#Local_News
Published-1 Setember 2022
အာဆီယံနိုင်ငံတွေကို ပြည်ဝင်ခွင့်ဗီဇာ ကင်းလွတ်ခွင့်ပြုတာဟာ လာမယ့်ခရီးသွားရာသီအတွက် အထောက်အကူဖြစ်တယ်လို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published-1 Setember 2022
ပြည်တွင်းကစားသောက်ဆိုင်လုပ်ငန်းတွေမှာ လုပ်ကိုင်ကြသူတွေအနေနဲ့ ကျွမ်းကျင်လုပ်သားရှားပါးမှုတွေနဲ့အလုပ်လက်မဲ့ပြဿနာတွေဖြစ်ပေါ်လာနိုင်တယ်လို မြန်မာနိုင်ငံစားသောက်ဆိုင်လုပ်ငန်းရှင်များအသင်း(ဗဟို)ဥက္ကဌဦးနေလင်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published _ 1 September 2022
ဗဟိုဘဏ်က အမေရိကန်ဒေါ်လာနှုန်းထား သတ်မှတ်ချက်နဲ့ ပိုကုန်ရငွေ လဲလှယ်မှုကို ဖြေလျော့လိုက်ပြီးနောက် ဆက်တိုက်မြင့်တက်ခဲ့တဲ့ မတ်ပဲဈေးဟာ လက်ရှိမှာ FAQ တစ်တန်ကို ကျပ် ( ၁၉ သိန်း_ ၂ သောင်း) ဝန်းကျင်အထိ မြင့်တက်လာပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 1 September 2022
၁။ မတ်ပဲ FAQ တစ်တန် ကျပ် ၁၉ သိန်းကျော်အထိ မြင့်တက်လာ
၂။ စားသောက်ဆိုင်လုပ်ငန်းများတွင် ကျွမ်းကျင်လုပ်သားရှားပါးမှုနှင့် အလုပ်လက်မဲ့ပြဿနာများ ဖြစ်လာနိုင်ဟုဆို
၃။ အာဆီယံနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်ပြုခြင်းသည် လာမည့်ခရီးသွားရာသီအတွက် အထောက်အကူပြုဟုဆို
၄။ လွန်ခဲ့သည့်ရာစုနှစ်(၄)ခုမှအဝတ်ဒီဇိုင်းပုံစံအား ပြန်လည်ဖန်တီးလျက်ရှိသည့် ပြင်သစ်အိန္ဒိယလူမျိုးဒီဇိုင်နာ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published - 1 Setember 2022
ဆေးနဲ့ ဆေးပစ္စည်းသွင်းသူတွေအနေနဲ့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ ဆေး/ဝါးအသင်းတို့ရဲ့ ခွင့်ပြုချက်ယူရန် မလိုတော့ဘဲ သွင်းကုန်လိုင်စင် တိုက်ရိုက်လျှောက်ထားနိုင်ပြီ ဖြစ်တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။
#Yangon_Media_Group
#Local_News
Published_ 1 Sept 2022
၂၀၂၂ ခုနှစ်အတွင်းမှာ ယူနီဆက်က မြန်မာနိုင်ငံရှိ လူဦးရေ ငါးသိန်းနီးပါးကို ရေနဲ့သန့်ရှင်းရေးဝန်ဆောင်မှုများ ပံ့ပိုးပေးခဲ့ကြောင်း သိရပါတယ်။
