ်ပါတယ်။
ပျားရည်ကို ပြင်ဆင်ထုပ်ပိုးတာကတော့ ကျန်းမာရေးကောင်းကျိုးတွေကို လျော့ကျစေနိုင်ပါတယ်။
Source: The Jerusalem Post
#Yangon_Media_Group
#Local_News
Published _ 14 December 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း ဒုတိယညွန်ကြားရေးမှူးချုပ် H.E. Mr. Nikolay SPASSKIY ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့တို့ ဒီဇင်ဘာလ ၁၃ ရက်က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီရုံး ဧည့်ခန်းမ၌ တွေ့ဆုံခဲ့ကြကြောင်း သိရသည်။
ယင်းတွေ့ဆုံမှုတွင် မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန တို့နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ Rosatom ကုမ္ပဏီတို့ ပူးပေါင်းဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများ၏ ဖြစ်မြောက်နိုင်စွမ်းနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
#ymg/mt
#Yangon_Media_Group
Page 1224 of 1767