Published_ 25 July 2023
ထိုင်းနိုင်ငံ အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခဲ့သော Arsec-Asia Inline Speed Skating Challenge 2023 ပြိုင်ပွဲတွင် မြန်မာစကိတ်သမားနှစ်ဦးက ဆုလေးဆု ဆွတ်ခူး ရရှိခဲ့ကြောင်း Myanmar Skate Federation ထံမှ သိရသည်။
အဆိုပါ မြန်မာစကိတ်ကစားသမား နှစ်ဦးအနေဖြင့် တစ်ဦးလျှင် ရွှေတံဆိပ်တစ်ခုစီနှင့် ငွေတံဆိပ်တစ်ခုစီ စုစုပေါင်း လေးခု ရရှိခဲ့ခြင်းဖြစ်သည်။
ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု စကိတ်ကစားသမားများဖြစ်သည့် မောင်အောင်ကျော်ဇင်(Team Phoenix)က မီတာ (၅၀၀) ပြိုင်ပွဲ၌ ရွှေ တံဆိပ် (၁)ဆု၊ မီတာ (၁၀၀၀)၌ ငွေတံဆိပ် (၁)ဆု ၊ မောင်ခင်လှိုင် (တွံ့တေးစကိတ်အသင်း)က မီတာ (၁၀၀၀) အပြေးတွင်ရွှေတံဆိပ် (၁) ခု၊ မီတာ (၅၀၀)၌ ငွေတံဆိပ် (၁) ခု စုစုပေါင်း ဆုတံဆိပ် (၄) ခု အသီးသီး ရရှိခဲ့ကြခြင်းဖြစ်သည်။
ယင်းပြိုင်ပွဲကို ပြီးခဲ့သော ဇူလိုင် (၂၂) ရက် မှ ၂၄ ရက်အထိ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ ထိုင်း၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ကမ္ဘောဒီယား၊ မြန်မာ အပါအဝင် (၆) နိုင်ငံ ရှိ စကိတ်ကစားသမားများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
Yangon Times/my
#Local_News
#YMG #Yangon_Times




လေးရှားရောက် မြန်မာနိုင်ငံသားများ နိုင်ငံလက်မှတ် ပျောက်ဆုံး/ပျက်ဆီးအတွက် ဒဏ်ကြေးတိုးမြှင့်
ဇူလိုင်လ (၂၄) ရက်ကနေစတင်ပြီး ရင်းဂစ် (၃၃၀) အစား ရင်းဂစ် (၄၈၀ )ကို ပြောင်းလဲကောက်ခံမည်
Yangon Times/my
#Local_News
#Published_ 25 July 2023
#YMG #Yangon_Times
Published_ 25 July 2023
ယခုနှစ်အတွင်းရန်ကုန်တိုင်းဒေသကြီးရှိ သဘာဝရေပြင်တွင် ငါးသားပေါက်ကောင်ရေ (၇၉)သိန်းကျော်စိုက် ထည့်ပြီးထည့်သွင်းမွေးမြူထားပြီဖြစ်ကြောင်းတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
(၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ငါးသားပေါက်ကောင်ရေသိန်း(၂၇၀)စိုက် ထည့်ရန်လျာထားဆောင်ရွက်လျက်ရှိသည်ဟုဆိုသည်။
“နိုင်ငံတော်အကြီးအကဲက သဘာဝရေပြင်မှာဆိုရင် ပြည်သူတွေတိုက်ရိုက်ဖမ်း ဆီးစား သုံးနိုင်တာကြောင့် ဦးစားပေးမျိုးစိုက်ထည့်ဖို့ ညွှန်ကြားထားတဲ့အတွက် တိုင်းဒေသကြီးအတွင်းက အဓိကသဘာဝရေပြင် တွေမှာ ရှင်သန်နှုန်းကောင်းမွန်ပြီး အကောင် ၁၀၀ လွှတ်ရင် ၈၀ ရှင်သန်နိုင်တဲ့ နှစ်လက်မအရွယ် ငါးသားပေါက်တွေ စိုက်ထည့်ထားပါတယ်။
