Published 29 March 2023
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ ရှိ “စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေး”အပါအဝင် အခြားနေရာများတွင် ဓားပြတိုက်လူသတ်မှုကျူုးလွန်ခဲ့သူတွေကို ယနေ့ မတ်လ ၂၉ ရက် ဗုဒ္ဓဟူးနေ့က ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက် ၁၇၁၅ နာရီခန့်တွင် မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ အကွက်အမှတ်(၅၇၅)၊ ၈၅ (A)လမ်း၊ ၃၁x ၃၂ လမ်းကြားရှိ “စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေး” ဆိုင်ရှေ့၌ရွှေဆိုင်ဝန်ထမ်း ၂ ဦးမှ ငွေကျပ်သိန်း ၁၅၀၀ အား စိန်သရဖူ ရွှေသန့်စင်လုပ်ငန်းသို့ပို့ဆောင်ရန် Hijet ယာဉ်ပေါ်သို့ တင်ဆောင်နေစဉ် အမျိုးသား ၃ ဦးဟာ မော်တော်ယာဉ် ၁ စီးဖြင့် ရောက်ရှိလာပြီး ပစ္စတိုသေနတ်ဖြင့် ၂ ချက် မိုးပေါ်ပစ်ဖောက်ကာ ငွေကျပ်သိန်း ၁၂၀၀ အား ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့ပါသည်။ ထိုဖြစ်စဉ်ကို လိုက်လံဖော်ထုတ်ရာမှ အခြားသော ဓားပြမှုများကိုပါ ဆက်လက်ဖော်ထုတ်ရခဲ့ခြင်းဖြစ်တယ်လို့ နစကရဲ့ သတင်းထုတ်ပြန်ချက် အရသိရပါတယ်။
ဓားပြတိုက်လုယက်မှုကျူးလွန်ခဲ့သည့် တရားခံ ကျား ၄ ဦးအားSigsauer ပစ္စတို ၁ လက်၊ Glock ပစ္စတို ၁ လက်၊ ခြောက်လုံးပြူး ၁ လက်၊ ၉ မမကျည်၄၃ တောင့်၊ ဓားပြတိုက်လုယက်မှုတွင် ပါရှိသွားသည့် ငွေကျပ် ၈၃၅ သိန်း ၊ ဘိန်းဖြူဟုယူဆရသော ဖြူဝါရောင်မှုန့် ၂၂၈၀ ဂရမ်၊ WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၈၀,၀၀၀ ပြားနှင့် ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့်မော်တော်ယာဉ်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
အမှုကိုစုံစမ်းဖော်ထုတ်တဲ့အခါ “စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေး” ဆိုင်မှာတပ်ဆင်ထားတဲ့ CCTV မှတ်တမ်းများအရ အဲဒီ အမျိုးသား ၃ ဦးဟာ ဓားပြတိုက်လုယက်ယူဆောင်သွားသည့် ငွေကြေးတွေကို ယာဉ်အမှတ်၊ YGN-5D/2975 Nissan March (အနက်ရောင်)ဖြင့် သယ်ဆောင်ထွက်ခွာသွားကြောင်းတွေ့ရှိခဲ့ရပါတယ်။အဲဒါကြောင့် အဆိုပါ ယာဉ်အား စုံစမ်းစစ်ဆေးရှာဖွေ ခဲ့ရာ ပြည်ကြီးတံခွန်မြို့ နယ်၊ ၅၁ လမ်း၊ ၁၃၅ x ၁၃၆ လမ်းကြားရှိခြံဝင်းအတွင်း ဆက်စပ်တရားခံ တင်စိုးနှင့်ကျော်တင်ဦး(ခ) ငပိန်တို့ ၂ ဦးအား ဓားပြတိုက်လုယက်မှု ကျူးလွန်ရာတွင် အသုံးပြုခဲ့သည့် မော်တော်ယာဉ်နှင့်အတူဖြစ်စဉ်ဖြစ်ပွားပြီး နာရီပိုင်း အတွင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ပါတယ်။

