#Local_News
Published_14 November 2022
နိုဝင်ဘာလ ၁၄ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာကို ၄၃၅၀ ကျပ် သတ်မှတ်ထားပြီး ပြီးခဲ့တဲ့ တစ်ပါတ်ထက် ၂၀ ကျော်မြင့်တက်လာတာဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published _ 14 November 2022
တနင်္သာရီတိုင်း၊ မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွင် နိုဝင်ဘာလ ၁၃ ရက် ညပိုင်းက အမျိုးသား ၆ ဦးပြုတ်ကျ၍ ၃ ဦးသေဆုံးခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် လူမှုကူညီရေးအသင်းများမှ သိရသည်။
ဖြစ်စဉ်မှာ ယမန်နေ့ည ၈ နာရီခန့်က မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးမြိုင်စက်မှုဇုန်ရှိ ငါးအမှုန့်ကြိတ်စက်ရုံတွင် ငါးကြိတ်ကန်အတွင်း မော်တာချိန်း ကြိုးပြုတ်ထွက်ခဲ့၍ အမျိုးသား ၆ ဦးမှ ပြန်လည်ဆယ်ယူရန် ကန်အတွင်းသို့ဆင်းခဲ့ကြသည်။
ကန်အတွင်းဆင်းစဉ် အောက်ဆီဂျင်ပြတ်၍ ကန်အတွင်းသို့ပြုတ်ကျသွားခဲ့ကြသဖြင့် မြိတ်မြို့နယ်မီးသတ်စခန်း၊ ထားဝယ်စုရပ်ကွက်အရန်မီးသတ်စခန်း၊ မြိတ်တောင်ရပ်ကွက်အရန်မီးသတ်စခန်းနှင့် လူမှုကူညီရေးအသင်းအဖွဲ့များမှ ကူညီကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် အမျိုးသား ၃ ဦးအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ပြီး အမျိုးသား ၃ ဦးကိုမူ သေဆုံးလျက်ပြန်လည်သယ်ထုတ်နိုင်ခဲ့ကြောင်း အဆိုပါအသင်းအဖွဲ့များထံမှ သိရသည်။
သေဆုံးသူ ၃ ဦး၏ ရုပ်အလောင်းများအား လူမှုကူညီရေးအသင်းကားများဖြင့် မြိတ်ပြည့်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရှိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_14 November 2022
၂၀၂၂-၂၀၂၃ ကြံရာသီတွင် စက်ရုံများမှ ကြံတစ်တန်ကို ကျပ် (၇) သောင်းမှ (၉) သောင်းကြား ဈေးနှုန်းသတ်မှတ်၍ ဝယ်ယူသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသကြားနှင့် ကြံထွက်ပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
လာမည့် ဒီဇင်ဘာလတွင် ကြံရာသီစတင်တော့မည်ဖြစ်ကြောင်း၊ ယင်းအပြင် ရှမ်းမြောက်တွင် တန် ၁၂၀၀၀ တန်ကြားစက်နှင့် စစ်ကိုင်းတိုင်း ကသာတွင် တန် ၅၀၀၀ စက်တည်နေကြောင်း သိရသည်။ ပြည်တွင်းသကြားစက်တည်နိုင်ပါက ပြည်တွင်းသကြားထုတ်လုပ်မှုသည် မြင့်တက်လာမည်ဖြစ်ပြီး သွင်းကုန်အစားထိုးအနေဖြင့် ပြည်ပကနေသကြားတင်သွင်းပြီး စားသုံးရသည့်အနေအထား လျော့ကျသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံမှ နှစ်စဉ် သကြားထုတ်လုပ်မှု တန်ချိန် ၄ သိန်းခွဲခန့်ရှိပြီး အစောပိုင်းကာလများတွင် နယ်စပ်ဖြတ်ကျော် လမ်းကြောင်းတွေကနေတစ်ဆင့် တရုတ်နိုင်ငံကို တင်ပို့ရောင်းချခဲ့သော်လည်း လက်ရှိတွင် ဗီယက်နမ်နိုင်ငံတစ်ခုတည်းကိုသာ ပင်လယ်ရေကြောင်းကနေ တင်ပို့ရောင်းချနေရကြောင်းသိရသည်။