ဒီဝန်ဆောင်မှုတွေမှာ သောက်ရေသန့်များ ပေးဝေခြင်း၊ ဘေးကင်းစိတ်ချရပြီး သင့်လျော်တဲ့အိမ်သာများ ဆောက်လုပ်ပေးခြင်း၊ အရေးပါတဲ့ အမျိုးသမီးဓမ္မတာဆိုင်ရာ သန့်ရှင်းရေးသုံး WASH ထောက်ပံ့ပစ္စည်းများ ပေးဝေခြင်းနဲ့ တစ်ကိုယ်ရေသန့်ရှင်းရေးဆိုင်ရာ အသိပညာပေးခြင်းများ ပါဝင်တယ်လို့ ဆိုပါတယ်။
ယူနီဆက်ရဲ့ အရေးပေါ်ရေဖြန့်ဝေပေးရေး အစီအစဉ်ရဲ့ အစိတ်အပိုင်းအဖြစ် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ်ရှိ လူဦးရေ ၃ သောင်းကျော်က လစဉ်ရေသန့်ဘူးများ ရရှိနေကြပါတယ်။
ထို့ပြင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအတွင်း ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းများက မြန်မာနိုင်ငံရှိ လိုအပ်ချက်များရှိနေသူ လူဦးရေ နှစ်သိန်း ငါးသောင်း သုံးထောင်ထံ သောက်ရေသန့်များ ပံ့ပိုးပေးခဲ့ပါတယ်။
ယူနီဆက်နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့က ကျေးရွာနေပြည်သူ ၆,၀၀၀ ကျော်အတွက် သန့်ရှင်းတဲ့ သောက်ရေသန့်ရရှိစေဖို့ စိတ်ချရတဲ့ ရေပေးဝေရေး စနစ်တွေကို ထူထောင်ပေးထားပြီးဖြစ်တယ်လို့ ယူနီဆက်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
#ymg_mnn
#Yangon_Media_Group
#Local_News
Published-1 Setember 2022
နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ၏ အမေရိကန်ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မည်ဟု ကြေညာချက်ထွက်ပြီး နောက်ပိုင်းတွင် ရွှေဈေးနှင့် ဒေါ်လာဈေး အနည်းငယ်ကျဆင်းလာကြောင်း ဈေးကွက်အတွင်းမှ သိရသည်။
စက်သုံးဆီဈေးနှုန်းကြီးမြင့်မှုကြောင့် အခြေခံကုန်စည်ဈေးနှုန်းကြီးမြင့်လာမှုကို သက်သာစေရန် နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီ၏ ဆုံးဖြတ်ချက်နှင့် နိုင်ငံခြားငွေကြေးဈေးကွက်မှတစ်ဆင့် အမေရိကန်ဒေါ်လာသန်း ၂၀၀ ထောက်ပံ့မည်ဟု ကြေညာထားခြင်းဖြစ်သည်။
လက်ရှိ ရွှေဈေးနှုန်းမှာ သြဂုတ်လ ၃၁ ရက်နေ့တွင် ရွှေတစ်ကျပ်သားလျှင် သိန်း ၃၀ အထက်တွင်ရှိနေပြီး ယနေ့စက်တင်ဘာလ (၁) ရက်နေ့တွင် ရွှေတစ်ကျပ်သားလျှင် သိန်း ၃၀ ဝန်းကျင်သာရှိကြောင်း၊ ဒေါ်လာဈေးနှုန်းသည်လည်း ကျပ် ၃၅၀၀ အောက်သို့ ကျဆင်းသွားခြင်းဖြစ်သည်။
ယင်းအပြင် စက်သုံးဆီဈေးနှုန်းသည်လည်း ဓာတ်ဆီတစ်လီတာ ကျပ် ၂၃၀ နှင့် ဒီဇယ်တစ်လီတာ ၁၀၅ ကျပ်အထိ ကျဆင်းလာခဲ့သည်။
#Ymg/STH
#Yangon_Media_Group