ငါးသယံဇာတကိုထိန်းသိမ်းမှုနဲ့အတူ ငါးလုပ်ငန်းစဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက်စေဖို့၊ ငါးမျိုးပြုန်း တီးမှုမဖြစ်ပေါ်စေဖို့၊ သဘာဝရေပြင်တွေမှာ ငါးမျိုးများရေရှည်စဉ်ဆက်မပြတ်တည်ရှိနေစေဖို့၊ ငါးထုတ်လုပ်မှုတိုးတက်လာစေဖို့နဲ့ ဒေသခံပြည်သူတွေ ငါးရိက္ခာဖူလုံပြီး လူမှူစီးပွားဘဝမြင့်မားလာစေဖို့ စတဲ့ရည်ရွယ်ချက်မျိုးနဲ့ ငါးမျိုးစိတ်များကို စိုက်ထည့်နေပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ရွှေက ပြောသည်။
သဘာဝရေပြင်တို့၌ ငါးမြစ်ချင်း၊ ထိုင်းငါးခုံးမနှင့် ရွှေဝါငါးကြင်း စသည့်ငါးသား ပေါက်များကို စိုက်ထည့်လျက်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ဧပြီလ ဇီဝိတဒါနငါးလွှတ်ပွဲမှစတင်ကာ ငါးသား ပေါက်များကိုစိုက် ထည့်ခဲ့ရာ ဇွန်လ၌ ငါးသားပေါက်ကောင်ရေ သိန်း ၃၀၊ ဇူလိုင်လ တတိယပတ်၌ ငါးသား ပေါက်ကောင်ရေ ၄၇ ဒသမ ၅၀ သိန်းဖြင့် စုစုပေါင်း ၇၉ ဒသမ ၀၃ သိန်း စိုက်ထည့်ခဲ့သည်။
၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၌ တစ်နိုင်ငံလုံးတွင် ငါးသားပေါက်ကောင်ရေ သိန်း ၁၀၀၀ ကျော် မျိုးစိုက်ထည့်ရန် လျာထားဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Yangon_Time/Tthl
#Local_News
#YMG #Yangon_Times
Published_ 25 July 2023
အသက်အရွယ်ရလာတဲ့အခါ ကျန်းမာရေးကို ခြိမ်းခြောက်လာပြီး အထူးသဖြင့် ဦးနှောက်လုပ်ဆောင်ချက်တွေကို ထိခိုက်လာပါတယ်။
အမြဲစွမ်းဆောင်မှု မြင့်မားနေအောင်၊ အရေးကြီးဆုံးဖြတ်ချက်များ ချမှတ်နိုင်အောင်၊ စွမ်းရည်အသစ်များ သင်ယူချင်စိတ်ရှိလာအောင် ကျွန်ုပ်တို့ရဲ့မှတ်ဉာဏ်က အရေးကြီးတဲ့ကဏ္ဍက ပါဝင်နေပါတယ်။
အသက်ကြီးလာတဲ့အခါ တစ်ခုခုကို သင်ယူလေ့လာရာမှာ ခက်ခဲလာခြင်း၊ သတိမေ့ခြင်းများ ဖြစ်ပေါ်လာတတ်ပါတယ်။
ဒါပေမဲ့ အသက်ကြီးသူတွေမှာ မှတ်ဉာဏ်နဲ့ ဦးနှောက်စွမ်းရည် တိုးတက်စေနိုင်တဲ့ နည်းလမ်းတွေရှိကြောင်း သုတေသန တွေ့ရှိထားပါတယ်။
- ပုံမှန်လေ့ကျင့်ခန်းပြုလုပ်ခြင်း
နေ့စဉ်အခြေခံ ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို တိုးတက်စေပါတယ်။
- ကျန်းမာရေးနှင့်ညီညွတ်စွာ စားသုံးခြင်း
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာများ စားသုံးပါက မှတ်ဉာဏ်စွမ်းရည် လျော့ကျခြင်းကို ၂၄ ရာခိုင်နှုန်း ဖြစ်နိုင်ချေနည်းစေပါတယ်။
ပရိုတိန်း၊ ကျန်းမာရေးအတွက် သင့်လျော်တဲ့ ကာဗိုဟိုက်ဒရိတ်နဲ့ အဆီဓာတ်များ စားသုံးသင့်ပြီး သန့်စင်ပြီးသကြားတွေကို ရှောင်ရှားသင့်ပါတယ်။
- စိတ်နှင့်ဦးနှောက်ကို လှုံ့ဆော်ခြင်း
ပဟေဌိဖြေရှင်းခြင်း၊ စာဖတ်ခြင်း၊ စွမ်းရည်အသစ်သင်ယူခြင်း၊ ဗျူဟာမြောက်ဂိမ်းများ ဆော့ကစားခြင်းဖြင့် ဦးနှောက်ကို အလုပ်လုပ်စေပါ။
ထိုသို့ပြုလုပ်သွားခြင်းဖြင့် ၇ နှစ်တာကာလအတွင်း ဒီမန်ရှာဖြစ်နိုင်ချေ ၄၆ ရာခိုင်နှုန်း ကျဆင်းစေပါတယ်။
- ဖိစီးမှုလျှော့ချပေးခြင်း