၂၀၂၁-၂၀၂၂ ကြံရာသီတွင် သကြားတန်ချိန် လေးသိန်းကျော်ထွက်ခဲ့ပြီး ပြည်တွင်းစားသုံးမှုများခဲသည့်အတွက် ဗီယက်နမ်ကို တန်ချိန် လေးသောင်းဝန်ကျင်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
ကြံကို ရှမ်းတောင်ပိုင်း၊ ရှမ်းမြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသများတွင် စိုက်ဧကအများဆုံးစိုက်ပျိုးပြီး ဒုတိယအများဆုံးစိုက်ဧကအနေဖြင့် ပဲခူးတိုင်းဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးတွင် အနည်းငယ်စိုက်ပျိုးကြောင်း သိရသည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published _ 14 November 2022
ရန်ကုန်အခြေစိုက် တရုတ်ပိုင် ဆန်ကုမ္ပဏီကြီးတစ်ခုမှ ဆန်ကုန်သည်အချို့ကို ငွေကြေးများစွာလိမ်လည်ပြီး ထွက်ပြေးသွားခဲ့ကြောင်း မူဆယ်နယ်စပ်ကုန်စည်ဒိုင် ဥက္ကဌ ဦးမင်းသိန်းထံမှ သိရသည်။
အဆိုပါ တရုတ်ပိုင် ဆန်ကုမ္ပဏီဟာ ယခင်ကထဲက ဆန်အရောင်းအဝယ်တွေပြုလုပ်နေခဲ့သည့် ကုမဏီတစ်ခုဖြစ်ကြောင်း ဦးမင်းသိန်းက YMG ယခုလို ပြောပြခဲ့သည်။
"ရန်ကုန် သာဓုကန်မှာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကထဲက ဆန်စက်တည်ထောင်ပြီး မြေတွေငှား ဂိုဒေါင်တွေငှားပြီး ဆန်တင်ပို့နေတာ။ ကုမ္ပဏီက လွန်ခဲ့တဲ့ ၃ နှစ်ကျော် ၄နှစ်လောက်က စလုပ်နေတာ ဆန်တွေဝယ် တရုတ်ကိုတင်ပို့ အဲ့လိုတွေလုပ်တာ။ ဒါပေမယ့် ပြီးခဲ့တဲ့ သုံးလေးရက်ထဲက ပျောက်သွားပြီးတော့ ဆန်ကုန်သည်တွေ တော်တော်များများဆီက လိမ်ပြီးထွက်ပြေးသွားတာ ဘယ်လောက်ပါသွားလဲဆိုတာတော့ သေချာမသိဘူး" ဟု ဦးမင်းသိန်းက ဆိုသည်။
အဆိုပါ ဆန်ကုမ္ပဏီက မူဆယ်၊ ရန်ကုန်၊ မန္တလေးစသည့် နေရာများမှ ဆန်ကုန်သည်များဆီတွင် ဆန်များဝယ်ယူပြီး ငွေကြေးမရှင်းပေးဘဲ လိမ်လည် ထွက်ပြေးခဲ့ကြောင်း သိရှိရသည်။
ဆန်စပါးရောင်းဝယ်သည့်ငွေကြေး လိမ်လည်ခံရတဲ့ပမာဏများဟာ အများအပြားရှိနေကြောင်း သိရသော်လည်း သက်ဆိုင်ရာ အသင်းအဖွဲ့နှင့်ဌာနများထံ လာရောက်တိုင်ကြားခြင်းတွေမရှိသေးသည့်အတွက် ပမာဏအတိအကျအား စိစစ်အတည်မပြုနိုင်သေးကြောင်း ဆန်ကုန်သည်အသိုင်းအဝိုင်းမှ သိရသည်။
#ymg/NN
#Yangon_Media_Group
#Local_News
Published_ 14 November 2022
