#Local_News
Published_ 14 October 2023


ပုဂ္ဂလိကဆေးရုံများ လိုင်စင်စည်းကမ်းလိုက်နာမှု ပျက်ကွက်ခြင်းရှိပါက စီမံခန့်ခွဲရေး နည်းလမ်းများဖြင့် ထိရောက်စွာအရေးယူလျက်ရှိတယ်လို့ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့အစည်းအဝေး (၃/၂၀၂၃) ၌ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့ပါတယ်။

 

အဆိုပါအစည်းအဝေးကို အောက်တိုဘာ ၁၃ ရက်က နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာန၌ ကျင်းပခဲ့ရာပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ၊ ဗဟိုအဖွဲ့အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။

 

အစည်းအဝေးတွင် ဝန်ကြီးက ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ဥပဒေနှင့်အညီ အားပေးနေသကဲ့သို့ လိုင်စင်ခွင့်ပြုပြီးလုပ်ငန်းများအနေဖြင့်လည်း တည်ဆဲဥပဒေ၊ နည်းဥပဒေများကို တိတိကျကျလိုက်နာဆောင်ရွက်ရန် အထူးကြပ်မတ် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

 

ပုဂ္ဂလိကဆေးရုံလုပ်ငန်းရှင်များ အနေဖြင့် သဘာဝဘေး အန္တရာယ်များဖြစ်တဲ့ မီးဘေးအန္တရာယ်၊ ရေဘေး၊ ငလျင်ဘေး အန္တရာယ်များ ကြုံတွေ့လာပါက လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ ဘေးကင်းလုံခြုံရန်နှင့် အဆောက် အဦပိုင်းဆိုင်ရာ သတ်မှတ်အရည်အသွေးများ ပြည့်ဝရန်နှီးနွှယ်ဌာနများ၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ဖို့၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ခန့်အပ်တဲ့အခါ တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနဲ့အညီ ခန့်အပ်သွားဖို့ ပြောကြားခဲ့ပါတယ်။

 

ထို့ပြင် လိုင်စင်အသစ် လျှောက်ထားခြင်းနှင့် သက်တမ်းတိုးခြင်းများတွင် လိုအပ်တဲ့ အထောက်အထားများကို ပြည့်စုံစွာတင်ပြရန်၊ အလေးထားလိုက်နာရန် လိုအပ်ကြောင်း၊ နိုင်ငံတော်ရဲ့ ကျန်းမာရေးမူဝါဒနဲ့အညီ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းစေဖို့ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲဝင်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးပြီး ကောင်းမွန်သော အကြံပြုချက် များပေးရန် တိုက်တွန်းပါတယ်။

 

ထိုhနောက် ဗဟိုအဖွဲ့အတွင်းရေးမှူး ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းမှုအခြေအနေနှင့် အထူးကိစ္စရပ်များ၊ ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဒေါက်တာမိုးခိုင်က ဗဟိုအဖွဲ့အစည်းအဝေး ၂/၂၀၂၃ ဆွေးနွေးချက်များအပေါ် ဆောင်ရွက်ထားရှိမှု၊ အတည်ပြုမှတ်တမ်းတင်ကိစ္စရပ်များနှင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း လိုင်စင်(အသစ်) လျှောက်ထားလာတဲ့ ကိစ္စရပ်များကို တင်ပြကြရာ ဗဟိုအဖွဲ့အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါတယ်။

 

#Local_News #ပုဂ္ဂလိကဆေးရုံများ #စီမံခန့်ခွဲရေးနည်းလမ်းများ #ymg_mnn #Yangon_Media_Group