#Local_News
Published_ 23 December 2022
ထိန်းသိမ်းရေးတွေ ဆောင်ရွက်ဖို့အရေးတကြီးလိုအပ်နေတဲ့ ပုထိုးသားများ ဘုရားအပါအဝင် ပုဂံဘုရား(၈)ဆူကို ထိန်းသိမ်းရေးလုပ်ငန်းတွေဆောင်ရွက်ပေးနေတယ်လို့ Heritage TRUST -Team မှ သိရပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_23 December 2022
ပြည်ပကနေ နိုင်ငံခြားဖြစ်ဆေးဝါးတွေ တင်သွင်းတဲ့အခါ ကုန်သွယ်ရေးဦးစီးဌာနကို တိုက်ရိုက်လျှောက်ထားခွင့်ပြုထားခွင့်ပေးထားပါတယ်။ ဒါပေမယ့် တိုက်ရိုက်လျှောက်ထားခွင့် ပြုထားပေမယ့် နိုင်ငံခြားဖြစ်ဆေးဝါးတွေဟာ ဈေးနှုန်းက ကျဆင်းလာခြင်းမရှိပဲ ဆက်လက်မြင့်နေတယ်လို ဝယ်ယူသုံးစွဲသူတွေထံကနေ သိရပါတယ်။
#Yangon_Media_Group
#Local_News
Published_23 December 2022
ပြည်ပနိုင်ငံတွေကို နိုင်ငံအတွင်းက ထုတ်လုပ်ထွက်ရှိတဲ့ ပို့ကုန်အမယ်တွေ တင်ပို့ရောင်းချမှုကနေ နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ (၁၅ ဒသမ ၅) ဘီလီယံရရှိဖို့ လျာထားတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကနေ သိရပါတယ်။
#Yangon_Media_Group
#DailyNews
Published _ 23 December 2022
၁။ ပို့ကုန်မှ နိုင်ငံခြားငွေ ဒေါ်လာ ၁၅ ဘီလီယံကျော် ရရှိရန်မျှော်မှန်းထား
၂။ နိုင်ငံခြားဖြစ်ဆေးဝါးများ ဈေးဆက်လက်မြင့်တက်နေဆဲဖြစ်
၃။ ပုထိုးသားများဘုရားအပါအဝင် ပုဂံဘုရား(၈)ဆူကို ထိန်းသိမ်းရေးများ ဆောင်ရွက်ပေးနေ
၄။ စင်ပေါ်၌အဆင်ပြေချောမွေ့စွာ ဘဲလေးအကကပြနိုင်ရန် ဖိနပ်များကိုအထူးပြင်ဆင်ထိန်းညှိဝတ်ဆင်ကြရ ... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Media_Group
#Local_News
Published_ 23 December 2022
အခုရက်ပိုင်းအတွင်း ဒေသအချို့မှာ မြူထူထပ်မှာဖြစ်လို့ ရေယာဉ်၊လေယာဉ်နဲ့ မော်တော်ယာဉ်တွေ နံနက်ခင်းပိုင်းမှာ သွားလာရာမှာသတိပြုသွားလာဖို့လိုတယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးလှထွန်းက ပြောပါတယ်၊၊
#Yangon_Media_Group
#Local_News
Published_ 23 December 2022
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ဝက်ကုန်းရပ်ရှိ နေအိမ်တစ်အိမ်အတွင်း အသက် (၆၀) အရွယ်အမျိုးသမီးတစ်ဦးအား သနပ်ခါးတုံးဖြင့်ထုသတ်ကာ ရွှေဆွဲကြိုးလုယက်ခံရသည့် ဖြစ်စဉ်အတွက် ရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်နေကြောင်း မန္တလေးတိုင်းမြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့က YMG သို့ ပြောသည်။
