Published_ 9 August 2023
အင်ဒိုနီးရှားမှာ အယ်လ်နီညိုကြောင့် မိုးခေါင်ရေရှားမှုကြုံတွေ့နေပြီး ဆူနာဒီနေထိုင်တဲ့ရွာမှာ မိုးမရွာတာ ၄ လကြာမြင့်ခဲ့ပြီဖြစ်ကာ ဆေးရွက်ကြီးစိုက်ပျိုးသူအနေဖြင့် ရေရရှိရန်မှာ မြစ်ရေခြောက်သွေ့နေတဲ့ မြစ်ကြမ်းပြင်ကို တူးဖော်ဖို့သာ ရှိပါတယ်။
တစ်နာရီ နှစ်နာရီလောက်နေတဲ့အခါ ရေငန်နဲ့ ရွှံ့တွေက တူးဖော်ထားတဲ့အပေါက်မှာ ပြည့်တက်လာပါတယ်။
ဂျာဗာအလယ်ပိုင်း ကာရန်ဂန်ယာရွာရှိ ဆူနာဒီနဲ့ အခြားရွာသူရွာသားများဟာ သောက်သုံးရန်၊ ဆေးကြောရန်၊ တဖြည်းဖြည်းသေဆုံးလာတဲ့ ကောက်ပဲသီးနှံများကို ရေလောင်းရန် ရေကိုအိမ်သို့ သယ်ဆောင်သွားကြပါတယ်။
"ဒီရွာမှာ ဧပြီလကတည်းက မိုးခေါင်ရေရှားနေပြီး အခုအချိန်ထိ မိုးမရွာသေးပါဘူး။ ဒီဒေသက ရေတွင်းတွေ ခန်းခြောက်ကုန်ပြီး ဒေသခံတွေက မြစ်ကြမ်းပြင်ကနေသာ ရေကိုရယူကြရပါတယ်" လို့ ဆူနာဒီက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဒီက စိုက်ပျိုးပင်တွေအားလုံး ညှိုးနွမ်းကုန်ကြောင်း၊ ဆေးရွက်ကြီးတွေက အသက်ရှင်နိုင်ပေမယ့် ကောင်းစွာမကြီးထွားကြောင်း၊ ဒါကြောင့် မြစ်ကြမ်းပြင်ကရတဲ့ ရေနဲ့ ရေလောင်းနေရကြောင်း ပြောပြသွားပါတယ်။
ရေတွင်းများရှိ ရေများခန်းခြောက်သွားတဲ့ ဇွန်လကတည်းက မြစ်ကြမ်းပြင်မှ ရေတူးဖော်နေရပါတယ်။
ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုကို ကြာရှည်စွာဖြစ်ပေါ်နေစေတဲ့ အယ်လ်နီညိုဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ၃ ပုံ ၂ ပုံကျော်ကို သက်ရောက်နေပြီး ဂျာဗာ၊ ကာလီမန်တန်မြောက်ပိုင်း၊ ဆူမာတြာကမ်းရိုးတန်းဒေသတွေ ပါဝင်ကြောင်း အင်ဒိုနီးရှားမိုးလေဝသဌာန (BMKG)က ဆိုပါတယ်။
ထိုဒေသတွေမှာ အင်ဒိုနီးရှားရှိလူဦးရေ သန်း ၂၀၀ ကျော်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ရှိနေကြောင်း BMKG မှ လက်ထောက်ခေါင်းဆောင် 'အာဒေဆယ်နာဆိုပါဟယ်လူဝါကန်'က ပြောပြခဲ့ပါတယ်။
အယ်လ်နီညိုက ပေကျင်းမှ ရောမမြို့အထိ စံချိန်တင်အပူလှိုင်းများ ဖြစ်ပေါ်စေပြီး သစ်တောမီးလောင်ကျွမ်းမှု အန္တရာယ်များစေကာ စိုက်ပျိုးသီးနှံများကို ထိခိုက်စေပါတယ်။
အင်ဒိုနီးရှားနိုင်ငံရဲ့ GDP မှာ စိုက်ပျိုးမွေးမြူရေးကဏ္ဍက ၁၄ ရာခိုင်နှုန်းနီးပါး ပတ်သက်နေကာ အလုပ်သမားအင်အား ၃ ပုံ ၁ ပုံခန့်က လယ်ယာစိုက်ပျိုးရေးမှာ လုပ်ဆောင်ကြကြောင်း အစိုးရအချက်အလက်များအရ သိရပါတယ်။
Source: CNA
#World_News
#YMG #Yangon_Times
Published_ 9 August 2023
ပဲခူးမြစ်ရေသည် ပဲခူးမြို့၏စိုးရိမ်ရေမှတ်အထက်ရောက်ရှိနေသည်ဟု မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာန၏ ြသဂုတ် ၉ရက် (ယနေ့) နံနက် ၆နာရီတိုင်းထွာချက်အရသိရသည်။