ပြီးခဲ့တဲ့ အောက်တိုဘာလတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု(FDI) အမေရိကန် ဒေါ်လာသန်း ၂၁၀ ကျော်ဝင်ရောက်ခဲ့ပြီး ကျော်ရှိခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အတွင်း ဒုတိယအများဆုံးဝင်ရောက်မှုဖြစ်တယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်ရာ၌ဧပြီလတွင် ဒေါ်လာ ၅ ဒသမ ၉၉၅ သန်း၊ မေလတွင် ဒေါ်လာ ၁၅ ဒသမ ၃၃၂ သန်း၊ ဇွန်လတွင် ဒေါ်လာ ၂၁ ဒသမ ၉၉၁ သန်း၊ ဇူလိုင်လတွင် ဒေါ်လာ ၁၂၂၀ ဒသမ ၅၂၅ သန်း ဝင်ရောက်ခဲ့ပြီး စွမ်းအင်ကဏ္ဍသို့ ဒေါ်လာ ၇၀၂ ဒသမ ၄၀၃ သန်းနှင့် ဝန်ဆောင်မှုကဏ္ဍသို့ ဒေါ်လာ ၃၇၆ ဒသမ ၀၆၈ သန်း ဝင်ရောက်ခဲ့ခြင်းဖြစ်ပါတယ်။
ဧပြီလမှ စက်တင်ဘာလအထိ စုစုပေါင်း FDI ဝင်ရောက်မှုမှာ အမေရိကန်ဒေါ်လာ ၁၂၄၁ ဒသမ ၁၆၀ သန်းသာ ဝင်ရောက်ခဲ့ပြီးနောက် အောက်တိုဘာ လတွင် ၂၁၀ ဒသမ ၇၃၃ သန်းထပ်မံဝင်လာကြောင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍနှစ် ခုနစ်လအတွင်း ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၄၅၁ ဒသမ ၈၉၃ သန်း အထိရှိလာပြီ ဖြစ်ပါတယ်။
အောက်တိုဘာလတွင် ဝင်ရောက်ခဲ့တဲ့ကဏ္ဍများမှာ စွမ်းအင်ကဏ္ဍ၌ အမေရိကန် ဒေါ်လာ ၁၁၄ ဒသမ ၆ သန်း၊ ဝန်ဆောင်မှုကဏ္ဍတွင် ၃၅ သန်း၊ သတ္ထုကဏ္ဍတွင် ၇ သန်းနှင့် စိုက်ပျိုးရေးကဏ္ဍတွင် ၂ ဒသမ ၅ သန်း ဝင်ရောက်ကာ ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရာ၌ ဟိုတယ်နှင့် ခရီးသွားကဏ္ဍမှ ၀.၈ သန်း၊ ကုန်ထုတ်လုပ်မှုကဏ္ဍမှ ၅၀ ဒသမ ၈၃၃ သန်း တို့ ဖြစ်ကြပါတယ်။
#ygm_mnn
#Yangon_Media_Group
#Local_News
Published _ 14 November 2022
ပြီးခဲ့သည့် နိုဝင်ဘာလ ၁၁ရက်မှစတင်၍ မတ်ပဲဈေးနှုန်း တစ်တင်းလျှင်ကျပ် ၆၀၀၀၀ ဝန်းကျင်ဖြင့် ဈေးငြိမ်နေခဲ့ပြီး ယခုတွင်လည်း ယခင်ဈေးအတိုင်း ဆက်လက်ငြိမ်သက်နေလျှက်ရှိနေကြောင်း ကုန်စည်ဒိုင်များထံမှ သိရှိရသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်ခဲ့သော မတ်ပဲဈေးနှုန်းများမှာ နိုဝင်ဘာလ ၃ ရက်တွင် တစ်တင်းလျှင် ကျပ် ၅၇၅၀၀၊ ၄ ရက်တွင် ကျပ် ၅၈၀၀၀ ၊ ၈ ရက်တွင် ကျပ် ၆၀၀၀၀၊ ၉ ရက်တွင်ကျပ် ၆၀၀၀၀၊ ၁၀ ရက်တွင် ကျပ် ၆၀၃၀၀၊ ၁၁ ရက်နေ့တွင် ကျပ် ၅၉၈၀၀၊ ၁၂ ရက်တွင် ကျပ် ၆၀၀၀၀၊ ၁၃ ရက်တွင် ကျပ် ၅၈၈၀၀ အသီးသီးရှိခဲ့ကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာလ ၁၄ရက်တွင် မတ်ပဲဈေးနှုန်းသည် ကျပ် ၆၀၀၀၀ ဝန်းကျင်၌ တည်ငြိမ်နေကြောင်း သိရှိရသည်။
အိန္ဒိယနိုင်ငံသို့ တင်ပို့သည့် မြန်မာမတ်ပဲဈေးနှုန်းများမှာ မတ်ပဲ SQ ၁ တန်လျှင် CNF ဈေးနှုန်း $950 နှင့် FAQ ဈေးနှုန်း $815 ဖြစ်ပြီး၊ မတ်ပဲ FAQ ၏ FOB ဈေးနှုန်းမှာ ၁ တန်လျှင် $ 770 ဖြစ်ကြောင်းသိရသည်။
တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းပြန်လည်ဖွင့်လှစ်မည့် သတင်းများကြောင့် တရုတ်သို့ တင်ပို့နေသည့် ပဲအမျိုးမျိုးနှင့် ဆီထွက်သီးနှံများ၏ ဈေးနှုန်းများတက်လာနေသော်လည်း မတ်ပဲဈေးနှုန်းမှာ ဈေးငြိမ်နေသည့် အနေအထားတွင်ရှိပြီး မြန်မာမတ်ပဲပြန်လည်စိုက်ပျိုးရာသီချိန်တွင်ဖြစ်ပေါ်နေသည့် လက်ရှိဈေးနှုန်းမှာ အမြင့်ဆုံးဖြစ်နိုင်ကြောင်း ပဲကုန်သည်များမှ သုံးသပ်ထားကြသည်။
အိန္ဒိယဘက်မှ ဝယ်လိုအားကြောင့် ဈေးအနည်းငယ်တက်လာနိုင်သော်လည်း ဈေးအမြင့်တန်းရရှိရန် မျှော်လင့်၍မရနိုင်ကြောင်းလည်း သိရှိရသည်။
#Ymg/NN
#Yangon_Media_Group
#World_Health
Published 14 November 2022
ကောင်းစွာအိပ်စက်ခြင်းက ကိုယ်အလေးချိန်ကျစေရန် အကူအညီဖြစ်စေတယ်ဆိုတာ ဖြစ်နိုင်ချေရှိပါတယ်။
လေ့လာမှုအရ ကောင်းစွာအိပ်စက်ခြင်းဖြင့် ကိုယ်အလေးချိန်ကျစေတယ်လို့ ညွှန်ပြနေပါတယ်။
ဒီလို အကျိုးရှိစွာအိပ်စက်နိုင်ဖို့ အကြံပြုချက်အချို့ကို တင်ပြပေးလိုက်ပါတယ်။
(၁) အလင်းရောင်
အိပ်စက်တဲ့အခါ အခန်းထဲကို အလင်းရောင်မှိန်ပျပျသာရှိခြင်းက ကောင်းစွာအိပ်ပျော်စေနိုင်ပါတယ်။
လုံးဝအမှောင်ပိတ်ချလိုက်ခြင်းကတော့ အကောင်းဆုံးဖြစ်ပြီး မယ်လာတိုနင်ဟော်မုန်းထွက်ရှိစေကာ ပိုမိုအိပ်ပျော်စေပါတယ်။
အိပ်ခန်းက အလင်းရောင်ဝင်တယ်ဆိုရင် လိုက်ကာတွေတပ်ဆင်သင့်ပြီး လက်ကိုင်ဖုန်း၊ ကွန်ပျူတာ၊ တီဗီတို့လို စက်ပစ္စည်းတွေကိုပိတ်ထားသင့်ပါတယ်။
(၂) အပူချိန်
ခန္ဓာကိုယ်က အပူချိန်မြင့်မားအောင် အမြဲတမ်းအလုပ်လုပ်နေရပါတယ်။
စွမ်းအင်တွေနဲ့ ကယ်လိုရီတွေလောင်ကျွမ်းအောင် လုပ်ဆောင်ရပြီး အိပ်နေချိန်မှာလည်း ဆက်လုပ်နေရပါမယ်။
ဒီအတွက် အိပ်ခန်းထဲမှာ လေထုလတ်ဆတ်သန့်ရှင်းနေဖို့ အရေးကြီးပါတယ်။
အဝတ်အစားချွတ်အိပ်ခြင်းက အိပ်လေ့မရှိကြပေမယ့် ထိရောက်မှုရှိပါတယ်။
(၃) အိပ်ရာထနောက်မကျပါစေနှင့်
နေမြင့်တဲ့အထိအိပ်ခြင်းက အိပ်ချိန်ပိုရစေပေမယ့် ကိုယ်အလေးချိန်ချဖို့အတွက်ဆိုရင်တော့ မသင့်တော်ပါဘူး။
အိပ်ရာထချိန်နောက်ကျတဲ့အခါ စားသောက်ချိန်ပြောင်းလဲမှုဖြစ်ပြီး ကယ်လိုရီပိုများစေပါတယ်။
Source: Soo Healthy
#Yangon_Media_Group
#Local_News
Published_ 14 November 2022
မြန်မာနိုင်ငံမှ ဆရာတော်ကြီး (၅) ပါးအပါအဝင် လာအို၊ မွန်ဂိုလီးယား၊ သီရိလင်္ကာ နှင့် ထိုင်းနိုင်ငံတို့မှ ဆရာတော်ကြီး စုစုပေါင်း (၉) ပါးတို့အား International Buddhism Leader Association မှ ဥက္ကဋ္ဌဆရာတော် Ven. Mok Tak မှ ဂုဏ်ထူးဆောင်ပါရဂူ ဘွဲ့တံဆိပ်တော် များကို ဆက်ကပ်ခဲ့ကြောင်း သိရှိရပါတယ်။
