#World_News
Published 14 October 2023


အစ္စရေးလ်တို့က ဂါဇာမြို့ကို မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်လာရန်ရှိတဲ့အတွက် အရပ်သား ၁ သန်းခန့်ကို ဂါဇာမြို့တောင်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်ရန် အစ္စရေးလ်စစ်တပ်က မှာကြားလိုက်သဖြင့် ပါလက်စ်တိုင်းအရပ်သားတွေဟာ သောကြာနေ့က ဂါဇာမြောက်ပိုင်းကနေ လူအလုံးအရင်းဖြင့် ထွက်ပြေးလာကြပါတယ်။

 

ထွက်ပြေးတိမ်းရှောင်လာတဲ့ ဂါဇာလူဦးရေ တဝက်ခန့်ဟာ စစ်ဘေးဒဏ်ကြုံတွေ့ရနိုင်ကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပြီး တိုက်ခိုက်မှုပြုလုပ်မယ့် အစီအစဥ်ကို ပြောင်းလဲပေးရန် အစ္စရေးလ်ကို တိုက်တွန်းလိုက်ပါတယ်။

 

ဂါဇာမြို့ကို တစ်နေ့လုံး လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် မိသားစုတွေက ကားတွေ၊ ထရပ်ကားတွေ၊ မြည်းလှည်းတွေနဲ့ ပိုင်ဆိုင်မှုတွေကို ထုပ်ပိုးသယ်ဆောင်ပြီး မြို့အထွက်လမ်းမကြီးအတိုင်း ထွက်ပြေးနေကြပါတယ်။

 

စစ်လေယာဥ်တွေက တောင်ပိုင်းသို့ ထွက်ပြေးနေတဲ့ ကားတွေကို ပစ်ခတ်ခဲ့ရာ လူ ၇၀ ကျော်သေဆုံးခဲ့တယ်လို့ ဟားမတ်စ်မီဒီယာရုံးမှ ဆိုလိုက်ပါတယ်။

 

အစ္စရေးလ်တပ်တွေကတော့ စစ်သွေးကြွတွေကို တိုက်ခိုက်ဖို့ မြို့ထဲသို့ ကျူးကျော်ဝင်ရောက်ခဲ့ပြီး ဟားမတ်စ်တို့ ပြန်ပေးဆွဲသွားတဲ့ ဓားစာခံ ၁၅၀ ခန့်ကို ရှာဖွေဖို့ ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။

 

အစ္စရေးလ်တပ်များက ဂါဇာမြို့နားတဝိုက်ရှိ ဟားမတ်စ်တို့ရဲ့ မြေအောက်ပုန်းခိုရာနေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်ရန် စီစဥ်နေတာ ဖြစ်ပါတယ်။

 

ဟားမတ်စ်တွေက အစ္စရေးလ်တို့ ထွက်ပြေးခိုင်းတာကို အရေးမထားဖို့ ပါလက်စ်တိုင်းပြည်သူတွေကို ပြောကြားလိုက်ပေမယ့် ဂါဇာမှလူတွေက အရေးမနိုင်နိုင်တော့တာကို မြင်တွေ့နေရပြီး ရွေးချယ်စရာ မရှိတော့ပါဘူး။

 

အစ္စရေးလ်ဘက်က ပိတ်ဆို့ထားမှုကြောင့် ဂါဇာမှာ အစားအစာ၊ ရေ၊ ဆေးဝါးများ မရရှိတော့သလို လျှပ်စစ်ဓာတ်အား လုံးဝပြတ်တောက်နေကာ အစိုးရိမ်ရဆုံးက သေမလား ရှင်မလားဆိုတာပဲဖြစ်နေပါတယ်။

 

ဂါဇာသို့ အစ္စရေးလ်တပ်များ ကျူးကျော်ပြီးနောက် ပြန်လည်ဆုတ်ခွာလာခဲ့ပါတယ်။

 

ထွက်ပြေးရန် အမိန့်ပေးလိုက်တာဟာ အစ္စရေးလ်တို့ မြေပြင်တိုက်ခိုက်မှုများ ပြုလုပ်မယ့် အလားအလာ ရှိနေပြီး ဂါဇာနယ်စပ်တလျှောက် တပ်အင်အား တိုးချဲ့နေပါတယ်။

 

ဟားမတ်စ်တွေကို ဖျက်ဆီးသွားမှာဖြစ်ပြီး ဒါဟာ အစပဲရှိသေးကြောင်း အစ္စရေးလ်ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ညာဟူက သောကြာနေ့မိန့်ခွန်းမှာ အခိုင်အမာ ပြောကြားလိုက်ပါတယ်။

 

အရပ်သားများ ထိခိုက်ခြင်းမရှိစေရန် စစ်တပ်က အထူးကြိုးပမ်းဆောင်ရွက်နေကြောင်း၊ စစ်ပွဲပြီးဆုံးပါက ပြန်လာခွင့်ရှိကြောင်း အစ္စရေးလ်ဘက်မှ ပြောရေးဆိုခွင့်ရှိသူ ဂျိုနသန်ကွန်ရီကပ်စ်က ပြောပြသွားပါတယ်။

 

ဟားမတ်စ်တို့ဟာ ပါလက်စ်တိုင်းပြည်သူတွေကို လူသားဒိုင်းများအဖြစ် အသုံးချနေတယ်လို့ အစ္စရေးလ်တို့က စွပ်စွဲနေတာ ကြာခဲ့ပြီဖြစ်ပြီး ဟားမတ်စ်စစ်သွေးကြွတွေနဲ့ အရပ်သားတွေကို အစ္စရေးလ်က ခွဲခြားချင်နေတာဖြစ်ကြောင်း၊ ဒါကြောင့် အသက်ရှင်ချင်သူတွေအနေနဲ့ တောင်ပိုင်းသို့ သွားရောက်သင့်ကြောင်း ကာကွယ်ရေးဝန်ကြီး ယိုအက်ဗ်ဂဲလန့်က ပြောကြားခဲ့ပါတယ်။

 

#World_News #ပါလက်စ်တိုင်း #ဂါဇာမြောက်ပိုင်း #Source: AP News