အဆိုပါမြစ်ရေသည် နောက်၁ရက်(လာမည့် ၂၄နာရီ)အတွင်း ၂ပေခန့်အထိမြင့်တက်လာနိုင်ပြီး ပဲခူးမြို့၏စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနိုင်ကြောင်းလည်း မိုးလေဝသနှင့်ဇလဗေဒဦးစီးဌာနကထုတ်ပြန်ထားသည်။
ယင်းကြောင့် ပဲခူးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြရန်လည်း အကြံပြုထားသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times
Published-8 August 2023
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ မန္တလေး-လားရှိုးအဆင်းလမ်းတွင်Suzuki Carry ယာဉ်သည် ဘရိတ်ပေါက်၍ ၁၂ ဘီးကားအားဝင်တိုက်ခဲ့၍ လူ၁ ဦးသေ ၄ ဦးဒဏ်ရရှိမှု ဂုတ်လ ၈ရက်(ယနေ့) နံနက်ပိုင်းက ဖြစ်ခဲ့သည်။
ဖြစ်စဉ်မှာ သြဂုတ်လ ၈ရက် နံနက် ၁၁နာရီ ၃၀မိနစ်ခန့်က ပြင်ဦးလွင်မြို့နယ်၊ ရေသရောက်ကုန်းကျေးရွာ၊ မန္တလေး-လားရှိုးအဆင်းလမ်း၊ မိုင်တိုင်အမှတ် (၅၀/၂)တွင် Suzuki Carry (အဖြူရောင်)ယာဉ်သည် ဘရိတ်ပေါက်၍ Nissan Diesel (၁၂) ဘီး (အပြာရောင်)ယာဉ်အား ဝင်ရောက်တိုက် မိမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယာဉ်တိုက် မှုဖြစ်စဉ်ကြောင့် Suzuki Carry (အဖြူရောင်) ယာဉ်ပေါ်ပါ ကျား (၃)ဦး အနက် ကျား (၁)ဦး(သေဆုံး)၊ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် Nissan Diesel (၁၂)ဘီး(အပြာရောင်)ယာဉ်ပေါ်ပါ ကျား(၂)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့၍ သန္တိသုခလူမူကူညီရေးအသင်းယာဉ်ဖြင့် ပြင်ဦးလွင်ပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။
ယာဉ်တိုက် မှုဖြစ်စဉ်နေရာသို့ ပြင်ဦးလွင်ခရိုင်/မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ မီးငြိမ်းသတ်ယာဉ်(၁)စီး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများသွားရောက်ကူညီဆောင်ရွက်ပေးခဲ့ကြောင်းလည်းသိရသည်။
Yangon-Times/PP
#Local_News
#YMG #Yangon_Times

Published_ 9 August 2023
ဝန်ထမ်းတွေ ကွန်ပျူတာအသုံးပြုတဲ့အခါ ဘယ်အချိန်တွေမှာ အလုပ်အဖြစ်ဆုံးလဲ ဘယ်အချိန်တွေမှာ အလုပ်မဖြစ်ဆုံးလဲဆိုတာတွေကို တက္ကဆပ် A&M ပြည်သူ့ကျန်းမာရေးမှ လေ့လာခဲ့ပါတယ်။
ဒီအတွက် စာရိုက်နှုန်း၊ စာမှားရိုက်ခြင်း၊ မောက်စ်အသုံးပြုမှု စတာတွေကို လေ့လာခဲ့ပါတယ်။
စွမ်းအင်ကုမ္ပဏီကြီးတစ်ခုမှ ဝန်ထမ်း ၇၈၉ ဦးရဲ့ ကွန်ပျူတာအသုံးပြုခြင်းကို ၂ နှစ်တိုင် သုတေသီတွေ ဆန်းစစ်ခဲ့ကြပါတယ်။
ဒါ့အပြင် ရက်သတ္တပတ်အတွင်း နေ့အမျိုးမျိုးနဲ့ အချိန်အမျိုးမျိုးတို့မှာ ကွန်ပျူတာအသုံးပြုနှုန်းများကို နှိုင်းယှဉ်ခဲ့ကြပါတယ်။
ထိုအခါ ဝန်ထမ်းများအလုပ်မဖြစ်ဆုံး အပျင်းရိဆုံးအချိန်ကတော့ သောကြာနေ့ နေ့လယ်အချိန်ဖြစ်နေပါတယ်။