တောင်ကိုရီးယားနိုင်ငံ၊ International Buddhism Leader Association မှ ကြီးမှူး ကျင်းပ ပြုလုပ်သည့် ဒုတိယအကြိမ်ကမ္ဘာ့သာသနာ့ခေါင်းဆောင်များ အစည်းအဝေး နှင့် ကမ္ဘာ့ငြိမ်းချမ်းရေး ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ ဆုချီးမြှင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၂ ရက် ရက်တွင် ဆိုးလ်မြို့ရှိ အမျိုးသားလွှတ်တော်၌ ကျင်းပပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၊ နိုင်ငံတော်သံဃ မဟာ နာယကအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဆရာတော်ဘဒ္ဒန္တ ဇောတိပါလ (မြင်းခြံဆရာတော်) ဦးဆောင်သည့် ဆရာတော် (၅) ပါးနှင့် တောင်ကိုရီးယား သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန့်စင်တို့ တက်ရောက်ခဲ့ကြပါတယ်။
ကမ္ဘာ့သာသနာ့ခေါင်းဆောင်များအစည်းအဝေးတွင် ဒုတိယဥက္ကဋ္ဌဆရာတော်က သာရဏီယဩဝါဒကထာကို ဖတ်ကြားခဲ့ပြီး မြန်မာသံအမတ်ကြီးက ဂုဏ်ပြုအမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#World_News
Published 14 November 2022
တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဗုံးထောင်ခဲ့တဲ့ သံသယရှိသူကို ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး'ဆူလေမန်ဆွိုင်လူ'က နိုဝင်ဘာ ၁၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အစ္စတန်ဘူလ်မြို့လယ် လူသွားလူလာများတဲ့ အစ္စတစ်လဲရိပ်သာလမ်းမှာ တနင်္ဂနွေနေ့က ပေါက်ကွဲခဲ့တာဖြစ်ပြီး ၆ ဦးသေဆုံးကာ ၈၁ ဦးဒဏ်ရာရရှိခဲ့ပါတယ်။
အဆိုပါဗုံးခွဲတိုက်ခိုက်မှုကို တူရကီသမ္မတ'တာယစ်အာဒိုဂန်'က အကြမ်းဖက်လုပ်ရပ်လို့ သတ်မှတ်လိုက်ပါတယ်။
ပေါက်ကွဲမှုဖြစ်ပြီးနောက် လူရာနဲ့ချီ ထွက်ပြေးခဲ့ကြကာ လူနာတင်ကားများနဲ့ ရဲများရောက်ရှိလာကြပါတယ်။
အခင်းဖြစ်ပွားရာနေရာဟာ ရုံးပိတ်ရက်တွေမှာ ပုံမှန်အားဖြင့် ဈေးဝယ်သူတွေ၊ ခရီးသွားဧည့်သည်တွေ၊ မိသားစုတွေနဲ့ စည်ကားနေခဲ့ပါတယ်။
ရိုက်တာမှပြသတဲ့ ဗီဒီယိုမှတ်တမ်းများအရ ညနေ ၄ နာရီ ၁၃ မိနစ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ပြီး အပျက်အစီးများလွှင့်ထွက်ကုန်ကာ လူအများအပြားလဲကျသွားကြပါတယ်။
ပေါက်ကွဲပြီးနာရီပိုင်းအကြာမှာ အခင်းဖြစ်ရာနေရာသို့ ဒုသမ္မတ'ဖော့အုတ်ခ်တိုင်'ရောက်လာခဲ့ပြီး အသေအပျောက်ဒဏ်ရာရစာရင်းကို ဖော်ထုတ်ခဲ့ကာ ဒီကိစ္စကိုအတတ်နိုင်ဆုံး အမြန်ဆုံးဖြေရှင်းဖို့ ကတိပြုခဲ့ပါတယ်။
သေဆုံးသူတွေထဲမှာ အစိုးရဝန်ကြီးဌာနဝန်ထမ်းတစ်ဦးနဲ့ သူ့သမီးဖြစ်သူတို့ ပါဝင်ခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့ပါတယ်။
လူ ၅ ယောက်ကို ဆေးရုံမှာ အထူးကြပ်မတ်ကုသထားပြီး ၂ ဦးက စိုးရိမ်ရတဲ့အခြေအနေ ရှိပါတယ်။
အရင်ကလည်း အစ္စတန်ဘူလ်နဲ့ တူရကီမြို့တွေမှာ ကာ့ဒ်ခွဲထွက်ရေးသမားများ၊ အစ္စလာမ်စစ်သွေးကြွများနဲ့ အခြားအဖွဲ့အစည်းတွေက ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကြပြီး ၂၀၁၅၊ ၂၀၁၆ ခုနှစ်တွေမှာ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။