အဲဒီနောက် မတ်လ ၂၈ ရက် ညပိုင်းတွင်ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်၊ ရွာလမ်း၊ အကွက်အမှတ်၊ ၈၆၂တွင် တရားခံ ဆန်းဝင်း အား ဖမ်းဆီးရမိခဲ့ပြီး အမရပူရမြို့ နယ်၊ မြစ်ငယ်မြို့၊ဓနုံးကျေးရွာ၌ ဖမ်းဆီးရန်ကျန် တရားခံ ကျော်နိုင် ၏ နေအိမ်မှ Sigsauer ပစ္စတို ၁ လက်၊Glock ပစ္စတို ၁ လက်၊ ခြောက်လုံးပြူး ၁ လက်၊ ၉ မမကျည် ၄၃ တောင့်၊ ဓားပြတိုက်လုယက် မှုတွင် ပါရှိသွားသည့် ငွေကျပ် သိန်း ၆၀၀ ၊ ဘိန်းဖြူဟုယူဆရသောဖြူဝါရောင်မှုန့် ၂၂၈၀ ဂရမ်နှင့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား၁၈၀,၀၀၀ ပြားတို့အား သိမ်းဆည်း ရမိခဲ့ပါတယ်။
ဖမ်းဆီးရမိတရားခံ ဆန်းဝင်း ၏ ထွက်ဆိုချက်အရ ပြည်ကြီးတံခွန် မြို့နယ်၊၁၄၂ လမ်း၊ ၆၁ x ၆၂ လမ်းကြား၌ တရားခံ တင်စိုး(ခ)ရခိုင် အား ဓားပြတိုက်လုယက်မှုတွင် ပါရှိသွားသည့် ငွေကျပ် ၂၃၅ သိန်းနှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ သိရှိရပါတယ်။
ဖမ်းဆီးရမိ တရားခံများ၏ ထွက်ဆိုချက်အရ အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှု ၁ ကြိမ်နှင့် ဓါးပြတိုက်လုယက်မှု ၃ ကြိမ်ကျူးလွန်ခဲ့ကြောင်း သိရှိရသည်။
၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်တွင် ဆန်းဝင်းခေါင်းဆောင်၍ တင်စိုး(ခ) ရခိုင်၊ တင်စိုး၊ ကျော်တင်ဦး(ခ)ငပိန်၊ ဖမ်းဆီးရန်ကျန်တရားခံများဖြစ်သည့် တမောင်း၊ ကျော်နိုင် တို့သည် ညောင်ပင်ကုန်းကျေးရွာ၊ (ဋ)ရပ်ကွက်ရှိ ဒေါ်ခင်လတ်ဆိုသူအမျိုးသမီးတစ်ဦး ၏ နေအိမ်အားဝင်ရောက်ဓားပြတိုက်လုယက်ခဲ့ကြောင်း၊ ထိုသို့ ဓားပြတိုက် လုယက်နေစဉ်ဒေါ်ခင်လတ် ၏မောင်ဖြစ်သူ ဒုရဲမှူး ဝင်းမင်းသန့် ရောက်ရှိ လာပြီး ၎င်းတို့အားလုံးထွေးသတ်ပုတ်ဖမ်းဆီးခဲ့သဖြင့် တရားခံ ဆန်းဝင်း မှ ပစ္စတိုဖြင့် ၃ ချက်ပစ်၍လုပ်ကြံသတ်ဖြတ်ကာ နေအိမ်အတွင်းမှ ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလက်ကောက် ၃ ကွင်း၊ရွှေလက်စွပ် ၄ ကွင်း၊ ငွေကျပ်သိန်း ၃၀၀ နှင့် ဒုရဲမှူး ဝင်းမင်းသန့် ကိုင်ဆောင်သည့်ခြောက်လုံးပြူး ၁ လက်တို့အား ဓားပြတိုက် လုယက်ယူဆောင်သွားခဲ့ကြောင်း၊ဓားပြတိုက် လုယက်ယူဆောင်လာသည့် ရွှေထည်ပစ္စည်းများအား ချမ်းအေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက် ရပ်ကွက်ရှိ “စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေးဆိုင်”သို့ သွားရောက်၍ ငွေကျပ်သိန်း ၈၀ ဖြင့် ရောင်းချခဲ့ကြောင်း သိရှိရပါတယ်။