အခြားရက်တွေမှာ ကွန်ပျူတာအသုံးပြုမှု များပေမယ့် သောကြာနေ့တွေမှာတော့ သိသိသာသာကျဆင်းသွားကြောင်း တွဲဖက်ပရော်ဖက်ဆာ ဒေါက်တာ'ထယ်ဟွန်ရို'က ပြောပြခဲ့ပါတယ်။
လူတွေက တနင်္လာနေ့ကနေ ကြာသပတေးနေ့အထိ စာရိုက်ခြင်း၊ မောက်စ်ရွေ့လျားခြင်း၊ အသုံးပြုခြင်း ပိုမိုပြုလုပ်တတ်ပေမယ့် သောကြာနေ့ဆိုရင် ကျဆင်းသွားတယ်လို့ ဆိုပါတယ်။
အမေရိကန်မှ ဝန်ထမ်းပေါင်း ၂ ထောင်ကျော်ကို ဖေဖော်ဝါရီလက စစ်တမ်းကောက်ယူရာမှာတော့ တနင်္လာနေ့ဟာ အလုပ်အဖြစ်ဆုံးနေ့ဖြစ်နေပါတယ်။
အမြန်နှုန်း၊ တိကျနှုန်းတို့ကို အလေးထားတဲ့ ဝန်ထမ်းတွေကတော့ နေ့တစ်နေ့ရဲ့ အစောပိုင်းမှာ ကောင်းစွာလုပ်ဆောင်နိုင်ပါတယ်။
နေ့လယ်အချိန်တွေမှာ တက်ကြွမှုနည်းပါးလာပြီး စာရိုက်ရာမှာ အမှားပိုများလာပါတယ်။
ထိုလေ့လာချက်က အလုပ်ရှင်တွေအနေနဲ့ သူတို့ရဲ့အလုပ်တွေကို ဘယ်လိုအကောင်းဆုံးဖြစ်အောင် လုပ်ရမလဲဆိုတာကို ချမှတ်နိုင်ဖို့ အကူအညီဖြစ်စေနိုင်မှာဖြစ်ပါတယ်။
အလုပ်တွေကို လိုက်လျောညီထွေဖြစ်အောင် စီမံနိုင်ခြင်းဖြင့် ကုမ္ပဏီတစ်ခုရဲ့ စွမ်းအင်သုံးစွဲမှု၊ အခန်းငှားရမ်းခတွေ သက်သာအောင် ပြုလုပ်နိုင်စွမ်းရှိကြောင်း တက္ကဆပ် A&M မှ လေ့လာမှတ်သားခဲ့ပါတယ်။
Source: NY Post
#World_Science
#YMG #Yangon_Times
Published_ 9 August 2023
မိမိမှာဆော်ဒီကလပ်အယ်အီတီဖတ်အသင်း၏နည်းပြဖြစ်နေသော်လည်း လီဗာပူးတိုက်စစ်မှူး မိုဟာမက်ဆာလာကို လီဗာပူးအသင်းတွင် ဆက်လက်ကစားစေချင်ကြောင်း အင်္ဂလန် ဂန္ထဝင်ကစားသမားစတီဗင်ဂျရတ်ကဖွင့်ဟပြောဆိုခဲ့သည်။
အခြား ဆော်ဒီ ကလပ်တစ်ခုဖြစ်သောအယ်လ်အီတီဟတ်အသင်းက ငွေကြေးမြောက် မြားစွာဖြင့် ကမ်းလှမ်းမည်ဟု သတင်းများထွက်ပေါ်လျက်ရှိပြီးဆာလာအနေဖြင့်ဖာမီနို၊ဟန်ဒါဆင်နှင့် ဖာဘင်ဟိုတို့ကဲ့သို့ဆော်ဒီလိဂ်တွင် သွားရောက် က စားမည်ဟု ထင်ကြေးပေးမှုများ ထွက်ပေါ်လျက်ရှိသည်။
ဆော်ဒီအစိုးရက ကျောထောက်နောက်ခံပေးထားသော လိဂ်ပြိုင်ပွဲတွင် ရော်နယ်ဒို၊ ဘင်ဇီးမား တို့ပြီးလျင် ဆာလာမှာလည်း ထိပ်တန်းအဆင့်ကစားသမားအဖြစ်ပြောင်းရွှေ့လာနိုင်သည်ဟု သုံးသပ်နေကြခြင်းဖြစ်သည်။
သို့ရာတွင် အင်တာဗျူးတစ်ရပ်၌ ဆာလာမှာ မိမိအကြိုက်ဆုံးကစားသမားတစ်ဦးဖြစ်ပြီး လီဗာပူးမှာမိမိချစ်မြတ်နိုးသောကလပ်ဖြစ်သဖြင့် လီဗာပူးတွင်ဆက်လက်ကစား စေလိုကြောင်း ဂျရတ်ကဖြေကြားခဲ့သည်။
ဟန်ဒါဆင်ကိုခေါ်ယူခဲ့ခြင်းမှာမူ အယ် အီတီဖက်အသင်းကို ထိပ်တန်းအဆင့်တွင်ဦးဆောင်နိုင်သောခေါင်းဆောင်တစ်ဦး ရှိနေရန်လိုအပ်သဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားခဲ့သည်။
အခြားသတင်းတစ်ရပ်တွင်လီဗာပူးအသင်းကခေါ်ယူရန်ချိတ်ဆက်နေသော ကွင်းလယ်လူ လာဗီယာ အား ဆောက်သမ်တန်အသင်း၏လူစာရင်းမှဖယ်ရှားထားလိုက်ပြီး ကစားသမားမှာလည်းအလျင်အမြန်ပြောင်းရွှေ့လိုနေကြောင်းသိရသည်။