တူရကီနဲ့ တူရကီလူမျိုးတွေကို အကြမ်းဖက်ကြိုးပမ်းတာတွေက အရင်က မအောင်မြင်ခဲ့သလို နောင်လည်း ကျရှုံးဦးမှာဖြစ်တယ်လို့ 'အာဒိုဂန်'က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
အပြစ်ရှိသူတွေကို ထိုက်တန်တဲ့အပြစ်ပေးမှ ပြည်သူတွေ စိတ်ချလက်ချနေနိုင်မှာဖြစ်ကြောင်းလည်း ဆိုပါတယ်။
အစိုးရအဖွဲ့ရဲ့ ထောက်လှမ်းရေးစုံစမ်းမှုများအရ ဒါဟာ အကြမ်းဖက်အဖွဲ့လုပ်ရပ်ဖြစ်နိုင်ပါတယ်။
အမျိုးသမီးတစ်ဦးဟာ ခုံတန်းတစ်ခုမှာ မိနစ် ၄၀ ကျော်ထိုင်နေခဲ့ပြီး ပေါက်ကွဲမှုမဖြစ်ခင် မိနစ်ပိုင်းအလိုမှာ ထွက်ခွာသွားခဲ့ကြောင်း သိရှိထားပြီး ချိန်ကိုက်ဗုံး ဒါမှမဟုတ် အဝေးထိန်းဖောက်ခွဲတဲ့ဗုံး ဖြစ်နိုင်တယ်လို့ သိရပါတယ်။
Source: CNA
#Yangon_Media_Group
#World_Health
Published 14 November 2022
လိင်ဆက်ဆံခြင်းဟာ ပြင်းထန်တဲ့လေ့ကျင့်ခန်းပြုလုပ်သကဲ့သို့ပင် ပန်းနာရင်ကျပ်ရောဂါထဖောက်ခြင်း ဖြစ်စေနိုင်ကြောင်း လေ့လာတွေ့ရှိထားပါတယ်။
ပန်းနာရင်ကျပ်နဲ့ လိင်ဆက်ဆံခြင်းတို့ကြား ဆက်စပ်မှုကို သတိထားမိတယ်ဆိုရင် လူ့အသက်တွေနဲ့ အိမ်ထောင်ရေးဘဝတွေကိုပါ ပြောင်းလဲတိုးတက်စေလိမ့်မယ်လို့ သုတေသီများကဆိုပါတယ်။
ပန်းနာရင်ကျပ်လူနာ ၄၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းခန့်ဟာ လှုပ်ရှားလေ့ကျင့်ခန်းပြုလုပ်တာကြောင့် ရင်ကျပ်လက္ခဏာခံစားရတာဖြစ်ပေမယ့် လိင်ဆက်ဆံခြင်းကိုတော့ လေ့ကျင့်ခန်းအဖြစ် သတိမထားမိကြပါဘူး။
လိင်မှုလှုပ်ရှားခြင်းကြောင့် အားအင်အသုံးချရခြင်းဟာ လှေကားနှစ်ထပ်တက်တာနဲ့ ညီမျှတယ်ဆိုတာကို လူတွေမသိကြဘူးလို့ ကယ်လီဖိုးနီးယား စိန့်အက်ညက်ဆေးဘက်ဆိုင်ရာစင်တာမှ အကြီးအကဲဒေါက်တာ'အေရီယယ်လောင်'က ရေးသားခဲ့ပါတယ်။
သုတေသီတွေက လိင်ဆက်ဆံခြင်းကြောင့် ရင်ကျပ်ဖြစ်နိုင်တဲ့ကိစ္စကို လေ့လာခဲ့ကြပါတယ်။
ဒေါက်တာ'အေအမ်အမိုင်နီယန်'က ဒီအခြေအနေဟာ စမ်းသပ်ခံသူရဲ့သဘာဝအရအပေါ် မူတည်ကြောင်း ပြောကြားလိုက်ပါတယ်။
လိင်မှုကိစ္စကြောင့် ရောဂါထဖောက်တယ်ဆိုတဲ့အကြောင်းကို လူတွေက ဆွေးနွေးချင်ကြမှာမဟုတ်ဘူးလို့ ဆိုပါတယ်။
ဓာတ်မတည့်မှုဆရာဝန်များကသာ ရင်ကျပ်ဖောက်ခြင်းကို ဘယ်လိုရှောင်ရှားရမလဲဆိုတာကို လမ်းညွှန်ပြနိုင်မှာဖြစ်ပါတယ်။
လိင်ဆက်ဆံခြင်းကြောင့် ရင်ကျပ်ဖောက်ရခြင်းအကြောင်း ဆရာဝန်တွေသိမှ လူနာတွေရဲ့ဘဝကို ပိုမိုကောင်းမွန်အောင် လေ့လာစူးစမ်းခွင့်ရမှာပါ။
ရင်ကျပ်ထမဖောက်စေရန်အတွက် လိင်ဆက်ဆံမှုမပြုခင် အသက်ရှူချောင်ဆေးကို မိနစ် ၃၀ ကြိုတင်အသုံးပြုရန် ဒေါက်တာ'လောင်'က ညွှန်ကြားလိုက်ပါတယ်။