မတ်လ ၁၂ ရက်တွင် တရားခံ ဆန်းဝင်းနှင့် ဖမ်းဆီးရန်ကျန် တရားခံတမောင်း တို့သည် ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက် ရှိ“ဒေါ်တောမုန့်တီဆိုင်” သို့ သွားရောက်၍ ဆိုင်ပိုင်ရှင် ဒေါ်မာလွင်အား လက်နက်ဖြင့် ခြိမ်းခြောက်ကာ ရွှေဆွဲကြိုး ၁ ကုံး၊ ရွှေလက်ကောက် ၁ ကွင်းနှင့်ရွှေလက်စွပ် ၁ ကွင်းတို့အား ဓားပြတိုက်လုယက်ယူဆောင်ခဲ့ကြောင်း၊ ဓားပြတိုက်လုယက်ယူဆောင်လာသည့် ရွှေထည်ပစ္စည်းများအား … ချမ်းအေးသာစံမြို့နယ်၊အောင်နန်းရိပ်သာ အနောက်ရပ်ကွက်ရှိ “စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေးဆိုင်” သို့ သွားရောက်၍ ငွေကျပ်သိန်း ၄၀ ဖြင့် ရောင်းချခဲ့ကြောင်းသိရှိရပါတယ်။
ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဆန်းဝင်း သည် ဓားပြတိုက် လုယက်ယူဆောင်လာသည့် ရွှေထည်ပစ္စည်းများအား “စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေးဆိုင်”သို့ သွားရောက် ရောင်းချစဉ် ဆိုင်အတွင်း၌ ငွေစက္ကူများအားဆာလာအိတ်ဖြင့် ထည့်ထားသည်ကို တွေ့ရှိခဲ့သဖြင့် ၎င်းဆိုင်အား ဓားပြတိုက်ရန် စီစဉ်ခဲ့ပြီး ဓားပြတိုက်လုယက်ရာတွင် အသုံးပြုရန် Nissan (အနက်ရောင်) လိုင်စင်မဲ့ယာဉ် ၁ စီးအား ဝယ်ယူခဲ့ကြောင်းနှင့် တရားခံ ကျော်တင်ဦး(ခ)ငပိန်သည် ရွှေဆိုင်ဝန်ထမ်းများငွေစက္ကူများသယ်ယူမည့်အချိန်ကို ကြိုတင်စောင့်ကြည့်လေ့လာ၍ မတ်လ ၂၇ ရက်နေ့တွင် ဓားပြတိုက်လုယက်ခဲ့ခြင်းဖြစ်ကြောင်းဖော်ထုတ်သိရှိရပါတယ်။
တရားခံ ဆန်းဝင်း သည် ၁၉၉၄ခုနှစ်တွင် တာချီလိတ်မြို့၌ တရားမဝင်ရှေးဟောင်းပစ္စည်း ရောင်းဝယ်ပြုလုပ်မှုဖြင့်တာချီလိတ်မြို့မရဲစခန်းတွင် ဖမ်းဆီးခံခဲ့ရပြီး ကျိုင်းတုံအကျဉ်းထောင်၌ ထောင်ဒဏ် ၃နှစ် ကျခဲ့ကြောင်း၊ ၂၀၀၂ ခုနှစ်၊ ဇန်နဝါရီလတွင် ကလောမြို့၊ မြို့အဝင်စစ်ဆေးရေးဂိတ်၌ဘိန်းမဲ ၅ ပိဿာနှင့်အတူ ဖမ်းဆီးခံခဲ့ရကာ ထောင်ဒဏ် နှစ် ၃၀ ထပ်မံကျခဲ့ပြီး ၂၀၁၉ခုနှစ်၊ ဧပြီလ ၁၇ ရက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာခဲ့သူဖြစ်ကြောင်း သိရှိရပါတယ်။
တရားခံတင်စိုး(ခ)ရခိုင်သည် ၂၀၀၃ ခုနှစ်တွင် မူးယစ်ဆေးဝါးမှုဖြင့် ကချင်ပြည်နယ်၊ မိုးညှင်းမြို့မရဲစခန်း၌ ဖမ်းဆီးခံခဲ့ရပြီး မြစ်ကြီးနားအကျဉ်းထောင်တွင်ထောင်ဒဏ် ၇ နှစ်ကျခံခဲ့ရကာ ၂၀၀၉ ခုနှစ်တွင် ပြစ်ဒဏ်စေ့သဖြင့် ပြန်လည်လွတ်မြောက် လာခဲ့သူဖြစ်ကြောင်းလည်းထပ်မံသိရှိရပါတယ်။