ယင်းဖြစ်စဉ်သည် ယမန်နေ့ ဒီဇင်ဘာ ၂၂ ရက် ည ၈ နာရီ ၁၆ မိနစ်အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ သေဆုံးသူသည် နေအိမ်အတွင်း သွေးအိုင်ထဲ၌လဲကျသေဆုံးနေကာ သနပ်ခါးတုံးဖြင့် ထုနှက်၍ သတ်သွားခြင်းဖြစ်နိုင်သည်ဟု ကနဦး ယူဆရကြောင်း ဆိုသည်။
မန္တလေးတိုင်း မြန်မာနိုင်ငံလူမှာကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံတစ်ဦးက "ရဲတပ်ဖွဲ့ကတော့ ရဲလုပ်ငန်းစဉ်အတိုင်းဆောင်ရွက်နေပါတယ်။ ကျွန်တော်တို့သွားတဲ့အချိန်မှာ နေအိမ်ထဲ အမ်ျုးသမီးတစ်ဦးက သွေးအိုင်ထဲလဲနေပြီး လည်ပင်းမှာဒဏ်ရာရယ် ဦးခေါင်းမှာ သနပ်ခါးတုံးနဲ့ထုရိုက်ခံထားရတယ်လို့ ယူတရတဲ့ ဒဏ်ရာမျိုးကို တွေ့ခဲ့ပါတယ်။ သေဆုံးသူကိုတော့ ဆေးရုံကြီးရင်ခွဲရုံကို ပို့ထားလိုက်ပြီ"ဟု ရှင်းပြသည်။
သေဆုံးသူအမျိုးသမီး၏ သမီးဖြစ်သူမှာ အခင်းဖြစ်ပွားချိန်တွင် အပြင်သို့သွားရောက်နေခြင်းဖြစ်ပြီး၊ နေအိမ်သို့ပြည်လည်ရောက်ရှိချိန်မှ မိခင်ဖြစ်သူ သေဆုံးနေသည်ကိုသိရှိရခြင်းဖြစ်သည်ဟုလည်းဆိုသည်။
#ymg/myn
#Yangon_Media_Group
#Local_News
Published_23 December 2022
လာမည့် ၂၀၂၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ပဲတီစိမ်းတန်ချိန် ၁၀၀၀၀ ကျော်ကို ဥရောပသမဂ္ဂနိုင်ငံတွေထံ တင်ပို့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းမှ သိရသည်။
မြန်မာ့ပဲတီစိမ်းကို ဥရောပသမဂ္ဂနိုင်ငံတွေထံ တင်ပို့ရာတွင် အဓိအားဖြင့် နယ်သာလန်၊ အိုင်ယာလန်၊ အင်္ဂလန်၊ ဂျာမနီနိုင်ငံစသည့် တင်ပို့နေခြင်းဖြစ်ကြောင်း သိရသည်။
ယခုဘဏ္ဍာနှစ်အတွင်း ပင်လယ်ရေကြောင်းမှ ပဲမျိုးစုံတန်ချိန် ၉ သိန်း ၈ သောင်းကျော်နှင့် နယ်စပ်မှ တန် ၁ သိန်းခွဲကျော် တင်ပို့ထားပြီး ဝင်ငွေအနေဖြင့် အမေရိကန်ဒေါ်လာ သန်း ၈၉၃ သန်းကျော် ရရှိထားကြောင်း သိရသည်။
ပြည်ပသို့ ပဲတင်ပို့မှုတွင် မတ်ပဲတင်ပို့မှုက အများဆုံးဖြစ်ပြီး တန်ချိန် ၄ သိန်း ၆ သောင်းကျော်အထိ ရှိကာ ပဲတီစိမ်းတင်ပို့မှုသည် တန်ချိန် ၃ သိန်း ၉ သောင်းကျော်ဖြင့် ဒုတိယအများဆုံး တင်ပို့ထားခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အဓိကသီးနှံတွေအနေဖြင့် စပါး၊ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံတို့ကို စိုက်ပျိုးပြီး တစ်နိုင်ငံလုံး၏ စိုက်ပျိုးထုတ်လုပ်မှုများ ပဲအမျိုးမျိုးစိုက်ပျိုးထုတ်လုပ်မှုသည် ဒုတိယအများဆုံးဖြစ်ကြောင်း၊ ပြည်ပသို့ တင်ပို့သည့် ပို့ကုန်အများစုမှာ လယ်ယာထွက်ကုန်ပစ္စည်းတွေဖြစ်ပြီး ပဲမျိုးစုံတင်ပို့မှုမှာလည်းအဓိက ပို့ကုန်တစ်မယ်ဖြစ်ကြောင်း သိရသည်။
