Published 12 March 2023
ထိုင်းဘုရင့်သမီးတော် သီရိဝန်နာဗရီ နာရီရာတာနာ ရာဂျာကာညာကို ထိုင်းတော်ဝင်တပ်တော်မှာ အထူးကျွမ်းကျင်သူအဖြစ် တပ်ရာထူး ဗိုလ်ချုပ်အဆင့် ခန့်အပ်လိုက်တယ်လို့ တော်ဝင်ဂေဇက် ဝက်ဘ်ဆိုက်မှာ ယမန်နေ့ မတ်၁၁ရက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထိုင်းဘုရင် မဟာဝါချီရာ လောင်ကွန်းက သူ့ရဲ့ အသက်၃၆နှစ်အရွယ်သမီးတော်ကို ဗိုလ်ချုပ်အဖြစ်ခန့်အပ်ကြောင်း ကြေညာခဲ့ပါတယ်။ စစ်တပ်အတွင်း ဧပြီ၁ရက်နေ့ကစပြီး အသက်ဝင်မယ့် နောက်ဆုံး ရာထူးတိုးများခန့်အပ်တဲ့အစီအစဉ်မှာ ပါဝင်ခဲ့တာဖြစ်ပါတယ်။ သမီးတော်ဟာ ပြင်သစ်နိုင်ငံ ပါရီမြို့တော်မှ École de la Chambre Syndicale de la couture Parisienne ဖက်ရှင်ဒီဇိုင်းကျောင်း မှ ဒီဇိုင်းမဟာဘွဲ့ကို ရရှိခဲ့သူဖြစ်ပါတယ်။ သူမဟာ သီရိဝန်နာဗရီဆိုတဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နှင့် ဖက်ရှင်ဒီဇိုင်နာတစ်ဦးအဖြစ်လုပ်ကိုင်နေပါတယ်။ မင်းသမီးသီရိကို မကြာသေးမီကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ သူမဟာ နန်းတော်ထဲ ဟိုဟိုသည်သည်လမ်းသလားနေသူမဟုတ်ဘဲ အလုပ်ကြိုးစားလုပ်တဲ့သူအဖြစ်သိခဲ့ကြပါတယ်။ “ ကျွန်မမှာ အစီအစဉ်တစ်ခုရှိတယ်။ ကျွန်မ အလွန်အောင်မြင်တဲ့ ဒီဇိုင်နာတစ်ဦးဖြစ်ချင်တယ်။ ကျွန်မက တိုက်တိုက် ခိုက်ခိုက်သမားဖြစ်တယ်။ကျွန်မရဲ့ ဒီဇိုင်းလက်ရာတွေကို ကုန်တိုက်တွေနှင့်ဆိုင်တွေမှာ ကျွန်မမြင်ချင်တယ်။ အမှတ်တံဆိပ်နှင့် အဝတ်အစားတွေအကြောင်းပဲဖြစ်ရမယ်။ ကျွန်မဘယ်သူဆိုတာမဟုတ်ဘူးနော်” လို့ သူမကပြောခဲ့ပါတယ်။ “ ဘုရင့်သမီးတော်တစ်ဦးဟာလည်း အလုပ်လုပ်နိုင်တယ်ဆိုတာ ကျွန်မပြချင်တယ်။ အဲဒါ ကျွန်မဘယ်သူဆိုတာပဲ။ ကျွန်မအလုပ်လုပ်ချင်တယ်” လို့ မင်းသမီးသီရိကပြောပါတယ်။ မင်းသမီးသီရိဟာ ထိုင်းဘုရင်ရဲ့ သမီးတော်အငယ်ဖြစ်ပါတယ်။ သူမရဲ့အစ်မကြီး မင်းသမီး ဘာဂျရာ ကီတီယာဘာ နာရင်ဒီရာ ဒက်ယာဝတီဟာ ပြီးခဲ့တဲ့နှစ်က နှလုံးအခြေအနေကြောင့် ဒီဇင်ဘာကတည်းက ဆေးရုံတက်နေရတာ ဖြစ်ပြီး ယခုထက်ထိသတိပြန်လည်မလာသေးပါဘူး။ ဘုရင့်အိမ်ထောင်သုံးဆက်ကနေ ထွန်းကားတဲ့ သားတော်သမီးတော်(၇)ဦးထဲမှာ ဘာဂျရာ ကစ်တီယာဘာဟာ အကြီးဆုံး ဖြစ်ပါတယ်။ အချို့သုံးသပ်သူတွေက သူမဟာ ထိုင်းနိုင်ငံမှာ ပထမဆုံး ဘုရင်မကြီး ဖြစ်လာနိုင်သူလို့ သုံးသပ်ထားကြပါတယ်။
Source: SCMP #ထိုင်းဘုရင့်သမီးတော်သီရိဝန်နာဗရီ #တော်ဝင်တပ်မတော်ဗိုလ်ချုပ်အဆင့် #YangonMediaGroup
		#local_news
Published_ 12 March 2023