#Local_News
Published _ 1 September 2022
ဆေးတက္ကသိုလ်ကို မိမိအစီစဉ်ဖြင့် ငွေကျပ်သိန်း ၆၀၀ မှ ကျပ်သိန်း ၇၀၀ ကြား အကုန်ကျခံပြီး တတ်နိုင်မည့်သင်တန်း ယခုပညာသင်နှစ်တွင် ထူးခြားချက်အနေနှင့် ပါဝင်လာကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ထားသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများထဲမှ ဆေးတက္ကသိုလ်နဲ့ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွေကို တက်လိုသူများအနေနှင့် ပညာသင်နှစ် အစမှအဆုံးထိ ကျောင်းလခ ငွေကျပ် သိန်း ၆၀၀ မှ သိန်း ၇၀၀ အထိ အကုန်အကျခံပြီး တက်နိုင်မည့် အစီအစဉ်ရှိနေပြီး အဆိုပါ အစီစဉ်နှင့် တက်ရောက်မည့် ကျောင်းသူကျောင်းသားများ အနေဖြင့် သင်တန်းပြီးမြောက်သွားလျင် မိမိသဘောဆန္ဒအတိုင်း နိုင်ငံ့ဝန်ထမ်းတာဝန် မထမ်းဆောင်ဘဲနေလိုလျင် ရနိုင်ကြောင်း ပါရှိသည်။
၂၀၂၂-ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်မြင်ပြီး ဆေးတက္ကသိုလ်များနှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များကို ဝင်ခွင့်ရရှိသူတွေဟာ နိုင်ငံတော်အစီအစဉ်ဖြင့် ပညာသင်ကြားခွင့်(သို့မဟုတ်) မိမိအစီအစဉ်ဖြင့် ပညာသင်ကြားခွင့်အား ရွေးချယ်နိုင်မှာဖြစ်ကြောင်း သိရသည်။
#ymg/NN
#Yangon_Media_Group
Published 1 Sept 2022
ထိုင်းနိုင်ငံရဲ့ YouTube ယူကျုနာမည်ကျော် အကမယ် နတ်တီဟာ နိုင်ငံခြားငွေကြေးလဲလှယ်မှု ရိုက်စားလုပ်ပြီး သူ့ရဲ့နောက်လိုက် ပရိဿတ် (ဖော်လိုဝါ)တွေဆီကဒေါ်လာသန်းပေါင်း များစွာလိမ်လည်သွားတဲ့အတွက် ရဲက သူ့ကိုအပူတပြင်းလိုက်လံရှာဖွေနေတယ်လို့ အာဏာပိုင်တွေက ဩဂုတ် ၃၁ရက်က ပြောပါတယ်။
လီယာ Leah နှင့် ဆုချာတာ Suchata ဆိုတဲ့အမည်တွေကိုပါသုံးတဲ့ အသက် ၂၉ နှစ်အရွယ်ရှိ နက်သာမွန် ခွန်ချက်ဟာ ယူကျုမှာ နောက်လိုက်ပရိဿတ် ရှစ်သိန်းခွဲနီးပါးရှိနေပါတယ်။
ရင်းနှီးမြှပ်နှံမှုရဲ့ ၃၅ ရာခိုင်နှုန်းပြန်ရမယ်ဆိုတဲ့ ကတိစကားကြောင့် အဲဒီပရိဿတ်တွေထဲက လူပေါင်း ၆၀၀၀ အထိဟာ သူတို့ရဲ့ ငွေတွေ ဒေါ်လာ ၅၅ သန်းအထိဆုံးရှုုံးခဲ့ကြပါတယ်။
လက်ရှိအထိ အလိမ်ခံရသူတွေအထဲက ၁၀၂ ဦးက ဘတ်ငွေ သန်း၃၀ (အမေရိကန်ဒေါ်လာ ၈၂၅,၀၀၀) အလိမ်ခံရမှုနှင့် အမှုဖွင့်တိုင်တန်းထားတယ်လို့ ထိုင်းနိုင်ငံ ဆိုက်ဘာမှုမခင်းစုံစမ်းစစ်ဆေးရေးဗျူရို ဒုတိယရဲမှူး ဝါတာနာ ကက်တမ်ပိုင် ကပြောပါတယ်။