Ref ; This is Anfield
#World_Sport
#YMG #Yangon_Times
Published_ 9 August 2023
ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ် EG.5.1 ဟာ ကမ္ဘာတဝှမ်းမှာ ပျံ့နှံ့နေကြောင်း ကျန်းမာရေးပညာရှင်များ ပြောကြားလိုက်ပါတယ်။
ထိုမျိုးဗီဇကွဲကို ဇူလိုင် ၂၄ ရက်နေ့အထိ နိုင်ငံပေါင်း ၃၆ နိုင်ငံမှာ တွေ့ရှိထားကာ အစ္စရေးလ်မှာ အနည်းဆုံး ၁၈ ဦးကူးစက်ထားပါတယ်။
ဗြိတိန်မှာလည်း ပိုမိုကူးစက်နေပြီး ကိုဗစ်-၁၉ ကြောင့် ဆေးရုံတက်ကုသခံယူမှု ပိုမိုများပြားလာဦးမယ်လို့ ကျန်းမာရေးအရာရှိများက ဆိုလိုက်ကာ ဆိုရှယ်မီဒီယာတွေပေါ်မှာ ဗိုင်းရပ်စ်ပညာရှင်တွေက ထိုမျိုးဗီဇကွဲကို 'အဲရစ်'လို့ အမည်ပြောင်ခေါ်နေကြပါတယ်။
ကူးစက်မှုများလာတာကြောင့် ဇူလိုင်အစောပိုင်းကတည်းက EG.5.1 ကို စောင့်ကြည့်လာခဲ့ကာ မတ်လမှာ ဦးဆုံးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဇူလိုင် ၁၀ ရက်နေ့အထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေရဲ့ ၁၁.၈ ရာခိုင်နှုန်းဟာ EG.5.1 ဖြစ်ခဲ့ပြီး ဇူလိုင် ၂၀ ရက်နေ့မှာ ၁၄.၅၅ ရာခိုင်နှုန်း ရှိလာပါတယ်။
အာရှမှာ ၂၀ ရာခိုင်နှုန်း၊ ဥရောပမှာ ၁၀ ရာခိုင်နှုန်း၊ မြောက်အမေရိကမှာ ၇ ရာခိုင်နှုန်းအသီးသီးရှိခဲ့ကာ ထိုကဲ့သို့ကူးစက်မှုနှုန်းရှိတဲ့ ယခင်မျိုးဗီဇကွဲတွေဟာ ကူးစက်မှုလှိုင်းတွေ ဖြစ်ပေါ်ခြင်း မရှိခဲ့ဘူးလို့ UKHSA မှ မီဂန်ကောလ်က ပြောကြားခဲ့ပါတယ်။
"ယခုတစ်ပတ်အတွင်း ကိုဗစ်ကူးစက်မှုဆက်လက် မြင့်တက်နေပါတယ်။
အထူးသဖြင့် အသက်ကြီးပိုင်းတွေမှာ ဆေးရုံတက်ရောက်ရသူတွေ အနည်းငယ်များပြားလာပါတယ်။
အထူးကြပ်မတ်ဆောင်တွေမှာ ပိုပြီးလူနာများလာတာမျိုးတော့ မမြင်ရသေးပါဘူး။
ဆက်လက်စောင့်ကြည့်နေပါတယ်" လို့ UKHSA မှ ဒေါက်တာ'မယ်ရီရမ်ဆေး'က ပြောပြခဲ့ပါတယ်။
ဂျပန်မှာလည်း ၁၇ ပတ်ဆက်တိုက် ကူးစက်မှုမြင့်မားနေကာ ဆေးရုံတက်ရောက်မှု ၁၄ ရာခိုင်နှုန်း များပြားလာပါတယ်။
အမေရိကန်မှာ EG.5 က ကူးစက်မှုအများဆုံးဖြစ်နေပြီး ၁၇.၃ ရာခိုင်နှုန်းရှိနေကြောင်း၊ ဆေးရုံတက်ကုသခံယူရမှုလည်း မြင့်တက်နေကြောင်း ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာ (CDC)ကဆိုပါတယ်။
ကမ္ဘာတဝှမ်းမှာ စမ်းသပ်မှုများလျော့ကျလာတာကြောင့် မျိုးဗီဇကွဲအသစ်တွေကို စောင့်ကြည့်ရန် ခက်ခဲလာကြောင်း သိပ္ပံပညာရှင်များ စိုးရိမ်နေကြပါတယ်။
စိုးရိမ်စရာအကောင်းဆုံးက ပြီးခဲ့တဲ့ဆောင်းရာသီကလိုမျိုး ကိုဗစ်၊ တုပ်ကွေး၊ RSV တို့ တစ်ချိန်တည်းဖြစ်ပွားလာမှာကိုပဲ ဖြစ်ပါတယ်လို့ လန်ဒန်တက္ကသိုလ်ကောလိပ်မှ ပရော်ဖက်ဆာ'ခရစ္စတီးနားပေဂျယ်လ်'က ပြောကြားခဲ့ပါတယ်။