#ymg/sth
#Yangon_Media_Group
#Local_News
Published_ 23 December 2022
ကရင်ပြညနယ်ကော့ကရိတ်မြို့အနီး အာရှလမ်းပစ်ခတ်မှုဖြစ်စဉ်များကြောင့် အရပ်သားထိခိုက်သေဆုံးမှု များပြားလာပြီး၊ ဒီဇင်ဘာ ၂၂ ရက်(ယမန်နေ့) ပစ်ခတ်မှုကြောင့် အရပ်သားတစ်ဉီး သေဆုံးကာ ၉ ဉီး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကော့ကရိတ်အခြေစိုက် လူမှုကူညီရေးအဖွဲ့တာဝန်ခံ ကိုထိုက်က YMG သို့ ပြောသည်။
“မနေ့က အာရှလမ်းဘက်မှာ လက်နက်ကြီးတွေနဲ့ ပစ်ထုတ်နေတာရှိတယ်။ ညနေ ၃ နာရီ ၃၅ မိနစ်မှာ လက်နက်ငယ်သံတွေ ကြားနေရတယ်၊ လက်နက်ကြီးကျပြီး အရပ်သား ၉ ဉီးထိခိုက်ဒဏ်ရာရရှိတယ်။ နောက်တစ်ဦးကတော့ ကယ်ဆယ်ရေးကားပေါ်ရောက်မှသွေးလွန်ပြီးသေသွားတယ်။ ကျန်ထိခိုက်ဒဏ်ရရသူတွေကိုတော့ဘားအံဆေးရုံကို ပို့ခဲ့ရတယ်။ ဒီရက်ပိုင်းသွေးပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်မှု ပိုရှိလာတယ်” ဟု ရှင်းပြသည်။
လက်ရှိတွင် တမိုင်ကုန်းရွာ၊ ရွာသစ်ကုန်းရွာ၊ ကျောက်စလစ်ကုန်းနှင့် ကော့ကရိတ်မြိုံနှင့်ကပ်ရပ်က ရွာများရှိ အရပ်သားပြည်သူများ စစ်ဘေးတိမ်းရှောင်နေကြရပြီး၊ စာရင်းအတိအကျ မသိရှိရသေးကြောင်းဆိုသည်။
စစ်ဘေးရှောင်ပြည်သူများအနေဖြင့် စားဝတ်နေရေးအကူအညီ လိုအပ်နေပြီး၊ မည်သည့်နေရာသို့ ထွက်ပြေးတိမ်းရှောင်သည်ကို စာရင်းပြုစု၍ မရသေးဘဲ အကူအညီများပေးရန်ခက်ခဲလျက်ရှိနေသည်ဟုလည်း ရှင်းပြသည်။
"ကိုယ့်နည်း ကိုယ့်ဟန်နဲ့ရှောင် ကိုယ့်နည်းကိုယ့်ဟန်နဲ့နေထိုင်စားသောက်ရေးကို ဖြေရှင်းနေရတဲ့ ပုံစံမျိုးဖြစ်နေတယ်။ လက်ရှိအခြေအနေက တိုက်ပွဲဖြစ်သံ မကြားရတော့ဘူး။ သူတို့တွေ စုရပ်အနေနဲ့ ဘယ်မှာသွားစုလို့ ဘယ်မှာသွားနေကြလည်းတော့ မသိသေးဘူး။ ရှောင်နေသူတွေကတော့ တော်တော်ရှောင်သွားကြတယ်ဗျ"ဟု ဆိုသည်။
ကော့ကရိတ်မြို့အနီး နှစ်ဘက်ပစ်ခတ်မှုများသည် ဒီဇင်ဘာ ၁၆ ရက်က စတင်ဖြစ်ပွားခဲ့ပြီး ဒေသခံအရပ်သားပြည်သူ ထောင်ချီတိမ်းရှောင်နေရသည်ဟု ဒေသတွင်းသတင်းများဖော်ပြချက်အရ သိရသည်။
#ymg/myn