သီချင်းနားထောင်ခြင်း၊ ခရီးသွားခြင်းတို့ဖြင့် စိတ်ဖိစီးမှုကို ဖြေလျှော့ပေးကာ မှတ်ဉာဏ်စွမ်းရည်ကို ပြုပြင်ပေးပါတယ်။
- လုံလောက်စွာ အိပ်စက်ခြင်း
တစ်ညကို ၇ နာရီမှ ၉ နာရီကြား အိပ်စက်ပေးသင့်ပြီး အိပ်ရေးမဝတဲ့အခါ မှတ်ဉာဏ်ဆုံးရှုံးမှု ဖြစ်ပေါ်စေနိုင်ပါတယ်။
Source: India Today.
#World_Health
#YMG #Yangon_Times
Published_ 25 July 2023
မြန်မာနိုင်ငံရှိ သီလဝါအထူးစီးပွားရေးဇုန်၌ စွမ်းအင်သစ်သုံး မော်တော်ယာဉ် ထုတ်လုပ်တပ်ဆင်သည့် စက်ရုံများတည်ထောင်၍ လာရောက်ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ် ပါကြောင်း Guangxi Institute of Science and Technology မှ ညွှန်ကြားရေးမှူး Ms. Cai Xuping နှင့် နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ် ဦးကျော်စိုးသိန်းတို့ ဇူလိုင် ၂၄ ရက်တွင် တွေ့ဆုံစဉ် ဆွေးနွေးပြောကြားခဲ့ကြောင်းသိရပါတယ်။
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ၊ ကွမ်ရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတို့အကြား စံချိန်စံနှုန်းဆိုင်ရာနှင့် နည်းပညာကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် Guangxi Institute of Science and Technology မှ ညွှန်ကြားရေးမှူး Ms. Cai Xuping ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာကောင်စစ်ဝန်ချုပ်ရုံးသို့ လာရောက်တွေ့ဆုံခဲ့တာ ဖြစ်ပါ တယ်။
ထိုသို့တွေ့ဆုံရာတွင် Ms. Cai Xuping က အောက်တိုဘာ (၁၂)နှင့်(၁၃) ရက်တို့တွင် ကွမ်ရှီးဒေသ၊ လျှိုကျိုးမြို့၌ကျင်းပမည့် (၃)ကြိမ်မြောက် China-ASEAN Standardization Cooperation Forum သို့ ကောင်စစ်ဝန်ချုပ်အပါအဝင် မြန်မာနိုင်ငံမှဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ရန် ဖိတ်ကြားပါကြောင်း ပြောကြားခဲ့ပါတယ်။
ကောင်စစ်ဝန်ချုပ်မှ ဖိုရမ်၌ ဆွေးနွေးမည့် ခေါင်းစဉ်များအနက် “စွမ်းအင်သစ်သုံး မော်တော်ယာဉ်” ခေါင်းစဉ်တွင် လာရောက်လေ့လာနိုင်ရန် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ၊ လုပ်ငန်းရှင်များကိုလည်း ဖိတ်ခေါ်တက်ရောက် စေလိုပါကြောင်း ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံမှ လျှပ်စစ်သုံးမော်တော်ယာဉ်များ အများဆုံး တင်သွင်းလျက်ရှိပြီး၊ လျှိုကျိုးမြို့သည် လျှပ်စစ်သုံးမော်တော်ယာဉ် အဓိကထုတ်လုပ်သည့် မြို့တစ်မြို့ဖြစ်ရာ ထိုသို့ လာရောက်လေ့လာနိုင်ခြင်းဖြင့် နှစ်ဖက်လုပ်ငန်းရှင်များအကြား လုပ်ငန်းချိတ်ဆက်မှုများရရှိကာ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။