မတ် ၁၂ ရက် နံနက် ၆ နာရီခွဲအချိန်ခန့်က ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၃၈/၆ နှင့် ၃၈/၇ ကြားတွင် ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသော အုန်းသီးများတင်ဆောင်လာသည့် HINO RANGER အမျိုးအစား ခေါင်းစိမ်း/မီးခိုး ရောင်ကြား ယာဉ်(၁)စီးသည် တံတားဘေးကာရန်ထားသော ကွန်ကရစ်အကာနံရံအားတိုက်မိပြီး နံရံကျိုးကာ တံတားအောက်သို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရပါတယ်။ ယာဥ်တိမ်းမှောက် မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် ဘောနတ်ကြီးအမြန်လမ်းမီးသတ်စခန်းနှင့် ဘုရားကြီးနယ်မြေမီးသတ်စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် သွားရောက်ကူညီဆောင်ရွက်ပေးခဲ့ပါတယ်။ အဆိုပါ ယာဥ်တိမ်းမှောက် မှုကြောင့်ယာဉ် မောင်း အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)နှင့် ယာဉ်ပေါ်ပါ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)တို့အား လူနာတင်ယာဉ်ဖြင့်ပဲခူးပြည့်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းသတင်းရရှိပါတယ်။
ymg_mnn
#Yangon_Media_Group
		#LocalNews
Published_ 12 March 2023
ပြည်ပမှတင်သွင်းလာသည့် အရည်အသွေးနိမ့်သံထည့်ပစ္စည်းတွေကိုထိန်းချုပ်ကာကွယ်နိုင်မည့် Myanmar Industrial Standard (MID)ပေါ်ပေါက်လာဖို့ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း အနေဖြင့် အစွမ်းကုန်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သံမဏိလုပ်ငန်းရှင်များအသင်းဥက္ကဌဦးခင်မောင်တင့်ကမတ်လ၁၁ရက်နေ့မှာပြုလုပ်သည့် သံမဏိလုပ်ငန်းရှင်များအသင်းနှစ်ပတ်လည်အစည်းဝေးမှာပြောဆိုလိုက်သည်။ သံမဏိလုပ်ငန်းနှင့်စီးပွားရေးဖွံဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ကျရာအခန်းမှာပူးပေါင်းပါ၀င်ဆောင်ရွက်ဖို့ရည်ရွယ်ထားကြောင်းနှစ်စဥ်သံနှင့်သံမဏိဆက်စပ်ပစ္စည်းတန်ချိန်၃သန်းခန့်တင်သွင်းနေကြောင်းအဆိုပါအသင်းမှသိရသည်။ သံမဏိလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရန်လိုအပ်ငည့်ရင်းနှီးမြှုပ်မူအင်အားများစုစည်းခြင်း၊သတင်းအချက်အလတ်များပေါင်းစပ်ညှိနိူင်းခြင်းများဆောင်ရွက်သွားရန်လိုအပ်ပြီး ကုန်သည်စက်မူအသင်းချုပ်အနေဖြင့်ပူးပေါင်းပါ၀င်သွားမှာဖြစ်ကြောင်း ကုန်သည်စက်မူအသင်းချုပ်ဥက္ကဌ ဦးအေးဝင်းကပြောသည်။ မြန်မာနိုင်ငံသံမဏိလုပ်ငန်းရှင်များအသင်း ကို ၂၀၁၇ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး နိုင်ငံပုဂ္ဂလိကလုပ်ငန်းရှင်များဖြင့်စတင်တည်ထောင်ခဲ့ပြီး အသင်း၀င်အများစုမှာသံနှင့်သံမဏိတင်သွင်းသူများဖြစ်ကြောင်းသိရသည်။