ဒီလိုပြုလုပ်ခြင်းဟာ ချစ်ရေးခံစားမှုနဲ့ဝေးကွာနိုင်တယ်လို့ ဆိုကြပေမယ့် ကိုယ့်ကိုယ်ကိုဂရုစိုက်ခြင်းလောက် ဘယ်ဟာကမှ အရေးမကြီးပါဘူး။
Source: Daily Mail
#Yangon_Media_Group
Published 13 Nov 2022
အာဂျင်တီးနား၊ဘရာဇီးလ်နှင့် အင်္ဂလန်တို့ရဲ့ အရောင်တွေ ဝတ်ဆင်ထားတဲ့ ရွှေ့ပြောင်း အလုပ်သမား ထောင်ပေါင်းများစွာဟာ နိုဝင်ဘာ ၁၁ ရက် သောကြာနေ့က ကာတာနိုင်ငံ ဒိုဟာမြို့တော်မှာ ကမ္ဘာ့ဖလားအထိမ်းအမှတ် စုရုံးလမ်းလျှောက်ပွဲကို ကျင်းပခဲ့ကြပါတယ်။
ကမ္ဘာ့ဖလားကျင်းပဖို့ (၁၀)ရက်ခန့်အလိုမှာ ယခုပွဲကို ကျင်းပခြင်းဖြစ်ပြီး လီယွန်နယ်မက်ဆီ၊ နေမာနှင့် ဟာရီကိန်းတို့ရဲ့ ပရိဿတ်တွေဟာ ဒိုဟာမှာ ပင်လယ်ကိုမျက်နှာမူပြီး စုရုံးဆင်နွှဲခဲ့ကြပါတယ်။
ဒီလိုပွဲမျိုးကို ကာတာမှာ အရင်က ခွင့်ပြုလေ့မရှိပါဘူးလို့ အေအက်ဖ်ပီသတင်းထောက်ပြောပါတယ်။
ပရိဿတ်အများစုဟာ အိန္ဒိယနိုင်ငံရဲ့ ဘောလုံးခံတပ်ကြီးဖြစ်တဲ့ ကာရီလာပြည်နယ်က လာကြသူတွေဖြစ်ပြီး ကာတာမှာ အိန္ဒိယကရွှေ့ပြောင်းအလုပ်သမားအသိုက်အဝန်းဟာ ၇၅၀.၀၀၀ ခန့်ရှိနေပါတယ်။
ကာတာဟာ စုစုပေါင်းလူဦးရေး ၂.၈ သန်းရှိပါတယ်။
Source AFP
ရုပ်သံကြည့်ရန်>>>> https://fb.watch/gMyqsxrW1H/
#Qatar_Doha_World_Cup
#Qatar_World_Cup_rally
#FIFA_World_Cup_2022
Published 13 Nov 2022
✅ ဒါရိုက်တာ စတီဗင် စပီးလ်ဘတ်ရဲ့ နာမည်ကျော် “The Terminal” ရုပ်ရှင်ရိုက်ကူးစေဖို့ လှုံ့ဆော်နိုင်ခဲ့တဲ့ အပြင်က တကယ့်ဇာတ်ကောင် အီရန်အမျိုးသားတစ်ဦးဟာ ပြီးခဲ့တဲ့စနေနေ့က ပါရီရဲ့ ချားလ်စ်ဒီဂေါလေဆိပ်မှာ ကွယ်လွန်ခဲ့
✅ သူဟာ ၁၈နှစ်လုံးလုံး ပြင်သစ်နိုင်ငံ ပါရီမြို့တော်က ချားလ်စ်ဒီဂေါလေဆိပ်မှာ နေထိုင်ရှင်သန်ခဲ့
✅ မီဟရန်ကာရီမီ နာဆာရီဟာ စနေနေ့လယ်မှာ လေဆိပ်ကြီးရဲ့ အဆောင် Terminal 2F မှာ နှလုံးရုတ်တရက် ဖောက်ပြန်ကွယ်လွန်ခဲ့
✅ရဲတွေနှင့် ဆေးဝါးအဖွဲ့က သူ့ကိုအသက်ကယ်ဖို့ကြိုးစားပေမယ့် နောက်ဆုံးလက်လျှော့လိုက်ရ
✅ နာဆာရီဟာ လေဆိပ်ရဲ့ Terminal 1 မှာ ၁၉၈၈ခုနှစ်ကနေ ၂၀၀၆ခုနှစ်အထိနေထိုင်ခဲ့။ အစပိုင်းမှာတော့ သူ့မှာ စာရွက်စာတမ်းဘာအထောက်အထားမှမရှိလို့ဖြစ်ပြီး နောက်ပိုင်းမှာတော့ အဲသလိုနေဖို့သူကိုယ်တိုင်ရွေးချယ်ခဲ့
✅ သူဟာလေဆိပ်ထဲက အနီရောင်ပလပ်စတစ်ခုံတန်းလျားပေါ်မှာ အိပ်စက်ခဲ့ပြီး လေဆိပ်အလုပ်သမားတွေနှင့် မိတ်ဆွေ ဖွဲ့ခဲ့ပြီး ဝန်ထမ်းတွေအတွက်ပေးထားတဲ့ ရေချိုးသန့်စင်ခန်းတွေအသုံးပြုခဲ့
✅ သူဟာ ဒိုင်ယာရီကိုရေးခြင်း၊ မဂ္ဂဇင်းတွေဖတ်ခြင်းနှင့် ဖြတ်သန်းသွားလာတဲ့ ခရီးသည်တွေကို လေ့လာမှုတွေပြုလုပ်ခြင်း တွေနှင့် အချိန်ဖြုန်းခဲ့