Ms. Cai Xuping က မြန်မာကိုယ်စားလှယ်အဖွဲ့ လျှိုကျိုးမြို့တွင် “စွမ်းအင်သစ်သုံး မော်တော်ယာဉ်” ထုတ်လုပ်သည့်စက်ရုံသို့ သွားရောက်လေ့လာနိုင်ရေး စီစဉ်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်းနှင့် “စွမ်းအင်သစ်သုံးမော်တော်ယာဉ်” နှင့် ဆက်စပ်သည့် ဖိုရမ် တစ်ခုကိုလည်း စီစဉ်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ygm_mnn
#local_news
#YMG #Yangon_Times
Published_ 26 July 2023
ဆိုရှယ်မီဒီယာအသုံးပြုချိန်ကို တစ်နေ့လျှင် ၁၅ မိနစ်မျှ လျှော့ချခြင်းဖြင့် ကျန်းမာရေး သိသိသာသာ တိုးတက်စေနိုင်ကြောင်း ဖေဖော်ဝါရီ ၈ ရက်နေ့က လေ့လာဖော်ပြခဲ့ပါတယ်။
ဆိုရှယ်မီဒီယာ လျှော့ချအသုံးပြုခြင်းရဲ့ အကျိုးသက်ရောက်မှုတွေအပေါ် သုတေသနပြုမှုတွေကြား ကွာဟချက်ကို Technology in Behavioral Science ဂျာနယ်မှာ သုံးသပ်လေ့လာခဲ့ပါတယ်။
ဆိုရှယ်မီဒီယာ အသုံးပြုခြင်းကြောင့် အထီးကျန်ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့အပြင် ကောင်းစွာမအိပ်ရခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်းစတဲ့ ရုပ်ပိုင်းဆိုင်ရာပြဿနာတွေပါ ဖြစ်လာနိုင်ကြောင်း အခြားသုတေသနတွေမှာလည်း တွေ့ရှိထားပါတယ်။
ဗြိတိန်အခြေစိုက်တက္ကသိုလ် ၆ ခုမှ စမ်းသပ်ခံမယ့်သူ အယောက် ၅၀ ကို ခေါ်ယူခဲ့ကြကာ အားလုံးက အသက် ၁၈ နှစ်မှ ၃၀ ကြားဖြစ်ကြပါတယ်။
စမ်းသပ်ခံသူတွေကို အဖွဲ့ ၃ ဖွဲ့ခွဲကာ ၁၆ ယောက်က ဆိုရှယ်မီဒီယာသုံးစွဲချိန် မပြောင်းလဲခဲ့ပါဘူး။
၁၇ ယောက်ကတော့ အသုံးပြုချိန်လျှော့ချခဲ့ကာ နောက်ထပ် ၁၇ ယောက်ကတော့ ဆိုရှယ်မီဒီယာအသုံးပြုချိန် လျှော့ချတဲ့အပြင် လေ့ကျင့်ခန်းပြုလုပ်ခြင်း စာဖတ်ခြင်းတို့ဖြင့် အစားထိုးစမ်းသပ်ခဲ့ကြပါတယ်။
ဒီနောက် စမ်းသပ်ပါဝင်သူအားလုံးကို သူတို့ရဲ့ ဆိုရှယ်မီဒီယာအသုံးပြုပုံ၊ ကျန်းမာရေး၊ အိပ်စက်ခြင်းအခြေအနေ၊ အထီးကျန်ရမှု၊ စိုးရိမ်ပူပန်စိတ်၊ စိတ်ဓာတ်ကျခြင်းစတာတွေကို တိုင်းတာအကဲဖြတ်ခဲ့ပါတယ်။
လှုပ်ရှားမှုတွေ မပါဝင်ဘဲ ဆိုရှယ်မီဒီယာအသုံးပြုချိန် လျှော့ချသူတွေက မလျှော့တဲ့သူတွေထက် ကျန်းမာရေးမှာ ပိုမိုကောင်းမွန်လာကြောင်း တွေ့ရှိခဲ့ပါတယ်။
ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးမှာတော့ ထူးထူးခြားခြား မတိုးတက်လာပါဘူး။
ဆိုရှယ်မီဒီယာကို လျှော့ချအသုံးပြုပါက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေတွေ တိုးတက်လာနိုင်တယ်လို့ ဆွမ်ဆီးတက္ကသိုလ်မှ စိတ်အထူးကုပရော်ဖက်ဆာ 'ဖီးလ်ရိဒ်'က ပြောပြခဲ့ပါတယ်။
ဆိုရှယ်မီဒီယာအသုံးပြုခြင်းနဲ့ ကျန်းမာရေးကဏ္ဍတို့ကြား တိုက်ရိုက်ဆက်စပ်နေသလားဆိုတာ၊ အခြားလှုပ်ရှားမှုပြုလုပ်ခြင်းတို့က သက်ရောက်မှုရှိသလားဆိုတာတွေကို အတည်ပြုဖို့တော့ ကျန်ရှိနေပါသေးတယ်လို့ ဆိုပါတယ်။
လူတွေကို လျှော့ချသုံးစွဲခိုင်းတာထက်စာရင် သူတို့စိတ်နဲ့သူတို့ လျှော့ချသုံးစွဲတာက ပိုပြီးသက်ရောက်နေနိုင်ပါတယ်။
Source: The Jerusalem Post.