ဓားပြတိုက်လုယက်မှုကျူးလွန်ရာတွင်အသုံးပြုခဲ့သည့် ပစ္စတို ၂ လက်နှင့်ခဲယမ်းများအား ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလခန့်တွင်ဖယ်ခုံမြို့နယ်၊ လအိကျေးရွာသို့ သွားရောက်၍ ဖမ်းဆီးရန်ကျန် တရားခံ မောင်ဆန်း ထံမှငွေကျပ် ၁၀၂ သိန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်တယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။
ဓားပြတိုက်လုယက်ယူဆောင်သွားသည့်ရွှေထည်ပစ္စည်းများအား ထုခွဲရောင်းချရာ၌ တရားမဝင်လက်ခံဝယ်ယူခဲ့သည့် “စိန်ကျော်မိုးရွှေသန့်စင်နှင့် မီးလင်းရွှေ ရောင်းဝယ်ရေးဆိုင်”ကိုလည်း တရားဥပဒေအရ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဓားပြတိုက်လုယက်မှုတွင် ပါဝင်ကျူးလွန်ခဲ့သည့် တရားခံပြေး ၂ ဦးကိုလည်း ဆက်လက်ဖော်ထုတ်၍ အမြန်ဆုံးဖမ်းဆီးနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း သိရှိရပါတယ်။
-ymg/knl
#မန္တလေးရွှေဆိုင်ဓားပြတိုက်မှုတရားခံများမိ
#စိန်ကျော်မိုး ရွှေသန့်စင်နှင့် မီးလင်းရွှေရောင်းဝယ်ရေးရွှေဆိုင်ဓားပြများဖမ်းမိ
#YangonMediaGroup


#Local_News
Published_ 29 March 2023
သင်္ကြန်ရက်နီးလာချိန်တွင် စက်သုံးဆီဈေးများ ဆက်တိုက်မြင့်တက်လာပြီး လက်လီ၊ လက်ကားဈေး နှစ်ခုစလုံးမြင့်တက်နေပါတယ်။
#Local_News #သင်္ကြန်မတိုင်မှီ #စက်သုံးဆီ #ဈေးဆက်တိုက်မြင့်တက်#YMG #Yangon_Media_Group
#World_Agricultur
Published 29 March 2023
ကော်စတာရီကာတောတွေထဲကထွက်တဲ့ ပန်းရောင်နာနတ်သီးဟာ မျိုးဗီဇပြုပြင်ကာ စိုက်ပျိုးထားတာဖြစ်ပြီး ပိုမိုအရည်ရွှမ်းအရသာရှိပါတယ်။
#World_Agriculture #ပန်းရောင်နာနတ်သီး #ကော့စတာရီကာစိုက်ခင်း#YMG#Yangon_Media_Group
#Local_News
Published_ 28 March 2023
စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီအနေနဲ့ ပြည်တွင်းစားသုံးဆီဈေးနှုန်းကို ၄၄၃၀ကျပ်သတ်မှတ်ထားပြီး အရင်အပတ်ထက်ငွေကျပ် ၁၀၀ကျော်ဈေးကျဆင်းလာပါတယ်။
#Local_News #စားသုံးဆီ #အရင်အပတ်ထက်ဈေးကျ #YMG #Yangon_Media_Group
#Local_News
Published_ 29March 2023
မြဝတီအာရှလမ်းမှာ တိုက်ပွဲပြင်းထန်တဲ့အတွက် အရေးပေါ်ဆေးကုသမယ့် လူနာတွေအနေနဲ့ မြဝတီမြို့ကနေ ရန်ကုန် ၊ မော်လမြိုင် ၊ ဘားအံ မြို့ကို ထိုကော်ကိုးလမ်းကိုအသုံးပြုနေရတာဖြစ်ပါတယ်။
#Local_News #မြဝတီ #အရေးပေါ်လူနာတင်ယာဉ် #ထိုကော်ကိုးလမ်း
#အခက်အခဲဖြစ်နေ #YMG #Yangon_Media_Group
#Local_News
Published_ 29 March 2023