ymg/ynzw #Yangon_Media_Group
		#LocalNews
Published_ 12 March 2023
ညောင်တုန်း-မအူပင်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေမှ တစ်နေ့လျှင် လေဆီ စည် ၅၀ ခန့်နှင့် သဘာဝဓာတ်ငွေ့ ၂၂ သန်းကျော်ခန့် ထုတ်လုပ်ပေးနေကြောင်း စွမ်းအင်ဝန်ကြီးဌာန က သိရသည်။ မတ်လ ၁၁ ရက်က စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းတို့ မအူပင်ရေနံနှင့်သဘာဝဓာတ်ငွေ့မြေသို့သွားရောက် ကြည့်ရှုခဲ့ကြကြောင်းလည်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။ ယင်းတွင် တွင်းအမှတ်(၂၀) တူးဖော်စမ်းသပ်ရေးလုပ်ငန်းများ ၊သဘာဝဓာတ်ငွေ့ခိုအောင်းနေသော သဲကြောအတွင်း သဘာဝဓာတ်ငွေ့နှင့်လေဆီများ ထုတ်လုပ်ပေးနိုင်မည့် ခန့်မှန်းပမာဏနှင့် တွင်းအမှတ်(၉)ကလည်း သဘာဝဓာတ်ငွေ့နှင့်လေဆီများ ထုတ်လုပ်ပေးနေမှုများကို လုပ်ဆောင်လျက် ရှိကြောင်း သိရသည်။ ညောင်တုန်း-သာပေါင်းသဘာဝဓာတ်ငွေ့ပိုက်လိုင်း၏ ကန်ကြီးထောင့်-သာပေါင်းအပိုင်းကို ပြုပြင်ဆောင်ရွက်နေပြီး မအူပင်ရေနံမြေတွင် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရှာဖွေတူးဖော်နိုင်မည့် အလားအလာများလည်းရှိသည့်အပြင် ဘုရားကုန်းဒေသတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေခြင်း လုပ်ငန်းဆောင်ရွက်မည် ဖြစ်ကြောင်းလည်း သိရသည်။ ယခုအခါ သာပေါင်းစက္ကူစက်ရုံ ပြန်လည်လည်ပတ်နိုင်ရေးအတွက် မအူပင်တွင်းအမှတ်(၉) နှင့် (၂၀) တို့ကို သဲကြောတိုးချဲ့သေနတ်ဖောက်ခြင်းကြောင့် ထွက်ရှိလာသည့် သဘာဝဓာတ်ငွေ့များကို ဖြန့်ဖြူးပေးရန်နှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်းအစားထိုးပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းကို သတ်မှတ်အချိန်အတွင်းပြီးစီးရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း စွမ်းအင်ဝန်ကြီးဌာနက သိရသည်။ ymg/mt #Yangon_Media_Group
		
		
		
		
		
		#World_Health
Published 2 March 2023
စားသောက်ချိန်မှာ မစားဘဲနေခြင်းက ခန္ဓာကိုယ်လုပ်ဆောင်ချက်တွေကို ထိခိုက်စေကြောင်း အရင်ကသိထားကြသလို မစားမသောက်ဘဲ အချိန်ကြာမြင့်စွာနေခြင်းကလည်း နှလုံးသွေးကြောရောဂါများနဲ့ ကင်ဆာဖြစ်နိုင်ချေများကြောင်း သုတေသီများတွေ့ရှိထားပါတယ်။