#World_Health
#Local_News
#YMG #Yangon_Times
Published_ 25 July 2023
ညဘက်မှာ ကောင်းစွာအိပ်မပျော်တတ်ဘူးဆိုရင် အိပ်စက်ခြင်း အလေ့အထဆိုးတွေကို ရှောင်ရှားသင့်နေပါပြီ။
အင်္ဂလန် ဆန်းဒါးလန်းတက္ကသိုလ်မှ ကထိကဖြစ်သူ ဒေါက်တာ'ကာရန်ရာဂျ်'က အိပ်ရာမဝင်ခင် ရှောင်ကြဉ်သင့်တဲ့ အချက် ၅ ချက်ကို မျှဝေဖော်ပြခဲ့ပါတယ်။
ပထမဆုံးအချက်ကတော့ ညစာစားပြီးနောက် အနည်းဆုံး ၂ နာရီခြားပြီးမှ အိပ်စက်သင့်တယ်လို့ အကြံပြုခဲ့ပါတယ်။
အစာအိမ်ထဲက ၅၀ ရာခိုင်နှုန်းလောက်ကို အူသိမ်ထဲရောက်ပို့ရန် မိနစ် ၉၀ ကြာမြင့်ကြောင်း၊ အစာအိမ်ပိုပြည့်လေ အက်ဆစ်လျှံတက်နိုင်ချေ ပိုများလေဖြစ်ပြီး အိပ်စက်ခြင်းကို ထိခိုက်စေနိုင်ကြောင်း ရှင်းပြခဲ့ပါတယ်။
နောက်တစ်ချက်ကတော့ အိပ်ရာမဝင်ခင် ရေအများကြီး မသောက်ရန်ဖြစ်ပါတယ်။
အိပ်စက်နေတဲ့အခါ ADH ဟော်မုန်းထွက်ရှိမှုကို မြှင့်တင်ပေးကာ အပေါ့သွားချင်စိတ်ကို ဖိနှိပ်ပေးထားပါတယ်။
တကယ်လို့ အိပ်ရာမဝင်ခင် ရေအများကြီးသောက်လိုက်ရင် ADH ထွက်ရှိမှုကို ထိခိုက်စေပြီး ခဏခဏအပေါ့သွားချင်စိတ် ဖြစ်စေတာကြောင့် အိပ်ရေးပျက်စေပါတယ်။
ဒါကြောင့် ရေဓာတ်ထိန်းသိမ်းချင်ရင် ညဘက်အစား မနက်ပိုင်းမှာ ရေများများသောက်သုံးသင့်ပါတယ်။
ပူအိုက်နေတဲ့ အခန်းထဲမှာ အိပ်စက်ဖို့က မလွယ်ကူလှဘဲ ချွေးတွေပြန်ပြီး အိပ်ရေးပျက်စေနိုင်ပါတယ်။
ဒါကြောင့် အေးမြတိတ်ဆိတ်ပြီး သက်တောင့်သက်သာဖြစ်တဲ့ အိပ်ခန်းရှိမှသာ ကောင်းစွာအိပ်စက်နိုင်မှာဖြစ်ပါတယ်။
အရက်သေစာက အိပ်စက်ခြင်းပုံစံကို နှောင့်ယှက်စေကာ REM အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။
အယ်လ်ကိုဟောက လျင်မြန်စွာ အိပ်ပျော်စေနိုင်ကာ အိပ်စက်ခြင်းပထမစက်ဝန်းနှစ်မျိုးမှာ REM အိပ်စက်ခြင်းအဆင့်ကို ဖိနှိပ်ထားပါတယ်။
ညရောက်လာတဲ့အခါ REM အိပ်စက်ခြင်းအဆင့်နဲ့ နှေးကွေးလှိုင်းအိပ်စက်ခြင်းအဆင့်တို့ကြား မညီမျှမှုဖြစ်ပေါ်စေကာ အိပ်စက်ချိန်တိုတောင်းစေပါတယ်။
ဒါကြောင့် အိပ်ရာမဝင်ခင် အရက်သေစာသောက်စားခြင်းကို မပြုလုပ်သင့်ဘူးလို့ ဒေါက်တာက အကြံပြုခဲ့ပါတယ်။
နောက်တစ်ချက်က မအိပ်ခင်မှာ ကော်ဖီမသောက်ဖို့ဖြစ်ပါတယ်။
ညဘက်မှာ အိပ်ပျော်ဖို့ခက်ခဲသူတွေအနေနဲ့ နေ့ခင်းနေ့လယ်မှာ ကော်ဖီမသောက်ဖို့ ကြိုးစားသင့်ပါတယ်။