နတ်တီးဟာ သူချမ်းသာကြွယ်ဝမှုတွေကို ဆိုရှယ်မီဒီယာပလက်ဖောင်းတွေမှ ကြေညာပြီး လူတွေက သူမဟာ ငွေကြေး အရောင်းအဝယ်လုပ်ပြီး ချမ်းသာလာတယ်လို့ ထင်မြင်လာအောင် လူတွေကို လှည့်ဖျားခဲ့တယ်လို့ ရဲတွေက စွပ်စွဲထားပါတယ်။
ဒီလိုရိုက်စားလုပ်တာဟာ ပွန်ဇီအကြံအစည်နှင့်ဆင်တူပေမယ့် ကွာခြားတာက သူမဟာ ပြည်သူ့ဆက်ဆံရေးနှင့် မျက်စေ့မှောက်သွားစေတဲ့ နည်းတွေသုံးခဲ့တာပဲဖြစ်တယ်လို့ ဝါတာနာကပြောပါတယ်။
“ ရှေ့ဆက်ပြီး တိုင်တန်းမယ့်သူတွေ ပိုများလာနိုင်တယ်” လို့လည်းသူကပြောပါတယ်။
သူမကို လိမ်လှည်မှု၊ကွန်ပျူတာရာဇဝတ်မှုနှင့် လှည့်ဖျားပြီးချေးငွေလက်ခံမှုတွေနှင့် တရားစွဲနိုင်ဖို့ ရဲတွေက အထောက်အထားတွေ စုဆောင်းနေပါတယ်။
ခံခဲ့ရသူတွေက ၂၀၂၁ ကတည်းက စတင်တိုင်တန်းခဲ့တာလို့လည်း သူကပြောပါတယ်။
ဩဂုတ်လ စောစောပိုင်းမှာ ဘန်ကောက်တရားရုံးတစ်ခုက သူမကိုဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။
သူမဟာ ထိုင်းကနေ မလေးရှားကိုထွက်ပြေးသွားပြီလို့လည်း အချို့သတင်းတွေက ပြောနေပါတယ်၊ ဒါပေမယ့် လူဝင်မှုဆိုင်ရာ အချက်အလက်တွေအရ သူမဟာ ထိုင်းနိုင်ငံထဲမှာပဲ ရှိနေတုန်းဖြစ်တယ်လို့ ဝါတာနာကပြောပါတယ်။
သူမရဲ့ ယူကျနှင့်အင်စတာဂရ် အကောင့်တွေမှာ အကတွေ၊တေးဂီတဗွီဒီယိုတွေနှင့် ပြည့်နေပါတယ်။
မေ ၂၅ ရက်မှာ အင်စတာဂရမ်ကနေ သူမနောက်ဆုံးတင်ခဲ့တဲ့ပို့စ်မှာတော့ သူမက တောင်းပန်ထားပြီး ပိုက်ဆံတွေပြန်ပေးပါ့မယ်လို့ ကတိပေးထားပါတယ်။
“ လူတော်တော်များများကို ဒုက္ခပေးခဲ့ရပြီး စိတ်ပျက်လက်ပျက်ဖြစ်စေခရတဲ့အတွက် ကျွန်မတောင်းပန်ပါတယ်” လို့ သူမက ရေးခဲ့ပါတယ်။
“ ကျွန်မရဲ့ ရင်ထဲ အသည်းထဲကနေ ဒီဖြစ်ရပ်အတွက် တောင်းပန်ပါတယ်” လို့ သူမကရေးပါတယ်။
Source AFP
#Nutty
#YouTube_Dancer_Nutty
#Nutty_Scam
#LocalNews
Published_1 September 2022
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ၏ ကရင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး ၃ ဦး ဖားအံတောင်ကလေး အကျဉ်းထောင်က ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သိရသည်။