WHO မှ ကိုဗစ်-၁၉ နည်းပညာပိုင်းခေါင်းဆောင် 'မာရီယာဗန်ကာခို့ဗ်'က စောင့်ကြည့်ရေးနဲ့ သတင်းတင်ပြရေး၊ မျိုးဗီဇကွဲများ ခြေရာခံခြင်း၊ အဖြစ်များနိုင်တဲ့သူတွေမှာ ကာကွယ်ဆေးရရှိရေး၊ ဆက်သွယ်ရေးစတဲ့ ကဏ္ဍတွေ တည်ဆောက်ရန် တိုက်တွန်းလိုက်ပါတယ်။
Source: The Jerusalem Post.
#World_Health
#YMG #Yangon_Times
8 August 2023
ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေးတွင် တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခတွေဟာ အဓိက ဆူးညှောင့်ခလုတ်ဖြစ်နေတယ်လို့ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြောင်း နစကရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ပြည်ထောင်စုဝန်ကြီးဌာနများမှတာဝန်ရှိသူမျ ဩဂုတ်လ(၈)ရက် ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ငုရွှေဝါ ခန်းမ၌တွေ့ဆုံ အမှာစကားပြောကြားရာမှာ နစက ဗိုလ်ချူပ်မှူးကြီးက ယခုလိုထည့်သွင်းမှာကြားခဲ့တာဖြစ်ပါတယ်။
အဲဒါကြောင့် တိုင်းရင်းသားများ၏အခွင့်အရေးများနှင့်ပတ်သက်၍ လက်ရှိနိုင်ငံ၏ပကတိ အခြေအနေများနှင့်ကိုက်ညီစွာ စဉ်းစားဆောင်ရွက်၍ အရှည်မျှော်တွေးဆောင်ရွက် ကြရန်လိုပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်ပတ်သက်၍ ဖြစ်သင့်ဖြစ်ထိုက်သည်များနှင့်ဖြစ်နိုင်သည်များကို ဆောင်ရွက်ပေးရမှာဖြစ်တယ်လို့ နစက ဥက္ကဋ္ဌက ဆက်လက်ပြောကြားပါတယ်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်ကြောင်း၊ NCA မှာပြည့်စုံမှုမရှိသေးသော်လည်း တိုင်းရင်းသားများ၏ တောင်းဆိုချက်များကို သဘောတူညီချက်စာချုပ်အဖြစ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ကတိကဝတ်ပေးထားသည့် အကြောင်းအရာများဖြစ်ကြောင်း၊ အဆိုပါစာချုပ်ကို နိုင်ငံတကာမှအသိသက်သေများ မျက်မှောက်တွင် လက်မှတ်ရေးထိုးထားခြင်းဖြစ်သဖြင့် မျက်ကွယ်ပြု၍ ဆောင်ရွက်ခြင်းမပြုရန်လိုတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောဆိုခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ဒေသအလိုက်တိုင်းရင်းသားလူမျိုးပေါင်းစုံ နေထိုင်ကြခြင်းဖြစ်သဖြင့်ဖက်ဒရယ်စနစ်ကိုဆောင်ရွက်ရာတွင် လူမျိုးကို အခြေခံ၍မရဘဲ ဒေသကို အခြေခံ၍ဆောင်ရွက်ရမည်ဖြစ်တယ်လို့လည်း နစက ဥက္ကဋ္ဌက အလေးထားပြောဆိုခဲ့ပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူအများဆန္ဒနှင့် ကိုက်ညီမည်ဆိုပါက ပြုပြင်သင့်သည့်အချက်များ ကိုပြုပြင်ရန်အတွက် တပ်မတော်အနေဖြင့် သဘောတူညီထားပြီဖြစ်ကြောင်း၊ သို့သော်နိုင်ငံအတွက်အရေးကြီးသည့် တို့တာဝန်အရေးသုံးပါးကို
မထိခိုက်ရန်လိုပြီး ဒီမိုကရေစီအုပ်ချုပ်ရေးနှင့် ဖက်ဒရယ်လုပ်ပိုင်ခွင့်များကို ညီညွတ်မျှတစွာဖြင့် ဆောင်ရွက်နိုင်ရန် လိုတယ်လို့လည်း ဗိုလ်ချုပ်မှုးကြီးက သတိပေးပြောဆိုခဲ့ပါတယ်။