ကဖင်းဓာတ်က ကော်ဖီသောက်ပြီး တစ်နာရီအကြာမှာ သက်ရောက်မှုအမြင့်ဆုံးဖြစ်ပေမယ့် ဇီဝဖြစ်စဉ်အပေါ် မူတည်ပြီး ခန္ဓာကိုယ်ကနေ ပြေပျောက်ရန် ၈ နာရီခန့်ကြာမြင့်တတ်ပါတယ်။
အသက်ကြီးလာတာနဲ့အမျှ ဇီဝဖြစ်စဉ်နှေးကွေးလာတာကြောင့် ကဖင်းဓာတ်ပြေပျောက်ဖို့ အချိန်ကြာမြင့်လာပါတယ်။
ကဖင်းဓာတ်က လူကိုနိုးကြားစေတာမဟုတ်ဘဲ အိပ်ငိုက်ချင်စိတ်ကို လျှော့ချရုံသာ ပြုလုပ်ပေးပါတယ်။
Source: The Jerusalem Post
#World_Health
#YMG #Yangon_Times
နယ်သာလန်ပြတိုက်တစ်ခုမှာ အီဂျစ်ရုပ်တုများဘေးကနေ ဟစ်ဟော့သံများထွက်နေပြီး ဒါဟာ လူမည်းအဆိုတော်များကြား ရှေးဟောင်းအီဂျစ်ရဲ့ လွှမ်းမိုးနေမှုကို ဖော်ပြနေတာဖြစ်ပါတယ်။
#World_Exhibition
#Published 24 July 2023
#YMG #Yangon_Times
#Daily_News
Published_ 24 July 2023
၁။ လေယာဉ်စရိတ်သက်သာစွာဖြင့် လည်ပတ်နိုင်မည့် မြန်မာနိုင်ငံကို
ပွင့်လင်းရာသီတွင် ထိုင်းခရီးသွားများ အများဆုံးလာရောက်နိုင်ဟုဆို
၂။ ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ရန်ကုန်တိုင်းအသင်း တံခွန်စိုက်ဒိုင်းဆု ရရှိ
၃။ ဧရာဝတီမြစ်ရေတက်ပြီး ဒေသ(၇)ခုတွင်မြစ်ရေတိုးမည်
၄။ နာမည်ကြီးဂီတပညာရှင်များ ပါဝင်ပြသထားသည့်နယ်သာလန်ပြတိုက်အား အီဂျစ်မှအမျက်ထွက်နေကြ .... အစရှိတဲ့ သတင်းတွေကို တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
#Yangon_Times #Daily_News #YMG
Published 24 July 2023
ချယ်လ်ဆီး အာဆင်နယ်နှင့်မန်စီးတီးအသင်းများသည် ပြီးခဲ့သည့်ရာသီက ခြေစွမ်းပြသခဲ့သောပဲလေ့စ်အသင်း၏ တိုက်စစ်ကစားသမားအိုလီ ဆေးအားခေါ်ယူရန်စောင့်ကြည့်နေကြကြောင်းသိရသည်။
ပြင်သစ်ယူ၂၁ လက်ရွေးစင် မိုက်ကယ်အိုလီဆေးမှာရက်ဒင်းအသင်းမှပြောင်းရွေ့လာခဲ့ခြင်းဖြစ်ပြီးခြေစွမ်းပြသနိုင်ခဲ့သည်။
အိုလီဆေးသည် ပွဲစဉ်တစ်ခုတည်းတွင်ဂိုးဖန်တီးမှု၃ကြိမိအထိပြုလုပ်ပေးနိုင်ခဲ့သည့်အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့ပြီးအဆိုပါစံချိန်ကို လိဒ်စ်အသင်းအား၅-၁ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲစဉ်တွင်ရရှိခဲ့ခြင်းဖြစ်သည်။
ထို့ပြင်ပရီးမီးယားလိဂ် တစ်ရာသီတည်းတွင်ဂိုးဖန်တီးမှု၁၀ကြိမ်အထက်ပြုလုပ်နိုင်ခဲ့သည့်ပထမဆုံးပဲလေ့စ်ကစားသမားလည်းဖြစ်လာခဲ့သည်။