မကြာမီကလေ့လာချက်တစ်ခုမှာလည်း မနက်စာမစားခြင်းက ထင်ထားတာထက်ပိုပြီး ဘေးဥပါဒ်ဖြစ်စေနိုင်ကြောင်း အစ်ကန်ဆေးတက္ကသိုလ်နဲ့ ဟားဗတ်ဒ်ဆေးတက္ကသိုလ်တို့မှ သုတေသီများက ဖော်ပြခဲ့ကြပါတယ်။
သုတေသီတွေက ကြွက်တွေနဲ့စမ်းသပ်ခဲ့ကြရာ အစာမစားခြင်းက ဦးနှောက်မှာဘယ်လိုတုန့်ပြန်ဖြစ်ပေါ်စေလဲဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။
တစ်နေ့တာရဲ့ နံနက်စာကို မစားဘူးဆိုရင် ကိုယ်ခံအားစနစ်ကိုထိခိုက်စေပြီး ခန္ဓာကိုယ်ကနေ ရောဂါကူးစက်မှုတွေကို တိုက်ထုတ်ဖို့ခက်ခဲတတ်ပါတယ်။
အချိန် ၄ နာရီကြာ ဒါမှမဟုတ် ၂၄ နာရီကြာ အစာမစားခြင်းက ကိုယ်ခံအားစနစ်ကို ဘယ်လိုထိခိုက်စေလဲဆိုတာကို ပိုမိုသိရှိနိုင်ရန် လေ့လာခဲ့ကြတာဖြစ်ပါတယ်။
ကြွက်တွေကို အဖွဲ့ ၂ ဖွဲ့ခွဲပြီး တစ်ဖွဲ့က အိပ်ရာနိုးတာနဲ့ မနက်စာစားစေကာ ကျန်တစ်ဖွဲ့ကတော့ မနက်စာမစားခိုင်းပါဘူး။
မနက်နိုးတဲ့အချိန်၊ နောက်ထပ် ၄ နာရီကြာတဲ့အချိန်၊ ၈ နာရီကြာတဲ့အချိန် အသီးသီးတို့မှာ ကြွက်တွေဆီကနေ သွေးနမူနာများရယူခဲ့ပါတယ်။
အစာမစားစေတဲ့အဖွဲ့ဟာ သွေးဖြူဥတည်ရှိမှုမှာ သိသိသာသာကွဲပြားနေတာကို တွေ့ရှိခဲ့ကြပါတယ်။
သွေးဖြူဥတွေကို ရိုးတွင်းခြင်ဆီထဲမှာ ထုတ်လုပ်ပြီး ခန္ဓာကိုယ်အနှံ့လည်ပတ်ကာ ရောဂါတွေကို ကူညီတိုက်ထုတ်ပေးပါတယ်။
အစာမစားရတဲ့ကြွက်တွေရဲ့ သွေးကြောတွေထဲမှာ ထိုဆဲလ်တွေ ၉၀ ရာခိုင်နှုန်းထိ ပျောက်ဆုံးနေတာကို တွေ့ခဲ့ကြပါတယ်။
၂၄ နာရီကြာတဲ့အထိ မစားဘဲနေစေခိုင်းရာ ဆဲလ်တွေက သွေးကြောတွေထဲ ပြန်ဝင်သွားတဲ့အချိန်မှာ ရောင်ရမ်းလာပြီး ရောဂါကူးစက်မှုကို ကာကွယ်ဖို့ခက်ခဲလာပါတယ်။
အချိန်အတိုင်းအတာတစ်ခုအထိ အစာမစားဘဲ ကျင့်ကြံနေထိုင်ခြင်းက ကျန်းမာစေတယ်ဆိုပေမယ့် ဘေးအန္တရာယ်တွေရှိလာနိုင်တာကိုလည်း သတိပြုသင့်ကြောင်း နှလုံးသွေးကြောသုတေသနတက္ကသိုလ်မှ ညွှန်ကြားရေးမှူး'ဖလစ်ဆွာစကီ'က ပြောကြားခဲ့ပါတယ်။
"ထိုဆဲလ်တွေက အခြားရောဂါတွေအတွက် အလွန်အရေးကြီးပြီး သူတို့လုပ်ဆောင်ချက်တွေ ဘယ်လိုထိန်းချုပ်လဲဆိုတာကို သိရဖို့ကလည်း အလွန်အရေးကြီးပါတယ်" လို့ ပြောပြပါတယ်။
အစာမရှိတဲ့အချိန်မှာ ဦးနှောက်ရဲ့အချို့အစိတ်အပိုင်းတွေက သွေးဖြူဥတွေနဲ့ သူတို့ရဲ့တုန့်ပြန်မှုတွေကို တိုက်ရိုက်ထိန်းချုပ်နေကြောင်း တွေ့ခဲ့ကြပါတယ်။
အစာမရှိခြင်းကြောင့် ဦးနှောက်မှာ စိတ်ဖိစီးမှုကို လှုံ့ဆော်ကာ ဆာလောင်စိတ်နဲ့ ဒေါသစိတ်တို့ကို ဖြစ်ပေါ်စေပါတယ်။
#Source: The Jerusalem Post #World_Health #မနက်စာမစားဘဲ
#breakfast #food #ကိုယ်ခံအားစနစ်ကို #မနက်စာမစားဘဲ #ထိခိုက်စေနိုင် #YMG #Yangon_Media_Group
Page 1152 of 1815