သင်္ကြန်ချိန်နီးလာပြီဖြစ်တဲ့အတွက် ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ အတာအိုးတွေကို လက်ကားဝယ်ယူသူတွေများလာပြီး အရောင်းသွက်လာတယ်လို့ အတာအိုးလက်လီလက်ကားရောင်းချသူတွေထံမှ သိရပါတယ်၊၊
#Local_News #အတာအိုး #အရောင်းသွက်နေ
#YMG#Yangon_Media_Group
#DailyNews
Published_ 29 March 2023
၁။ရန်ကုန်၊ မန္တလေးအတာအိုးလက်ကားဈေးကွက် အရောင်းသွက်နေ
၂။မြဝတီမြို့အရေးပေါ် လူနာတင်ယာဉ်များ ၅ နာရီကြာသည့် ထိုကော်ကိုးလမ်းကို အသုံးပြုပြီးသွားလာနေရတဲ့အတွက် အခက်အခဲဖြစ်နေ
၃။ စားသုံးဆီ ရည်ညွှန်းသတ်မှတ်ဈေး ၄၄၃၀ ကျပ်သတ်မှတ်ထားပြီး အရင်အပတ်ထက်ဈေးကျ
၄။အဖိုးတန်လှသည့် ပန်းရောင်နာနတ်သီးများ ကော့စတာရီကာစိုက်ခင်းများတွင် ထွက်ရှိနေ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group #Daily_News #YMG
#Local_News
Published_ 29 March 2023
ရွှေတိဂုံစေတီတော်မြတ်ကြီးမှာ နှစ်သစ်မင်္ဂလာအခမ်းအနားကျင်းပဖို့ရှိပြီး လာမယ့်နှစ်ဆန်းတစ်ရက်နေ့ ဧပြီလ(၁၇)ရက်မှာ ကျင်းပသွားမှာဖြစ်တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်၊၊
#Local_News #ရွှေတိဂုံ #နှစ်ဆန်းတစ်ရက်နေ့ #နှစ်သစ်မင်္ဂလာ#YMG #Yangon_Media_Group
#Local_News
Published_ 29 March 2023
ရခိုင်ပြည်နယ် ကျောက်တော်မြို့ရှိ ယာယီခိုလှုံရာစခန်းတွင် နေထိုင်ကြသည့် စစ်ဘေးရှောင် ၂၇၀၀ ကျော် ယနေ့ မတ်လ ၂၉ ရက်တွင် နေရပ်သို့ ပြန်ကြပြီ ဖြစ်ကြောင်း ကျော်တော်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က သိရသည်။
အဆိုပါ နေရပ်ပြန်ကြသည့် ကျောက်တော်မြို့နယ်မှ ကျေးရွာအုပ်စု ၁၀ အုပ်စု၊ ကျေးရွာ ၁၇ ရွာနှင့် ပလက်ဝမြို့နယ်မှ ကျေးရွာ ၆ ရွာ အိမ်ထောင်စု ၆၄၄ စု၊ လူဦးရေ ၂၇၀၆ ဦးတို့အား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့ငွေနှင့် လူသုံးကုန်ပစ္စည်းများကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ထောက်ပံ့မှုများမှာ အိမ်ထောင်စု ၁ စုလျှင် ငွေကျပ် ၅ သိန်းနှုန်းစီ ဖြင့် အိမ်ထောင်စု ၆၄၄ စုအတွက် ထောက်ပံ့ငွေကျပ် ၃၂၂၀ သိန်း ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ နေရပ်ပြန်ပြောင်းရွှေ့စရိတ်အဖြစ် အိမ်ထောင်စု ၁ လျှင် ငွေကျပ် ၁ သိန်းနှုန်းစီဖြင့် ငွေကျပ် ၆၄၄ သိန်း၊ လူတစ်ဦးကို ဆန်၊ ရိက္ခာ ၁ ရက်လျှင် ဆန် ၂ ဘူးနှုန်းစီဖြင့် အိမ်ထောင်စု ၆၄၄ စု၊ လူဦးရေ ၂၇၀၆ ဦးအတွက် တစ်လစာ ရိက္ခာဆန်ဖိုးငွေ ၂၄,၃၅၄,၀၀၀ ကျပ် ၊ လူသုံးကုန်ပစ္စည်း ၁၇ မျိုးပါဝင်သော Family Kit ပုံး ၆၄၄ ပုံး တို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းထောက်ပံ့မှုများကို ယာယီခိုလှုံရာစခန်းမှ အိမ်ထောင်စုဝင်များ၏ ကိုယ်စားလှယ်များထံ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းလည်း ကျော်တော်မြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန က သိရသည်။