အသက်၂၁နှစ်သာရှိသေးသည့်အိုလီဆေးမှာပဲလေ့စ်အသင်းနှင့်၂၀၂၆ခုနှစ်အထိစာချုပ်သက်တမ်းရှိနေပြီး ပေါင်၃၅သန်းဖြင့်ပြောင်းရွှေ့နိုင်သည့်အချက်ကိုလည်းထည့်သွင်းချုပ်ဆိုထားသည်။
အိုလီဆေးအားပြင်သစ်အသင်းကြီးပီအက်စ်ဂျီကလည်းစိတ်ဝင်စားနေကြောင်းသိရသည်။
Ref: 90min
#YMG #Yangon_Times

Published 24 July 2023
ဇူလိုင်လ(၂၂)ရက်တစ်ရက်အတွင်း အိန္ဒိယနိုင်ငံထုတ်သကြားအိတ်နှင့်ဂျုံမှုန့်အိတ်များအပါအဝင်ကျပ်သန်း(၂၂၃) ကျော်တန်ဖိုးရှိတရားမဝင်ပစ္စည်းများနှင့်ယာဉ်များဖမ်းဆီးရမိခဲ့ကြောင်းတရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီမှသိရသည်။
ဖမ်းဆီးရမိသည့်အမှုတွဲစုစုပေါင်း(၅)မှုရှိပြီးကျပ်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၂၃၉၅၆၉၄၆) တန်ဖိုးရှိတရားမဝင် စားသောက်ကုန်များ၊လုပ်ငန်းသုံးပစ္စည်းများ၊လူသုံးကုန်ပစ္စည်းများနှင့်ယာဉ်များဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကော်မတီ၏ဦးဆောင်မှုဖြင့်စစ်ကိုင်း၊ရှမ်းအစရှိသည့်ဒေသအသီးသီးမှတရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးအဖွဲ့များ၊မူဆယ်ခရိုင်တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေး အဖွဲ့ဝင်များနှင့်အကောက်ခွန်ဦးစီးဌာနအထူးစစ်ဆေးရေးအဖွဲ့များ၏ပူးပေါင်းဆောင်ရွက်မှုဖြင့်ဖမ်းဆီးခဲ့မိခြင်းဖြစ်ကြောင်းသိရသည်။
ယခုဖမ်းဆီးရမိခဲ့သည့်တရားမဝင်ပစ္စည်းများ၊ယာဉ်များကိုသိမ်းဆည်းခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Published_ 24 July 2023
ကျန်းမာရေးဝန်ကြီးဌာန၏ အထူးကုဆေးကုသရေးအစီအစဉ်ဖြင့်ဧရာဝတီတိုင်းအတွင်းရှိမြို့ပြ နှင့်ကျေးလက်များတွင်နေထိုင်သည့်ဒေသခံလူနာစုစုပေါင်း(၇၈၅)ဦးကိုဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
အထူးကုဆေးကုသရေးအဖွဲ့သည် ကျန်းမာရေးဝန်ကြီးဌာန၏အစီအစဉ်ဖြင့် ဇူလိုင်(၂၂)ရက်နှင့် (၂၃)ရက်တို့တွင် ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်မြို့သို့ သွားရောက်၍ဒေသခံများအား ဆေးကုသ ပေးခဲ့ခြင်းဖြစ်သည်။
ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများလွှမ်းခြုံမှု အားကောင်းစေရန်နှင့် ကျေးလက်နှင့်မြို့ပြကျန်းမာရေးစောင့်ရှောက်မှုသာတူညီမျှရရှိစေရန် ရည်ရွယ်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့်ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးမှ သမားတော်ကြီးများ၊ ဆရာဝန်ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့မှသွားရောက်ကုသပေးခြင်းဖြစ်သည်။