#Yangon_Media_Group
#World_News
Published 23 December 2022
အမေရိကန်နိုင်ငံတဝှမ်းမှာ ပြင်းထန်တဲ့ ဆောင်းမုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့တာကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၂,၂၀၀ ထက်မနည်း ဖျက်သိမ်းလိုက်ရကာ ဒါဟာ မျိုးရိုးစဉ်ဆက်တစ်ခုအတွင်း တစ်ကြိမ်သာတွေ့ရတတ်တဲ့ မုန်တိုင်းမျိုးဖြစ်ကြောင်း အမျိုးသားမိုးလေဝသဌာန(NWS)က ကြေညာလိုက်ပါတယ်။
ချမ်းအေးမှုက ခရစ္စမတ်သီတင်းပတ်အထိ ဆက်ရှိနိုင်ပြီး နှစ်ပေါင်း ၄၀ အတွင်း အချမ်းဆုံးခရစ္စမတ်ဖြစ်လာမယ်လို့ ခန့်မှန်းသူများက ဆိုပါတယ်။
ကြာသပတေးနေ့ မွန်းလွဲ ၁ နာရီအထိ အမေရိကန်လေကြောင်းခရီးစဉ်ပေါင်း ၂,၂၀၀ ကျော်ဖျက်သိမ်းခဲ့ကာ သောကြာနေ့မှာပျံသန်းမယ့် ခရီးစဉ် ၉၀၀ ကျော်ကိုလည်း ကြိုတင်ဖျက်သိမ်းလိုက်ရတာကြောင့် ခရစ္စမတ်အားလပ်ရက်မှာ ချစ်ခင်သူတွေနဲ့ အတူနေထိုင်ဖို့စီစဉ်ထားတဲ့ သူတွေအတွက်တော့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။
ကြာသပတေးနေ့အတွင်း ခရီးစဉ် ၃,၇၀၀ ကျော်ဟာလည်း နှောင့်နှေးကြန့်ကြာဦးမယ်လို့ ကြေညာထားရပါတယ်။
ကြာသပတေးနေ့က လေယာဉ်ခရီးစဉ်ဖျက်သိမ်းတဲ့အထဲမှာ ချီကာဂိုနဲ့ ဒင်ဗာတို့မှ ခရီးစဉ်အများဆုံးပါဝင်ပါတယ်။
ချီကာဂိုရှိ O'Hare အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်ခရီးစဉ်နှောင့်နှေးမှု ပျမ်းမျှအားဖြင့် ၁၅၉ မိနစ်ရှိခဲ့ပြီး နှင်းနဲ့ရေခဲများကြောင့် စောစီးစွာ မဆင်းသက်နိုင်ခဲ့ကြောင်း ဖက်ဒရယ်လေကြောင်းပို့ဆောင်ရေးက ထုတ်ပြန်ခဲ့ကာ CNN က တင်ပြထားပါတယ်။
နောက်ထပ်ကြန့်ကြာမှုများ ရှိလာနိုင်တဲ့အတွက် အဓိကလေကြောင်းလိုင်းတွေဖြစ်တဲ့ United, Delta နဲ့ American တို့ကတော့ ခရီးထွက်ခွာချိန်ရွှေ့ပြောင်းလိုတဲ့ ခရီးသည်များအတွက် လက်မှတ်ခလျှော့ပေါ့ပေးနေပြီ ဖြစ်ပါတယ်။
ပြည်နယ်အများအပြားမှာ မုန်တိုင်းကြီးနဲ့ မကြုံမိစေရန်အတွက် ခရစ္စမတ်သီတင်းပတ်အတွင်း ခရီးသွားလာမယ့် အမေရိကန်ပြည်သူတွေကို သတိထားပြီး စောစီးစွာထွက်ခွာကြဖို့ သမ္မတ'ဂျိုးဘိုင်ဒင်'က ကြာသပတေးနေ့မှာ သတိပေးလိုက်ပါတယ်။
"ငယ်ငယ်တုန်းကလို သာမန်နှင်းကျတဲ့ဖြစ်စဉ်မဟုတ်ပါဘူး၊ တကယ်ကိုဆိုးရွားတဲ့ ဖြစ်စဉ်ပါ" လို့ သတိပေးခဲ့ပါတယ်။
ယခုရက်သတ္တပတ်အကုန်အတွင်း အချို့ဒေသတွေမှာ -၅၀ ကနေ -၇၀ ဒီဂရီဖာရင်ဟိုက်အထိ အရိုးခိုက်အောင် ချမ်းစိမ့်နိုင်ကြောင်း NWS က ကြေညာထားပါတယ်။