#ymg/mt #Local_News #ကျောက်တော် #စစ်ဘေးရှောင် #နေရပ်ပြန်
#YMG #Yangon_Media_Group
#LocalNews
Published_ 29 March 2023
ဘင်္ဂလားဒေ့ရှ် နိုင်ငံမှတရားမဝင် ဘင်္ဂါလီ ၃ ဦး ဘူးသီးတောင်မြို့နယ်တာဝန်ရှိသူများထံ ကိုယ်တိုင်သွားရောက် အဖမ်းခံခဲ့ကြကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။
မတ်လ ၂၈ ရက်က ညနေ ၅ နာရီခန့်က ဘူးသီးတောင်မြို့နယ်ရှိ အမှတ်(၃)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲသို့ အဆိုပါ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂါလီ ၃ ဦးအား ရှာကေကျေးရွာအုပ်ချုပ်ရေးအဖွဲ့မှ လာရောက်ပို့ဆောင်သဖြင့် စစ်ဆေးမေးမြန်းခဲ့စဉ် အထက်ပါအတိုင်း ကိုယ်တိုင် အဖမ်းခံခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘင်္ဂါလီ ၃ ဦးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇားမြို့နယ်ရှိ ဒုက္ခသည်စခန်းတစ်ခုတွင် နေထိုင်သည့် အာမီဟူစိန် (၆၅)နှစ်၊ (ဘ)နာဇူမျာ၊ ၎င်း၏ ဇနီးဖြစ်သူ ဖာတာမာခါတူ(၅၅)နှစ်၊ (ဘ)ကာလာမျာနှင့် မြေးဖြစ်သူ နူရ်မုစ်တော်ဖာ(၁၃)နှစ်၊ (ဘ)ဆူတန်မတ်တို့ဖြစ်ပြီး မတ်လ ၂၃ ရက်ညပိုင်းတွင် စက်လှေတစ်စီးဖြင့် မောင်တောမြို့နယ်ဘက်သို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း၊ ၎င်းမှတစ်ဆင့် ယခင်နေထိုင်ခဲ့သည့် ဘူးသီးတောင်မြို့နယ်၊ ရှာကေကျေးရွာသို့ ပြန်လာခြင်းဖြစ်ကြောင်းနှင့် တရားမဝင် ဝင်ရောက်လာမှုအား ရွာအုပ်ချုပ်ရေးမှူးထံ သတင်းပို့၍ လာရောက်အဖမ်းခံခြင်းဖြစ်ကြောင်း သိရသည်။
ယခုအခါ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမှုနှင့်ပတ်သတ်၍ ဘင်္ဂါလီ ၃ ဦးကို တောင်ဘဇာနယ်မြေရဲစခန်း၌ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ymg/mt
#LocalNews #တရားမဝင် #ဘင်္ဂါလီ #ဘူးသီးတောင်
#YMG #Yangon_Media_Group
#Local_News
Published_ 29 March 2023
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ မောင်ကျန်သီးလမ်းရှိ စက်ရုံတစ်ရုံမီးလောင်နေကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ သိရသည်၊၊