✅ ဝန်ထမ်းတွေက သူ့ကို Lord Alfred လို့ အမည်ပြောင်ပေးထားပြီးသူဟာ ခရီးသွားတွေအကြားမှာ အတန်အသင့် လူသိများသူဖြစ်လာခဲ့
✅ “ကျွန်တော်ဖြည်းဖြည်းချင်းတော့ လေဆိပ်ကထွက်သွားမှာပါ။ ပတ်စ်ပို့နှင့် ထရစ်စစ်ဗီဇာစောင့်နေတုန်းပဲ ” လို့သူက ၁၉၉၉ခုနှစ်မှာ အေပီသတင်းဌာနကိုပြောခဲ့
✅ သူဟာ ၁၉၄၅ခုနှစ်မှာ ဗြိတိသျှထိန်းချုပ်မှုအောက်မှာရှိနေတဲ့ အီရန်ရဲ့ ဆိုလေမန်အရပ်မှာ အီရန်ဖခင်နှင့် ဗြိတိန်သူမိခင်တို့မှ မွေးဖွားခဲ့။
✅ သူဟာ ၁၉၇၄ခုနှစ်မှာ အင်္ဂလန်ကို စာသင်ကြားဖို့ ထွက်ခွာခဲ့ပြီး အီရန်ပြန်ရောက်တဲ့အခါ ရှားဘုရင်ကို ကန့်ကွက်ဆန္ဒပြလို့ ထောင်ကျပြီး ပစ်စ်ပို့ အသိမ်းခံခဲ့ရ
✅ သူဟာ ဥရောပနိုင်ငံတော်တော်များများမှာ နိုင်ငံရေးခိုလှုံခွင့် ခံယူဖို့လျှောက်ထားခဲ့၊ ဘယ်ဂျီယမ်နိုင်ငံမှ UNHCRက သူ့ကို ဒုက္ခသည်အဆင့်ပေးခဲ့ပေမယ့် အဲဒီစာရွက်စာတမ်းတွေပါတဲ့ သူ့ခရီးဆောင် လက်ဆွဲသေတ္တာဟာ ပါရီဘူတာရုံတစ်ခုမှာ အခိုးခံလိုက်ရတယ်လို့ပြော
✅ ပြင်သစ်ရဲတွေက သူ့ကိုဖမ်းဆီးပြီး ပြည်နှင်ဒဏ်ပေးဖို့လုပ်သော်လည်း သူ့မှာ ဘာစာရွက်စာတမ်းမှမရှိတော့၍ ဘယ်ကိုပို့ရမှန်းမသိခဲ့ဘဲ ချားဒီဂေါလေဆိပ်ထဲမှာ ၁၉၈၀၀ ဩဂုတ်မှစကာနေထိုင်ခဲ့ရ
✅ ဥရောပနိုင်ငံတွေရဲ့တင်းကြပ်တဲ့ လူဝင်မှု ဥပဒေတွေကြောင့်သူဟာ နှစ်များစွာမှာ ဘယ်နိုင်ငံမှသွားမရခဲ့
✅ နောက်ဆုံးမှာတော့ သူဟာ ဒုက္ခသည်စာရွက်စာတမ်းတွေရရှိလိုက်လို့အံ့အားသင့်သွားခဲ့။သို့သော် လေဆိပ်က ထွက်ခွာသွားရင် သူ့အနေနှင့် မလုံခြုံတော့ဘူးလို့ခံစားရပြီး အဲဒီစာရွက်တွေကို လက်မှတ်ထိုးပေဖို့ငြင်းဆန်ခဲ့
✅ သူဟာ ၂၀၀၆ခုနှစ်မှာ ဆေးရုံမတက်ရခင်အထိ လေဆိပ်ထဲမှာပဲနေခဲ့ရပြီး ဆေးရုံကဆင်းပြီးနောက်ပါရီရဲ့ ခိုလှုံရာ နေရာတစ်ခုမှာနေထိုင်ခဲ့ရ
✅ သူမသေခင် ရက်သတ္တပတ်အနည်းငယ်မှာ သူဟာ လေဆိပ်ထဲပြန်ရောက်လာခဲ့ပြီး ပြန်လည်နေထိုင်ခဲ့တယ်လို့ လေဆိပ်အရာတစ်ဦးကပြော
✅ နာဆာရီရဲ့တကယ်ဘဝဇာတ်ကြောင်းကို ၂၀၀၄ခုနှစ်ကပြသတဲ့ မင်းသား တွမ်ဟန့်သရုပ်ဆောင်တဲ့ “The Terminal” ရုပ်ရှင်၊ “Lost in Transit,” ပြင်သစ်ရုပ်ရှင်နှင့် “Flight.”အော်ပရာတို့က ခံစားပြီး ဇာတ်လမ်းတွေဖန်တီးခဲ့
✅ “The Terminal,” ဇာတ်ကားမှာ ဟန့်ဟာ အရှေ့ဥရောပက စိတ်ကူးနိုင်ငံ ကာရက်ကော့ဟီယာကနေ နယူးယေက် ဂျေအက်ဖ်ကေလေဆိပ်ကိုရောက်လာပြီးနောက် သူ့နိုင်ငံမှာ နိုင်ငံရေး တော်လှန်ပြောင်းလဲမှုတစ်ခုကြောင့် သူ့ခရီးသွား စာရွက်စာတမ်းတွေ တရားမဝင်ဖြစ်ခဲ့ရပြီး လေဆိပ်ထဲက နိုင်ငံတကာခန်းမထြ နေခဲ့ရတဲ့ဇာတ်လမ်းဖြစ်
Source AP
#The_Terminal_
#Mehran_Karimi
#18_years_in_Paris’_Charles_de_Gaulle_Airport
Page 1155 of 1646