ယင်းတို့မှာ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ခွန်မျိုးတင့်၊ လူဝင်မှုကြီးကြပ်ရေး၊ပြည်သူ့အင်အားဌာနဝန်ကြီး ဦးမင်းကိုခိုင် တို့ဖြစ်ပြီး ၅၀၅ (ခ) နှင့် ထောင်ဒဏ်၂ နှစ် ကျခံနေရာမှ သတ်မှတ်လွတ်ရက်စေ့ပြီ ဖြစ်သောကြောင့် လွတ်မြောက်လာခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ယင်းတို့ ၃ ဦးအနေဖြင့် ၂၀၂၁ခုနှစ် ၊ ဖေဖေါ်ဝါရီလ ၂၆ ရက် နံနက်တွင် ထိန်းသိမ်းခြင်း ခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။
ymg/mt
#Yangon_Media_Group
#World_Climate
Published 1 September 2022
အမေရိကန်အနောက်ပိုင်းမှာ အပူလှိုင်းဖြတ်နေတာကြောင့် ပြည်နယ်သားတွေကို လျှပ်စစ်ဓာတ်အားလျှော့သုံးဖို့ ကယ်လီဖိုးနီးယားအုပ်ချုပ်ရေးမှူးက ဗုဒ္ဓဟူးနေ့မှာ အရေးပေါ်ကြေညာချက် ထုတ်ပြန်လိုက်ပြီး အခြေအနေပိုဆိုးလာပါက ဓာတ်အားပြတ်တောက်မှုများ ရှိလာနိုင်ကြောင်း အရာရှိများက သတိပေးထားပါတယ်။
အုပ်ချုပ်ရေးမှူး'ဂေဗင်နယူဆမ်'ကြေညာပြီးနောက် ကယ်လီဖိုးနီးယားအော်ပရေတာတစ်ခုကနေ ကြာသပတေးနေ့အထိ ဆက်လက်ထိန်းသိမ်းသုံးစွဲဖို့ ညွှန်ကြားထားပါတယ်။
အပူလှိုင်းက ကယ်လီဖိုးနီးယားတောင်ပိုင်းနဲ့ စင်ထရယ်ဗယ်လီအထိ ဆက်လက်ဖြတ်သန်းနေကာ အပူချိန် ၃ ဆလောက်မြင့်တက်နေပါတယ်။
ကယ်လီဖိုးနီးယားမြောက်ပိုင်းအထိ ရောက်ရှိလာနိုင်ကာ နောက်အပတ်အထိ အပူလှိုင်းလွှမ်းခြုံလာနိုင်ပြီး အချို့နေရာတွေမှာ စံချိန်တင်အပူချိန်ရောက်ရှိနိုင်ပါတယ်။
အပူချိန်က ပုံမှန်ထက် ၁၀ ကနေ ၂၀ ဒီဂရီလောက်အထိ မြင့်တက်လာတာကြောင့် လေအေးပေးစက်များ ဖွင့်ထားကြမှာဖြစ်ပြီး လျှပ်စစ်ဓာတ်အားသုံးစွဲမှု အလွန်များလာနိုင်ပါတယ်။
'နယူဆမ်'က ဒီအချိန်မှာ စွမ်းအင်ပိုမိုတိုးမြှင့်ထုတ်လုပ်ရန်နဲ့ လေထုညစ်ညမ်းမှုမူဝါဒများကို ဖြေလျှော့ထားရန် ကြေညာလိုက်ပါတယ်။
"ကျွန်တော်တို့က သဘာဝပတ်ဝန်းကျင်ကို အံတုဖို့ကြိုးစားကြပေမယ့် မယှဉ်နိုင်ခဲ့ပါဘူး၊ တကယ်တမ်းတော့ အပူလွန်ကဲခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ရေကြီးခြင်းစတဲ့ ပြဿနာတွေအမြဲကြုံတွေ့နေရပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အစောပိုင်းရက်တုန်းက အရေးပေါ်ကြေညာဖို့ မလိုအပ်သေးပေမယ့် ရုတ်တရက်ကြီး အပူချိန်အလွန်မြင့်တက်လာတာဖြစ်ပါတယ်။