အဆိုပါအထူးကုဆေးကုသရေးအစီအစဉ်တွင် ပုသိမ်မြို့ပေါ်သာမက ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ပုသိမ်၊ ကန်ကြီးထောင့်၊ သာပေါင်း၊ မြောင်းမြ၊ ငပုတော၊ ကျုံပျော်၊ ရေကြည်၊ လပွတ္တာ၊ အိမ်မဲ၊ ကျောင်းကုန်း၊ ဝါးခယ်မနှင့် ငသိုင်းချောင်းမြို့နယ်များ၊ ချောင်းသာ၊ ငွေဆောင် ဒေသတို့မှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများပါ လာရောက်ပြသခဲ့ပြီး နှလုံးရောဂါဆိုင်ရာ (၁၄၇)ဦး၊ အစာအိမ်နှင့်အူလမ်း ကြောင်းဆိုင်ရာ (၉၂)ဦး၊ ဦးနှောက်နှင့်အာရုံကြောဆေးကုသမှုဆိုင်ရာ (၁၄၁)ဦး၊ ဦးနှောက်နှင့်အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာ (၃၆)ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ (၁၂၄)ဦး၊ သွေးရောဂါဆိုင်ရာ (၂၂)ဦး၊အထွေ ထွေရောဂါဆိုင်ရာ (၂၂၃)ဦး စုစုပေါင်း (၇၈၅)ဦးလာရောက်ပြသခဲ့သည်ဟုဆိုသည်။
ထို့ပြင် ပုသိမ်ပြည်သူ့ဆေးရုံကြီးမှ ဒေသခံအထူးကုဆရာဝန်ကြီးများကလည်း ပူးပေါင်းကြည့်ရှုခဲ့ရာ မျက်စိရောဂါ လူနာ (၇၄)ဦး၊ သားဖွားမီးယပ်လူနာ (၁၀)ဦး၊ အရိုးလူနာ (၇၉)ဦး၊ ခွဲစိတ် (၁၇)ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်း လူနာ(၂၀)၊ သွားနှင့်ခံတွင်း လူနာ(၅)ဦး၊ အရေပြား လူနာ(၂၀)၊ ကလေးလူနာ (၉)ဦး၊ စုစုပေါင်း(၂၃၄)ဦးတို့ကို ကြည့်ရှုကုသမှုပေးခဲ့သည်။
လူနာများအနက်နှလုံးသွေးကြောပိုက်ထည့်ကြည့်ရှုခြင်း (Angiogram) (၁)ဦးနှင့် နှလုံးနှိုးဆွစက် (Pacemaker) တပ်ဆင်နိုင်ရန် (၁)ဦး၊ အစာအိမ်၊ အူလမ်းကြောင်းနှင့်သည်းခြေ၊ ပန်ကရိယလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း (ERCP)ဆောင် ရွက်ရန် (၁)ဦး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသမှု ဆောင်ရွက်ရန် (၃)ဦး၊ နှလုံးရောဂါဆေးကုသမှုများ ဆက်လက်ဆောင်ရွက်ရန် (၃)ဦး၊ နှလုံး နှင့်သွေးကြောခွဲစိတ်ကုသမှုဆောင်ရွက်ရန်(၁)ဦးတို့ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆက်လက်ဆောင်ရွက်ပေးနိုင်ရန် လွှဲပြောင်းပေးနိုင်ခဲ့ကြောင်းသိရသည်။
Yangon_Time/tthl
#Local_News
#YMG #Yangon_Times
Page 1083 of 1940