#Local_News
Published-14 October 2023


ငမိုးရိပ်ရေလှောင်တမံ၏ ယခုလက်ရှိ ရေအမြင့်မှာ ရေလှောင်တမံပေါ်သို့ ရေကျော်နိုင်သည့်အခြေအနေလုံးဝ မရှိကြောင်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

တမံ၏ ကြံ့ခိုင်မှုအခြေအနေမှာ လုံခြုံစိတ်ချရသည့် အခြေအနေ ဖြစ်၍ အများပြည်သူ စိတ်ပူပန်နေရသည့် အနေအထားမရှိကြောင်း ရေလှောင်တမံ၏ ကြံ့ခိုင်မှုအခြေအနေမှာ လုံခြုံစိတ်ချရသည့် အခြေအနေဖြစ်ပြီး ရေလှောင်တမံတွင် ရေဖောက်ချရမည့် နေရာ၊ အဆောက်အအုံမပါရှိခြင်း၊ ဖောက်ချသည့် ဖြစ်စဉ်မျိုးလည်းမရှိခြင်း၊ ဆောင်ရွက်ရန်လည်းမရှိခြင်းတို့ကြောင့် ငမိုးရိပ်ရေလှောင်တမံကြောင့် ချောင်းရေထပ်မံမြင့်တက်လာရန်လည်း မရှိကြောင်း အဆိုပါ ဌာနက ရှင်းလင်းထားသည်။

 

ရေလှောင်တမံတွင် ရေထုတ်နုတ်နိုင်သည့် ရေအားအဆောက်အအုံအဖြစ် ရေထုတ်ပြွန်(၁) ခု၊ ရေပိုလွှဲ (၁) ခုနှင့် အကူရေပိုလွှဲ (၁) ခု သာပါရှိပါကာ အခြားရေဖောက်ချ၍ရသည့် နေရာမရှိသော တမံအမျိုးအစားဖြစ်ကြောင်း သိရသည်။

 

ငမိုးရိပ်ရေလှောင်တမံသည် ပြီးခဲ့သည့် စက်တင်ဘာလ ၅ ရက်ကစ၍ ကန်ရေပြည့် သိုလှောင်နိုင်သည့် ပမာဏထက်ရေဝင်ရောက်မှုဖြစ်ပေါ်လာသဖြင့် ရေပိုလွှဲမှ စတင်ရေကျော်ကာ မူလချောင်းအတွင်းသို့ ပြန်လည်စီးဆင်းခဲ့ကြောင်း၊ ထိုသို့ ပုံမှန်ရေကျော်စီးဆင်းနေခဲ့ရာမှ အောက်တိုဘာလ ၆ ရက်မှ အောက်တိုဘာလ ၁၁ ရက်ထိ ရေလှောင်တမံ၏ ရေဆင်းဧရိယာနှင့် ရေလှောင်တမံ၏ အောက်ဘက် ဧရိယာများတွင် မိုးများရက်ဆက်ရွာသွန်းခဲ့ရာ စုစုပေါင်းမိုးရေချိန် (၁၄ ဒသမ ၉၀) လက်မအထိ ထူးကဲစွာရွာသွန်းခဲ့ကြောင်း သိရသည်။

 

ယင်းကြောင့် ငမိုးရိပ်ရေလှောင်တမံ၏ ရေပိုလွှဲတွင် ပုံမှန်ရေကျော်စီးဆင်းလျက်ရှိရာ အောက်တိုဘာလ ၈ ရက် ညနေပိုင်းတွင် (၆ ဒသမ ၁) ပေအထိ အမြင့်ဆုံးရောက်ကာ ရေကျော်စီးဆင်းခဲ့ကာ ယင်းရေများမှာ မူလ ငမိုး ရိပ်ချောင်းအတွင်းသို့ စီးဆင်းခြင်း၊ ရေလှောင်တမံ၏ အောက်ဒေသများတွင် မိုးများရက်ဆက် ရွာသွန်းခဲ့သဖြင့် ကွင်းရေများ၊ ချောင်းရေများ စုပေါင်းစီးဝင်လာခြင်းတို့ကြောင့် ငမိုးရိပ်ချောင်းရေမြင့်တက်ကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

လွန်ခဲ့သော ဇူလိုင်လ ၇ ရက်က ငမိုးရိပ်ရေလှောင်တမံ၏ ရေပိုလွှဲမှ (၆ ဒသမ ၁၅) ပေ ကျော်လွန် စီးဆင်းခဲ့ဖူးကာလက်ရှိ အောက်တိုဘာလ ၁၃ ရက် ယမန်နေ့တွင် ရေပိုလွှဲမှ (၄ ဒသမ ၇၅) ပေသာ ကျော်လွန်စီး ဆင်းလျှက်ရှိပြီး ရေအမှတ်များ ဆက်တိုက်လျော့ကျလာလျက်ရှိကြောင်း သိရသည်။

 

ငမိုးရိပ်ရေလှောင်တမံတွင် ကြိုတင်ရေးဆွဲထားသည့် အရေးပေါ်အခြေအနေကြိုတင် စီမံခန့်ခွဲမှုစီမံချက်(EPP- Emergency Preparedness Plan) ပါအတိုင်း ရေပိုလွှဲမှ ရေစတင်စီးဆင်းသည့် အချိန်မှစ၍ တမံအောက်ဘက်ရှိကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ပြည်သူများသို့ စိုးရိမ်မှုမရှိစေရေး အသိပေးအကြောင်းကြား ထားရှိပြီး တမံအောက်ဘက်ရှိဒေသခံများ ဘေးအန္တရာယ်ကင်းရှင်းရေး အတွက် EPP ပါ စီမံချက်အတိုင်း စီမံဆောင် ရွက်လျက်ရှိကြောင်းလည်း သိရသည်။

 

ငမိုးရိပ်ရေလှောင်တမံသည် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ်တွင် တည်ရှိပြီး တမံအမြင့်(၇၅) ပေ၊ အလျား (၁၅၅၀၀) ပေ၊ ရေလှောင်ပမာဏ (၁၈၀၀၀၀) ဧကပေ၊ လယ်မြေဧရိယာ (၃၀၅၆၇) ဧကကို စိုက်ပျိုး ရေပေးဝေလျက်ရှိသည့်အပြင် ရန်ကုန်မြို့တော် သောက်သုံးရေအတွက်လည်း နေ့စဉ်ရေဂါလန် (၁၃၀) သန်း ပေးဝေလျက်ရှိသောတမံဖြစ်ကြောင်းလည်း သိရသည်။

 

#Local_News #ငမိုးရိပ်ရေလှောင်တမံ #ချောင်းရေထပ်မံမြင့်တက်ရန်မရှိ
#Yangon_Times/PP