တရားဥပဒေစိုးမိုးရေးနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌကပြောကြားရာတွင် “မိမိတို့တာဝန်ထမ်းဆောင်ခဲ့သည့် ကာလအတွင်း တရားဥပဒေစိုးမိုးရေး တာဝန်ထမ်းဆောင်မှုနှင့်ပတ်သက်၍ အားနည်းချက်များရှိခဲ့ပြီး အုပ်ချုပ်ရေးပိုင်းဆိုင်ရာ အားနည်းချက်များသည် အစိုးရတစ်ရပ်၏ လုပ်ငန်းဆောင်ရွက်ချက်များကို ထိခိုက်စေနိုင်သဖြင့် ပြုပြင် ဆောင်ရွက်သွားရန်လိုတယ်” ဟု သုံးသပ်ပြောကြားခဲ့ပါတယ်။
ထို့အပြင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို ခေတ်မီနည်းစနစ်များဖြင့်တိုးတက်အောင်ဆောင်ရွက်ရေး၊ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပြည်ပသို့တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး စသည့် စီးပွားရေးလုပ်ငန်းစဉ်တွေကိုလည်း ဗိုလ်ချုပ်မှူးကြီးကရှင်းလင်းပြောကြားခဲ့ပါတယ်။
ယင်းနောက်လူမှုရေးလုပ်ငန်းစဉ်များအဖြစ် လူတိုင်းလက်လှမ်းမီသည့် ဘက်စုံပညာရေးစနစ်ကိုအကောင်အထည် ဖော်ဆောင်ရေး၊ ပြည်သူအားလုံး အကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍနှင့်အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးနှင့် ဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးကိစ္စများကို ဆက်လက် ရှင်းလင်းမှာကြားခဲ့တယ်လို့သိရှိရပါတယ်။
နိုင်ငံတော်တွင် အခက်အခဲ၊အကြပ်အတည်းများစွာကို စုစည်းညီညွတ်သည့်အားဖြင့်ကျော်လွှားနိုင်ခဲ့ပြီးဖြစ်တယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးကပြောပါတယ်။သို့သော် မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ၊ နိုင်ငံရေးအရ ပိတ်ဆို့မှုများရှိနေဆဲဖြစ်လို့ ပြည်တွင်းကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်အောင်ဆောင်ရွက်နိုင်မည်ဆိုပါက မည်သည့်အခက်အခဲ၊ အကြပ်အတည်းကိုမဆိုကျော်လွှားနိုင်မည်ဖြစ်တယ်လို့လည်း အဆုံးသတ်ပြောကြားခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြာထားပါတယ်။
တွေ့ဆုံပွဲသို့ နစက ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ နစကအဖွဲ့ဝင်များ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့်တိုင်းဥက္ကဋ္ဌများ၊ ပြည်ထောင်စုဝန်ကြီးဌာနများမှ ဌာနဆိုင်ရာအကြီးအကဲများတက်ရောက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်။
-ymg/knl


တူနီးရှားကမ်းခြေမှာ တောက်ပြောင်တဲ့ ဝတ်စုံတွေဝတ်ထားတဲ့ အမျိုးသားနှစ်ဦးဟာ ပလတ်စတစ်ကိစ္စဖြင့် အသက်မွေးဝမ်းကြောင်း ပြုကြပေမယ့် သဘာဝပတ်ဝန်းကျင်ကိုလည်း အထောက်အကူဖြစ်စေပါတယ်။
#World_Environment
#Published_ 8 August 2023