ဒီဆောင်းမုန်တိုင်းက သောကြာနေ့မှာ အားကောင်းတဲ့ ဆိုင်ကလုန်းအဖြစ် လျင်မြန်စွာပြောင်းလဲသွားနိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။
အနောက်အလယ်ပိုင်းနဲ့ ကနေဒါတို့မှာ လေပြင်းတိုက်ခတ်ပြီး ဆီးနှင်းများကျရောက်နိုင်ကာ ဓာတ်အားပြတ်တောက်မှုများ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Source: WION
#Yangon_Media_Group
#Local_News
Published_ 23 December 2022
ကချင်ပြည်နယ် ၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာရှိ အခြေခံပညာအထက်တန်း ကျောင်းတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုနေသော ကျောင်းသား/သူများကို ကြို/ပို့ လုပ်ဆောင်ပေးနေသည့် ယာဉ်တစ်စီးမိုင်းခွဲတိုက်ခိုက်ခံရကြောင်း ယနေ့ နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်သည် ဒီဇင်ဘာ ၂၁ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ် အချိန်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ ဖြစ်စဉ်ဖြစ်ပွားရာနေရာသို့ လုံခြုံရေးတပ်ဖွဲ့များက သွားရောက်ရှင်းလင်းရာ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်းအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားများသည် ကျေးရွာ၏အနောက်တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုကြောင့်
အနီးပတ်ဝန်းကျင်ရှိ အမျိုးသားတစ်ဦး သေဆုံးပြီး သုံးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
သေဆုံးသူ၏ ရုပ်အလောင်းအား၎င်း၏ မိသားစုထံသို့ ပို့ဆောင်ပေးပြီး ဒဏ်ရာရရှိသူများအား နယ်မြေခံတပ်ရင်းဆေးပေးခန်းသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူစေလျက်ရှိကြောင်း သိရှိရသည်။
#myn/YMG
#Yangon_Media_Group
#Local_News
Published_23 December 2022
ကိုရီးယားသမ္မတနိုင်ငံသို့ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် မြန်မာအလုပ်သမား ၈၆ ဦးကို ထပ်မံစေလွှတ်ခဲ့ကြောင်း ဆိုးလ်မြို့မြန်မာသံရုံးမှ ထုတ်ပြန်ထားသည်။
အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် စေလွှတ်သော Re-entry ကုန်ထုတ်လုပ်သား (၆၆) ဦး၊ Re-entry စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်သား (၂) ဦးကို ယမန်နေ့ ဒီဇင်ဘာလ (၂၂) ရက်တွင် စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် တောင်ကိုရီးယားနိုင်ငံသို့ EPS စနစ်ဖြင့် ဒီဇင်ဘာ ၂၆ရက်တွင် Regular(ကုန်ထုတ်လုပ်သား)၊ Re-entry ကုန်ထုတ်၊ စိုက်ပျိုး၊ မွေးမြူရေးလုပ်သား ) စုစုပေါင်း ၁၄၉ ဦး ကိုထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
အစိုးရ ပြည်ပအလုပ်အကိုင် အေဂျင်စီမှတစ်ဆင့် EPS စနစ်ဖြင့် လုပ်သားစေလွှတ်မှု ဒီဇင်ဘာလ ၂၀ ရက်အထိ မြန်မာလုပ်သား ၄၄၉ ဦးကိုစေလွှတ်ခဲ့ပြီးဖြစ်ကြောင်းသိရသည်။ တောင်ကိုရီးယားအစိုးရမှ မြန်မာလုပ်သားများကို ပြန်လည်လက်ခံပြီးနောက် သြဂုတ်လတွင် ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။
#ymg/sth
#Yangon_Media_Group
#World_Health
Published 23 December 2022
လက်ဗွေရာပုံတွေကိုကြည့်ပြီး စိတ်ကစဉ့်ကလျားရောဂါ ဖြစ်နိုင်ချေကို ခန့်မှန်းဖော်ပြနိုင်ဖွယ်ရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်။
စပိန်သုတေသီများက ဦးဆောင်ပြီး ရှုပ်ထွေးလှတဲ့အာရုံကြောကွန်ရက်စနစ်စက်ကို အသုံးပြုကာ စိတ်ကစဉ့်ကလျားဝေဒနာသည်တွေရဲ့ လက်ဗွေများကနေ ရောဂါအချက်အလက်များကို ရှာဖွေမှတ်သားခဲ့ကြပါတယ်။
စိတ်ရောဂါတွေကို ရှာဖွေတဲ့နေရာမှာ လက်ဗွေရာက အရေးပါပြီး အဆိုပါစက်ပစ္စည်းကလည်း မရှိမဖြစ်ကိရိယာဖြစ်ကြောင်း ဘာစီလိုနာရှိ FIDMAG သုတေသနမှ ဆိုလိုက်ပါတယ်။
ထိုကိရိယာရဲ့ အယ်လ်ဂိုရစ်သမ်တွေကို အသုံးပြုပြီး သုတေသီများက စိတ်ရောဂါဝေဒနာရှင် ၆၁၂ ဦးနဲ့ သာမန်ကျန်းမာရေးကောင်းသူ ၈၄၄ ဦးတို့ကို လေ့လာခဲ့ကြပါတယ်။
ညာဘက်လက်မက တိကျမှုနှုန်း ၆၈ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ပြီး ဒီပမာဏက ရောဂါကိုတိတိကျကျရှာဖွေဖို့အတွက်တော့ မလုံလောက်ပေမယ့် လက်ဗွေရာပုံတွေကို အခြားအချက်အလက်များနဲ့ ပေါင်းစပ်ပြီး အသုံးချလို့ရပါသေးတယ်။
စိတ်ကစဉ့်ကလျားရောဂါ(schizophrenia)ဟာ ဆိုးရွားတဲ့ စိတ်မူမမှန်ခြင်းဖြစ်ပြီး ကယောင်ခြောက်ချားဖြစ်ခြင်း၊ ပုံရိပ်ယောင်မြင်ခြင်း၊ နေ့စဉ်လုပ်ကိုင်ချက်တွေကို ထိခိုက်စေတဲ့ အပြုအမူမမှန်ခြင်းတို့ ဖြစ်တတ်ပါတယ်။
သိပ္ပံနည်းပညာတွေကနေ ဘေးအန္တရာယ်တွေကို ကြိုတင်သိရှိနိုင်မယ့် မျိုးဗီဇဆိုင်ရာအမှတ်အသားတွေကို တွေ့ရှိနိုင်ပါတယ်လို့ ဒေါက်တာ'ကင်ဒက်ခ်ဝေါ့သ်'က ပြောကြားခဲ့ပါတယ်။
Source: NY Post
#Yangon_Media_Group
Page 1084 of 1642