#Local_News
Published_ 14 October 2023


မြန်မာနိုင်ငံမှပြည်ပနိုင်ငံများသို့ ပဲမျိုးစုံတင်ပို့ရာတွင် ခြောက်လတာအတွင်းကနဒေါ်လာ ၇၃၀ သန်းကျော် တန်ဖိုးရှိ ပဲမျိုးစုံ တန်ချိန် ကိုးသိန်းခန့်တင်ပို့ထားပြီး မတ်ပဲကို အဓိကတင်ပို့ထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများအရသိရသည်။

 

ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှအောက်တိုဘာ ၆ ရက်နေ့ထိခြောက်လတာ ကာလအတွင်း ပင်လယ်ရေကြောင်းမှ ကန်‌ဒေါ်လာ(၆၂၂)သန်းကျော်တန်ဖိုးရှိ ပဲမျိုးစုံ(၇၅၃၀၀၀)တန်‌ကျော်၊ နယ်စပ်မှကန်‌ဒေါ်လာ(၁၁၂)သန်းကျော် တန်ဖိုးရှိပဲမျိုးစုံ၊(၁၃၀၀၀၀) တန်‌ကျော်၊ စုစုပေါင်း ကန်ဒေါ်လာ (၇၃၄)သန်းကျော်တန်ဖိုးရှိ ပဲမျိုးစုံ တန်ချိန်(၈၈၄၀၀၀) တန်‌ကျော်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

ထိုသို့တင်ပို့ရာတွင် ကန်ဒေါ်လာ၃၅၂သန်းကျော်တန်ဖိုးရှိ မတ်ပဲတန်ချိန် ၃၉၆၀၀၀ ကျော်နှင့် အများဆုံး၊ ကန်ဒေါ်လာ ၁၆၃ သန်းကျော်တန်ဖိုးရှိ ပဲတီစိမ်းတန်ချိန် ၂၄၂၀၀၀ ကျော်နှင့် ဒုတိယအများဆုံး၊ ကန်ဒေါ်လာ ၉၅သန်းကျော်တန်ဖိုးရှိ ပဲစင်းငုံတန်ချိန် ၁၀၈၀၀၀ ကျော်ဖြင့် တတိယအများဆုံး တင်ပို့နိုင်ခဲ့ကြောင်းသိရသည်။


ပြည်တွင်းမှထွက်ရှိသည့် မတ်ပဲကိုအဓိကအားဖြင့် အိန္ဒိယနိုင်ငံသို့တင်ပို့နေခြင်းဖြစ်ပြီးအဓိကအားဖြင့် ပဲမျိုးစုံ၌နိုင်ငံခြားဝင်ငွေ အများဆုံးရှာဖွေပေးနိုင်သည့် ပို့ကုန်အမယ်တစ်မျိုးဖြစ်သည်။



မြန်မာနိုင်ငံတွင်အဓိကသီးနှံများအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံ တို့အားစိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုး ထုတ်လုပ်မှုသည်ဒုတိယအများဆုံးဖြစ်ပြီး ပဲမျိုးစုံအနေဖြင့်တစ်နိုင်ငံလုံး၏ လယ်ယာထွက်ပစ္စည်းထွက်ရှိမှု၏ (၃၃%)စိုက်ပျိုးထုတ်လုပ်လျက်ရှိ‌ကြောင်း သိရသည်။

 

ထို့အပြင် မြန်မာနိုင်ငံ စိုက်ပျိုးမြေဧရိယာ၏ (၂၀%)ခန့်သည် ပဲမျိုးစုံ စိုက်ပျိုးနေပြီး ပဲမျိုးစုံ စိုက်ဧက၏ (၇၂ %) သည်မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစဉ်းငုံများဖြစ်ပြီး ပဲလွန်း၊ မြေထောက်ပဲ၊ထောပတ်ပဲ၊ ပဲယင်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့်အခြားပဲများလည်း စိုက်ပျိုးကြပြီး မြန်မာနိုင်ငံမှ တင်ပို့သည့် ပို့ကုန်အများစုသည်လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည်လည်းအဓိက ပို့ကုန်တစ်မယ်ဖြစ်ကြောင်း သိရသည်။

 

ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်စာရင်းများအရ စုစုပေါင်းကန်ဒေါ်လာ(၁၄၇၀) သန်းကျော်တန်ဖိုးရှိ ပဲမျိုးစုံတန်ချိန်(၁၉၁၉၀၀၀) တန်‌ ကျော်ကို တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

 

#Local_News #ပဲမျိုးစုံတန်ချိန် #ကန်ဒေါ်လာ၇၃၀သန်းကျော် #YMG/NN