ပစိဖိတ်အနောက်မြောက်မှ ဟိုက်ဒရိုစွမ်းအင်တင်သွင်းမှုနဲ့ အနောက်တောင်ကန္တာရမှ စွမ်းအင်တွေက ရာသီဥတုပူလာတဲ့အချိန်မှာ မလုံလောက်တော့ပါဘူး။
ဓာတ်အားပြတ်တောက်နိုင်ပေမယ့်လည်း လူတွေက သုံးစွဲမှုလျှော့ချရင်တော့ မဖြစ်လာနိုင်ပါဘူးလို့ 'အယ်လီယော့မိန်ဇာ'က ပြောပြပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်က ဓာတ်အားပြတ်တောက်ပြီးနောက်ပိုင်း ဓာတ်အားထောက်ပံ့ရန် စီမံကိန်း ၁၆၀ ကျော်နဲ့ ၄ ထောင်မက်ဂါဝပ်သိုလှောင်ထားပေမယ့် မိုးခေါင်ရေရှားမှုဒဏ်ကြောင့် ပြည်တွင်းဟိုက်ဒရိုစွမ်းအင်ထုတ်လုပ်မှု သိသိသာသာလျော့ကျနေပါတယ်။
ဓာတ်အားလိုအပ်ချက်အတွက် ဒီဇယ်စက်များမောင်းတဲ့အခါ လေထုညစ်ညမ်းနိုင်ပေမယ့် လျှပ်စစ်ဓာတ်အားရရှိဖိုက ပိုပြီးအရေးကြီးကြောင်း စွမ်းအင်အကြံပေးအရာရှိ'ကယ်ရင်ဒူးဂလပ်စ်'က ပြောပြပါတယ်။
အအေးပေးစနစ်အသုံးပြုနေတဲ့စင်တာများ ဖွင့်ခိုင်းထားပြီး ပြည်သူတွေအနေနဲ့ စာကြည့်တိုက်တို့ မီနီမားကတ်တို့လိုနေရာတွေမှာ သက်တောင့်သက်သာဖြစ်အောင်နေထိုင်ရန် အရာရှိများက အကြံပြုထားပါတယ်။
လုပ်အားပေးများက ရေခဲရေဗူးများကို လှည်းနဲ့တင်ပြီး လိုက်ဝေနေတာကို မြင်တွေ့ကြရပါတယ်။
နေရာဒေသများအလိုက် မီးသတ်သမားများကိုလည်း အဆင်သင့်နေရာချထားဖို့ ကယ်လီဖိုးနီးယားတောတောင်နဲ့ မီးဘေးကာကွယ်ရေးဌာနက စီစဉ်နေပါတယ်။
တနင်္လာနေ့က ကယ်လီဖိုးနီးယားမှာ ဓာတ်အားသုံးစွဲမှု ၄၈,၀၀၀ မက်ဂါဝပ်အထိ ရောက်ရှိသွားခဲ့ကာ ယခုနှစ်အတွင်း အများဆုံးဖြစ်သွားခဲ့ပြီး ဗုဒ္ဓဟူးနေ့မှာတော့ ဒီထက်ပိုများသွားခဲ့ပါတယ်။
မိုးလေဝသဌာနများက အပူချိန် ၃ ဆတက်လာနိုင်ကာ ညဘက်တွေမှာ အနည်းငယ်လျော့ကျနိုင်ပြီးတော့ အနောက်နိုင်ငံနေရာအများအပြားမှာ တောမီးလောင်ကျွမ်းမှုဖြစ်လာနိုင်ကြောင်း သတိပေးထားပါတယ်။
"ဒီတစ်ပတ်ကတော့ အမေရိကန်အနောက်ပိုင်းမှာ အပူလှိင်းက စံချိန်တင်ဖြတ်သန်းနေဦးမှာဖြစ်ပါတယ်" လို့ အမျိုးသားမိုးလေဝသဌာနက ကြေညာခဲ့ပါတယ်။
Source: AP News
#Yangon_Media_Group
#World_Science
Published 1 Sept 2022
အမျိုးသားတွေက အပေါင်းအဖော်တွေနဲ့အတူ လူပျိုပိုးပန်းသကဲ့သို့ ပင်လယ်သမုဒ္ဒရာတွေထဲက လင်းပိုင်တွေဟာလည်း ထိုကဲ့သို့ ပြုမူလေ့ရှိပါတယ်။
လင်းပိုင်အထီးတွေက အခြားအထီးတွေနဲ့ ပူးပေါင်းပြီးကာ လင်းပိုင်အမတွေထံ ချဉ်းကပ်ခွင့်ရဖို့ အခြားလင်းပိုင်အဖွဲ့တွေနဲ့ ယှဉ်ကြပါတယ်။