#YMG #Yangon_Times
#Daily_News
Published_ 8 August 2023
၁။ ဆင်ခြေဖုန်းမြို့နယ်နေ အခြေခံလူတန်းစားများထံ ဆန်များကို ဈေးသက်သာစွာ တိုက်ရိုက်သွားရောင်းပေးမည်ဟုဆို
၂။ ဘဂ်လားပင်လယ်အော်တွင် မုတ်သုံလေ အားအလွန်ကောင်းနေပြီး၊ မြန်မာပင်လယ်ပြင်တွင် လှိုင်း ၁၂ ပေအထိ မြင့်တက်နိုင်
၃။ ကချင်ယူနိုက်တက်ကို ရန်ကုန်ယူနိုက်တက်က သွင်းဂိုးနှစ်ဂိုးဖြင့် အနိုင်ရရှိ
၄။ ပင်လယ်ပလတ်စတစ်မှ ပတ်ဝန်းကျင်နှင့်ညီညွတ်သောဝတ်စုံများကို တူနီးရှားကုမ္ပဏီမှထုတ်လုပ် .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
ဩဂုတ်၈၊၂၀၂၁
မြန်မာနိုင်ငံရဲ့အကျပ်အတည်းကို ဖြေရှင်းရာတွင် ပဋိပက္ခတွင်ပါဝင်တဲ့ဘက်ပေါင်းစုံမှအားလုံး နိုင်ငံရေးဆန္ဒရှိဖို့လိုအပ်တယ်လို့ အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုကပြောကြားပါတယ်။
“မြန်မာနိုင်ငံရဲ့အခြေအနေဟာ စိန်ခေါ်မှုအပြည့်နှင့်ရှိနေတုန်းပဲဆိုတာ ကျွန်တော်တို့ သတိရှိရှိသိနေပါတယ်။ ပြီးတော့ ပါဝင်ပတ်သက်သူအားလုံးဆီမှာ နိုင်ငံရေးဆန္ဒရှိမှသာ အခြေအနေကိုဖြေရှင်းနိုင်လိမ့်မယ်လို့လည်း ကျွန်တော်တို့က သဘောပေါက်မိပါတယ်” လို့ ယနေ့ ဩဂုတ်လ ၈ ရက်နေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တော်မှာကျင်းပတဲ့ အာဆီယံတည်ထောင်းခြင်း ၅၆နှစ်ပြည့်အခမ်းအနားမှာ သူက ပြောကြားခဲ့တာဖြစ်ပါတယ်။
အင်ဒိုနီးရှားခေါင်းဆောင်ဟာ မြန်မာအပါအဝင် အာဆီယံ(၁၀)နိုင်ငံအားလုံးက အကျပ်အတည်းကိုအဖြေရှာဖို့ ပူးပေါင်းလုပ်ဆောင်ကြရမယ်လို့ နိုင်ငံခြားသံတမန်တွေကို ပြောကြားခဲ့ပါတယ်။
“ အာဆီယံဟာ လှေကြီးတစ်စင်းဖြစ်တယ်။ အရှေ့ကိုရွေ့ရမယ်။ လှေကြီးဟာ ဆက်ပြီးရွက်လွှင့်နေရမယ်” လို့ သူကဆက်ပြောပါတယ်။
အင်ဒိုနီးရှားဟာ ယခုနှစ်အာဆီယံဥက္ကဋ္ဌဖြစ်ပြီး လာမယ့်စက်တင်ဘာမှာ အာဆီယံထိပ်သီးအစည်းအဝေးကို အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပပေးမှာ ဖြစ်ပါတယ်။ ဂျာကာတာဟာ စေ့စပ်ရေးစားပွဲဝိုင်းပေါ်ပြန်ရောက်လာရေးအတွက် မြန်မာစစ်အစိုးရနှင့် တိတ်တဆိတ်သံခင်းတမန်ခင်းလုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဘန်ကောက်ပို့စ်က ရေးသားပါတယ်။
မြန်မာစစ်အစိုးရနှင့်သဘောတူထားတဲ့ အချက်ငါးချက်ပါ ဘုံသဘောတူညီချက်အတိုင်းပဲ အကျပ်အတည်းကို ဆက်လက်ဖြေရှင်းသွားမယ်လို့ ဝီဒိုဒိုကပြောပါတယ်။
Source BangkokPost
Published_ 8 August 2023
နှစ်နိုင်ငံ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်နိုင်ဖို့ ဘယ်လာရုစ်နိုင်ငံ၌ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ဖွင့်လှစ်ပြီး ခန့်အပ်လွှာပေးအပ်ခဲ့ကြောင်း သိရပါတယ်။
မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ မင့်စ်မြို့မှ ကောင်စစ်ဝန်ချုပ် ဦးမိုးကျော်သူ သည် ဘယ်လာရုစ်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ဩဂုတ် ၇ ရက်၊ ညနေပိုင်းတွင် သွားရောက်၍ သံတမန်ရေးရာဦးစီးဌာန အကြီးအကဲ Mr. Yury Yaroshevich ထံသို့ ၎င်း၏ ကောင်စစ်ဝန်ချုပ် ခန့်အပ်လွှာအား ပေးအပ်ခဲ့ပါတယ်။
Mr. Yury Yaroshevich က ကောင်စစ်ဝန်ချုပ်ရုံး အသစ်ဖွင့်လှစ်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါကြောင်း ပြောကြားခဲ့ပြီး နှစ်နိုင်ငံအကြား အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက်မြှင့်တင်ဆောင်ရွက်သွားရေးအတွက် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ပါကြောင်း သတင်းရရှိပါတယ်။
ygm_mnn
#Yangon_Media_Group
#local_news
#Published_ 8 August 2023
#YMG #Yangon_Times

Published_ 8 August 2023
Continental Futsal Championship 2023 ပြိုင်ပွဲအုပ်စု(က) အဖွင့်ပွဲစဉ်တွင် မြန်မာအသင်းနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြန်မာအသင်းကထိုင်းအသင်းကို ငါးဂိုး ဂိုးမရှိ ဖြင့် ရှုံးနိမ့်ခဲ့သည်။
ထိုင်းအသင်းအနေဖြင့် ပထမပိုင်းတွင် တစ်ဂိုး၊ ဒုတိယပိုင်းတွင် လေးဂိုးသွင်းယူခဲ့ခြင်းဖြစ်ပြီး မြန်မာအသင်းအနေဖြင့် အခွင့်အရေး အချို့ ရရှိခဲ့သော်လည်း အသုံးမချနိုင်ခဲ့သောကြောင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု MFF ကထုတ်ပြန်ထားသည်။
ပွဲအပြီးတွင် မြန်မာအသင်းနည်းပြချုပ် Bunlert Charoenwong က “ပထမပိုင်းမှာ ကစားသမားတွေရဲ့ကစားပုံက ကောင်းမွန်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ အာရုဏ်စိုက်မှု လျော့ခဲ့တယ်။ ကျွန်တော်တို့က အာရှခြေစစ်ပွဲအတွက် ပြင်ဆင်နေတာဖြစ်ပြီး ဒီပြိုင်ပွဲမှာ နောက်တစ်ဆင့် တက်ဖို့အတွက် မနက်ဖြန်ကစားမယ့် ဆော်လမွန် အသင်းနဲ့ပွဲစဉ်ကို အနိုင်ရဖို့ကြိုးစားပါမယ်” ဟု ပြောကြားခဲ့သည်။
မြန်မာအသင်းသည် အုပ်စု (က)၏ ဒုတိယမြောက်ပွဲစဉ်အဖြစ် ယနေ့ ဩဂုတ် ၈ ရက်တွင် ဆော်လမွန် ကျွန်းစု အသင်းနှင့် မြန်မာစံတော်ချိန် ည ၇:၀၀ အချိန်တွင် ယှဉ်ပြိုင်ကစားကြမည် ဖြစ်သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဩဂုတ်လ (၁၁) ရက်နှင့် တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဩဂုတ် (၁၃)ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။
အဆိုပါ Continental Futsal Championship 2023 ပြိုင်ပွဲကို ထိုင်းနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပနေခြင်းဖြစ်သည်။
Yangon_Time/my
#Local_News
#Published_ 8 August 2023
#YMG #Yangon_Times

Page 1120 of 2001