မီးလောင်ကျွမ်းမှုများ၍ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှLevel 3 ယာဉ်အုပ်စုများပါ ထွက်ခွာငြှိမ်းသတ်လျက်ရှိပြီး လူမှုကွန်ရက်ပေါ်တွင်ဆွီးတီးဟုမ်းမွှေ့ယာ စက်ရုံမီးလောင်သည်ဟုပျံ့နှံ့လျက်ရှိသည်၊၊
မီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ ရှင်သန်ရေးကူညီမှုအသင်းဥက္ကဌဦးထွန်းထွန်းဦးက"လှိုင်သာယာ ရွှေလင်ဗန်းစက်မှုဇုန်မှာမီးလောင်တာဟုတ်ပါတယ် စက်ရုံတစ်ရုံမှာလောင်နေတာပါ၊၊
ကျွန်တော်တို့အဖွဲ့ဝင်တွေက ခုမှသွားနေဆဲမို့ ဆွီတီးဟုမ်းမွေ့ယာစက်ရုံဟုတ်မဟုတ်တော့ ခုထိအတည်မပြုနိုင်သေးပါဘူး၊၊ သတင်းပြန်မပို့သေးပါဘူး၊၊ မီးလောင်ကျွမ်းမှုအတွက် ရေအထောက်အကူပြုဖို့ လွှတ်ထားပါတယ်"ဟု ပြောသည်၊၊
Photo credit Tikyioo
#ymg/tthl #Local_News #လှိုင်သာယာ #ရွှေလင်ဗန်းစက်မှုဇုန် #စက်ရုံမီးလောင် #YMG #Yangon_Media_Group



#Local_News
Published_ 29 March 2023
ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့နယ်ရှိ ယာယီခိုလှုံရေးစခန်းများတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသော မိသားစုဝင်များ ၎င်းတို့၏မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်နေသည့်အတွက် အဆိုပါယာယီခိုလှုံရေးစခန်းများကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း သိရသည်။
ဆမီးမြို့ရှိ ယာယီခိုလှုံရေးစခန်းများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစခန်း၊ ပျံကျစခန်း၊ စည်ပင်စခန်း၊ မြို့ပိုင်ကုန်းစခန်းများနှင့်ဆွေမျိုးများ၏ နေအိမ်များတွင် ခေတ္တခိုလှုံနေထိုင်လျက်ရှိသော မိသားစုဝင်များသည် မိမိတို့သဘောဆန္ဒဖြင့် မတ်လ ၂၈ ရက်နေ့တွင် မူလ နေရပ်သို့ ပြန်လည်နေထိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင်းချင်းပြည်နယ်အစိုးရအဖွဲ့နှင့် တပ်မတော်မှ၎င်းတို့၏ မူလနေရပ်သို့ ပြန်လည်နေထိုင်နိုင်ရေးစီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ပေးခဲ့ရာ မိသားစုဝင်များ၏ အိမ်အသုံးဆောင်ပစ္စည်းများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက မော်တော်ယာဉ်များ၊ စက်လှေများဖြင့် သယ်ယူပေးခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့နယ်ရှိ ယာယီခိုလှုံရေးစခန်းများတွင် ဌာနဆိုင်အဖွဲ့အစည်းများအပြင် ယာယီနေရပ်စွန့်ခွာသူ အိမ်ထောင်စု ၃၆၃ စုမှ မိသားစုဝင် လူဦးရေ ၁၅၀၄ ဦးရှိကြောင်း သိရပါသည်။
#ymg/ynzw #Local_News #ချင်းပြည်နယ် #ဆမီးမြို့ #ယာယီခိုလှုံရေးစခန်းများ #YMG #Yangon_Media_Group
Page 1123 of 1815