ဘရစ္စတိုလ်တက္ကသိုလ်မှ ဦးဆောင်ပြီး အဏ္ဏဝါနို့တိုက်သတ္တဝါတွေကို လေ့လာခဲ့ရာမှာ လင်းပိုင်တွေက အခြားမျိုးစိတ်တွေထက် မိတ်ဖွဲ့မှုကိုပိုပြီး လိုလားပါတယ်။
လင်းပိုင်အထီးအဖွဲ့ပေါင်းစုံက ပူးပေါင်းသွားပြီးတော့ သူတို့လိုက်နေတဲ့ လင်းပိုင်အမတွေနဲ့ အချိန်ပိုမိုကြာရှည်စွာရှိနေကာ မျိုးပွားမှုနှုန်းကို ကောင်းကျိုးရစေတယ်လို့ တွေ့ရှိရပါတယ်။
လူသားတွေက စီးပွားရေး၊ စစ်ရေး၊ မိသားစုရေးနဲ့ အခြားအခြေအနေများအတွက် ဗျူဟာပိုင်းအရ ပူးပေါင်းမိတ်ဖွဲ့လေ့ရှိပါတယ်။
လူသားအသိုင်းအဝိုင်းမှာ ဒီလိုမျိုးပူးပေါင်းဆောင်ရွက်တဲ့အလေ့အထက လူသားတွေရဲ့ အောင်မြင်မှုမှတ်ကျောက်တစ်ခုလည်း ဖြစ်ပါတယ်။
ယူကေ၊ အမေရိကန်၊ ဆွစ်ဇာလန်တို့မှ သုတေသီများက ဩစတြေးလျအနောက်ဘက် ရှာ့ခ်ပင်လယ်အော်ရှိ အရွယ်ရောက်ပြီးသား အင်ဒိုပစိဖိတ်လင်းပိုင်အထီး ၁၂၁ ကောင်ကို လေ့လာခဲ့ကြပါတယ်။
လင်းပိုင်တွေက မိတ်ဖွဲ့ရာမှာ အဆင့် ၃ ဆင့်ဖြင့် ပူးပေါင်းဆောင်ရွက်ကြတာကို သိရှိလိုက်ရပါတယ်။
ပထမအဆင့်မဟာမိတ်အဖွဲ့တွေမှာ အထီးတစ်ကောင်နဲ့ အခြား ၂ ကောင် ၃ ကောင်ပါဝင်တတ်ပြီး လင်းပိုင်အမတွေကို အတူတကွ ပိုးပန်းကာ အခြားအဖွဲ့တွေထံမှ ခိုးယူခြင်း၊ ကာကွယ်ခြင်းများ ပြုလုပ်တတ်ကြပါတယ်။
ပထမအဆင့်အဖွဲ့တွေအချင်းချင်း ပူးပေါင်းသွားတဲ့အခါ ဒုတိယအဆင့်မဟာမိတ်အဖွဲ့ဖြစ်လာပြီး လင်းပိုင်အထီး ၄ ကောင်မှ ၁၄ ကောင်ခန့်အထိ ပါဝင်တတ်ပါတယ်။
လင်းပိုင်အမတွေကို ချဉ်းကပ်ဖို့ အခြားအဖွဲ့တွေနဲ့ ယှဉ်ပြိုင်ကြပြီး ဒုတိယအဆင့်အဖွဲ့တွေ ပူးပေါင်းလိုက်ရင် တတိယအဆင့် မဟာမိတ်အဖွဲ့ဖြစ်လာပါတယ်။
ဒီလိုအဖွဲ့တွေနဲ့ ပိုးပန်းခြင်းကပဲ လင်းပိုင်အမတွေနဲ့ အချိန်ပိုမိုကြာရှည်စွာရှိစေသလို အခြားအဖွဲ့တွေနဲ့ ယှဉ်ပြိုင်ရတဲ့အခါလည်း ရှိပါတယ်။
လူသားတွေအပြင် လင်းပိုင်အထီးတွေကလည်း ထပ်ဆင့်အဖွဲ့များ ဖွဲ့စည်းပြီး အထီးတွေက အမတွေနဲ့အတူရှိချိန်ပိုကြာကာ မျိုးပွားနှုန်းတိုးတက်လာစေကြောင်း ဒေါက်တာ'စတက်ဖာနီကင်း'က ပြောပြပါတယ်။
မဟာမိတ်အဖွဲ့ဝင်များအကြား ရင်းနှီးဆက်ဆံခြင်းက သူတို့အတွက် ပိုပြီးအကျိုးရှိစေပါတယ်လို့ ဘရစ္စတိုလ်ဇီဝသိပ္ပံတက္ကသိုလ်မှ ဒေါက်တာ'ဆိုင်မွန်အယ်လန်'က ဆိုပါတယ်။
Source: Daily Mail
#Yangon_Media_Group
Page 1105 of 1469